အခန်း ၂၆
Vol. 3 Ch. 26
အခန်း (၂၆) - လက်မှုပညာရှင်များ၊ အိပ်မက်ဆိုးများ၊ ကြမ်းတမ်းဝိညာဉ်များ၊ နတ်ဘုရားများ၊ ဘီလူးများ
စခန်းတစ်ခုတွင် လူဦးရေ ၁၀၀,၀၀၀ ကျော်ရှိနေပါက မည်သို့သော မြင်ကွင်းမျိုး ဖြစ်နေနိုင်မလဲ...
အမှန်တကယ်အားဖြင့် လော်မင်၊ ရှီချင်းနှင့် အခြား ၅ ယောက်တို့သည်ပင် ထိုမြင်ကွင်းကို စိတ်ကူးမဖော်နိုင်ကြပေ။
သို့သော် သူတို့အားလုံးမှာ ခေါင်းဆောင်များဖြစ်ပြီး တစ်ဦးစီက လူရာနှင့်ချီရှိသော စခန်းတစ်ခုစီကို ဦးဆောင်နေသူများ ဖြစ်ကြသည်။
ထို့ကြောင့် လူဦးရေ ၁၀၀,၀၀၀ ကျော်ရှိသည့် စခန်းတစ်ခုဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့က ကောင်းစွာနားလည်ထားကြလေသည်။
အစားအစာပမာဏ အလွန်များပြားခြင်း... လုံခြုံရေးအတွက် ကုန်ကျစရိတ် အလွန်မြင့်မားခြင်း... ရေခဲသားရဲအသား မရေမတွက်နိုင်အောင် လိုအပ်ခြင်း...
“မဟုတ်သေးဘူး... လူ ၁၀၀,၀၀၀ ကျော်ဆိုရင် အဲဒီလောက်ကြီးတဲ့ လှိုဏ်ဂူကို ဘယ်သူက ရှာတွေ့နိုင်မှာလဲ...”
ရှီချင်းသည် မိမိ၏ အကြီးမားဆုံးသော သံသယကို မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။
လူသားများသည် အလင်းရောင်နှင့် ထိတွေ့မခံနိုင်သဖြင့် လူ ၁၀၀,၀၀၀ ကျော်ကို တစ်နေရာရာတွင် ပုန်းအောင်းနေထိုင်စေရမည် ဖြစ်သည်။
ထိုမျှကြီးမားသည့် လှိုဏ်ဂူမျိုးကို အမှန်တကယ် ရှာတွေ့နိုင်သလော...
“နွေရာသီပိုးသည် ရေခဲအကြောင်း မဆွေးနွေးနိုင်... ရေတွင်းထဲက ဖားသည် ပင်လယ်အကြောင်း မသိနိုင်ပေ...”
ထိုစကား ၂ ခွန်းသည် ယန်နင်နှင့် လီဟူတို့၏ စိတ်ထဲတွင် တစ်ပြိုင်နက် ပေါ်လာပြီး သူတို့က ခေါင်းကိုသာ အသာယမ်းလိုက်ကြသည်။
“လူသားအားလုံးသည် အရိပ်အောက်မှာဘဲ နေထိုင်နေတာ မဟုတ်ဘူး... တစ်နေ့နေ့တွင် မင်းတို့ထဲက တစ်ယောက်ယောက်က ကံကောင်းထောက်မစွာနဲ့ ပေရှိုးမြို့ထဲ ဝင်ရောက်ခွင့်ရခဲ့မယ်ဆိုရင် အရာအားလုံးကို နားလည်လာလိမ့်မယ်...”
ယန်နင်သည် ပြောပြီးနောက် ခဏရပ်ကာ မိမိကိုယ်တိုင် ထပ်ဖြည့်ပြောလိုက်သည်။
“ဒါပေမဲ့... မင်းတို့အတွက်တော့ အဲဒီဖြစ်နိုင်ခြေက မရှိသလောက်ပဲ...”
ထိုစကားကို ကြားလိုက်ရသည့်အခါ လော်မင်၊ ရှီချင်းနှင့် အခြား ၅ ယောက်တို့၏ မျက်နှာအမူအရာများ ချက်ချင်း မှောင်မိုက်သွားကြသည်။
ရှီချင်းနှင့် နှိုင်းယှဉ်ပါက ယန်နင်၏ စကားအဓိပ္ပာယ်ကို အမှန်တကယ် ပိုနားလည်သူမှာ လော်မင်ပင် ဖြစ်သည်။
ရိုဂယ်စခန်းသည် ရက်ဝုဒ်တောင်ကြောအနီးတစ်ဝိုက်ရှိ တစ်ခုတည်းသော အလတ်စားစခန်း ဖြစ်သည်။
အခြားစခန်း ၈ ခုသည် အကြိမ်ကြိမ်အခါခါ ရိုဂယ်စခန်းနှင့် ပေါင်းစည်းလိုကြောင်း ပြောခဲ့ဖူးသည်။
သို့သော် လော်မင်က သူတို့ကို လက်မခံရဲခဲ့ပေ။ အတိအကျဆိုရလျှင် လက်မခံနိုင်ခဲ့ခြင်း ဖြစ်သည်။
စခန်း၏ လူဦးရေ များလေလေ ပိုကောင်းလေလေဆိုသည်ကို သူလည်း သိထားသည်။
သို့သော် လူဦးရေတိုးချဲ့ရန် အခြေခံလိုအပ်ချက်မှာ အင်အားဖြစ်သည်။
အင်အားဆိုသည်မှာ အရင်းအမြစ်များကို ပိုမိုရရှိနိုင်သည့် စွမ်းရည်၊ လူပိုများကို ကျွေးမွေးနိုင်သည့် စွမ်းရည်၊ ကျင့်ကြံရန်အတွက် ရေခဲသားရဲအသားကို ပိုမိုလိုက်လံသတ်ဖြတ်နိုင်သည့် စွမ်းရည်ကို ဆိုလိုခြင်း ဖြစ်သည်။
ကံဆိုးစွာပင် ရိုဂယ်စခန်း၏ အင်အားမှာ ထိုသို့ ချဲ့ထွင်နိုင်မည့်အဆင့်နှင့် များစွာကွာဝေးနေသေးသည်။
ရိုဂယ်စခန်းတွင် မြေတူးသမားအဆင့် ၅ ယောက်၊ သစ်ခုတ်သမားအဆင့် ၄၇ ယောက်သာ ရှိသည်။
လစဉ်ရရှိသည့် ရေခဲသားရဲအသားသည် မိမိတို့စခန်းသားများအတွက်သာ မနည်းလုံလောက်ရုံရှိပြီး အခြားစခန်းငယ်များ ပေါင်းစည်းလာပါက ရေခဲသားရဲအသားမှာ လုံးဝ မလုံလောက်တော့ပေ။
ထို့အပြင် ပေါင်းစည်းလိုက်သည်နှင့် သာမန်လူဦးရေလည်း ပိုများလာမည်ဖြစ်ပြီး ရေခဲသလင်းသီးအပေါ် လိုအပ်ချက်ကလည်း လျင်မြန်စွာ မြင့်တက်လာမည် ဖြစ်သည်။
ထို့ကြောင့် ရေခဲပင်ကြီးများကို ပိုမိုရှာဖွေရန် အပြင်ထွက်ရသည့် အကြိမ်ရေကို တိုးမြှင့်ရမည်ဖြစ်ကာ ထိုလုပ်ရပ်သည်လည်း အန္တရာယ်ကြီးမားလှသည်။
အရေးအကြီးဆုံးအချက်မှာ စခန်းငယ်များ၏ အင်အားအကောင်းဆုံးသူများသည် သစ်ခုတ်သမားအဆင့်သာ ရှိကြပြီး အမဲလိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ခြင်း မရှိပေ။
သူတို့ ပေါင်းစည်းလာခြင်းက အမဲလိုက်နိုင်စွမ်းကို မတိုးတက်စေသည့်အပြင် စခန်းအတွင်း မူလရှိပြီးသား ရေခဲသားရဲအသား ထောက်ပံ့မှုကိုသာ ပိုမိုဖိအားပေးသွားမည် ဖြစ်သည်။
ထို့ကြောင့် အခြားစခန်းများက ပေါင်းစည်းလိုကြောင်း အဆိုပြုလာတိုင်း လော်မင်တစ်ယောက်တည်းသာမက ရိုဂယ်စခန်းသားအားလုံးနီးပါးကလည်း တညီတညွတ်တည်း ငြင်းပယ်ခဲ့ကြခြင်း ဖြစ်လေသည်။
ထို့ကြောင့် စည်းမျဉ်းမှာ အင်အားလုံလောက်မှသာ စခန်းကို ချဲ့ထွင်ပြီးနောက်မှသာ လူဦးရေအားသာချက်ကို အသုံးချ၍ အင်အားကြီးသူများကို ပိုမိုမွေးထုတ်ရခြင်း ဖြစ်သည်။
ဤသံသရာကို ဆက်လက်လည်ပတ်နိုင်မှသာ စခန်းသည် တဖြည်းဖြည်း ပိုမိုသန်မာလာပြီး ပိုမိုကြီးထွားလာနိုင်မည် ဖြစ်ပေသည်။
မျက်စိစုံမှိတ်၍ ချဲ့ထွင်နေမည်ဆိုပါက စခန်းသည် စီမံခန့်ခွဲရန် ခက်ခဲလာမည်ဖြစ်ပြီး နောက်ဆုံးတွင် ရေခဲသားရဲများနှင့် လှည့်ဖြားမိစ္ဆာတို့၏ သတ်ဖြတ်ခြင်းကို မခံရသည့်တိုင် အတွင်းပိုင်း မငြိမ်သက်မှုများ ပေါ်ပေါက်ကာ အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်ပွားလာနိုင်သည်။
ထိုသဘောတရားအရ ယန်နင်နှင့် လီဟူတို့ ပြောခဲ့သော ပေရှိုးမြို့တွင် လူဦးရေ ၁၀၀,၀၀၀ ကျော် ရှိသည်ဆိုလျှင်ပင် ပြင်ပလူများကို အလွယ်တကူ လက်ခံပေါင်းစည်းလိမ့်မည် မဟုတ်သည်မှာ သေချာသည်။
သူတို့ ပြောခဲ့သော အရည်အချင်းပြည့်မီခြင်း ဆိုသည်မှာ အလွန်တင်းကျပ်သော သတ်မှတ်ချက်များ ရှိနေရမည် ဖြစ်လေသည်။
ရှီချင်းအနေဖြင့် ထိုအကြောင်းကို စဉ်းစားနေစရာပင် မလိုပေ။
လော်မင်သည် မြေတူးသမားအဆင့် အင်အားရှိနေသော်လည်း ယန်နင်နှင့် လီဟူတို့သည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် ထိုမျှအစွမ်းထက်နေကြရာ သူတို့နှစ်ဦးကို ကြည့်ရုံနှင့် ပေရှိုးမြို့၏ အင်အားကို ခန့်မှန်းနိုင်ပြီး ထိုမြို့က လော်မင်ကိုလည်း အထင်ကြီးလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူတို့နှစ်ဦးစလုံးသည် မိမိတို့စခန်း၏ ခေါင်းဆောင်များ ဖြစ်ကြသဖြင့် မိသားစုနှင့် အဖော်အပေါင်းများကို စွန့်ပစ်ကာ အခြားစခန်းတစ်ခုသို့ တစ်ယောက်တည်း သွားရောက်ပူးပေါင်းနိုင်စရာ အကြောင်းမရှိပေ။
“ကောင်းပြီ... မင်းတို့ကို ဒီလောက်အများကြီး ပြောနေလည်း အကျိုးမရှိဘူး... ခေါင်းဆောင်လော်က သစ်သားရုပ်မိစ္ဆာအကြောင်း မေးခဲ့တယ်မဟုတ်လား... အဲဒါကို ရှင်းပြပေးမယ်...”
ယန်နင်က လှည့်ဖြားမိစ္ဆာများအကြောင်း စတင်ပြောတော့မည်ကို မြင်လိုက်သည်နှင့် လော်မင်နှင့် ရှီချင်းတို့သည် ချက်ချင်းပင် နားစွင့်လိုက်ကြသည်။
“ရှေးရှေးတုန်းက ရေခဲချောက်နက်ဒေသဟာ အခုလိုမျိုး မဟုတ်ခဲ့ဘူး... အဲဒီတုန်းက နေ့တစ်နေ့ဟာ ၁၂ နာရီပဲ မဟုတ်သလို၊ အပူချိန်လည်း အခုလောက် မနိမ့်ကျခဲ့ဘူး.... ရေခဲသားရဲတွေထဲမှာလည်း အများစုဟာ အခုလို လိမ္မာပါးနပ်ပြီး အားကောင်းတာမျိုး မဟုတ်ခဲ့ကြဘူး...”
“လူကိုစားတာတော့ ပြောမနေနဲ့၊ အဲဒီခေတ်တုန်းက ရေခဲသားရဲတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ဟာ လူသားတွေအတွက် အစားအစာသက်သက်ပဲ ဖြစ်ခဲ့တာ...”
“ပြီးတော့ အဲဒီတုန်းက လှည့်ဖြားမိစ္ဆာဆိုတာလည်း မရှိသေးဘူး... အဲဒီခေတ်ကာလမှာ လူသားတွေဟာ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ခဲ့ကြတယ်...”
“ရေခဲချောက်နက်ဒေသမှာ ရာသီ ၄ မျိုး အလှည့်ကျ ဖြစ်ပေါ်တယ်လို့ ပြောကြတယ်... အပူအအေး အလှည့်ကျပြောင်းလဲပြီး ရာသီဥတုလည်း သာယာတယ်...”
“လူသားတွေက အလွန်အစွမ်းထက်တဲ့ ကိရိယာမျိုးစုံကို အသုံးပြုနိုင်ခဲ့ကြပြီး ရေခဲချောက်နက်ဒေသရဲ့ အငြင်းပွားစရာမရှိတဲ့ အရှင်သခင်တွေလည်း ဖြစ်ခဲ့ကြတယ်... မြေဩဇာကောင်းမွန်လို့ နေရာတိုင်းမှာ စိုက်ပျိုးနိုင်ခဲ့ပြီး စားမကုန်နိုင်တဲ့ အစားအစာတွေ ရှိခဲ့တယ်...”
“အဲဒီတုန်းက... အဝတ်အစား၊ အစားအသောက်၊ နေထိုင်စရာနဲ့ သွားလာရေး အားလုံးဟာ ပြည့်စုံခဲ့တယ်... လူတွေဟာ ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်ခဲ့ကြပြီး ယဉ်ကျေးမှုဟာလည်း စည်ပင်ထွန်းကားခဲ့တယ်...”
“အဲဒီခေတ်မှာ လူ ၁၀၀,၀၀၀ ရှိတဲ့ စခန်းဆိုတာတင် မဟုတ်ဘူး... လူ ၁,၀၀၀,၀၀၀၊ ဒါမှမဟုတ် လူ ၁၀,၀၀၀,၀၀၀ ကျော် စုဝေးနေတဲ့ နေရာတွေလည်း မနည်းရှိခဲ့တယ်...”
ယန်နင်၏ ပြောစကားကို ကြားလိုက်ရသည့်အခါ လော်မင်၊ ရှီချင်းနှင့် အခြားသူများအားလုံး မှင်တက်သွားကြလေသည်။
လူ ၁,၀၀၀,၀၀၀… လူ ၁၀,၀၀၀,၀၀၀…
ထိုကဲ့သို့သော အရေအတွက်မျိုးကိုပင် သူတို့ နားမလည်နိုင်ကြပေ။
“နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် လွတ်လပ်စွာ သွားလာနိုင်တယ်...” ဟူသော စကားတစ်ခွန်းတည်းကပင် သူတို့အတွက် အိပ်မက်တစ်ခုနှင့် မခြားနားတော့ပေ။
ရေခဲသားရဲများ၏ ၉၉ ရာခိုင်နှုန်းသည် လူသားများ၏ အစားအစာသာ ဖြစ်ခဲ့သည်တဲ့လား...
အဝတ်အစား၊ အစားအသောက်၊ နေထိုင်စရာနှင့် သွားလာရေး အားလုံး ပြည့်စုံပြီး ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်ကာ စည်ပင်ထွန်းကားခဲ့သည်တဲ့လား...
ထိုသည်မှာ မည်သို့သော အိပ်မက်ကမ္ဘာမျိုး ဖြစ်နိုင်မှာလဲ....
လူတစ်ယောက်သည် မိမိ မမြင်ဖူး၊ မကြုံဖူးသော အရာများကို စိတ်ကူးဖော်ရန် ခက်ခဲသော်လည်း လှပသော အရာများကို တောင့်တလိုစိတ်၊ လိုက်လံရှာဖွေလိုစိတ်ကိုတော့ မတားဆီးနိုင်ပေ။
ယန်နင် ဖော်ပြခဲ့သည့် ကမ္ဘာကြီးသည် လော်မင်နှင့် ရှီချင်းတို့၏ မျက်လုံးထဲတွင် နတ်ဘုံ၊ ကောင်းကင်ဘုံတို့နှင့်ပင် မခြားနားတော့ပေ။
“အခုခေတ် ရေခဲချောက်နက်ဒေသကမ္ဘာနဲ့ ယှဉ်ပြီး ပြောရမယ်ဆိုရင် အဲဒီခေတ်ကို ငါတို့က ရှေးဟောင်းရေခဲချောက်နက်ခေတ်၊ ဒါမှမဟုတ် ရှေးဦးယဉ်ကျေးမှုခေတ်လို့ ခေါ်ကြတယ်...”
“ရှေးဟောင်းရေခဲချောက်နက်ခေတ်မှာ ဘာတွေဖြစ်ခဲ့လဲ... ရှေးဦးယဉ်ကျေးမှုက ဘာအန္တရာယ်ကို ကြုံခဲ့လဲ... ငါတို့ရဲ့ ကမ္ဘာက ဘာကြောင့် ဒီလိုဖြစ်လာရတာလဲဆိုတာကို ဘယ်သူမှ မသိကြဘူး...”
“တချို့ကတော့ လူသားတွေက နတ်ဘုရားတွေကို အမျက်ထွက်စေခဲ့လို့ ရှေးဟောင်းရေခဲချောက်နက်ဒေသဟာ နတ်ဘုရားတွေရဲ့ အပြစ်ဒဏ်ကို ခံခဲ့ရတာလို့ ပြောကြတယ်...”
“တချို့ကတော့ လူသားတွေ မလုပ်သင့်တာတွေ အလွန်များများ လုပ်ခဲ့လို့ ရေခဲသားရဲတွေနဲ့ လှည့်ဖြားမိစ္ဆာတွေ ပေါ်ပေါက်လာပြီး နောက်ဆုံးမှာ ရာသီဥတုရော အချိန်စနစ်ပါ ပြောင်းလဲသွားတယ်လို့ ပြောကြတယ်... ဒါပေမဲ့ အကြောင်းရင်းအမှန်ကိုတော့ ဘယ်သူမှ မသိဘူး...”
“ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရှေးဟောင်းရေခဲချောက်နက်ခေတ် ကုန်ဆုံးပြီး ယဉ်ကျေးမှု ပြိုလဲသွားချိန်ကစပြီး လှည့်ဖြားမိစ္ဆာတွေနဲ့ ရေခဲသားရဲတွေဟာ လူသားတွေရဲ့ အိပ်မက်ဆိုးတွေ ဖြစ်လာခဲ့တာပဲ...”
ရှင်းပြချက်မှာ ရှည်လျားသော်လည်း ယန်နင်၏ အသံထဲတွင် စိတ်လှုပ်ရှားမှု အပြည့်ရှိနေလေသည်။
သူကိုယ်တိုင်ပင် တစ်ခါမျှ မကြုံဖူးသည့် ရှေးဟောင်းရေခဲချောက်နက်ခေတ်ကို အလွန်တောင့်တနေခြင်း ဖြစ်ကြောင်း သိသာနေပေသည်။
“လှည့်ဖြားမိစ္ဆာတွေ ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကို ဘယ်သူမှ အတိအကျ မသိဘူး... ဒါပေမဲ့ သေချာတာတစ်ခုကတော့ အားလုံးဟာ ရှေးဟောင်းရေခဲချောက်နက်ခေတ်ကနေ ဆင်းသက်လာတာပဲ...”
“ဘာကြောင့်လဲဆိုတော့ အဲဒီမိစ္ဆာတွေဆီကပဲ ရှေးဟောင်းရေခဲချောက်နက်ခေတ် တကယ်ရှိခဲ့ကြောင်း အထောက်အထားတွေကို ရှာတွေ့နိုင်လို့ပဲ...”
“လှည့်ဖြားမိစ္ဆာတွေကို အမျိုးအစား ၅ မျိုး ခွဲထားတယ်... လက်မှုပညာရှင်၊ အိပ်မက်ဆိုး၊ ကြမ်းတမ်းဝိညာဉ်၊ နတ်ဘုရားနဲ့ ဘီလူးတို့ပဲ...”
“သစ်သားရုပ်မိစ္ဆာကတော့ လက်မှုပညာရှင်အမျိုးအစားထဲက တစ်ကောင်ပဲ....”
“အဲဒီမိစ္ဆာတွေဟာ ရှေးဟောင်းရေခဲချောက်နက်ခေတ်က ထူးချွန်တဲ့ လက်မှုပညာရှင်တွေကနေ အသွင်ပြောင်းလာကြတာဖြစ်ပြီး တစ်ကောင်ချင်းစီမှာ နားလည်ရခက်တဲ့ ထူးဆန်းသည့် သတ်ဖြတ်နည်းလမ်းတွေ ရှိကြတယ်...”
“ဥပမာ ရက်ဝုဒ်တောင်ကြောမှာ ပေါ်လာတဲ့ သစ်သားရုပ်မိစ္ဆာဆိုရင် ရှေးဟောင်းရေခဲချောက်နက်ခေတ်က ရုပ်သေးဆရာတစ်ယောက် ဖြစ်နိုင်တယ်...”
“အရုပ်မျိုးစုံကို ဖန်တီးထိန်းချုပ်ရာမှာ ကျွမ်းကျင်ပြီး လူပုံသဏ္ဌာန် ထွင်းထားတဲ့ သစ်သားရုပ်တွေကို အထူးနှစ်သက်တယ်... အဲဒီရုပ်တွေနဲ့ လူသားတွေကို အယုံသွင်းပြီး အရိပ်ထဲကနေ ထိန်းချုပ်ကာ သတ်ဖြတ်တတ်တယ်...”
ထိုနေရာတွင် ယန်နင်က ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။
“လှည့်ဖြားမိစ္ဆာအားလုံးဟာ ဆက်တိုက်သတ်ဖြတ်ရင်းနဲ့ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲကြတယ်... သစ်သားရုပ်မိစ္ဆာကိုပဲ ဥပမာယူရမယ်ဆိုရင် အခုလက်ရှိ ဖန်တီးနိုင်တဲ့ သစ်သားရုပ်တွေက သစ်ခုတ်သမားအဆင့် စွမ်းအားပဲ ရှိသေးတယ်... ဒါပေမဲ့ လူတွေကို ပိုသတ်လေလေ သူကိုယ်တိုင်ရော သူဖန်တီးတဲ့ သစ်သားရုပ်တွေရော ပိုပြီး အားကောင်းလာလိမ့်မယ်...”
“ပေရှိုးမြို့က တစ်ခါတုန်းက အလယ်အလတ်အဆင့် လက်မှုပညာရှင်မိစ္ဆာတစ်ကောင်ကို လိုက်လံသတ်ဖြတ်ခဲ့ဖူးတယ်... ငါတို့က အဲဒီကောင်ကို အဝတ်ဖြတ်မိစ္ဆာလို့ နာမည်ပေးခဲ့တယ်...”
“သူ့လက်ထဲက ကတ်ကြေးတစ်လက်က မြေတူးသမားအဆင့် လူသား ၁၀ ယောက်ကျော်ကို တစ်ခဏအတွင်း အပိုင်းပိုင်းဖြတ်ပစ်နိုင်တယ်... သူ့မှာ အပ်နဲ့ချည်တစ်စုံလည်း ရှိသေးတယ်...”
“တစ်ခါတုန်းက ငါ့မျက်စိရှေ့မှာပဲ အအေးဒဏ်ခံနိုင်ရည်အဆင့် အင်အားရှင်တစ်ယောက်ရဲ့ မျက်နှာပေါ်က အပေါက် ၇ ပေါက်လုံးကို အပ်ချုပ်ပေးခဲ့တယ်... သိပ်မကြာခင်မှာပဲ အဲဒီ အအေးဒဏ်ခံနိုင်ရည်အဆင့် အင်အားရှင်ဟာ အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့တယ်...”
အအေးဒဏ်ခံနိုင်ရည်အဆင့်...
ထိုစကား ၃ လုံးကို ပထမဆုံးကြားရစဉ်ကတည်းက ခန့်မှန်းထားမိသော်လည်း လော်မင်နှင့် ရှီချင်းတို့၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာများ ပေါ်လာကြသည်။
“မြေတူးသမားအဆင့်ရဲ့ အထက်မှာ အအေးဒဏ်ခံနိုင်ရည်အဆင့် ရှိတယ်... အဲဒီအဆင့်လို့ ခေါ်ရတာက ဒီအဆင့်ကို ရောက်တဲ့သူတွေဟာ နေ့ခင်းဘက်ရဲ့ အအေးဒဏ်ကို ခံနိုင်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်လို့ပဲ...”