အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉) တကယ်ပဲ ခင်ဗျား ဖြစ်နေတာကိုး...
အဖေကျောက်က အလေးအနက် ခေါင်းညိတ်လိုက်ကာ သူ၏ အသံမှာ တည်ငြိမ်လှပေသည်...။
"စိတ်မပူပါနဲ့... မင်းတို့အားလုံး ဒီနေရာမှာနေပြီး မင်းကိုယ်မင်းနဲ့ ကလေးတွေကို သေချာ ဂရုစိုက်ကြ ပါ..."
ထို့နောက် သူသည် ဘေးတွင် ရပ်နေသော ကျောက်တာ့ရှန်းဘက်သို့ လှည့်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေသည်...။
"တာ့ရှန်း... ပီကင်းမှာ ကြိုးကြိုးစားစား အလုပ်လုပ်ပါ... တစ်ခုခု နားမလည်တာရှိရင် မင်းရဲ့ အစ်မနဲ့ ယောက်ဖကို မေးပါ... စိတ်အေးအေးထားပြီး ဘာပြဿနာမှ မဖြစ်အောင် နေပါ..."
"အဖေ... စိတ်မပူပါနဲ့..."
ကျောက်တာ့ရှန်းက သူ၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ကာ အလေးအနက် ကတိပေးလိုက် လေသည်...။
"ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ်... ငွေတွေ အများကြီးရှာပြီး အဖေနဲ့ အမေကို ပီကင်းကို ခေါ်လာပါ့မယ်... ဒါမှ အဖေတို့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်မှာပါ..."
"ကောင်းပြီ... တဟားဟား..."
အဖေကျောက်က လက်လှမ်းကာ သားဖြစ်သူ၏ လက်မောင်းကို ပုတ်လိုက်ပြီး သူ၏ မျက်နှာတွင် ကျေနပ်မှုများဖြင့် ပြည့်နှက်လျက် အားရပါးရ ရယ်မောလိုက်လေသည်...
"ဘော်..."
ရထား၏ ဥဩသံ ထွက်ပေါ်လာသည်နှင့် ထိုဇနီးမောင်နှံသည် ၎င်းတို့၏ အိတ်များကို ယူကာ စည်ကား နေသော လူအုပ်နောက်သို့ လိုက်၍ ရထားပေါ်သို့ တက်သွားကြလေတော့သည်...။
အဖေကျောက်သည် ရထားပြတင်းပေါက်ကို ဆုပ်ကိုင်ထားကာ ခြံဝင်းပေါ်ရှိ လူများကို ပြင်းပြင်းထန် ထန် လက်ယမ်းပြနေခဲ့လေသည်...။ လေတိုက်နှုန်းကြောင့် သူ၏ အသံမှာ ဩရှရှ ဖြစ်နေသော်လည်း တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေသည်...။
"အေးတယ်... ပြန်ကြတော့..."
ဒေါ်လေးကျောက်သည် နီရဲနေသော သူမ၏ မျက်လုံးများကို တိတ်တဆိတ် သုတ်လိုက်ကာ စကား တစ်ခွန်းမျှ မပြောဘဲ ပြတင်းပေါက်ဘက်သို့သာ ဆက်တိုက် လက်ယမ်းပြနေခဲ့လေသည်...။
သူမ၏ မျက်လုံးများထဲတွင်မူ မခွဲခွာချင်လိုသော ဆန္ဒများဖြင့် ပြည့်နှက်လျက်ရှိနေခဲ့ခြင်းဖြစ်လေ၏။
ထျန်ရှောင်ယာသည် ရထားမှာ ဖြည်းညင်းစွာ စတင် ထွက်ခွာသွားပြီး နောက်ဆုံးတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ လှည့်ထွက်လာခဲ့လေတော့သည်...။
————————————
လျောင်နင်ပြည်နယ်ရှိ ထျန်မိသားစု...၊
ပင်မဆောင်အတွင်းတွင် အမေထျန်နှင့် သူမ၏ ချွေးမအကြီးဆုံး လျူရှာတို့သည် အပူပေးအုတ်ကုတင် ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ စောင်တစ်ထည်ကို တစ်ချက်ချင်း စီ၍ ချုပ်နေကြလေသည်...။
"အမေ... ဒီစောင်က ဘယ်လောက်ထူသလဲ ကြည့်ပါဦး... ညဘက်ဆိုရင်တော့ သေချာပေါက် နွေးနေမှာ ပဲ..."
လျူရှာက လက်ထဲတွင် အပ်နှင့် ချည်မျှင်ကို ကိုင်ထားရင်း ပြုံးလျက် ပြောလိုက်လေသည်...။
"ဟုတ်တယ်... ဒါက အနည်းဆုံးတော့ ခြောက်ပေါင်၊ ခုနစ်ပေါင်လောက် လေးမှာပဲ..."
အမေထျန်က ချည်မျှင်ကို သွားဖြင့် ကိုက်ဖြတ်လိုက်ကာ သူမ၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက် နေခဲ့လေသည်...။
"ငါတို့တွေ အခုလို နေ့ရက်တွေကို တကယ်ပဲ ကျော်ဖြတ်နိုင်ခဲ့ပြီပဲ... အရင်ကဆိုရင် ဒီလောက် ထူတဲ့ စောင်မျိုးကို အိပ်မက်တောင် မမက်ရဲခဲ့ဘူး..."
ထိုအချိန်မှာပင် ကလေးများ၏ ကြည်လင်သော အော်ဟစ်သံများက ခြံဝင်းတံခါးဝမှ ထွက်ပေါ်လာခဲ့ လေသည်...။
"ဘွားဘွား... ကျွန်တော်တို့ ပြန်လာပြီ..."
တာ့ဝါက သူမ၏ မောင်နှမငယ်များကို ဦးဆောင်ကာ ပါးပြင်များ နီရဲလျက် နဖူးမှ ချွေးများကို သုတ်ရင်း တံခါးထဲသို့ ပြေးဝင်လာခဲ့လေသည်...။
အာ့ဝါက စိတ်လှုပ်ရှားစွာ စကားများလျက် နောက်မှ လိုက်ပါလာခဲ့ပြီး သူမ၏ မျက်နှာလေးမှာ ဂုဏ်ယူ မှုများဖြင့် ဝင်းပနေခဲ့လေသည်...။
"ဘွားဘွား... အမေ... ကျွန်တော်တို့ တောကြက်တစ်ကောင် မိလာတယ်... အကြီးကြီးပဲ..."
ခြံဝင်းထဲမှ ဆူညံသံကို ကြားလိုက်ရသဖြင့် ယောက္ခမနှင့် ချွေးမတို့သည် လုပ်လက်စ အလုပ်များကို အလျင်အမြန် ရပ်လိုက်ကြပြီး ၎င်းတို့၏ အပ်ချုပ်ခြင်းတောင်းကို သေသေသပ်သပ် သိမ်းဆည်းလိုက် ကြကာ အဝတ်လိုက်ကာကို မ၍ အိမ်ထဲမှ တစ်ဦးနောက်တစ်ဦး ထွက်လာခဲ့ကြလေသည်...။
တံခါးအပြင်သို့ လှမ်းထွက်လိုက်သည်နှင့် ဝါးခြင်းတောင်းကို ဝိုင်းအုံကြည့်နေကြသော အကောင်ပေါက် လေး သုံးဦးကို တွေ့လိုက်ရလေသည်...။ ၎င်းတို့မှာ ခေါင်းချင်းဆိုင်ကာ တစာစာ ပြောနေကြသဖြင့် အတော်ပင် ဆူညံလျက်ရှိနေခဲ့လေ၏။
ကလေးများမှာ ချွေးများဖြင့် ရွှဲနေသည်ကို မြင်သောအခါ အမေထျန်က မမေးဘဲ မနေနိုင်တော့ချေ...။
"ကြည့်ကြပါဦး... မင်းတို့အားလုံး ချွေးတွေ ရွှဲနေတာပဲ... ဘယ်လို ပစ္စည်းကောင်းကို မိလာတာလဲ..."
"ဘွားဘွား... ကျွန်တော်တို့ တောကြက်တစ်ကောင် မိလာတာလေ..."
ယန့်ဇီက အော်ဟစ်လိုက်ကာ သူ၏ မျက်နှာလေးမှာ ဂုဏ်ယူမှုများဖြင့် ဝင်းပနေခဲ့လေသည်...။
"ဝိုး... ဒါက တကယ် အံ့ဩဖို့ ကောင်းတာပဲ..."
အမေထျန်က ပြုံးလျက် ရှေ့သို့ လှမ်းလာကာ ဝါးခြင်းတောင်းထဲသို့ ငုံ့ကြည့်လိုက်လေသည်။ သေချာ သည်မှာ ခြေထောက်များကို ချည်နှောင်ထားသော ဝဖိုင့်နေသည့် တောကြက်တစ်ကောင်ကို တွေ့လိုက် ရပြီး ၎င်းမှာ အတွင်း၌ အနည်းငယ် ရုန်းကန်နေခဲ့လေသည်။
အမေထျန်က မချီးကျူးဘဲ မနေနိုင်တော့ချေ...။
"ဝိုး... ဒါက တကယ်ကို ဝတာပဲ..."
ထိုသို့ ပြောပြီးနောက် သူမသည် ခြံဝင်းတံခါးဘက်သို့ မော့ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ သည်...။
"မင်းတို့ရဲ့ အဖေကော ဘယ်မှာလဲ..."
"အဖေက သားတို့နောက်မှာ ရှိတယ်..."
တာ့ဝါက အလျင်အမြန် ပြန်လည်ဖြေကြားလိုက်လေသည်...။
သူ စကားပြောပြီးသည်နှင့် ထျန်ချင်းမုသည် ထင်းစီးကြီးတစ်စီးကို ထမ်းကာ ခြံဝင်းထဲသို့ လှမ်းဝင်လာခဲ့ လေသည်...။
ခြံဝင်းထဲတွင် ရပ်နေကြသော လူအုပ်စုကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် ပြုံးလိုက်ကာ အော်ခေါ်လိုက်လေသည်... ။
"အမေ... မိန်းမ..."
"အမြန်ချလိုက်ဦး... ခဏလောက် နားလိုက်ဦးလေ..."
ဘေးတွင် ရပ်နေသော လျူရှာက အလျင်အမြန် ရှေ့သို့ လှမ်းလာကာ သူ၏ ကျောပေါ်မှ ထင်းများကို ကူချပေးရန် လက်လှမ်းလိုက်လေသည်...။
ထျန်ချင်းမုက အနည်းငယ် ရှောင်ဖယ်လိုက်ပြီး သူမကို ပြုံးလျက် တားဆီးလိုက်လေသည်...။
"မလိုပါဘူး... ကျွန်တော် ကိုယ်တိုင် လုပ်နိုင်ပါတယ်... ထင်းတွေမှာ ဖုန်တွေ အများကြီးပဲ... မင်းရဲ့ အဝတ်အစားတွေ ညစ်ပတ်ကုန်လိမ့်မယ်..."
သူ စကားပြောရင်းနှင့် ထင်းများကို နံရံထောင့်တွင် တည်ငြိမ်စွာ ချထားလိုက်ကာ သူ၏ အဝတ်အစား ပေါ်မှ ဖုန်များကို ပုတ်ခါလိုက်လေသည်...။
"ဘွားဘွား... ဒီည ထမင်းစားရင် ကြက်သားစွပ်ပြုတ် သောက်ရမှာလား..."
တာ့ဝါက အမေထျန်ကို မျှော်လင့်တောင့်တသော မျက်နှာလေးဖြင့် မော့ကြည့်ကာ မေးလိုက်လေ သည်...။
အမေထျန်က ပြုံးလျက် တာ့ဝါ၏ ခေါင်းကို ပုတ်ကာ ညင်သာစွာ ပြောလိုက်လေသည်...။
"သောက်ရမှာပေါ့... မင်းအမေက ဒီည မင်းတို့အတွက် ချက်ပေးလိမ့်မယ်..."
"အို... အို... ဒီည အသားစားရတော့မယ်..."
၎င်းကို ကြားလိုက်ရသောအခါ အာ့ဝါသည် ဝမ်းသာအားရ ခုန်ပေါက်လိုက်လေတော့သည်...။
ထျန်ချင်းမုနှင့် သူ၏ ဇနီးသည်တို့မှာ ကလေးများ၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ကာ လိုက်လံ ရယ်မောနေကြလေသည်...။
အမေထျန်သည် သူမ၏ ချွေးမအကြီးဆုံးဘက်သို့ လှည့်ကာ ပြုံးလျက် မှာကြားလိုက်လေသည်...။
"ချွေးမကြီး... သွားပြီး ရေနွေးနည်းနည်း တည်လိုက်ဦး... ခဏနေရင် ကြက်ကို ရေနွေးနဲ့ ပတ်ပြီး အမွှေး တွေ နှုတ်ရအောင်..."
"ဟုတ်ကဲ့..."
လျူရှာက ပြတ်ပြတ်သားသား ပြန်လည်ဖြေကြားလိုက်ကာ မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားခဲ့ လေသည်...။
၎င်းကို မြင်သောအခါ ထျန်ချင်းမုက ပြုံးလျက် သူ၏ ခေါင်းကို ကုတ်ကာ အမေထျန်အား ပြောလိုက် လေသည်...။
"အမေ... မိုးမချုပ်ခင် ဒီထင်းတွေကို ကျွန်တော် ခွဲလိုက်ပါ့မယ်..."
ထိုသို့ ပြောပြီးနောက် သူသည် ကုန်း၍ နံရံထောင့်ရှိ ပုဆိန်ကို ယူကာ ထင်းများကို စတင် ခွဲလေတော့ သည်...။
အမေထျန်က သူမ၏ သားအကြီးဆုံး၏ ရိုးသားမှုကို ကြည့်ကာ ပြုံးလျက် ခေါင်းခါယမ်းလိုက်လေ သည်...။
"ကောင်းပါပြီ... အရမ်းကြီးတော့ ပင်ပန်းမခံပါနဲ့ဦး... အားလုံးကို ခွဲစရာ မလိုပါဘူး... ဒီညအတွက် လောက်ရင် ရပါပြီ..."
ထျန်ချင်းမု၏ လက်များမှာ သွက်လက်နေခဲ့ပြီး ပုဆိန်သည် ထင်းများကို ပြတ်သားသော အသံဖြင့် နှစ်ခြမ်းခွဲလိုက်လေသည်။ သူက ပြုံးလျက် ပြန်လည်ဖြေလိုက်လေသည်...။
"ကျွန်တော် သိပါတယ် အမေ..."
၎င်းကို မြင်သောအခါ အမေထျန်က ထပ်မပြောတော့ချေ။ သူမသည် ဝါးခြင်းတောင်းကို ဝိုင်းကြည့်နေ ကြသော ကလေးများဘက်သို့ လှည့်ကာ ညင်သာစွာ ပြောလိုက်လေသည်...။
"မင်းတို့ ကလေးတွေ... ဒီမှာ မနေကြနဲ့ဦး... ကြက်က မင်းတို့တွေကို ဆိတ်မှာ စိုးလို့ ဂရုစိုက်ကြဦး... ဟိုဘက်မှာ ခဏသွားဆော့ကြ... ညကျရင် ဘွားဘွားက မင်းတို့အတွက် အရသာရှိတဲ့ ကြက်သား စွပ်ပြုတ် ချက်ပေးမယ်..."
"ဟုတ်ကဲ့..."
ကလေးများက တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြသော်လည်း ၎င်းတို့မှာ အကြည့်မခွာ နိုင်ကြသေးဘဲ ခြင်းတောင်းထဲရှိ ဝဖိုင့်နေသော တောကြက်ကိုသာ စိုက်ကြည့်နေကြကာ ၎င်းတို့၏ စိတ်ထဲတွင်တော့ ကြက်သား၏ မွှေးပျံ့သော ရနံ့များဖြင့် ပြည့်နှက်နေခဲ့လေသည်...။
အမေထျန်သည် မတတ်သာဘဲ ရယ်မောရင်း မီးဖိုချောင်ဘက်သို့ လျှောက်လှမ်းသွားခဲ့လေသည်...။
သူမသည် သူမ၏ ချွေးမအကြီးဆုံးကို သွားရောက် ကူညီပေးရန် စီစဉ်ထားသဖြင့် ဝဖိုင့်နေသော တောကြက်ကို အမြန်ဆုံး ချက်ပြုတ်နိုင်ရန် ဖြစ်ပေသည်...။
————————————
ထိုအတောအတွင်း ပါတီအတွင်းရေးမှူး၏ အိမ်မှ ထွက်လာသော အဖေထျန်သည် လက်များကို အင်္ကျီ လက်ထဲသို့ ထည့်ကာ နှုတ်ခမ်းတွင် ဆေးလိပ်တစ်လိပ်ကို ခဲထားလျက် အိမ်သို့ ဖြည်းညင်းစွာ လမ်းလျှောက်ပြန်လာခဲ့လေသည်...။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ၏ ရှေ့တွင် ခြင်းတောင်းတစ်လုံးကို ထမ်းထားသော အဘိုးအို တစ်ဦးကို တွေ့လိုက်ရလေသည်...။ ထိုသူသည် ပဝါနှင့် ဦးထုပ်ကို သေသေချာချာ ပတ်ထားသဖြင့် မျက်လုံးများသာ ပေါ်နေခဲ့ပြီး ဖြည်းညင်းစွာ ရှေ့သို့ လျှောက်လှမ်းနေခဲ့လေသည်...။
အဖေထျန်သည် မျက်လုံးများကို မှေးစင်းကာ ထိုလူ၏ ပုံစံကို သေသေချာချာ အကဲခတ်ကြည့်လိုက်ရာ နောက်ကျောကို ကြည့်ရသည်မှာ ရင်းနှီးနေသလို ခံစားရသော်လည်း မည်သူဖြစ်ကြောင်းကိုမူ သေချာ မသိခဲ့ချေ...။
၎င်းတို့မှာ တစ်ရွာတည်းသားများ ဖြစ်ကြသဖြင့် လူမှားသွားပါက အားနာစရာ ဖြစ်နိုင်သောကြောင့် သူသည် အလျင်အမြန် ရှေ့သို့သွား၍ နှုတ်မဆက်ခဲ့ချေ...။
သို့သော် သူ လမ်းလျှောက်ရင်း ပို၍ စိတ်မအေးဖြစ်လာခဲ့လေသည်။ ထိုသူ လမ်းလျှောက်ပုံနှင့် သူ၏ ကျောပေါ်တွင် ခြင်းတောင်းကို ထမ်းထားပုံမှာ အလွန်ပင် ရင်းနှီးနေခဲ့ပေသည်....။
ထိုသူသည် သူ၏ တံခါးဝသို့ ရောက်ရှိရန် ဆဲဆဲတွင် အဖေထျန်၏ မျက်လုံးများမှာ တောက်ပသွားခဲ့ကာ သူက ချက်ချင်းပင် မှတ်မိသွားခဲ့လေသည်...။ ဤသူမှာ ဒုတိယသားဖြစ်သူ ဇနီးသည်၏ ဖခင် မဟုတ်ပါ လော...။
"ခမည်းခမက်…"
အဖေထျန်က အလျင်အမြန် အော်ခေါ်လိုက်ကာ သူ၏ ခြေလှမ်းများကို သွက်လက်စေလျက် နှုတ်ဆက် ရန် သွားလိုက်လေသည်...။
၎င်းကို ကြားလိုက်ရသောအခါ အဖေကျောက်သည် လမ်းလျှောက်နေသည်ကို ရပ်လိုက်ကာ လှည့်ကြည့် လိုက်ရာ အဖေထျန် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်...။ သူသည် သူ၏ မျက်နှာပေါ်ရှိ ပဝါကို အလျင်အမြန် ဖယ်ရှားလိုက်ပြီး ပြုံးလျက် ပြန်လည်ထူးလိုက်လေသည်...။
"ခမည်းခမက်..."
"အို... တကယ်ပဲ ခင်ဗျား ဖြစ်နေတာကိုး..."
အဖေထျန်က သူ၏အနားသို့ လျှောက်သွားကာ သူ၏ ပခုံးကို ပုတ်လျက် ရွှင်လန်းစွာ ပြောလိုက်လေ သည်...။
"နောက်ကျောကို ကြည့်ပြီး ခင်ဗျားနဲ့ တူတယ်လို့ ထင်နေတာ... ဒါပေမဲ့ လူမှားမှာစိုးလို့ နှုတ်မဆက် ရဲတာ... ပီကင်းကနေ ဘယ်တုန်းက ပြန်ရောက်တာလဲ..."
"ဟားဟား... ဒီနေ့ နေ့ခင်းကတင် အိမ်ပြန်ရောက်တာပါ..."
အဖေကျောက်က စကားပြောရင်းနှင့် သူ၏ ကျောပေါ်မှ ခြင်းတောင်းကို ချကာ ရှေ့သို့ ကမ်းပေးလိုက်ပြီး ပြောလိုက်လေသည်...။
"ဒါက ရှောင်ယာတို့က ခင်ဗျားတို့ဆီ ပို့ပေးဖို့ မှာလိုက်တဲ့ ပါဆယ်ထုပ်ပါ..."
အဖေထျန်က အလျင်အမြန် ရှေ့သို့ လှမ်းကာ ၎င်းကို ယူလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်... ။
"အခုလို လာပို့ပေးတာ ကျေးဇူးတင်ပါတယ် ခမည်းခမက်... လာ... အိမ်ထဲကို ဝင်ပါဦး... အထဲမှာ ထိုင်ရင်း အနားယူဦးပေါ့..."