← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃) - လူမှားကို ရှာတွေ့ခဲ့ခြင်း

“ရှတင်း... သူ့ခွန်အားက ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းလာတာလဲ..."

ရှီချင်း၏ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားသော်လည်း သူ၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်လှသည်။

ရှတင်းနှင့် သူ၏ လူ ၁၃ ယောက်သည် ပြန့်ကျဲသွားကာ သူတို့ကို လိုက်လံတိုက်ခိုက်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ပြန်လည်တိုက်ခိုက်ရန် အမိန့်ပေးလိုက်လေသည်။

“ရှီတုန်း... ဘယ်ဘက်ကိုသွားပြီး အကာအကွယ်ယူ... ဝမ်မင်... လူတွေကို ဦးဆောင်ပြီး သူတို့ကို တားထား... မြန်မြန်...”

ရှတင်းတို့၏ လိုက်လံတိုက်ခိုက်မှုမှာ မနှေးကွေးပေ။

ထို့အပြင် သူတို့ဘက်မှ လူ ၃ ယောက်လည်း ယခုလေးတင် သေဆုံးသွားခဲ့ပြီး ၁၀ ယောက်သာ ကျန်ရှိတော့လေသည်။

ထွက်ပြေးနေရုံသာဆိုလျှင် ရန်သူကို တစ်ယောက်ချင်းစီ ချေမှုန်းရန် အခွင့်အရေးသာ ပေးလိုက်သလို ဖြစ်ပေလိမ့်မည်။

တာရှီးစခန်းမှ လူများသည် အချင်းချင်း အပေးအယူ ကောင်းကြပြီး အမိန့်ရသည်နှင့် ချက်ချင်း ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ကြသည်။

ဓားကြီးကို ကိုင်ဆောင်ထားသော ဝမ်မင်သည် ကျန် ၇ ယောက်နှင့်အတူ ချက်ချင်း လှည့်ပြန်လာပြီး ရှတင်းတို့ လူ ၁၃ ယောက်၏ ရှေ့တွင် ပိတ်ဆို့လိုက်လေသည်။

ရှီချင်းနှင့် ရှီတုန်းတို့ကတော့ ဘယ်ဘက်နှင့် ညာဘက်ရှိ သစ်ပင်အမြင့်ကြီး ၂ ပင်ပေါ်သို့ အလျင်အမြန် တက်သွားခဲ့ကြသည်။

ဓားသမားများက ရှေ့တန်းမှ ဟန်ပြတိုက်ခိုက်ပြီး ရှီချင်းညီအစ်ကိုကြီး ၂ ယောက်က အရိပ်များအတွင်း ပုန်းကွယ်ကာ မြှားဖြင့် အဓိက တိုက်ခိုက်ကြသည်။

ဒီပုံစံမှာ တာရှီစခန်းက ရန်သူနှင့် ရင်ဆိုင်သည့်အခါ အမြဲအသုံးပြုလေ့ရှိသော တိုက်ခိုက်ရေးပုံစံ ဖြစ်သည်။

တစ်ဖက်တွင် ပြန်လှည့်လာပြီး ဖြစ်သော ဝမ်မင်သည် ကျန် ၇ ယောက်နှင့်အတူ ရှတင်းတို့၏ ရှေ့တွင် ပိတ်ဆို့ရပ်လိုက်လေသည်။

သူသည် မြေပြင်ပေါ်တွင် လဲကျနေသော အလောင်း ၃ လောင်းကို မတော်တဆ တစ်ချက်လှမ်းကြည့်လိုက်ပြီး ဓားလက်ကိုင်ကို မသိမသာ ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ဒီဓားက သူ့ကို လုံခြုံမှု အနည်းငယ် ပေးစွမ်းနိုင်သလို ခံစားရပေသည်။

ယခုအချိန်အထိပင် မြေပြင်ပေါ်က လူ ၃ ယောက် မည်သို့ သေဆုံးသွားခဲ့ကြောင်းကို သူတို့ နားမလည်နိုင်သေးပေ။

ရှတင်းသည် လုံးဝ မလှုပ်ရှားခဲ့သလို သူ့နောက်မှ လူ ၁၂ ယောက်လည်း မလှုပ်ရှားခဲ့ပေ။

လေကို ထိုးဖောက်သွားသော ငွေအပ်တစ်ချောင်းနှင့်တူသည့် ထိုအသံက မည်သည့်နေရာက ထွက်ပေါ်လာခဲ့တာလဲ....

ထိုအသံ ပေါ်ထွက်လာသည်နှင့် လူ ၃ ယောက်သည် ကျိန်စာသင့်သွားသကဲ့သို့ ရုတ်တရက် သေဆုံးသွားခဲ့ရသည်။

ထို့အပြင် ရှတင်းသည် မည်သည့်အချိန်က ဒီလောက် အားကောင်းလာခဲ့တာလဲ...

မသိနိုင်သော အရာများသည် လူ၏ ရင်ထဲတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတတ်လေသည်။

“တိုက်ကြ...”

သို့သော် ထိုအရာက အသက်ရှင်လိုစိတ်ကိုလည်း အပြင်းအထန် နှိုးဆွပေးနိုင်သည်။

မိမိတို့၏ အခြေအနေ အလွန်ဆိုးရွားနေကြောင်း သိရှိနေသကဲ့သို့ ဝမ်မင်လည်း ဟိန်းဟောက်လိုက်ပြီး မိမိ၏ ကြောက်ရွံ့မှုကို ဒေါသနှင့် ရူးသွပ်မှုအဖြစ် ပြောင်းလဲကာ ဓားကြီးကို ကိုင်လျက် ရှတင်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

စခန်းထဲတွင် သူ၏ ခွန်အားမှာ ရှီချင်းနှင့် ရှီတုန်းတို့၏ နောက်တွင်သာ ရှိသည်။

အသက်ကိုပင် မငဲ့တော့သော ဝမ်မင်၏ တိုက်ခိုက်မှုသည် အလွန်ရက်စက်ပြင်းထန်ပြီး အားပါလှသည်။

ရွှပ်...

ဓားသွားသည် ညကောင်းကင်ကို ဖြတ်သန်းသွားပြီး စူးရှသော လေခွင်းသံတစ်ခု ထွက်ပေါ်လာစေသည်။ ပြင်းထန်သော အရှိန်ကြောင့် မြေပြင်ပေါ်တွင် စုပုံနေသော နှင်းများပင် မီတာအနည်းငယ်မြင့်အောင် လွင့်တက်သွားပြီး ရှတင်းထံသို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားသည်။

ဝမ်မင်၏ မျက်လုံးများမှာ ဒေါသဖြင့် နီရဲနေပြီး အားအကုန်သုံး၍ ဓားကို ခုတ်ချလိုက်သည်။

“မင်းကို မသတ်နိုင်ရင်တောင် အရေခွံတော့ ကွာသွားစေရမယ်...”

ဓားသွားက တစ်စုံတစ်ရာကို ထိမိသည့် အခိုက်အတန့်တွင် ဝမ်မင်၏ စိတ်ထဲ၌ ပထမဆုံး ပေါ်လာသော အတွေးမှာ ထိုအတွေးပင် ဖြစ်သည်။

ကံမကောင်းစွာဖြင့် ရလဒ်မှာ သူထင်ထားသည့်အတိုင်း လုံးဝ မဟုတ်ခဲ့ပေ။

ရှတင်းသည် ကိုယ်ကို အနည်းငယ် စောင်းလိုက်ရုံဖြင့် ထိုဓားချက်ကို ရှောင်လွှဲသွားခဲ့သည်။

ရှောင်လွှဲရုံသာမက ဝမ်မင်၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာကာ ဓားပေါ်ကို လက်ဖြင့် ဖိနှိပ်လိုက်ပြီး နှင်းထုအောက် မြေကြီးထဲသို့ လက်မအနည်းငယ် နစ်ဝင်သွားသည်အထိ အတင်း ဖိသွင်းခံလိုက်ရသည်။

“ဘယ်လိုလုပ် ဒီလောက် မြန်နိုင်ရတာလဲ... ရှတင်း... သူ မြေတူးသမားအဆင့်ကို အဆင့်တက်သွားတာလား..."

နားဘေးမှ ဖြတ်တိုက်လာသော ပြင်းထန်သည့် လက်သီးလေတိုးသံက ဝမ်မင်၏ ထိတ်လန့်နေသော အတွေးများကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်လေသည်။

ရှတင်း စတင် လှုပ်ရှားလိုက်ပြီ ဖြစ်ကြောင်း သူ သိလိုက်လေသည်။

ယခုလေးတင် အားအကုန်သုံး၍ ခုတ်ခဲ့သောကြောင့် အရှိန်မှာ အလွန်ပြင်းထန်ခဲ့သဖြင့် ယခုအချိန် ဓားကို လွှတ်လိုက်လျှင်ပင် ရှတင်း၏ လက်သီးကို ရှောင်နိုင်တော့မည် မဟုတ်သဖြင့် သူ လုံးဝ မလွှတ်လိုက်ပေ။

ဤသို့ သေဒဏ်နှင့် မခြားသော အခြေအနေမျိုးတွင် ဝမ်မင်သည် ကြောက်ရွံ့သင့်သော်လည်း သူ မကြောက်ခဲ့ပေ။

ထိုအစား သူ၏ မျက်နှာပေါ်တွင် အောင်မြင်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ရွှီး...

မြှားလေခွင်းသံများ ထွက်ပေါ်လာပြီး ရှီချင်းညီအစ်ကိုကြီး ၂ ယောက် ပုန်းအောင်းနေသော သစ်ပင်ပေါ်မှ မြှား ၂ သုတ်၊ စုစုပေါင်း ၄ စင်းသည် အရှိန်အဟုန်ဖြင့် သူဘက်သို့ ပျံသန်းလာလေသည်။

ပစ်မှတ်မှာ ရှတင်းသာ ဖြစ်သည်။

မြှားများ၏ ထောင့်များမှာ အလွန်လှည့်စားတတ်ပြီး ပထမ ၂ စင်းက ဓားကို ဖိထားသော ရှတင်း၏ ဘယ်လက်နှင့် ဝမ်မင်ကို ထိုးမည့် ညာလက်သီးကို ချိန်ရွယ်ထားပြီး နောက်ဆုံး ၂ စင်းကတော့ သူ၏ မျက်နှာတည့်တည့်သို့ တန်းမတ်စွာ ပျံဝင်လာလေသည်။

ရှီချင်း ညီအစ်ကိုကြီးနှင့် နှစ်ပေါင်းများစွာ တွဲဖက်တိုက်ခိုက်လာခဲ့သဖြင့် သူတို့ ၃ ယောက်အကြား နားလည်မှုမှာ မျက်လုံးချင်းပင် ကြည့်စရာမလိုသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝမ်မင်၏ ရှေ့တန်းမှ ဓားဖြင့် တစ်ဟုန်ထိုး ဝင်တိုက်ခြင်းသည် ရှတင်းကို ထိခိုက်စေရန် မဟုတ်ဘဲ ရှီချင်းညီအစ်ကိုကြီးအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရန်သာ ဖြစ်သည်။

ဘယ်သူကမျှ ရှတင်း၏ အရှိန်သည် ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ဝမ်မင်၏ ဓားချက်ကို လွယ်ကူစွာ ရှောင်တိမ်းနိုင်ရုံသာမက သူ၏ ဓားကိုပင် အချိန်မီ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ထိုသို့ ပြန်လည်ထိန်းချုပ်လိုက်ခြင်းကြောင့် ရှတင်း၏ လှုပ်ရှားမှုကိုလည်း ကန့်သတ်သွားစေခဲ့ပြီး မြှား ၄ စင်းသည် ရှတင်း၏ ဆုတ်ခွာနိုင်သည့် လမ်းကြောင်းကို လုံးဝ ပိတ်ဆို့ထားခဲ့သည်။

ယခုအချိန်မှ နောက်ဆုတ်မည်ဆိုလျှင်ပင် လက်ကို ချိန်ထားသော မြှား ၂ စင်းကိုသာ အများဆုံး ရှောင်နိုင်မည်ဖြစ်ပြီး မျက်နှာကို ချိန်ထားသော မြှား ၂ စင်းကိုတော့ လုံးဝ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

သို့သော် နောက်တစ်ခဏတွင် ဖြစ်ပေါ်လာသော မြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေသည်။

ရှတင်းသည် လုံးဝ မရှောင်တိမ်းခဲ့ဘဲ သူ၏ လက်သီးအရှိန်မှာပင် ပို၍ ပြင်းထန်လာခဲ့သည်။

ချွမ်း... ချွမ်း... ချွမ်း... ချွမ်း...

သံမြှားခေါင်းတပ်ထားသော မြှား ၄ စင်းစလုံးသည် ပစ်မှတ်ကို တိတိကျကျ ထိမှန်သွားပြီး ဒုတိယအသုတ်မှ မြှားတစ်စင်းသည်ပင် ရှတင်း၏ ညာဘက်မျက်လုံးကို ထိုးဖောက်ဝင်ရောက်ကာ အနည်းဆုံး ၁၀ စင်တီမီတာခန့် နစ်ဝင်သွားခဲ့သည်။

ဘုန်း...

သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ရှတင်း၏ ပြင်းထန်သော ညာလက်သီးက ဆက်လက် ကျရောက်လာခဲ့လေသည်။

ဝမ်မင်သည် ခေါင်းပင် မလှည့်နိုင်သေးမီမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အမြောက်ကျည်တစ်တောင့်ကဲ့သို့ နောက်ဘက်ရှိ နှင်းပြင်ပေါ်သို့ လွင့်ထွက်သွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

သူသည် သစ်ခုတ်သမားအဆင့်၏ ခွန်အားကို ပိုင်ဆိုင်ထားသဖြင့် ခန္ဓာကိုယ်မှာ သန်မာတောင့်တင်းပြီး ဦးခေါင်းခွံ မကွဲအက်သွားသော်လည်း တစ်ဝက်နီးပါးအထိ ချိုင့်ဝင်သွားခဲ့ရသည်။

ထိုးချက်တစ်ချက်တည်းဖြင့် အသက်တစ်ချောင်း ပျောက်ဆုံးသွားခဲ့သည်။ ဝမ်မင်သည် ထိုသို့ပင် သေဆုံးသွားခဲ့ရသည်။

ရှတင်းကတော့ မြှား ၄ စင်း စိုက်ဝင်နေသည့်တိုင် မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ ထရပ်လိုက်ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။

ထိုးဖောက်မခံရသေးသော ဘယ်ဘက်မျက်လုံးတစ်ဖက်သည် ညအမှောင်ကို ဖြတ်ကျော်ကာ နောက်ဘက်ရှိ သစ်ပင်ကြီး ၂ ပင်ကို စူးစိုက်ကြည့်နေပြီး ထိုကျောချမ်းဖွယ် အပြုံးမှာလည်း မျက်နှာပေါ်တွင် အတိုင်းသား ရှိနေဆဲဖြစ်သည်။

တိုက်ခိုက်မှုအတွင်း ပိတ်မိနေသော ၇ ယောက်ဖြစ်စေ၊ သစ်ပင်ပေါ်တွင် ပုန်းအောင်းနေသော ရှီချင်းနှင့် ရှီတုန်းတို့ဖြစ်စေ၊ ထိုအခိုက်အတန့်တွင် လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများသာ ပြည့်နှက်နေခဲ့လေသည်။

“ပြေးကြ... သူက အဘိုးကြီးတင်းအစစ် မဟုတ်ဘူး... ရက်ဝုဒ်တောင်ကြောက လှည့်ဖြားမိစ္ဆာပဲ..."

ဤအချိန်တွင်ပင် ရှီချင်းက မသိသေးလျှင် သူသည် ခေါင်းဆောင်လုပ်ရန်ပင် မသင့်တော့ပေ။

သူသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး လေးကိုဆွဲကာ ကျောပေါ်ရှိ သစ်သားမြှားတောက်ထဲမှ မြှား ၈ စင်းလုံးကို တစ်ရှိန်တည်း ပစ်လွှတ်လိုက်သည်။

ပစ်မှတ်မှာ ရှတင်း မဟုတ်ဘဲ ပိတ်မိနေသော သစ်ခုတ်သမားအဆင့်အဖွဲ့ဝင် ၇ ယောက်ကို တိုက်ခိုက်နေသည့် လူများဖြစ်သည်။

တစ်ဖက်တွင် ရှီတုန်းကလည်း ထိုနည်းတူ လုပ်ဆောင်လိုက်သည်။

လှည့်ဖြားမိစ္ဆာ ဟူသော ရှီချင်း၏ စကားကြောင့် သစ်ခုတ်သမားအဆင့်အဖွဲ့ဝင် ၇ ယောက်မှာ စိတ်ရှုပ်ထွေးနေကြပြီး ဖြစ်သော်လည်း ပိတ်ဆို့ခံထားရသဖြင့် ချက်ချင်း မဆုတ်ခွာနိုင်ခဲ့ပေ။

ယခုအခါ မြှား ၁၀ စင်းကျော်က အကူအညီပေးလာသဖြင့် သူတို့ ၇ ယောက်သည် လုံခြုံစွာ ဆုတ်ခွာနိုင်ပြီဟု ထင်ကာ မြှားများက ရန်သူထံ ပျံဝင်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လှည့်ပြေးကြလေသည်။

သို့သော် ဝမ်မင်၏ ကံကြမ္မာနှင့် ထပ်တူ ဖြစ်သွားခဲ့ရသည်။

မဟာရှစခန်း၏ သစ်ခုတ်သမားအဆင့်အဖွဲ့ဝင်များသည် မြှားများကို လုံးဝ မရှောင်တိမ်းခဲ့ပေ။

မြှားများကို မိမိတို့၏ ခန္ဓာကိုယ်ပေါ်သို့ ထိမှန်ခွင့်ပေးထားလျက် မရပ်မနား လိုက်လံတိုက်ခိုက်နေကြသည်။

ရင်ဘတ်ကို မြှားထိမှန်သူ အချို့မှာ ပြင်းထန်သော တွန်းအားကြောင့် လဲကျသွားသော်လည်း လက်ခြေများကိုသာ ထိမှန်သူများကတော့ လှုပ်ရှားနှုန်း အနည်းငယ် နှေးသွားရုံသာ ဖြစ်လေသည်။

ထွက်ပြေးနေသော ၇ ယောက်ထဲမှ အနှေးဆုံး ၂ ယောက်အား ချက်ချင်း ဖမ်းမိသွားခဲ့လေသည်။

ခုခံဖို့ဆိုတာ ဝေးပြီး နောက်တောင် မလှည့်နိုင်သေးခင်မှာပင် နောက်မှ လိုက်လာသူများ၏ ကျောက်ပုဆိန်ဖြင့် ရက်ရက်စက်စက် ခုတ်ပိုင်းခံရကာ အသားစိုင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

လွတ်မြောက်သွားသော ၅ ယောက်က နောက်လှည့်ကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်သည်နှင့် အရှိန်လုံးဝ မလျှော့ရဲတော့ဘဲ ရှီချင်းနှင့် ရှီတုန်းတို့၏ နောက်မှ အရူးအမူး ပြေးလွှားလိုက်ပါသွားကြရသည်။

သို့သော် ထိုရှတင်းကတော့ သူတို့ကို လွှတ်ပေးရန် လုံးဝ မရည်ရွယ်ထားပေ။

ခန္ဓာကိုယ်အနှံ့ မြှားများ စိုက်ဝင်နေသော လူ ၁၃ ယောက်သည် ရှတင်း၏ ဦးဆောင်မှုအောက်တွင် နောက်မှ အရှိန်အဟုန်ဖြင့် လိုက်လာကြလေသည်။

သူ၏ ညာဘက်မျက်လုံးတွင် စိုက်ဝင်နေသော မြှားသည် ပြေးလွှားနေသည့်အတိုင်း အပေါ်အောက် လှုပ်ရှားနေပြီး ထိုမြင်ကွင်းမှာ အလွန်ကျောချမ်းဖွယ် ကောင်းလှသည်။

“စခန်းဘက်ကို မပြေးနဲ့... သူတို့ကို စခန်းဆီ ခေါ်သွားမိရင် အားလုံး သေကုန်လိမ့်မယ်..."

အထိတ်တလန့် ထွက်ပြေးနေရသည့်တိုင် ရှီချင်းသည် လုံးဝ အသိစိတ် မပျောက်သေးပေ။ သူသည် ရှီတုန်းနှင့် ကျန် ၅ ယောက်ကို စခန်းရှိရာနှင့် ဆန့်ကျင်ဘက် ဦးတည်ချက်သို့ တမင် ခေါ်ဆောင်သွားသည်။

ရွှီး...

စူးရှသော အသံတစ်ခုသည် သူ၏ နားထဲသို့ ထပ်မံ ဝင်ရောက်လာရာ ရှီချင်း၏ မျက်နှာအမူအရာ ချက်ချင်း တင်းမာသွားလေသည်။

ဤသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။

သူ ဘယ်လိုလုပ် မသိနိုင်ဘဲ နေမှာလဲ....

စောစောကလည်း ထိုအသံ ပေါ်လာသည်နှင့် လူ ၃ ယောက် အကြောင်းမဲ့ သေဆုံးသွားခဲ့ရသည်။

အတိအကျ ဘာများ ဖြစ်နေတာလဲ...

အလွန်စိုးရိမ်နေသော ရှီချင်းလည်း အလျင်အမြန် ခေါင်းလှည့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မိမိကိုယ်ကို အတင်းအကျပ် ငြိမ်သက်အောင် ထိန်းကာ ထိုအသံ၏ အရင်းအမြစ်ကို ရှာဖွေလိုက်လေသည်။

ရုတ်တရက် မှိန်ဖျော့သော အလင်းတန်းရှည်များ စုပြုံနေသည်ကို သူ၏ မျက်ဝန်းထဲသို့ ရောင်ပြန်ဟပ်လာလေသည်။

အရူးအမူး ပြေးလွှားနေသော ရှီချင်းသည် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး နောက်မှလူများကို အော်ဟစ်သတိပေးလိုက်သည်။

“အကုန် ခေါင်းငုံ့ကြ... ရှေ့မှာ တစ်ခုခုရှိတယ်..."

သူနှင့် အနီးဆုံးဖြစ်သော ရှီတုန်းသည် ပထမဆုံး ခေါင်းငုံ့လိုက်ပြီး နောက်မှ လူ ၅ ယောက်ထဲမှ ၃ ယောက်လည်း ခေါင်းငုံ့လိုက်ကြသည်။

နောက်ဆုံးမှ လူ ၂ ယောက်သာ အသံကို သေချာမကြားလိုက်၍ဖြစ်စေ၊ တုံ့ပြန်မှု နှေးလွန်း၍ဖြစ်စေ၊ ခေါင်းမငုံ့ဘဲ ရှေ့သို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြလေသည်။

ရှေ့တွင် မည်သည့်အတားအဆီးမျှ မရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း ထို ၂ ယောက်သည် စောစောက လူ ၃ ယောက်ကဲ့သို့ပင် ရုတ်တရက် တောင့်တင်းသွားကြပြီး မျက်ခုံးနှစ်ဖက်ကြားတွင် လျှို့ဝှက်ဆန်းကြယ်သော အနီရောင်အစက် ၃ စက် ပေါ်လာခဲ့သည်။

အနီစက်များမှ သွေးများ စီးကျလာပြီး ထို ၂ ယောက်လည်း တစ်ပြိုင်နက်တည်း လဲကျသွားတော့လေသည်။

ရှီချင်းသည် အရူးအမူး ပြေးလွှားနေရင်း ရင်တစ်ခုလုံး သွေးထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ရက်အနည်းငယ်က လျှာအရှည်နှင်းမွေးကောင်ကို အမဲလိုက်စဉ် လူ ၃ ယောက် ဆုံးရှုံးခဲ့ရပြီး ထိုထဲတွင် သူ၏ ညီအရင်းလည်း ပါဝင်ခဲ့သည်။ ယခုတော့ နောက်ထပ် ၈ ယောက် ထပ်သေသွားရလေသည်။

တာရှီစခန်း၏ သစ်ခုတ်သမားအဆင့်အဖွဲ့တွင် မူလက ၁၆ ယောက် ရှိခဲ့သော်လည်း ယခု ၅ ယောက်သာ ကျန်ရှိတော့ပေသည်။

အရေးကြီးဆုံးမှာ သူတို့၏ အသက်များကိုပင် ကယ်တင်နိုင်မည်လားဆိုသည် မသေချာတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုလှည့်ဖြားမိစ္ဆာသည် သူတို့၏ နောက်မှ မလျှော့သော အရှိန်ဖြင့် ဆက်လက် လိုက်လံနေသောကြောင့်ပင်။

သူတို့၏ ကိုယ်အားများ တဖြည်းဖြည်း ကုန်ခန်းလာပြီး အရှိန်လည်း ကျဆင်းလာသော်လည်း နောက်လှည့်ကြည့်လိုက်သည့်အခါ ထိုမိစ္ဆာများ၏ အရှိန်မှာ လုံးဝ လျော့ကျသွားသည့် လက္ခဏာ မရှိပေ။

တာရှီစခန်း... အဆုံးသတ်တော့မည် ထင်ပေသည်။

ရှီချင်း၏ ရင်ထဲတွင် အဆုံးစွန်သော စိတ်ပျက်အားငယ်မှု ပေါ်ပေါက်လာသည့် အခိုက်အတန့်တွင်....

ညာဘက်အရပ်မှ စူးရှပြီး လူငယ်ဆန်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“နောက်ဆုံးတော့ မင်းတို့ကို ရှာတွေ့ပြီ... ဒီတစ်ခါ ဘယ်ကို ထပ်ပြေးဦးမလဲ ကြည့်ကြသေးတာပေါ့..."

All Chapters