← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း (၂၄) - သစ်သားရုပ်သေးမိစ္ဆာ

အရူးအမူး ထွက်ပြေးနေသော ရှီချင်းတို့အတွက် ထိုအသံသည် ကောင်းကင်မှ ဆင်းသက်လာသော တေးသံတစ်ပုဒ်နှင့်ပင် တူလှပေသည်။

ထိုအသံ နားထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အံ့မခန်းလှသော ဓားရောင်တစ်စင်းကိုလည်း မြင်တွေ့လိုက်ရသည်။

ဓားရောင်သည် မီတာဒါဇင်နှင့်ချီ၍ ဝေးကွာနေသော်လည်း မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့ပြီး အရှိန်မှာ အလွန် မြန်ဆန်လှပေသည်။

ဓားရောင်သည် လေကို ပိုင်းဖြတ်သွားရင်း စူးရှသော မြည်သံတစ်ခု ထွက်ပေါ်လာကာ ၎င်း၏ ထက်မြက်မှုကို ထင်ဟပ်စေခဲ့သည်။

ကြားလိုက်ရခြင်းနှင့် မြင်လိုက်ရခြင်းတို့သည် အချိန်တစ်ခဏအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့လေသည်။

ငွေရောင်ပိုးချည်တန်းတစ်ကြောင်းကဲ့သို့ ဓားရောင်သည် ရုတ်တရက် ရောက်ရှိလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အရာအားလုံး ပြီးဆုံးသွားခဲ့ရသည်။

ဓား၏အရှိန်မှာ အမှန်တကယ် မြန်ဆန်လွန်းလှပြီး ရှီချင်းတို့ သေချာပင် မမြင်လိုက်ရသေးမီ လိုက်လံတိုက်ခိုက်နေသော လူ ၁၃ ယောက်ထဲမှ ၂ ယောက်သည် ဓားရောင်အောက်တွင် ခေါင်းပြတ်သွားခဲ့ကြလေသည်။

ညအချိန်ဖြစ်သော်လည်း ဒီနေရာသည် ရက်ဝုဒ်တောင်ကြော၏ အပြင်ဘက်ဖြစ်၍ တောအုပ်မှာ အတွင်းပိုင်းလောက် မထူထပ်ပေ။

ထို့အပြင် မြေပြင်ပေါ်ရှိ နှင်းများက အဖြူရောင်အလင်းကို ပြန်လည်ရောင်ပြန်ဟပ်နေသဖြင့် ရှီချင်းတို့၏ မြင်ကွင်းမှာ များစွာ မထိခိုက်ခဲ့ပေ။

ဓားရောင် ရပ်တန့်သွားသည်နှင့် ထိုဓားရောင်၏ ပိုင်ရှင်ကိုလည်း ရှီချင်းတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ခေါင်းဆောင်ဖြစ်သော ရှီချင်း အပါအဝင် လူတိုင်း၏ ပထမဆုံး ခံစားချက်မှာ သိမ်ငယ်စိတ်ပင် ဖြစ်သည်။

သူသည် အသက် ၂၀ ကျော်ခါစသာ ရှိသေးဟန်တူသော လူငယ်တစ်ယောက်ဖြစ်ပြီး အညိုရောင် သားရဲသားမွေးအင်္ကျီကို ဝတ်ဆင်ထားလေသည်။

လည်ပင်းတစ်ဝိုက်တွင် ဖြူဖွေးချောမွေ့သော သားမွေးလည်ပတ်တစ်ခုကို ပတ်ထားပြီး ယင်းမှာ ရေခဲသားရဲ၏ အမြီးဖြင့် ပြုလုပ်ထားသည်မှာ သိသာလှသည်။

ခြေထောက်တွင်လည်း တောက်ပြောင်သော အနက်ရောင် သားရဲသားမွေးဖိနပ်တစ်စုံကို စီးထားခဲ့သည်။

ရှီချင်းတို့၏ သိမ်ငယ်စိတ်မှာ အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်းတော့ မဟုတ်ပေ။

သူတို့ ၅ ယောက် ဝတ်ဆင်ထားသည်မှာ သားရဲသားရေစကတ်များသာဖြစ်ပြီး ထိုသားရေစကတ်များမှာလည်း အပေါက်အပြဲများနှင့် ဟောင်းနွမ်းနေသော အမျိုးအစားများ ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော သားရဲသားရေစကတ်မျိုးကိုပင် တာရှီစခန်းရှိ လူ ၃၀၀ ကျော်အနက် ၅၀ ထက်မပိုသော လူများသာ ဝတ်ဆင်နိုင်ကြသည်။

ကျန်လူအများစုမှာတော့ သစ်ရွက်ခြောက်အဝတ်များကိုသာ ဝတ်ဆင်နေကြရလေသည်။

သစ်ရွက်ခြောက်အဝတ်ဆိုသည်မှာ သစ်ရွက်ကြီးများကို စုဆောင်း၍ နေလှန်းကာ ဆက်စပ်ချုပ်လုပ်ထားသော အဝတ်အစားများကို ဆိုလိုခြင်း ဖြစ်သည်။

တာရှီစခန်းတစ်ခုတည်းသာ ထိုသို့ဖြစ်နေခြင်း မဟုတ်ပေ။

ရက်ဝုဒ်တောင်ကြော ပတ်ဝန်းကျင်တွင် အခြေအနေ အနည်းငယ် ကောင်းမွန်သော ရိုဂယ်စခန်းမှလွဲ၍ ကျန်စခန်းများအားလုံးသည်လည်း ထိုနည်းတူပင် ဖြစ်ကြသည်။

ဒီအရာကိုလည်း အပြစ်တင်၍ မရပေ။ သားရဲသားရေ တစ်စုံလုံး အပြည့်အဝ ရရှိနိုင်ခြင်းသည် အင်အား၏ သက်သေတစ်ခုပင် ဖြစ်သည်။

ရိုဂယ်စခန်းပင်လျှင် အမဲလိုက်စဉ် သားကောင်၏ သားရေကို လုံးဝ မပျက်စီးစေဘဲ ထိန်းသိမ်းနိုင်မည်ဟု အာမ မခံနိုင်သေးရာ ဤစခန်းငယ်များအတွက်တော့ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့် လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အဝတ်အစားတစ်စုံလုံးသည်ပင် ရှီချင်းတို့ကို သိမ်ငယ်စိတ် ဖြစ်ပေါ်စေရန် လုံလောက်နေသည်။

ထို့အပြင် သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော တောက်ပြောင်သည့် ငွေရောင်ဓားရှည်သည် လှည့်ဖြားမိစ္ဆာ ၂ ကောင်ကို မျက်တောင်တစ်ခတ်အတွင်း သုတ်သင်ပစ်နိုင်ခဲ့သည်။

အံ့ဩမှုနှင့် သံသယများကြားတွင် ထိုလူငယ်သည် ထပ်မံ လှုပ်ရှားလိုက်လေသည်။

သူ၏ ဓားကစားဟန်မှာ အကတစ်ခုကို ကပြနေသကဲ့သို့ သဘာဝကျလှသည်။

မျက်တောင်တစ်ခတ်အတွင်း မီးပွင့်များ လွင့်စင်သွားပြီး အေးစက်ထက်မြက်သော ဓားသွားသည် အမှောင်ကို ပိုင်းဖြတ်သွားကာ လေထဲတွင် ဓားရောင် ၇ စင်း၊ ၈ စင်းခန့်ကို ချန်ထားခဲ့သည်။

ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ လွယ်ကူစွာဖြင့် ရှတင်း၏ နောက်မှ ကျန်ရှိနေသော လှည့်ဖြားမိစ္ဆာ ၁၀ ကောင်လုံး၏ ခေါင်းများကို ဖြတ်တောက်ပစ်လိုက်သည်။

လှည့်ဖြားမိစ္ဆာများ၏ နောက်မှ အသက်လု၍ အရူးအမူး ထွက်ပြေးခဲ့ရသည့် မိမိတို့၏ အခြေအနေကို ပြန်တွေးကြည့်ပြီး ထိုလူငယ်ကတော့ အေးအေးဆေးဆေးဖြင့် မိစ္ဆာများကို သုတ်သင်နေသည်ကို မြင်လိုက်ရသည့်အခါ ထိုကွာခြားချက်ကြီးက ရှီချင်းတို့ ၅ ယောက်၏ ရင်ထဲမှ သိမ်ငယ်စိတ်ကို ပို၍ပင် ကြီးမားလာစေခဲ့သည်။

လှည့်ဖြားမိစ္ဆာ ၁၀ ကောင်ကို သုတ်သင်ပြီးနောက် လူငယ်သည် ရှတင်းကို ချက်ချင်း မတိုက်ခိုက်သေးဘဲ သူ့ကိုသာ ငြိမ်သက်စွာ ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်း လုပ်ခဲ့တဲ့ ကိစ္စတွေက...”

ရွှီး...

လူငယ် စကားမဆုံးသေးခင် ထိုရင်းနှီးနေသော အသံသည် ထပ်မံ ပေါ်ထွက်လာပြန်သည်။

ရှီချင်း၏ မျက်နှာအရောင် ချက်ချင်း ပြောင်းလဲသွားပြီး အလျင်အမြန် သတိပေးလိုက်သည်။

“အရှင်... သတိထားပါ..."

သို့သော် သူ၏ သတိပေးမှုမှာ အနည်းငယ် အပိုဖြစ်သွားခဲ့သည်။

သူ မအော်ဟစ်ခင်ကတည်းက ထိုလူငယ်သည် နောက်ဘက်သို့ လှည့်ကြည့်ပြီး နားရွက်ကို အနည်းငယ် လှုပ်ရှားလိုက်ကာ မျက်လုံးကို လျင်မြန်စွာ ရွှေ့လိုက်သည်။ ထို့နောက် တောအုပ်ထူထပ်ရာ၏ ဘယ်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားကို တိတိကျကျ စူးစိုက်ကြည့်လိုက်သည်။

“သစ်ပင်ပေါ်က လီဟူ၊ လော်မင်... မင်းတို့ ၂ ယောက် ပေါင်းပြီး တိုက်ကြ..."

သူ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ညာဘက်မှ လူရိပ် ၂ ခုသည် လျင်မြန်စွာ ပြေးထွက်လာပြီး သူ စိုက်ကြည့်နေသော သစ်ပင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် တက်သွားကြသည်။

တစ်ချိန်တည်းမှာပင် လူငယ်သည် ရှတင်းကို လုံးဝ ဂရုမစိုက်တော့ဘဲ မြေပြင်ကို အားပြု၍ ပြင်းထန်စွာ ခုန်ထွက်လိုက်ကာ သစ်ပင်ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။

လူ ၃ ယောက်၏ အရှိန်မှာ အလွန်မြန်ဆန်လွန်းသဖြင့် ရှီချင်း သေချာပင် မမြင်လိုက်ရသေးမီ လူငယ်၏ ဓားချက်က သစ်ပင်ကြီးကို နှစ်ပိုင်းဖြတ်တောက်ပြီး ဖြစ်နေခဲ့သည်။

သစ်ပင်၏ အပေါ်ပိုင်းတစ်ဝက်လုံးသည် ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

ထိုမြင်ကွင်းကြောင့် ရှီချင်းတို့၏ မျက်နှာပေါ်မှ အမူအရာများ ချက်ချင်း တောင့်တင်းသွားကြသည်။

အထူးသဖြင့် ကျိုးကျသွားသော သစ်ပင်၏ အတွင်းပိုင်းတွင် ရွှေရောင်တောက်ပနေသည်ကို တွေ့လိုက်ရသောအခါ သူတို့၏ မျက်ဝန်းများ ပြင်းထန်စွာ တုန်ခါသွားပြီး လူတိုင်း တစ်ပြိုင်နက်တည်း တံတွေးမျိုချလိုက်ကြသည်။

“အမာကျောဆုံး ရွှေကြေးခွံနှင်းပင်ကို... ဓားတစ်ချက်တည်းနဲ့ ခုတ်လှဲလိုက်တာလား..."

သူတို့ သစ်ခုတ်သည့်အခါ ရွေးချယ်လေ့ရှိသည်မှာ ကြက်သွေးနှင်းပင်များသာ ဖြစ်သည်။

ရွှေကြေးခွံနှင်းပင်ကို မခုတ်နိုင်တာတော့ မဟုတ်ပေ။

ခုတ်နိုင်သည်။ သို့သော် ပြဿနာမှာ ရွှေကြေးခွံနှင်းပင်တစ်ပင်ကို လှဲနိုင်ရန် အနည်းဆုံး ၁၀ နာရီဆက်တိုက် ခုတ်ရလေသည်။

ဒါပေမဲ့ ယခု သူတို့ မြင်လိုက်ရသည်မှာ ရွှေကြေးခွံနှင်းပင်ကို ဓားတစ်ချက်တည်းဖြင့် ခုတ်လှဲလိုက်ခြင်းပင် ဖြစ်သည်။

ထိုလူငယ်ကို ပြန်လည်ကြည့်လိုက်သည့်အခါ သူတို့၏ မျက်ဝန်းများထဲတွင် လေးစားကိုင်းရှိုင်းမှုများသာ ပြည့်နှက်သွားခဲ့သည်။

ရွှေကြေးခွံနှင်းပင် ပြိုလဲသွားသည်နှင့် တစ်ပြိုင်နက် သစ်ပင်ထိပ်မှ အရိပ်မည်းတစ်ခုသည် သရဲတစ်ကောင်ကဲ့သို့ ခုန်ထွက်လာပြီး ရက်ဝုဒ်တောင်ကြော၏ အတွင်းပိုင်းသို့ ပြေးထွက်သွားခဲ့သည်။

သို့သော် လူငယ်နှင့် ကျန် ၂ ယောက်၏ တုံ့ပြန်မှုမှာလည်း အလွန်လျင်မြန်သည်။

သူတို့ ၃ ယောက်သည် ချက်ချင်း တြိဂံပုံစံ နေရာယူလိုက်ပြီး ထိုအရိပ်မည်းကို အလယ်တွင် တင်းတင်းကျပ်ကျပ် ဝိုင်းရံထားလိုက်သည်။

“ပြေးချင်သေးလား... အဆင့်နိမ့် လက်မှုပညာရှင် လှည့်ဖြားမိစ္ဆာတစ်ကောင်ကို တွေ့ရတာ မလွယ်ဘူး... ဒီအတိုင်း လွတ်သွားခွင့် မပေးနိုင်ဘူး..."

“သတိမလျော့နဲ့... ဒီကောင်က သစ်သားရုပ်သေးမိစ္ဆာ... စောစောက သတ်လိုက်တဲ့ လူတွေကလည်း သစ်သားနဲ့ အလောင်းတွေကို အသုံးပြုပြီး သူ ဖန်တီးထားတဲ့ ရုပ်သေးတွေပဲ ဖြစ်နိုင်တယ်... သူ့မှာ တခြား လှည့်ကွက်တွေလည်း ရှိနိုင်သေးတယ်... အားလုံး သတိထားကြ..."

ရှီချင်း၏ တုံ့ပြန်မှုမှာလည်း မြန်ဆန်လှသည်။ သူတို့၏ စကားများကို ကြားလိုက်ပြီးနောက် အရိပ်မည်း ပေါ်လာကတည်းက တောင့်တင်းစွာ မလှုပ်မယှက် ရပ်နေသော ရှတင်းကို တစ်ချက် လှမ်းကြည့်လိုက်ရာ အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။

လက်မှုပညာရှင် လှည့်ဖြားမိစ္ဆာ... သစ်သားရုပ်သေးမိစ္ဆာ...

ထိုအမည် ၂ ခုစလုံးသည် ထိုအရိပ်မည်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။

ရှတင်းနှင့် သစ်ခုတ်သမားများမှာလည်း ထင်ရှားစွာပင် ၎င်း၏ ထိန်းချုပ်မှုအောက် ရောက်နေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လူငယ် အစောပိုင်းက ခေါ်ခဲ့သော အမည် ၂ ခုထဲတွင် ရှီချင်း သိပြီးသား လူတစ်ယောက်လည်း ပါဝင်နေသည်။

လော်မင်...

လက်ရှိ ရိုဂယ်စခန်း၏ ခေါင်းဆောင်ဖြစ်ပြီး ခေါင်းဆောင်ဟောင်း လော်ဖုန်း၏ သားဖြစ်သည်။

ရှီချင်းက သေချာ ထပ်ကြည့်လိုက်သည်။

လူ ၃ ယောက်ထဲမှ ညာဘက်အစွန်တွင် ရပ်နေသော ကိုယ်လုံးသွယ်သွယ်၊ မျက်လုံးမှေးမှေးနှင့် လှံရှည်ကို ကိုင်ထားသူမှာ သူ အကြိမ်အနည်းငယ် တွေ့ဖူးသော လော်မင်ပင် ဖြစ်သည်။

ဘယ်ဘက်မှ လီဟူဟု ခေါ်သောသူမှာ ကိုယ်လုံးကိုယ်ထည် အလွန်တောင့်တင်းသန်မာပြီး လူငယ်နှင့် ဆင်တူသော ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူ၏ လက်ထဲတွင် အေးစက်စွာ တောက်ပနေသော ယန်လင်းဓားကို ကိုင်ထားကာ အလယ်မှ သစ်သားရုပ်သေးမိစ္ဆာကို သတိကြီးစွာ စောင့်ကြည့်နေသည်။

သူတို့ ၂ ယောက် သစ်သားရုပ်သေးမိစ္ဆာဟု ခေါ်နေသော အရာကိုလည်း ရှီချင်းက ယခုမှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သစ်သားရုပ်သေးမိစ္ဆာ၏ အသွင်အပြင်မှာ အနည်းငယ် ကိုင်းညွတ်နေသော အနက်ရောင်ဝတ်စုံဝတ် အိုမင်းဆွေးမြေ့နေသည့် အဘိုးအိုတစ်ယောက်နှင့် တူလေသည်။

ဘယ်လက်တွင် ၃ လက်မခန့် ရှည်သော ဓားမြှောင်ငယ်တစ်ချောင်းကို ကိုင်ထားပြီး ညာလက်တွင်တော့ အဖြူရောင်ချည်လုံးတစ်လုံးကို ကိုင်ထားသည်။

သွေးနီရောင် မျက်ဝန်း ၂ လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေပြီး ၎င်းကို ဝိုင်းရံထားသော လူ ၃ ယောက်ကို ကြည့်နေသည့် အကြည့်ထဲတွင်လည်း သွေးဆာမှုများ အပြည့်ရှိနေလေသည်။

“အား...”

သစ်သားရုပ်သေးမိစ္ဆာသည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး ညာလက်မှ ချည်လုံးထဲမှ ဖောက်ထွက်လာသော ကြည်လင်သော ချည်မျှင် ဒါဇင်နှင့်ချီသည် ညအမှောင်နှင့် လုံးဝ ရောနှောသွားသကဲ့သို့ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။

သို့သော် ၎င်းကို ဝိုင်းထားသော လူ ၃ ယောက်ကတော့ လေထဲတွင် ဘယ်ညာ အဆက်မပြတ် ရှောင်တိမ်းနေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရှီချင်းသည်လည်း စောစောက သူ၏ အဖော်များကို သတ်ခဲ့သည်မှာ ထိုကြည်လင်သော ချည်မျှင်များပင် ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သူတို့၏ ခွန်အား မလုံလောက်သဖြင့်သာ ထိုချည်မျှင်များကို မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုချည်မျှင်များကို မြင်နိုင်သော လူ ၃ ယောက်ကတော့ လေထဲတွင် အဆက်မပြတ် ရှောင်တိမ်းနေကြသည်။

သို့သော် ရှောင်တိမ်းနေရုံသာတော့ မဟုတ်ပေ။

အသက်ရှူချိန် အနည်းငယ်အတွင်း ဓားကို ကိုင်ထားသော လူငယ်သည် အားနည်းချက်တစ်ခုကို တွေ့ရှိသွားသကဲ့သို့ ကိုယ်ကို လှည့်ကာ သစ်သားရုပ်သေးမိစ္ဆာထံ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

သူ၏ ဓားရှည်သည် လေထဲရှိ ချည်မျှင်များနှင့် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံပြီး မီးပွင့်များစွာ လွင့်စင်သွားခဲ့သည်။

ထိုဓားရှည်သည် ကြည်လင်သော ချည်မျှင်များကို ဖြတ်တောက်နိုင်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် သစ်သားရုပ်သေးမိစ္ဆာ၏ မျက်နှာ ချက်ချင်း ညိုမှောင်သွားပြီး လူငယ်၏ လက်ထဲရှိ ငွေရောင်ဓားရှည်ကို တင်းတင်းကျပ်ကျပ် စိုက်ကြည့်လိုက်သည်။ တစ်စုံတစ်ရာကို သတိပြုမိသွားသကဲ့သို့ ဖြစ်နေသည်။

လော်မင်နှင့် လီဟူတို့၏ လက်နက်များမှာ လူငယ်၏ ဓားလောက် မထက်မြက်သည်မှာ သိသာလှပေသည်။ သူတို့သည် ရှောင်တိမ်းရင်း သစ်သားရုပ်သေးမိစ္ဆာထံ ချဉ်းကပ်နေကြသော်လည်း အရှိန်မှာ များစွာ နှေးကွေးနေသည်။

သူတို့ ၂ ယောက်သည် မီတာအနည်းငယ်အကွာတွင်သာ ရှိသေးချိန်၌ လူငယ်ကတော့ သစ်သားရုပ်သေးမိစ္ဆာကို ဓားဖြင့် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။

သို့သော် ထို ၂ ယောက် ရောက်မလာသေးသည့်တိုင် လူငယ်၏ ခွန်အားမှာ ယုတ္တိမတန်လောက်အောင် အားကောင်းလွန်းသည်။

ဓားရှည်သည် အလျားလိုက် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားရောင်တစ်ခု ထွက်ပေါ်လာပြီး သစ်သားရုပ်သေးမိစ္ဆာကို ကပ်လုနီးပါး ဖြတ်သန်းသွားခဲ့သည်။

၎င်းက အလွန်လျင်မြန်စွာ နောက်ဆုတ်လိုက်သော်လည်း မုန်တိုင်းကဲ့သို့သော ဓားစိတ်ဆန္ဒက အနီးကပ် ဖိအားပေးလိုက်ပါလာသည်။

လူငယ်၏ ဓားကစားဟန်မှာ ဒီရေလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်း တက်လာသကဲ့သို့ ဆက်တိုက်ဖြစ်နေပြီး သစ်သားရုပ်သေးမိစ္ဆာကို သစ်ပင်ကြီးတစ်ပင်အောက်သို့ အဆက်မပြတ် တွန်းပို့လိုက်သည်။

တစ်ချိန်တည်းမှာပင် လီဟူနှင့် လော်မင်တို့သည်လည်း ချည်မျှင်များ၏ ပိတ်ဆို့မှုကို နောက်ဆုံးတွင် ဖြတ်ကျော်နိုင်ခဲ့ပြီး လူငယ်၏ နောက်သို့ ရောက်ရှိလာကြလေသည်။

လူ ၃ ယောက်သည် အခွင့်အရေးကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး သစ်သားရုပ်သေးမိစ္ဆာ၏ ထွက်ပြေးနိုင်သည့် လမ်းကြောင်းအားလုံးကို အပေါ်၊ အလယ်နှင့် အောက် ဟူသော မျက်နှာစာ ၃ ခုမှ ပိတ်ဆို့လိုက်ကြသည်။

ဓားရှည်က အပေါ်မှ ပိုင်းဖြတ်ဝင်လာသည်...

လှံရှည်က အလယ်ပိုင်းသို့ ထိုးစိုက်ဝင်လာသည်...

ယန်လင်းဓားက အောက်ပိုင်းမှ ခုတ်ပိုင်းဆင်းလာသည်...

မျက်နှာစာ သုံးခုမှ တစ်ပြိုင်နက် ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သစ်သားရုပ်သေးမိစ္ဆာသည် လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

All Chapters