အခန်း ၂၇
Vol. 3 Ch. 27
အခန်း (၂၇) - လျင်မြန်သော တိုးတက်မှု
ရေခဲချောက်နက်ဒေသ၊ ရှေးဟောင်းရေခဲချောက်နက်ခေတ်၊ ရှေးဦးယဉ်ကျေးမှု၊ မိုအော့တောင်တန်း၊ လူသားမြို့ ၉ မြို့၊ လှည့်ဖြားမိစ္ဆာ အမျိုးအစား ၅ မျိုး၊ အအေးဒဏ်ခံနိုင်ရည်အဆင့် အင်အားရှင်များ...
အင်အားအကန့်အသတ်ကြောင့် လော်မင်၊ ရှီချင်းနှင့် အခြားသူများသည် ရက်ဝုဒ်တောင်ကြော၌ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြသော်လည်း အပြင်လောကသို့ တစ်ခါမျှ မထွက်ဖူးသကဲ့သို့ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့်လည်း မရခဲ့ကြပေ။
ယန်နင်၏ စကားများသည် သူတို့၏ အမြင်ကို သံသယမရှိ ချဲ့ထွင်ပေးခဲ့လေသည်။ သို့သော် တစ်ဖက်တွင်လည်း ပိုမိုကြီးမားသော စိုးရိမ်ပူပန်မှုကို နှိုးဆွပေးခဲ့သည်။
လှည့်ဖြားမိစ္ဆာ အမျိုးအစား ၅ မျိုးလုံးသည် သတ်ဖြတ်ခြင်းမှတစ်ဆင့် အစဉ်အမြဲ ဆင့်ကဲပြောင်းလဲနေကြသည်။
အလယ်အလတ်အဆင့် လက်မှုပညာရှင်မိစ္ဆာတစ်ကောင်ပင် အအေးဒဏ်ခံနိုင်ရည်အဆင့် အင်အားရှင်များအတွက်ပင် ရင်ဆိုင်ရန် ခက်ခဲနေသေးလျှင် ထိုသစ်သားရုပ်မိစ္ဆာသာ အမှန်တကယ် အလယ်အလတ်အဆင့်သို့ တိုးတက်သွားပါက ရက်ဝုဒ်တောင်ကြောတစ်ဝိုက်တွင် လူသားများအတွက် အသက်ရှင်ရန် လမ်းမကျန်တော့ဘဲ သူတို့အားလုံးလည်း သေဘေးမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
လော်မင်၏ မျက်နှာအမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေလေသည်။ နေရာတွင် အချိန်အတော်ကြာ ငြိမ်သက်စွာ ရပ်နေပြီးနောက် နောက်ဆုံးတွင် သွားကိုကြိတ်ကာ ယန်နင်နှင့် လီဟူတို့ရှေ့၌ တိုက်ရိုက် ဒူးထောက်လိုက်ပြီး အသနားခံလေသည်။
“အရှင်တို့... ရက်ဝုဒ်တောင်ကြောတစ်ဝိုက်က ဒီစခန်းတွေရဲ့ အင်အားတစ်ခုတည်းနဲ့ အဲဒီမိစ္ဆာကို လုံးဝ မရင်ဆိုင်နိုင်ပါဘူး... လူသားအချင်းချင်း ဖြစ်တဲ့အတွက် သနားကြင်နာပြီး ကျွန်တော်တို့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်...”
“အဲဒီမိစ္ဆာကိုသာ သုတ်သင်နိုင်မယ်ဆိုရင် အရှင်တို့ ဘာလိုချင်သလဲဆိုတာကို ကျွန်တော်တို့ တတ်နိုင်သမျှ အားလုံး ညှိနှိုင်းလို့ ရပါတယ်....”
ထိုမြင်ကွင်းကို မြင်လိုက်ရသော ရှီချင်းသည် လော်မင်က ရက်ဝုဒ်တောင်ကြောတစ်ဝိုက်ရှိ စခန်းအားလုံးအတွက် ထွက်ပေါက်ကို ရှာပေးနေကြောင်း နားလည်သွားပြီး နောက်မှ လူ ၄ ယောက်ကိုပါ ဦးဆောင်ကာ ဒူးထောက်လိုက်သည်။
လူတိုင်း၏ တောင်းပန်အသနားခံမှုကို ကြားလိုက်ရသည့်အခါ ယန်နင်နှင့် လီဟူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံး ပြုံးလိုက်ကြလေသည်။
သို့သော် မကြာမီပင် အပြုံးကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ ထို့နောက် ယန်နင်က ရှေ့တိုးလာပြီး လော်မင်ကို ဆွဲထူလိုက်သည်။
“ခေါင်းဆောင်လော်ကို အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါနဲ့ လီဟူက ပေရှိုးမြို့ တော်ဝင်တပ်ရဲ့ ကင်းထောက်တွေပါ... ပေရှိုးမြို့ပတ်ဝန်းကျင်ကို မြေပုံရေးဆွဲရင်း ဒီနေရာကို မတော်တဆ ရောက်လာခဲ့တာ... လူသားအချင်းချင်း တွေ့ဆုံရတာက ရေစက်ရှိလို့ပဲ... ငါတို့လည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး...”
“ဒါပေမဲ့ ခုနကလည်း မြင်ခဲ့တဲ့အတိုင်းပဲ... ဒီသစ်သားရုပ်မိစ္ဆာက အင်အားကြီးရုံတင် မဟုတ်ဘဲ အလွန်ပါးနပ်တယ်... အပြည့်အဝ စိတ်ချရတဲ့ အစီအစဉ်တစ်ခု မရှိဘူးဆိုရင် သူ့ကို သုတ်သင်ဖို့က မဖြစ်နိုင်သလောက်ပဲ.... ဒါကြောင့် ငါတို့ကို ကူညီစေချင်တယ်ဆိုရင် အရင်ဆုံး ငါ့ရဲ့ အခြေအနေတစ်ခုကို သဘောတူပေးရမယ်...”
“ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် အဲဒီမိစ္ဆာကိုသာ ဖယ်ရှားနိုင်မယ်ဆိုရင် ကျွန်တော် သဘောတူပါတယ်...”
“ကောင်းတယ်... ခေါင်းဆောင်လော်က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူဆိုတော့ ငါလည်း တိုက်ရိုက်ပဲ ပြောမယ်... ဒီကာလအတွင်းမှာ မင်းတို့ ရိုဂယ်စခန်းနဲ့ ပတ်ဝန်းကျင်က စခန်းအားလုံးဟာ ငါတို့ရဲ့ ညွှန်ကြားမှုအတိုင်း လှုပ်ရှားရမယ်... ဘယ်လိုသဘောရလဲ...”
လော်မင်၏ နှလုံးသား တုန်ခါသွားသော်လည်း မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ချက်ချင်း ပြန်ဖြေလိုက်လေသည်။
“ရိုဂယ်စခန်းအတွက်တော့ ကျွန်တော် အာမခံနိုင်ပါတယ်... ဒါပေမဲ့ အခြားစခန်းတွေကတော့...”
ထိုသို့ပြောပြီးနောက် သူသည် ရှီချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ယန်နင်၏ တောင်းဆိုချက်ကို ကြားလိုက်ရကတည်းက ရှီချင်းသည် အကျိုးအပြစ်ကို သေချာစဉ်းစားပြီး ဖြစ်လေသည်။
လော်မင်က မိမိကို လှည့်ကြည့်လာသည်ကို မြင်လိုက်သဖြင့် ချက်ချင်းပင် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တာရှီစခန်းလည်း ပြဿနာမရှိပါဘူး... အဲဒီမိစ္ဆာကို မသုတ်သင်နိုင်ရင် အားလုံး အဆုံးသတ်ရမှာပဲ...”
လော်မင်က ရှီချင်းကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ယန်နင်ဘက်သို့ ပြန်လှည့်ကာ ဆက်ပြောသည်။
“ကျွန်တော်တို့ ၂ စခန်းအပြင် နောက်ထပ် ၅ စခန်း ကျန်သေးတယ်... ကျွန်တော် တစ်ခုချင်းစီ သွားပြီး ဖျောင်းဖျမယ်... အကျိုးအပြစ်ကို ရှင်းပြလိုက်ရင် သူတို့လည်း ငြင်းမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်...”
“ခေါင်းဆောင်လော်... ၄ စခန်းပဲ ကျန်တော့တာပါ...”
ရှီချင်း၏ စကားကြောင့် လော်မင် အံ့အားသင့်သွားသည်။
မူလက ရက်ဝုဒ်တောင်ကြောတစ်ဝိုက်တွင် စခန်း ၉ ခုရှိခဲ့သော်လည်း မကြာသေးမီက သံတောင်စခန်းနှင့် နတ်နေစခန်းတို့သည် ထိုသစ်သားရုပ်မိစ္ဆာ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ယခုအခါ စခန်း ၇ ခုသာ ကျန်ရှိတော့သည်။
သူတို့၏ စခန်း ၂ ခုကို ဖယ်လိုက်ပါက ကျန်ရစ်သင့်သည်မှာ စခန်း ၅ ခုဖြစ်သည်။
ရှီချင်းက မဝေးလှသည့် နေရာရှိ အလောင်းများကို လက်ညှိုးထိုးပြလိုက်သည်။
မြေပြင်ပေါ်ရှိ ထိုအလောင်းများကို မြင်လိုက်သည်နှင့် လော်မင်သည် ချက်ချင်း သဘောပေါက်သွားသည်။
“၄ စခန်းပဲ ကျန်တော့တယ်... မဟာရှစခန်းလည်း အဲဒီမိစ္ဆာရဲ့ လက်ချက်နဲ့ ပျက်စီးသွားပြီ ထင်တယ်...”
မဟာရှစခန်း၏ သစ်ခုတ်အဖွဲ့ဝင်အားလုံးသည် သစ်သားရုပ်များအဖြစ် ပြောင်းလဲခံခဲ့ရပြီး ရှတင်းပင် မလွတ်မြောက်နိုင်ခဲ့သဖြင့် စခန်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီဟု သတ်မှတ်နိုင်ပေသည်။
မိမိတို့၏ ရည်ရွယ်ချက် အောင်မြင်သွားပြီကို မြင်လိုက်ရသည့်အခါ ယန်နင်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဒီလိုဆိုရင် အချိန်ဆွဲနေလို့ မရတော့ဘူး... ခေါင်းဆောင်လော်၊ နောက်ရက်အနည်းငယ်အတွင်း ကျန်တဲ့ စခန်း ၄ ခုကို အကြောင်းကြားပြီး ရိုဂယ်စခန်းကို လာခိုင်းပါ...”
“ငါတို့ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့ဘဲ.. စခန်းအားလုံးက သစ်ခုတ်သမားတွေကို ကင်းလှည့်အဖွဲ့တွေအဖြစ် ဖွဲ့စည်းပြီး ၁၀ ရက်အကြာမှာ တောအုပ်ထဲ ဝင်ရှာကာ အဲဒီမိစ္ဆာကို စတင်လိုက်လံရှာဖွေမယ်....”
လော်မင်က ခေါင်းညိတ်ကာ အမိန့်ကို လက်ခံလိုက်ပြီး ယန်နင်နှင့် လီဟူတို့ကို ရိုဂယ်စခန်းသို့ လိုက်လာကာ အနားယူရန် ဖိတ်ခေါ်လိုက်သည်။
ရှီချင်းကတော့ မိမိစခန်းသို့ ပြန်သွားကာ လိုအပ်သည်များကို စီစဉ်ရန် လိုအပ်သဖြင့် ၃ ရက်အကြာတွင် ရက်ဝုဒ်တောင်ကြော၌ ရိုဂယ်စခန်းနှင့် ပြန်လည်ဆုံတွေ့ရန် အတည်ပြုပြီး ထွက်ခွာသွားလေသည်။
…
လော်မင်နှင့် ရှီချင်းတို့က မဟာရှစခန်း ဖျက်ဆီးခံလိုက်ရပြီဟု သတ်မှတ်ခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပေ။
စခန်းငယ်များတွင် အမဲလိုက်နိုင်စွမ်း မရှိသဖြင့် အသက်ရှင်နိုင်ရန် မရှိမဖြစ်လိုအပ်သည့် အရာ ၂ မျိုးသာ ရှိသည်။ ရေခဲသလင်းသီးနှင့် ထင်းဖြစ်သည်။
အတိအကျဆိုရလျှင် ထင်းသည် ရေခဲသလင်းသီးထက်ပင် ပို၍ အရေးကြီးသည်။
ရေခဲသလင်းသီး မရှိလျှင် ဗိုက်ဆာသည့်ဒဏ်ကို ရက်အနည်းငယ်တော့ တောင့်ခံနိုင်သေးသည်။
သို့သော် ထင်းမရှိလျှင် နေ့ခင်းကို ဖြတ်ကျော်နိုင်ဖို့ နေနေသာသာ ညတစ်ညကိုပင် အသက်ရှင်၍ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သစ်ခုတ်အဖွဲ့၏ အရေးပါမှုကို ပြောနေစရာပင် မလိုပေ။ ရှတင်းနှင့် သစ်ခုတ်အဖွဲ့ဝင်အားလုံး သေဆုံးသွားပြီဆိုလျှင် မဟာရှစခန်းသည် လှည့်ဖြားမိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို မခံရသည့်တိုင် ယခုအချိန်တွင် အေးခဲသေဆုံးနေပြီဟု ဆိုနိုင်ပေသည်။
သို့သော် သူတို့ မတွက်ဆမိခဲ့သည့် ပြောင်းလဲမှုမှာ ရှဟုန် ဖြစ်သည်။
မဟာရှစခန်းသည် ဖျက်ဆီးမခံခဲ့ရသည့်အပြင် ယခင်ကထက်ပင် ပိုမိုရှင်သန်တိုးတက်နေခဲ့လေသည်။
လျင်မြန်စွာ တိုးတက်နေသည်ဟု ဆိုလျှင်ပင် ချဲ့ကားရာ မကျပေ။
“ခေါင်းဆောင်... ကျွန်တော်လည်း အဆင့်တက်သွားပြီ...”
လက်ဗလာဖြင့် ပြန်လာရသည့် ညတစ်ညတွင် ရှဟုန်၏ စိတ်အခြေအနေမှာ မကောင်းလှပေ။
သို့သော် လှိုဏ်ဂူထဲသို့ ပြန်ဝင်လိုက်သည်နှင့် သတင်းကောင်းတစ်ခုကို ကြားလိုက်ရသည်။
ရှုနင်လည်း အဆင့်တက်သွားပြီး ရေခဲသားရဲအသားကို ပထမဆုံး ရရှိခဲ့သည့် လူ ၅ ယောက်အနက် ရှဟုန်၊ ရှချွမ်နှင့် ယွမ်ချန်တို့ပြီးနောက် ရှုနင်သည် နောက်ဆုံး အဆင့်တက်နိုင်ခဲ့သူ ဖြစ်သည်။
ရှုနင်၏ စိတ်လှုပ်ရှားနေသည့် မျက်နှာကို မြင်လိုက်ရသော ရှဟုန်က သူ၏ ပခုံးကို ပုတ်လိုက်ပြီး ပြုံးလျက် ပြောသည်။
“အနည်းဆုံးတော့ အခုကစပြီး မျက်နှာညိုးညိုးနဲ့ မနေတော့ဘူးပေါ့... မနက်ဖြန်ကစပြီး ငါနဲ့အတူ အပြင်လိုက်လို့ ရပြီ...”
ရှဟုန်၏ နောက်ဘက်မှ ယွီဖုန်း၊ လင်ခိုင်နှင့် အခြားသူများက တစ်ပြိုင်နက် ရယ်မောလိုက်ကြသည်။
သူတို့၏ ရယ်မောသံကြောင့် ရှုနင်မှာ ရှက်ရွံ့ကာ မျက်နှာနီရဲသွားသည်။
လူ ၅ ယောက်အနက် ယွီဖုန်းက ပထမဆုံး အဆင့်တက်ခဲ့ပြီး၊ ထို့နောက် လင်ခိုင်၊ ချူဖန်းနှင့် လုယန်တို့ အစဉ်လိုက် အဆင့်တက်ခဲ့ကြသည်။
အသက်တူ ရွယ်တူများအားလုံး ရှဟုန်နှင့်အတူ အပြင်ထွက်ကာ ညတိုင်း သစ်တစ်ပင်စီ သယ်ပြန်လာကြပြီး တစ်ခါတစ်ရံ သားကောင်များကိုပါ ဖမ်းယူလာသည်ကို မြင်နေရသဖြင့် သူ မပူပန်ဘဲ မနေနိုင်ခဲ့ပေ။ ထို့ကြောင့် ရက်ပေါင်းများစွာ မျက်နှာညိုးနေကာ လေ့ကျင့်ရေးကိုသာ အာရုံစိုက်နေခဲ့သည်။
“ခေါင်းဆောင်... ကျွန်တော် ရှက်မိပါတယ်။ နေ့တိုင်း ခေါင်းဆောင်တို့ အသက်စွန့်ပြီး ရှာလာတဲ့ ရေခဲသားရဲအသားကို စားနေရပေမဲ့ ဘာမှ မကူညီနိုင်ဘူး... သစ်ခုတ်သမားအဆင့်ကိုလည်း မရောက်နိုင်သေးတော့ အလကားထိုင်စားနေတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ယောက်နဲ့ မခြားတော့ဘူး... ကံကောင်းလို့ အခု အဆင့်တက်သွားပြီဆိုတော့ နောက်ဆုံးတော့ ကူညီနိုင်ပြီ...”
ထိုစကားကို ကြားလိုက်ရသော ရှဟုန်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။
“မင်းဆိုလိုတာက သစ်ခုတ်အဖွဲ့ထဲက ငါတို့ ၈ ယောက်အပြင် စခန်းထဲမှာ သစ်ခုတ်သမားအဆင့် မရောက်သေးတဲ့ လူအားလုံးက အလကားထိုင်စားနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေလို့ ပြောချင်တာလား...”
ထိုမေးခွန်းကြောင့် ရှုနင် အံ့အားသင့်သွားလေသည်။
ရှဟုန်က သူ့အဖြေကို စောင့်မနေဘဲ ရှချွမ်၊ ယွမ်ချန်၊ ယွီဖုန်းနှင့် နောက်ဘက်ရှိ အခြားသူများကို လှည့်ကြည့်ကာ မေးလိုက်သည်။
“မင်းတို့ရော ဒီလိုပဲ တွေးကြလား....”
ရှဟုန်၏ မကျေနပ်မှုကို လူတိုင်း ခံစားမိကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘယ်သူမျှ စကားမပြောကြဘဲ တိတ်ဆိတ်နေခြင်းဖြင့်သာ အဖြေပေးလိုက်ကြသည်။
ဤသို့ တွေးနေသူများမှာ သူတို့တင် မဟုတ်ပေ။
စခန်းတစ်ခုလုံးကလည်း ထိုအတိုင်းပင် တွေးနေကြလေသည်။
သစ်ခုတ်သမားအဆင့်ကို မရောက်သေးသည့် သာမန်လူများသည် အပြင်မထွက်နိုင်၊ စခန်းအတွက် အရင်းအမြစ်အနည်းငယ်မျှပင် မရှာဖွေပေးနိုင်ဘဲ သူတို့ သယ်ဆောင်လာသော ရေခဲသလင်းသီးနှင့် ထင်းများကိုသာ အဆက်မပြတ် အသုံးပြုနေကြသည်။
ထိုသို့သောသူများကို ဝန်ထုပ်ဝန်ပိုးဟု မခေါ်လျှင် ဘယ်လို ခေါ်ရဦးမလဲ...
ယခုအချိန်တွင်ပင် သူတို့ ယူဆောင်လာသည့် ရေခဲသားရဲအသားများကို ခွဲဝေပေးနေဆဲ ဖြစ်လေသည်။
ရှဟုန်သည် မီးရှူးငယ်ကို အသုံးပြု၍ အမဲလိုက်သည့် နည်းလမ်းဖြင့် ၄ ကြိမ်တိုင်တိုင် အောင်မြင်ခဲ့ပြီး၊ နှင်းမွေးကောင် ၃ ကောင်နှင့် အရိုးဆူးနှင်းဝံပုလွေ ၁ ကောင်ကို ဖမ်းမိခဲ့ရာ ရေခဲသားရဲသွေးနှင့် အသား စုစုပေါင်း ပေါင် ၅၀၀၀ နီးပါး ရရှိခဲ့သည်။
သို့သော် ရှဟုန်သည် စခန်း၏ အသားခွဲဝေသည့် စည်းမျဉ်းကို မပြောင်းလဲသေးဘဲ ယခင်အတိုင်း ၃-၅-၂ အချိုးကိုသာ ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး ယင်းကပင် သူတို့အကြား မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့လေသည်။
သူတို့၏ တိတ်ဆိတ်နေမှုသည် အသံကျယ်ကျယ်ဖြင့် ကန့်ကွက်နေသကဲ့သို့ပင် ဖြစ်နေသည်။
ရှဟုန်သည် သူတို့၏ အတွေးများကို ကောင်းစွာ နားလည်လိုက်လေသည်။
ဒီပြဿနာကို မကြာမီ ဖြေရှင်းရန် သူ စီစဉ်ထားပြီးသားဖြစ်ကာ ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေးဖြစ်သဖြင့် လက်လွတ်မခံလိုပေ။
“ရှချွမ်... ရက်အနည်းငယ်က မင်းက အသားခွဲဝေတဲ့ စည်းမျဉ်းကို ပြောင်းသင့်ပြီလို့ ငါ့ကို ပြောခဲ့တယ်မဟုတ်လား... အခု ပြောစမ်းပါဦး... မင်းက ဘယ်လို ခွဲဝေသင့်တယ်လို့ ထင်လဲ...”
ထိုစကားကို ကြားလိုက်သည်နှင့် ရှချွမ်၊ ယွမ်ချန်နှင့် အခြားသူများသည် ရှဟုန်က အသားခွဲဝေမှု စည်းမျဉ်းကို ပြောင်းလဲတော့မည်ဖြစ်ကြောင်း သဘောပေါက်သွားကြပြီး မျက်လုံးများ တောက်ပလာကာ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်မျှော်နေခဲ့ကြသည်။