အခန်း ၁၂၂၂
Vol. 115 Ch. 1222
အခန်း ၁၂၂၂ - ပြစ်ဒဏ်
နေမင်းဂိုဏ်းဝင်များသည် မာနကြီးပြီး မိမိတို့၏ဂိုဏ်းအပေါ် အင်မတန် ဂုဏ်ယူဝင့်ကြွားကြသူများ ဖြစ်သည်။ ထို့ကြောင့် တစ်ယောက်ယောက်က သူတို့၏ ဂိုဏ်းချုပ်အဖြစ် ဟန်ဆောင်ကာ လျှောက်သွားနေသည်ဟူသော သတင်းကို ကြားလိုက်ရခြင်းမှာ သူတို့အတွက်မူ တကယ့်စော်ကားမှုတစ်ရပ် ဖြစ်နေခဲ့သည်။
"အာ..."
အကြီးအကဲသည် မည်သို့ ပြောရမှန်း မသိအောင် ဆွံ့အသွားခဲ့ရသည်။ သူကိုယ်တိုင်လည်း အံ့အားသင့်နေမိသည်။ ထိုလူငယ်က နေမင်းဂိုဏ်းချုပ် မဟုတ်သည်လော။ သို့ဆိုလျှင် သူက မည်သူနည်း။ မည်သည်များ ဖြစ်ပျက်နေသည်ကို သူ လုံးဝ နားမလည်နိုင်တော့ချေ။ သူ တကယ် လွဲမှားစွာ ထင်မြင်ယူဆခဲ့မိခြင်းလော။
တကယ်တမ်း လုံချန်းက နေမင်းဂိုဏ်းချုပ်အဖြစ် ဟန်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ အကြီးအကဲကိုယ်တိုင်ကသာ ထိုသို့ လွဲမှားစွာ ထင်မြင်ယူဆခဲ့ခြင်း ဖြစ်သည်။
သူ မည်သို့ လုပ်ရမှန်းမသိ ဖြစ်သွားခဲ့ရသည်။ သို့သော် ယခုအချိန်တွင် မိမိ၏အမှားကို ဝန်ခံရန်မှာလည်း မဖြစ်နိုင်တော့ချေ။
သူက ဤလူများကို လုံချန်းထံ တကယ် ခေါ်သွားသင့်သည်လော စဉ်းစားမိသည်။ သူတို့က လုံချန်းကို သေချာပေါက် တိုက်ခိုက်ရန် ကြိုးစားကြပေမည်။ ထိုလူများအတွက် အခွင့်အရေးမရှိသည်ကိုလည်း သူ သိထားသည်။ သူတို့က လုံချန်းကို အနိုင်တိုက်နိုင်မည် မဟုတ်ချေ။
'နေဦး... ဟုတ်သားပဲ။ ငါ သူတို့ကို လုံချန်းနဲ့ တိုက်ခိုက်ခိုင်းလိုက်ရင် သူတို့ သေချာပေါက် အပြင်းအထန် အရိုက်ခံရလိမ့်မယ်။ ပြီးရင် သူတို့က ရူးသွပ်နေတဲ့ ဂိုဏ်းချုပ်ကို လှမ်းခေါ်ကြလိမ့်မယ်။ အဲဒီလူကတော့ လုံချန်းကို သေချာပေါက် သတ်နိုင်လိမ့်မယ်။ အဲဒါက အကောင်းဆုံးပဲ' သူက ပြုံးရင်း တွေးလိုက်သည်။
"မှန်တယ်။ အဲဒီကောင်က ငါ့ကို တကယ် လှည့်စားသွားတာပဲ။ မင်းတို့ ငါ့ကို အမှန်အတိုင်း မပြောပြရင် ငါက သူ့ကို မင်းတို့ရဲ့ ဂိုဏ်းချုပ်လို့ ထင်နေတုန်းပဲ ဖြစ်လိမ့်မယ်။ သူက သေချာပေါက် ပြစ်ဒဏ်ပေးခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ မင်းတို့ကော သူ့ကို ကိုင်တွယ်နိုင်ပါ့မလား။ သူက တကယ် သန်မာတယ်နော်" လကွယ်ဂိုဏ်း အကြီးအကဲက ထိုလူငယ်များကို ပို၍ ဒေါသထွက်စေရန် သွေးထိုးလှုံ့ဆော်ရင်း ပြောလိုက်သည်။
"သူ ဘယ်လောက်ပဲ သန်မာနေပါစေ အရေးမကြီးဘူး။ ဘယ်သူမှ ငါတို့ဂိုဏ်းကို မလှောင်ပြောင်ဝံ့စေရဘူး။ ငါတို့ကို သူ့ဆီသာ အမြန်ခေါ်သွားစမ်းပါ၊ အချိန်မဖြုန်းနဲ့" လူငယ်များက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ငါ မင်းတို့ကို သူ့အခန်းဆီ လမ်းညွှန်ပေးမယ်။ သူက အခုထိ ပြန်မလာသေးဘူး။ အခုလို လိုက်ရှာနေတာက ခက်ခဲလိမ့်မယ်။ ဒါကြောင့် သူ့အခန်းရှေ့မှာပဲ စောင့်နေကြပါလား။ သူ မကြာခင် ပြန်လာလိမ့်မယ်။ ဒါက လိုက်ရှာနေတာထက် ပိုလွယ်ကူပြီး ပိုမြန်တယ်မလား" အကြီးအကဲက အကြံပြုလိုက်သည်။
"ကောင်းပြီ။ ငါတို့ကို သူ့အခန်း ပြစမ်း။ ငါတို့ကိုယ်တိုင်ပဲ ကြည့်လိုက်မယ်" လူငယ်များက ခောင်းညိတ်ရင်း ပြောလိုက်သည်။
လကွယ်ဂိုဏ်း အကြီးအကဲက ပြုံးစိစိဖြင့် လူငယ်များကို လုံချန်း၏ အခန်းဆီသို့ စတင်ဦးဆောင်ခေါ်သွားခဲ့သည်။
"ဒါ သူ့အခန်းပဲ။ သူ မကြာခင် ပြန်လာလိမ့်မယ်။ အပြင်ကနေ စောင့်နေကြပါ" သူက မထွက်ခွာမီ နေမင်းဂိုဏ်းတပည့်များကို ပြောလိုက်သည်။
လူငယ်များသည် လုံချန်း ပြန်လာမည့်အချိန်ကို အခန်းရှေ့တွင် စောင့်ဆိုင်းနေခဲ့ကြသည်။
နေမင်းဂိုဏ်းတပည့်များ စောင့်ဆိုင်းနေစဉ် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင်မှ သူတို့ထဲမှ တစ်ယောက်က နောက်ဆုံးတွင် စကားစလာခဲ့သည်။
"ငါတို့ထဲက တစ်ယောက်ယောက်က အကြီးအကဲကို ငါတို့ဘယ်မှာ စောင့်နေလဲဆိုတာ သွားပြောပြသင့်တယ် မဟုတ်လား။ ငါတို့ အခန်းကို အချိန်မီ ပြန်မရောက်ရင် သူ စိုးရိမ်နေလိမ့်မယ်" သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။
"အာ... ဟုတ်သားပဲ။ ငါတို့ အဲဒါကိုတောင် မေ့သွားတယ်။ အကြီးအကဲကို သွားပြောလိုက်ဦး။ ငါတို့ ဒီမှာပဲ စောင့်နေမယ်" အဖွဲ့ခေါင်းဆောင်ဖြစ်သူက အခုမှ သတိရဟန်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ။ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်"
လုံချန်းက ဟိုတယ်အတွင်းသို့ ဝင်လာပြီး လှေကားထစ်များဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ သူသည် ယခုအချိန်တွင် မြွေဘုရင်ကိုလည်း အပြင်သို့ ထုတ်ထားခဲ့ပြီ ဖြစ်သည်။
"မင်း စိတ်ဆိုးနေတုန်းပဲလား"
လုံချန်းက လှေကားပေါ် တက်ရင်း မေးလိုက်သည်။ သူ မြွေဘုရင်ကို ခေါ်ထုတ်လာခဲ့သည်မှာ ဆယ်မိနစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုကောင်က အခုထိ စကားတစ်ခွန်းမျှ မပြောသေးချေ။
"ဟွန့်..." မြွေဘုရင်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။
"ကဲပါ... ငါပြောသားပဲ၊ အတွင်းထဲမှာ သားရဲတွေကို အစားစားခွင့် မပြုဘူးလို့။ ငါက ပြဿနာအရှုပ်အရှင်းတွေ မဖြစ်ချင်လို့ပါ။ ဒါ့အပြင် သားရဲနယ်ပယ်က ဆေးပင်တွေက မင်းအတွက် ပိုကောင်းပါတယ်။ ဒီလို အစားအစာတွေထက်ပေါ့" လုံချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
မြွေဘုရင် စကားပြောသည့်အခါတိုင်း သူ အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ဤကောင်က ဘာမှမပြောဘဲ နေနေသည့်အခါတွင် ပို၍ပင် ဆိုးရွားသည်။
"ကောင်းပြီ။ မင်းရဲ့ စိတ်ကျေနပ်မှုရအောင် ငါ ဘာလုပ်ပေးရမလဲ ပြောစမ်းပါဦး" လုံချန်းက နောက်ဆုံးတွင် မေးလိုက်တော့သည်။
မြွေဘုရင်က နောက်ဆုံးတွင် လုံချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဒီနေ့ တစ်နေ့လုံး မင်း ငါ့ကို အရှင်မင်းကြီးလို့ ခေါ်ရမယ်" မြွေဘုရင်က ပြောလိုက်သည်။
"ကောင်းပါပြီ။ ငါ အဲလို ခေါ်ပေးပါ့မယ်" လုံချန်းက အနည်းငယ် တွေဝေသွားပြီးနောက် ပြောလိုက်သည်။
"ဒါမှပေါ့။ ဒါနဲ့... အဲဒါက တကယ်တော့ သိပ်ပြီး ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ဒီလို သေးငယ်တဲ့ နေရာမျိုးမှာ စားရတာကို ဒီဘုရင်ကြီးကလည်း သဘောမကျပါဘူး။ အဲဒါက ငါ့ရဲ့ သိက္ခာကို ထိခိုက်စေလွန်းတယ်။ ဒါပေမဲ့ မင်းက ငါ့ကို ဒီစကားလုံးတွေ ပြောခွင့်မပေးဘဲ ချက်ချင်း ပြန်ပို့လိုက်တာကိုး။ နောက်တစ်ခါကျရင် ငါ့ရဲ့ စကားတွေကို ဆုံးအောင် ပြောခွင့်ပေးဦး" မြွေဘုရင်က သူ ဘာကြောင့် ဒေါသထွက်နေရကြောင်းကို ထပ်လောင်း ရှင်းပြလိုက်သည်။
"ဟုတ်ကဲ့ပါ ဘုရင်ကြီး" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
သူသည် အခန်းရှိရာ အထပ်တွင် ရပ်တန့်ကာ အခန်းဆီသို့ လျှောက်သွားခဲ့သည်။
"ဟင်... ဘာလို့ ကလေးတွေ အားလုံးက ငါတို့အခန်းကို ဝိုင်းထားကြတာလဲ။ မင်း သူတို့ရဲ့ ရေခဲမုန့်ကို ခိုးစားခဲ့လို့လား" အခန်းရှေ့တွင် ရပ်နေသည့် နေမင်းဂိုဏ်းတပည့်များကို သတိပြုမိသွားသဖြင့် မြွေဘုရင်က မေးလိုက်သည်။
"ဘယ်သူသိမှာလဲ" လုံချန်းက မချိပြုံး ပြုံးရင်း ပခုံးတွန့်လိုက်သည်။ "ဖြစ်နိုင်တာက သူတို့က မင်းရဲ့ အော်တို လာတောင်းတာ နေမှာပေါ့။ သွားမေးကြည့်လိုက်လေ။ သူတို့က မင်းရဲ့ ပရိသတ်တွေ ဖြစ်ရမယ်"
"အာ... ငါ့ရဲ့ ပရိသတ်တွေ ဟုတ်လား။ ဟုတ်သားပဲ" လုံချန်း၏ အတွေးကို ကြားသောအခါ မြွေဘုရင်က စိတ်လှုပ်ရှားသွားပြီး ရှေ့သို့ ပျံသန်းသွားခဲ့သည်။
"ကဲ... မင်းတို့အားလုံး မင်းတို့ရဲ့ အိုင်ဒေါနဲ့ တွေ့ဖို့ ဒီလောက်အဝေးကြီးကနေ လာခဲ့ကြတာကို ငါ တကယ်ပဲ ဝမ်းသာမိပါတယ်။ မင်းတို့ကို ကြာကြာ မစောင့်ခိုင်းတော့ပါဘူး။ ငါ ရောက်ပြီ။ ငါ့ကို စပြီး အားပေးနိုင်ပါပြီ" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဟင်... ဒီ ရုပ်ဆိုးတဲ့ မြွေက စကားပြောလိုက်တာလား" လူငယ်တစ်ဦးက အခြားသူများကို မေးလိုက်သည်။
"ပြောလိုက်တယ် ထင်တယ်" အခြားတစ်ယောက်က ပြန်ဖြေသည်။
"မင်းအမေကမှ ရုပ်ဆိုးတာ။ မင်းအဖေကမှ ရုပ်ဆိုးတာ။ နေဦး... မင်းအဖေက ရုပ်မဆိုးပါဘူး။ ငါက တကယ်ကို ချောမောတာပါ။ နေဦး... အဓိကအကြောင်းအရာကနေ မလွဲစေနဲ့။ မင်းက ဘာမလို့ မင်းရဲ့အဖေကို စော်ကားဝံ့ရတာလဲ" စောစောက ပျော်ရွှင်မှုအားလုံး ချက်ချင်း ပျောက်ကွယ်သွားသဖြင့် မြွေဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
သူ့ပရိသတ်များဆီက ယခုလို စော်ကားခံရမည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
သူနှင့် သူ့မိသားစုအပေါ် စော်ကားပုတ်ခတ်ပြောဆိုသည့် စကားများကို ကြားလိုက်ရသဖြင့် လူငယ်၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းသွားခဲ့သည်။
"မင်း... ကောင်စုတ်။ သေလိုက်တော့" ထိုလူက အော်ဟစ်ရင်း မြွေဆီသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားက မြွေဘုရင်ဆီသို့ လျှပ်စီးလက်သကဲ့သို့ ဦးတည်ရွေ့လျားသွားသော်လည်း မြွေဘုရင်က လုံးဝ ကြောက်ရွံ့ပုံမပေါ်ဘဲ တုန်လှုပ်ခြင်းမရှိခဲ့ချေ။ သူသည် ရှောင်တိမ်းရန်ပင် မကြိုးစားခဲ့ချေ။ သူ့တွင် လုံချန်းအပေါ် ယုံကြည်မှု အပြည့်ရှိသည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ဓားက မြွေဘုရင်ကို မထိမှန်မီ ရပ်တန့်သွားခဲ့သည်။
"မြွေစုတ်လေး... မင်းကတော့ အမြဲတမ်း ပြဿနာရှာတတ်တာပဲနော်" တိုက်ခိုက်ခဲ့သည့် လူငယ်၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်ထားရင်း လုံချန်းက မေးလိုက်သည်။
"မင်းရဲ့ ပြစ်ဒဏ်ကို မမေ့နဲ့ဦး"
မြွေဘုရင်က ပြန်ပြောလိုက်သည်။ "ဒီနေ့ ငါ့ကို မြွေစုတ်လေးလို့ ခေါ်လို့မရဘူးနော်"
"ကောင်းပါပြီ... အရှင်မင်းကြီး၊ ဒီတစ်ရက်လောက်တော့ ပြဿနာမရှာဘဲ ငြိမ်ငြိမ်လေး နေပေးလို့ မရဘူးလား" ဒေါသထွက်နေသော လူငယ်များကို လျစ်လျူရှုရင်း လုံချန်းက ထပ်မံ မေးလိုက်သည်။
"မင်းက ဘယ်သူလဲ။ မင်းက ဒီအရှက်မရှိတဲ့ မြွေနဲ့ တစ်ဖွဲ့တည်းလား" နေမင်းဂိုဏ်းတပည့်များ၏ ခေါင်းဆောင်က မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။ "ငါ့လူရဲ့ လက်ကို လွှတ်ပေးဖို့ မင်းကို အကြံပြုချင်တယ်"
"မင်းပြောတာ မှန်ပါတယ်။ ဒီမြွေက တကယ် အရှက်မရှိတာ။ ပြီးတော့ ငါက သူ့နဲ့ တစ်ဖွဲ့တည်းဆိုတာလည်း မှန်တယ်။ ဒါပေမဲ့ မင်းက အရာတော်တော်များများကို မှန်အောင် ပြောနိုင်ခဲ့ပြီးတော့မှ နောက်ဆုံးအချက်ကျမှ ဘာလို့ မှားသွားရတာလဲ"