အခန်း ၁၂၂၀
Vol. 115 Ch. 1220
အခန်း ၁၂၂၀ - သဲလွန်စများ
"နင်က ဘယ်ကလာတာလဲ"
ဖူကွာက လုံချန်း၏ အထောက်အထားကို အကဲခတ်ရန် ကြိုးစားရင်း မေးလိုက်သည်။
"ဘာလို့ သိချင်ရတာလဲ" လုံချန်းက ပြန်မေးလိုက်သည်။
"အဲဒါက လျှို့ဝှက်ချက်မလို့လား။ ကဲပါ... ငါက နင့်ကို သိကျွမ်းအောင် ကြိုးစားကြည့်ရုံတင်ပါ။ နင် ငါ့အတွက် အလုပ်မလုပ်ပေးပေမဲ့ ငါတို့ သူငယ်ချင်းတွေတော့ ဖြစ်နိုင်သေးတယ် မဟုတ်ဘူးလား" ဖူကွာက ပြုံးလျက် မေးလိုက်သည်။ "ဒါ့အပြင် နင်က ငါဘယ်ကလာလဲဆိုတာ သိပြီးသားလေ။ ငါကျတော့ မသိရဘူး။ ဒါက မတရားဘူး"
"ငါက မင်းကိုမမေးဘဲ သိခဲ့တာလေ။ ဒါကြောင့် မင်းလည်း အဲလိုပဲ သိအောင်လုပ်တာကမှ တရားမျှတမှာပေါ့" လုံချန်းက အစား ဆက်စားရင်း ပြန်ဖြေလိုက်သည်။
"ဒါဆို နင်က ငါ့ကိုလည်း ခန့်မှန်းစေချင်တာပေါ့။ အဲဒါဆို အချိန်တွေ အများကြီး ကုန်မှာပေါ့" ဖူကွာက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
"ငါတို့မှာ အချိန်တွေ အများကြီး ရှိတာပဲ။ မင်းရဲ့ အသက်က အသက် ငါးဆယ်လောက်ပဲ ရှိဦးမယ် ထင်တယ်။ မင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် ခန့်မှန်းဖို့ ဘဝသက်တမ်း အရှည်ကြီး ရှိပါသေးတယ်" လုံချန်းက မှတ်ချက်ပြုလိုက်သည်။
"ငါးဆယ် ဟုတ်လား... ဘာကို ဆိုလိုတာလဲ။ ငါ့အသက်က နှစ်ဆယ့်ငါးနှစ်ထက် တစ်ရက်တောင် ပိုမကြီးသေးဘူး" အိုမင်းသည်ဟု အပြောခံရသဖြင့် ဖူကွာက စိတ်ဆိုးမာန်ဆိုး တုံ့ပြန်လိုက်သည်။
"ဪ... ဒါဆိုရင် မင်းမှာ ခန့်မှန်းဖို့ အချိန်တွေ ပိုတောင် ရှိသေးတာပေါ့။ ဂုဏ်ယူပါတယ်" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
"နင်ကတော့လေ... ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ထားရတာလဲ။ နင့်ရဲ့ ဇာတိနေရာက ဘာကိစ္စ ဒီလောက် အရေးကြီးနေလို့လဲ။ နင့်တုန်းကတော့ ဒီနေရာနဲ့ ရတနာတွေကို အဓိကဂိုဏ်းကြီး တစ်ဂိုဏ်းတည်းကပဲ ထိန်းချုပ်ထားတာမလို့ ခန့်မှန်းဖို့ သဲလွန်စအချို့ ရှိနေခဲ့တာလေ"
"တခြားတစ်ဖက်မှာကျတော့ နင်က ထောင်ပေါင်းများစွာသော အဓိက ဂိုဏ်းကြီးတွေထဲက ဘယ်ဂိုဏ်းကမဆို ဖြစ်နေနိုင်တာပဲ ဥစ္စာ။ အနည်းဆုံးတော့ သဲလွန်စ တစ်ခုလောက် ပေးပါဦး" အမျိုးသမီးပက မချိပြုံး ပြုံးရင်း ပြောလိုက်သည်။
"မင်း သဲလွန်စ လိုချင်တာလား" လုံချန်းက သဘောကျပုံရလျက် စူးစမ်းလိုက်သည်။
"လိုချင်တာပေါ့။ ငါ့ကို ကူညီဖို့ သဲလွန်စပေးပါဦး" ဖူကွာက ခေါင်း တတွတ်တွတ် ညိတ်ရင်း ပြောလိုက်သည်။
"ကောင်းပြီ။ မင်းအတွက် ပထမဆုံး သဲလွန်စကတော့ ငါက အဝေးကြီးက လာတာ။ ပြီးတော့ အဲဒါက မင်း စိတ်တောင် ကူးကြည့်လို့ မရနိုင်လောက်အောင်ကို ဝေးလွန်းတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။ သူ့အသက်အရွယ်ကြောင့် ဤမိန်းကလေးအနေဖြင့် သူသည် သေမျိုးလောကမှ လာသည်ဟု လုံးဝ ခန့်မှန်းနိုင်မည် မဟုတ်ကြောင်း သူ သေချာနေခဲ့သည်။
"ဟင်း... အဝေးကြီးက နေရာ ဟုတ်လား။ နင်က အနောက်ပိုင်း အင်ပါယာက မဟုတ်ဘူးလား" ဖူကွာက မေးလိုက်သည်။
"ဘယ်သူသိမှာလဲ" လုံချန်းက ပျင်းရိစွာ ပခုံးတွန့်လိုက်သည်။ "ငါ မင်းကို သဲလွန်စတစ်ခု ပေးပြီးပြီလေ။ အဲဒါနဲ့ပဲ စဉ်းစားကြည့်တော့"
"အဲဒါက မလုံလောက်သေးဘူး။ နောက်ထပ် ပေးဦး" ဖူကွာက ဇွတ်တောင်းဆိုလိုက်သည်။
"ကောင်းပြီ။ ဒါဆိုရင် မင်းအတွက် နောက်ထပ် သဲလွန်စတစ်ခု ထပ်ပေးမယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းတော့ သဲလွန်စ ထပ်မရှိတော့ဘူးနော်" လုံချန်းက မချိပြုံး ပြုံးရင်း ပြောလိုက်သည်။
"ကောင်းတဲ့ သဲလွန်စ ဖြစ်ပါစေနော်။ စောစောက အသုံးမဝင်တဲ့ဟာမျိုး မဟုတ်စေနဲ့ဦး" ဖူကွာက ပြောလိုက်သည်။
"နောက်ထပ် သဲလွန်စကတော့ ငါက လူတွေက ခွန်အားအတွက် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေကြတဲ့ နေရာတစ်ခုက လာတာ။ အဲဒါက ခွန်အားကသာ အထွတ်အထိပ် စိုးမိုးထားတဲ့ လူ့အဖွဲ့အစည်း တစ်ခုပေါ့။ ဒါပေမဲ့ အဲဒီနေရာက လူတွေ ဒီကိုလာဖို့ အိပ်မက်မက်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်" လုံချန်းက ဝေဝါးစွာ ဖြေကြားလိုက်သည်။
သူက 'ဒီကိုလာဖို့ အိပ်မက်မက်ကြတယ်' ဟု ပြောရာတွင် အင်မော်တယ် လောကကို ဆိုလိုခြင်း ဖြစ်သော်လည်း ၎င်းက ဤမြို့တော်ကို ဆိုလိုသည့်အလား သက်ရောက်စေမည့် နည်းလမ်းမျိုးဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။
သူသည် ဖူကွာကို ချက်ချင်း မှန်အောင် မခန့်မှန်းစေချင်သော်လည်း သူမအား အများကြီးလည်း မလိမ်ညာချင်ခဲ့ချေ။ အမှန်တရားဖြင့် တည်ဆောက်ထားသော်လည်း ရှာဖွေရန် မဖြစ်နိုင်သေးသည့် လမ်းကြောင်း တစ်ခုပေါ်သို့ သူမကို လမ်းပြခေါ်ဆောင်သွားရသည်မှာ အတော်လေး သဘောကျစရာ ကောင်းလှသည်။
"လူတွေ ဒီကိုလာဖို့ အိပ်မက်မက်ကြတဲ့ နေရာ ဟုတ်လား" ဖူကွာက ဇဝေဇဝါဖြစ်လျက် ရေရွတ်လိုက်သည်။
'သူ ဘာတွေ လျှောက်ပြောနေတာလဲ။ သူ့ဂိုဏ်းကလူတွေက ဘာလို့ ဒီကိုလာဖို့ အိပ်မက်မက်ရမှာလဲ။ အစီအရင် စုတ်တံကြောင့်လား။ ဒါမှမဟုတ် သူက ငါတို့ရဲ့ ဂိုဏ်းဆက်ခံသူတွေ ဖြစ်တဲ့ အခြေအနေကို ဆိုလိုတာလား။ ပြီးတော့ လူတွေက သူ့လိုမျိုး မြင့်မားတဲ့ ရာထူးနေရာကို ရောက်ဖို့ အိပ်မက်မက်ကြတာကို ပြောတာလား'
သူမ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ရှိနေသော်လည်း ထိုအရာများထဲမှ တစ်ခုမျှ လက်ရှိမေးခွန်းများကို အဖြေမပေးနိုင်ခဲ့ချေ။ ၎င်းက မည်သည်ကို ဆိုလိုသနည်း။ သူမ ထပ်ပြီး မခန့်မှန်းနိုင်တော့ချေ။ သူ့အဖြေထဲတွင် သူမအနေဖြင့် သူ၏ အင်ပါယာ တည်နေရာကို ရှာဖွေရန် ကူညီပေးနိုင်မည့်အရာ မရှိသလို သီးသန့်နေရာနှင့် ဂိုဏ်းအား ရှာဖွေဖို့ဆိုသည်မှာ ဝေးစွပင်။
အင်ပါယာ လေးခုလုံး၏ အင်ပါယာတစ်ခုစီတွင် အဆင့်မြင့်ဂိုဏ်းကြီးများစွာ ရှိကြသည်။
"ကဲပါ... ငါ ရှုံးပါပြီ။ နင့်ရဲ့ ဂိုဏ်းနာမည်ကိုသာ ပြောပြပါတော့။ နင်က အဆင့်မြင့်ဂိုဏ်း တစ်ဂိုဏ်းက ဖြစ်မှန်း ငါသိပါတယ်။ ဘယ်လို အဆင့်မျိုးလဲ" အမျိုးသမီးက အရှုံးပေးလိုက်ရသည့် ခံစားချက်ဖြင့် နောက်ဆုံးတွင် မေးလိုက်တော့သည်။
"ဂိုဏ်း ဟုတ်လား" လုံချန်းက သဘောကျစွာ မေးလိုက်သည်။ သူမ ဤသို့ တွေးနေလိမ့်မည်ကို သူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သော်လည်း မည်သည့်ခံစားချက်မျှ ဖော်ပြခြင်း မရှိခဲ့ချေ။
"ငါပြောခဲ့သလိုပဲ၊ ဘယ်ဂိုဏ်းလဲဆိုတာ မင်း ဘာလို့ သိချင်နေရတာလဲ။ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ငါက ဒီကို ပျော်ရုံသက်သက် လာတာလေ။ မင်းတို့ရဲ့ ရတနာတွေကို လာခိုးတာ မဟုတ်ဘူး" သူက ထပ်လောင်းပြောဆိုသည်။ "ဒါကြောင့် မင်း ငါ့ကို စောင့်ကြည့်နေစရာမလိုပါဘူး"
"တစ်ဖက်မှာကျတော့ ဘာမှအရေးမကြီးတော့ဘူးလို့ နင်ပြောပြီး တခြားတစ်ဖက်မှာကျတော့ ငါ့ကိုပြောဖို့ ငြင်းဆန်နေတယ်။ ငါ့အတွက် တကယ် အရေးမကြီးဘူး ဆိုရင်လည်း ပြောပြလိုက်ပေါ့။ အရေးကြီးတယ် ဆိုရင်လည်း တခြားဟာတွေ လျှောက်မပြောဘဲ ငါ့ကိုသာ ပြောပြပါ" ဖူကွာက ပြတ်သားစွာ ပြောလိုက်သည်။
"မင်းရဲ့ အစားအစာတွေ အေးကုန်တော့မယ်။ အဲဒါကို အရင်စားလိုက်ဦး" လုံချန်းက အကြောင်းအရာကို ပြောင်းလဲရင်း ပြောလိုက်သည်။
"စားပြီးရင် နင် ငါ့ကို ပြောပြမှာလား" ဖူကွာက မေးလိုက်သည်။
"ငါ ကတိတော့မပေးနိုင်ဘူး၊ ဒါပေမဲ့ စဉ်းစားပေးပါ့မယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
သူ့အဖြေကို သဘောတူညီချက် တစ်ခုအဖြစ် မှတ်ယူကာ ဖူကွာသည် ထိုကိစ္စကို အနည်းဆုံး ခဏတာမျှ ဘေးဖယ်ထားလိုက်သည်။ သူမသည်လည်း အေးအေးဆေးဆေး စတင် စားသောက်ခဲ့သည်။
သူတို့နှစ်ဦး ညစာစားနေစဉ်အတွင်း အပြင်ဘက်မှ လူတစ်ယောက်က သူတို့ကို စောင့်ကြည့်နေမှန်း မသိခဲ့ကြချေ။
ထိုလူသည်ကား အခြားသူမဟုတ်ဘဲ လကွယ်ဂိုဏ်း၏ အကြီးအကဲပင် ဖြစ်သည်။
သူသည် လုံချန်းကို ရှာဖွေရန်နှင့် ဤကောင်လေးက နေမင်းဂိုဏ်း အဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း ရှိမရှိကို သိနိုင်ရန် သူ့နောက်သို့ လိုက်နေခဲ့ခြင်းဖြစ်သည်။ သို့သော် သူမြင်လိုက်ရသည့်အရာမှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းလှသည်။
"ဟိုဟာ အစီအရင်ဂိုဏ်းရဲ့ မင်းသမီး မဟုတ်ဘူးလား" ထိုလူက မျက်မှောင်ကုတ်ရင်း ရေရွတ်လိုက်သည်။
အမျိုးသမီးကို မှတ်မိသွားသဖြင့် သူ ပို၍ပင် အံ့အားသင့်သွားရသည်။ လုံချန်းက ထိုမိန်းကလေးနှင့် အဘယ်ကြောင့် အတူရှိနေရသည်နည်း သူ မတွေးဘဲ မနေနိုင်ခဲ့ချေ။
"နေမင်းဂိုဏ်းက အသန်မာဆုံး အလတ်တန်းစားဂိုဏ်းပဲ။ အဲဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ အခုလို ရာထူးအဆင့်အတန်း မြင့်မားတဲ့ လူတစ်ယောက်နဲ့ ညစာ အတူစားနေတာက ထူးဆန်းတဲ့အရာ မဟုတ်ဘူး။ ဒါ့အပြင် နေမင်းဂိုဏ်းကို အစီအရင်ဂိုဏ်းက ကျောထောက်နောက်ခံ ပြုထားတယ်ဆိုတဲ့ ကောလာဟလတွေလည်း အမှန်တကယ် ရှိနေတာပဲ။ ဆိုလိုတာက ဒီကောင်က တကယ်ပဲ သူ ဖြစ်နေတာလား" သူက တွေးတောမိသွားသည်။
သူက လုံချန်း၏ အထောက်အထားကို လွဲမှားစွာ ထင်မြင် ယူဆနေစဉ်မှာပင် မြို့တော် အတွင်းသို့ အုပ်စုအသစ် တစ်အုပ် ဝင်ရောက်လာခဲ့သည်။ ထိုအုပ်စုအသစ်တွင် ရင်ဘတ်၌ နေမင်းတံဆိပ် သင်္ကေတ ပါရှိသော လူငယ်များ ပါဝင်သည်။
သူတို့နှင့်အတူ အသက်ကြီးပိုင်းတစ်ဦးလည်း လိုက်ပါလာခဲ့သည်။
"ငါတို့ဂိုဏ်းက သရဲမြို့တော်ကို ပထမဆုံးအကြိမ် လာရောက် စူးစမ်းတာပဲ။ ငါ တကယ် စိတ်လှုပ်ရှားနေပြီ" လူငယ်တစ်ဦးက မှတ်ချက်ပြုလိုက်သည်။
"ဟုတ်တယ်။ ကြားရသလောက်တော့ မြို့ရဲ့ တကယ့် အနက်ရှိုင်းဆုံး နေရာကို ဘယ်သူမှ မဝင်ရောက်နိုင်ခဲ့ကြသေးဘူး။ ငါတို့ဂိုဏ်းက ဒါကိုလုပ်ဖို့ စဉ်းစားနေခဲ့တာ ကြာပါပြီ။ သူတို့က အဲဒါက တန်ဖိုးရှိရဲ့လားလို့ တွေးတောနေခဲ့ကြတာ။ ဒါက ငါတို့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ကြိုးစားမှု ဖြစ်လာမှာမလို့ ငါတို့ သေချာပေါက် အောင်မြင်ရမယ်" အခြားလူငယ်တစ်ဦးက ပြောလိုက်သည်။
"ဟုတ်ပါ့။ ဂိုဏ်းက ဒီနေရာကို ဒုတိယအကြိမ် ထပ်လာလိမ့်မယ်လို့ ငါမထင်ဘူး။ ဒါပေမဲ့ ငါတို့ တန်ဖိုးရှိတဲ့ ရတနာတစ်ခုခု ရပါ့မလားလို့ တကယ် တွေးမိတယ်။ ရဖို့ မျှော်လင့်ရတာပဲ" ပထမလူငယ်က မှတ်ချက်ပြုသည်။ "ဘာမှမရခဲ့ရင် တကယ်ကို အရှက်ရစရာ ဖြစ်လိမ့်မယ်။ ငါတို့ဂိုဏ်းက ဒီမှာ တကယ်ကို ကြီးမားတဲ့ စွန့်စားမှုတစ်ခု လုပ်နေတာလေ"
"မစိုးရိမ်ပါနဲ့၊ ဒီတစ်ကြိမ်မှာ ငါတို့က သူတော်စင် အစီအရင်ဂိုဏ်းနဲ့ ပူးပေါင်းလုပ်မှာ။ ကြားရသလောက်တော့ သူတို့ရဲ့ ထိပ်သီးတပည့်လည်း ဒီမှာ ရောက်နေတယ်တဲ့။ သူက ငါတို့ကို ကူညီဖို့နဲ့ အထောက်အကူပြုမယ့် ရတနာတွေ ပေးဖို့ ဆုံးဖြတ်ထားတယ်"