← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) - မမျှော်လင့်ထားသော အကျိုးအမြတ်များ

သစ်ခုတ်အဖွဲ့တွင် လူဦးရေ ၈ ယောက်အထိ တိုးလာသဖြင့် ရှဟုန်၏ စိတ်အခြေအနေမှာ များစွာ ကောင်းမွန်လာသည်။

သို့သော် စိတ်ဓာတ်တက်ကြွလာခြင်းက ဒုတိယအချက်သာ ဖြစ်သည်။

အရေးအကြီးဆုံးမှာ အန္တရာယ်ကျရောက်နိုင်ခြေ သိသိသာသာ လျော့ကျသွားခြင်းပင် ဖြစ်သည်။

အစပိုင်းက သူတစ်ယောက်တည်း ဖြစ်နေချိန်နှင့် ယခုအခြေအနေမှာ လုံးဝ မတူတော့ပေ။

ရှချွမ်နှင့် ယွမ်ချန်တို့ ပါဝင်လာပြီးနောက်တွင်ပင် ညဘက်၌ ရေခဲသားရဲများ အိပ်မောကျနေကြသည်ကို သိထားသော်လည်း နေရာတိုင်းကို အမြဲ သတိကြီးစွာ စောင့်ကြည့်နေကြရပြီး အသံကျယ်ကျယ် မထွက်စေရန် အတတ်နိုင်ဆုံး သတိထားကြသည်။

သစ်ခုတ်ရာတွင်လည်း ရေခဲသားရဲများနှင့် ဝေးသည့်နေရာများကိုသာ ရွေးချယ်ခဲ့ကြသည်။

ယခုတော့ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။

ရှဟုန်လည်း နှင်းပြင်ပေါ်တွင် ခြေတစ်လှမ်းချင်း သတိထားလျှောက်နေစရာ မလိုတော့ပေ။

အေးစက်လှသည့် ညအချိန်တွင် ရက်ဝုဒ်တောင်ကြော အပြင်ဘက်ပိုင်း၏ အခြေအနေမှာ ယခင်အတိုင်းပင် ဖြစ်သည်။

နှင်းပွင့်များသည် ကောင်းကင်မှ အဆက်မပြတ် ကျဆင်းနေပြီး အေးစက်သော လေပြင်းများကလည်း ရံဖန်ရံခါ နားဘေးကို တိုက်ခတ်ဖြတ်သန်းသွားသည်။

ရှဟုန်သည် လူအုပ်ကို ဦးဆောင်၍ ပထမဆုံး ရေခဲပင်ကြီး ရှိရာသို့ ရောက်လာခဲ့သည်။

သစ်ပင်ပေါ်တွင် အသီးတစ်လုံးမျှ မရှိသေးဘဲ ဗလာပေါင်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားလေသည်။

“၂ လကျော်တောင် ကြာသွားပြီ... အသီးက မသီးသေးဘူး... ကြည့်ရတာ ရေခဲသလင်းသီးရဲ့ ကြီးထွားချိန်က ငါတို့ ခန့်မှန်းထားတာထက် အများကြီး ပိုရှည်နေတယ်...”

ရှချွမ်ကတော့ ပို၍ ဂရုတစိုက် စစ်ဆေးခဲ့သည်။

ထိုစကားကို ကြားလိုက်သည်နှင့် သူသည် သစ်ပင်ပေါ်သို့ ချက်ချင်း တက်သွားကာ အချိန်အတော်ကြာ အသေးစိတ် စစ်ဆေးပြီးမှ ပြန်ဆင်းလာကာ ပြောလိုက်သည်။

“အရင်တစ်ခါ အသီးခူးခဲ့တဲ့ အကိုင်းတွေမှာ အဖူးသစ်လေးတွေ စထွက်လာပြီ... လွန်ခဲ့တဲ့ တစ်လက မြင်ခဲ့ရတာထက်တော့ နည်းနည်း ပိုကောင်းလာတယ်... ကျန်တဲ့ ရေခဲပင်ကြီး ၂ ပင်လည်း ဒီအတိုင်းပဲ... မတော်တဆ အပြောင်းအလဲ မရှိဘူးဆိုရင် နောက်ထပ် ၂ လလောက်နေမှ အသီးပြန်သီးလိမ့်မယ်...”

နောက်ထပ် ၂ လကြာမှ အသီးသီးမည်ဆိုပါက တစ်နှစ်လျှင် ၃ ကြိမ်သာ အသီးသီးနိုင်မည် ဖြစ်သည်။

တစ်ကြိမ်လျှင် ပေါင် ၆၀၀၀ ခန့် ထွက်ရှိမည်ဆိုလျှင် သစ်ပင်တစ်ပင်မှ တစ်နှစ်လျှင် ပေါင် ၁၈,၀၀၀၊ သစ်ပင် ၃ ပင်ပေါင်းလျှင် ပေါင် ၅၄,၀၀၀ ရရှိမည် ဖြစ်သည်။

ထိုတွက်ချက်မှုကို စိတ်ထဲတွင် ပြီးသွားသည့်အခါ ရှဟုန်၏ မျက်ခုံးများ ပို၍ပင် တွန့်သွားသည်။

ဤရက်ပိုင်းအတွင်း အမဲလိုက်ခြင်းအပြင် သူ အများဆုံး လုပ်ခဲ့သည့် အလုပ်မှာ ရေခဲပင်ကြီး ၃ ပင်၏ ကြီးထွားမှုကို လူအုပ်နှင့်အတူ ဆက်တိုက် လေ့လာခြင်း ဖြစ်သည်။

လက်ရှိ မဟာရှစခန်းတွင် ရေခဲသားရဲအသားကို အဓိက အစားအစာအဖြစ် အသုံးပြုနိုင်သည့် အခြေအနေ မရှိသေးပေ။

လက်ရှိ စခန်းသည် ရေခဲသလင်းသီးကိုသာ အဓိက စားနပ်ရိက္ခာအဖြစ် မှီခိုနေရကြောင်းကို ဝန်ခံရပေမည်။

ထို့ကြောင့် ရေခဲသလင်းသီး၏ ကြီးထွားချိန်ကို သူ မဖြစ်မနေ သိထားရမည်။

ရေခဲသလင်းသီး တစ်လုံး၏ အလေးချိန်မှာ ပေါင်ဝက်ခန့် ရှိလေသည်။

သာမန်လူတစ်ယောက်သည် တစ်နေ့လျှင် ၂ လုံးစားမှသာ အခြေခံ အသက်ရှင်နိုင်မည် ဖြစ်သည်။

ဤတွက်ချက်မှုအရ ရေခဲပင်ကြီး ၃ ပင်သည် တစ်နှစ်ပတ်လုံး လူ ၁၅၀ ခန့်ကိုသာ ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

သို့သော် လက်ရှိ မဟာရှစခန်းတွင် လူဦးရေ ၁၅၄ ယောက် ရှိနေပြီ ဖြစ်လေည်။ ဆိုလိုသည်မှာ ရေခဲပင်ကြီး ၃ ပင်တွင် တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ်လာသည်နှင့် စခန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံရနိုင်သည်။

ရေခဲသလင်းသီး မလုံလောက်တော့ကြောင်းကို သတိထားမိသူမှာ ရှဟုန်တစ်ယောက်တည်း မဟုတ်ပေ။

ရှချွမ်သည် ခဏမျှ စဉ်းစားပြီးနောက် ချက်ချင်း မေးလိုက်သည်။

“ဒါဆို အဖေတို့တုန်းက လူ ၂၀၀ ကျော်ကို ဘယ်လို ထောက်ပံ့ခဲ့တာလဲ...”

ရှဟုန်လည်း ထိုအချက်ကို တွေးမိထားသည်။

ရှတင်း ရှိစဉ်က စခန်းတွင် လူဦးရေ ၂၃၀ ကျော် ရှိခဲ့လေသည်။

ထိုအချိန်က ရေခဲသလင်းသီး ဝေသည့် ပမာဏသည် ယခုလောက် မများသော်လည်း ရေခဲပင်ကြီး ၃ ပင်တည်းဖြင့် ထိုမျှများပြားသည့် လူဦးရေကို ကျွေးမွေးနိုင်မည် မဟုတ်ပေ။

ခဏမျှ စဉ်းစားပြီးနောက် ရှဟုန်သည် ရက်ဝုဒ်တောင်ကြော အတွင်းပိုင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ ထို့နောက် တာရှီစခန်း နယ်မြေရှိရာ အနောက်ဘက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ကြည့်ရတာ နယ်ကျော်တာက တာရှီစခန်းတင် မဟုတ်ဘူး... အဖေတို့လည်း အရင်က ဒီလိုပဲ လုပ်ခဲ့ပုံရတယ်...”

ဤကောက်ချက်ကို ချရန် မခက်ခဲပေ။

ရှတင်းတို့၏ အင်အားဖြင့်ဆိုလျှင် ရက်ဝုဒ်တောင်ကြော အတွင်းပိုင်းသို့ ဝင်ရဲမည် မဟုတ်သည်မှာ သေချာသည်။

“တာရှီစခန်းမှာ လူ ၃၀၀ ကျော် ရှိတယ်လို့ ကြားဖူးတယ်... ဒါဆို သူတို့မှာ ငါတို့ထက် ရေခဲပင်ကြီး အများကြီး ပိုရှိရမယ်...”

ထိုစကားကို ကြားလိုက်သည်နှင့် ယွမ်ချန်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။

“ဒါဆို ဘာကို စောင့်နေသေးတာလဲ... သူတို့နယ်မြေထဲကို တန်းသွားပြီး ရေခဲသလင်းသီး ခူးလိုက်ရအောင်... အရင်တုန်းက သူတို့လည်း လူခေါ်လာပြီး ငါတို့ရဲ့ ရေခဲသလင်းသီးတွေကို မဆိုင်းမတွ ခူးသွားခဲ့တာပဲ...”

ယွီဖုန်း၊ လင်ခိုင်နှင့် အခြားသူများကလည်း ထိုကိစ္စကို ကြားဖူးထားကြသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

ရှဟုန်သည် ရက်ဝုဒ်တောင်ကြော အတွင်းပိုင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခဏမျှ စဉ်းစားကာ ခေါင်းညိတ်လိုက်လေသည်။

လက်ရှိ သူတို့တွင် ရက်ဝုဒ်တောင်ကြော အတွင်းပိုင်းသို့ ဝင်ရောက်နိုင်လောက်သည့် အင်အား မရှိသေးသဖြင့် အခြားသူများထံမှ ရေခဲသလင်းသီးအချို့ကိုသာ ချေးယူရတော့မည် ဖြစ်သည်။

ရှတင်းသည် ယခင်က လူအများအပြားကို ထောက်ပံ့နိုင်ခဲ့သော်လည်း တာရှီစခန်းနှင့် ကြီးမားသည့် ပဋိပက္ခတစ်စုံတစ်ရာ မဖြစ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူတို့ဘက်တွင် ရေခဲသလင်းသီး ပိုလျှံနေသည်မှာ သေချာပေသည်။

ထို့အပြင် အရင်ဆုံး ချေးခဲ့သူက တာရှီစခန်း ဖြစ်သဖြင့် သူတို့ဘက်တွင်လည်း စိတ်ဖိစီးမှု မရှိတော့ပေ။

“သွားကြစို့... သူတို့ရဲ့ ရေခဲပင်ကြီး အခြေအနေကို အရင်သွားကြည့်ရအောင်...”

ရှဟုန်က အမိန့်ပေးလိုက်ပြီး လူ ၈ ယောက်ကို ဦးဆောင်ကာ ထွက်လာခဲ့သည်။

အမှန်တော့ သူ၏ ရည်ရွယ်ချက်မှာ ရေခဲပင်ကြီးများကိုသာ သွားကြည့်ရန် မဟုတ်ပေ။

တာရှီစခန်းမှ လူများနှင့် တွေ့နိုင်မလားကိုလည်း ကြည့်လိုသေးသည်။

စဉ်းစားကြည့်လျှင် တာရှီစခန်းမှ လူများကို ရက်ဝုဒ်တောင်ကြောတွင် မတွေ့ရသည်မှာ ၁ လကျော် ကြာနေပြီ ဖြစ်သည်။

အရင်တစ်ခါ သူက ဟန်ဆောင်ခြောက်လှန့်လိုက်သဖြင့် တစ်လကျော်ကြာအောင် သူတို့နယ်မြေထဲသို့ မဝင်ရဲတော့သည်ဆိုသည့် အကြောင်းကို ရှဟုန်က အပြည့်အဝ မယုံကြည်ပေ။

ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် လူ ၃၀၀ မှ ၄၀၀ ကြားကို နှစ်ပေါင်းများစွာ ဦးဆောင်ပြီး ရှင်သန်လာနိုင်သူများသည် မည်သို့ပင်ဖြစ်စေ လူမိုက်များ မဖြစ်နိုင်ပေ။

ရှဟုန်သည် သူတို့ဘက်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်ဟုပင် သံသယဝင်နေသည်။

တာရှီစခန်းကိုလည်း ထိုလှည့်ဖြားမိစ္ဆာက ရှာတွေ့သွားပြီလား။

“ဟေ့... ဒီမြေပေါ်မှာ တစ်ခုခု ရှိနေတယ်...”

ချူဖန်း၏ အော်ဟစ်သံကြောင့် ရှဟုန်၏ အတွေးများ ပြတ်တောက်သွားလေသည်။ လူတိုင်း ရပ်တန့်လိုက်ပြီး သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ချူဖန်းသည် မြက်ဖိနပ်ကို ချွတ်ထားပြီး ခြေဖဝါးကို လက်ဖြင့် ဖိကိုင်ကာ နာကျင်လွန်းသဖြင့် အသက်ရှူသံ ပြင်းပြင်း ထွက်နေခဲ့သည်။

လူတိုင်း အလျင်အမြန် ပြေးဝိုင်းလာကာ ဘာဖြစ်သွားသည်ကို မေးကြသည်။

ချူဖန်းက လက်ကို ဖယ်လိုက်ရာ ခြေဖဝါးတွင် ၂ လက်မခန့် ရှည်သည့် ဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးများ အဆက်မပြတ် စီးကျနေသည်ကို တွေ့လိုက်ရသည်။

ဒဏ်ရာမှာ အတော်လေး နက်လှပေသည်။ ထိုဒဏ်ရာကို မြင်လိုက်သည်နှင့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

သူတို့ ၈ ယောက်လုံးတွင် ဖိနပ်ကောင်းကောင်း မရှိဘဲ မြက်ခြောက်ဖြင့် ယက်ထားသည့် ဖိနပ်များကိုသာ စီးထားကြသော်လည်း အားလုံးသည် သစ်ခုတ်သမားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကိုယ်ခန္ဓာသည် သာမန်လူများထက် များစွာ သန်မာနေလေသည်။

အရေပြားပွန်းသွားခြင်းပင် ရှားပါးသည့်အခြေအနေတွင် ယခုကဲ့သို့ နက်ရှိုင်းသည့် ဒဏ်ရာ ရရှိလာခြင်းမှာ ပို၍ပင် ထူးဆန်းသည်။

“ဘာကို နင်းမိမှန်း မသိဘူး... ဒီလောက်တောင် နက်နက် ဖြတ်သွားတယ်...”

ချူဖန်း၏ စကားကို ကြားလိုက်သည်နှင့် ရှဟုန်သည် ချက်ချင်း ဒူးထောက်ထိုင်ကာ သူ့ခြေထောက်အနီးကို သေချာ စစ်ဆေးလိုက်သည်။

မြေပြင်တစ်ခုလုံးကို နှင်းများ ဖုံးလွှမ်းထားပြီး ညအချိန်ဖြစ်သဖြင့် မြင်ရခက်နေသည်။

သို့သော် ရှဟုန်သည် ကျောက်ပုဆိန်ကို ဆွဲထုတ်ကာ နှင်းကို ဖယ်ရှားရင်း မြေကြီးကို ခြစ်လိုက်ရာ မကြာမီ မာကျောသည့် အရာတစ်ခုကို ထိမိသွားသည်။

မြေပြင်ပေါ်မှ နှင်းများကို ဖယ်ရှားလိုက်သည့်အခါ သူသည် ချက်ချင်း ကြောင်သွားလေသည်။

မြေကြီးပေါ်တွင် အလင်းရောင် ဖျော့ဖျော့ ထွက်နေသည့် ဓားရှည်ကြီးတစ်လက် လဲကျနေခဲ့သည်။

ဓားသွားမှာ လက်ဖဝါးတစ်ဖဝါးစာခန့် ကျယ်ပြီး အရှည်မှာ ၁.၅ မီတာခန့် ရှိသည်။

“ဒါ... တာရှီစခန်းက ဝမ်မင်ရဲ့ ဓားရှည်ကြီး မဟုတ်ဘူးလား...”

ယွမ်ချန်က ချက်ချင်း မှတ်မိသွားပြီး အံ့အားသင့်စွာ အော်လိုက်သည်။

ရှချွမ်ကတော့ ဘာမှ မပြောပေ။ သို့သော် သူလည်း ထိုဓားကို မှတ်မိနေသည်မှာ ထင်ရှားသည်။

ရှဟုန်က ဓားရှည်ကြီးကို ကောက်ယူလိုက်သည့်အခါ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင် တစ်ချက် ဖြတ်သန်းသွားသော်လည်း ချက်ချင်း ပြန်တည်ငြိမ်သွားကာ ဓားအောက်ဘက်ကို ကြည့်လိုက်သည်။

“အောက်မှာ တစ်ခုခု ရှိသေးတယ်...”

ရှဟုန်သည် ဓားကို အရင်ဖယ်လိုက်ပြီး နှင်းကို ထပ်ဖယ်ရှားလိုက်ရာ အလောင်းတစ်လောင်းသည် လူတိုင်း၏ မျက်စိရှေ့သို့ ပေါ်လာသည်။

“ဝမ်မင်ပဲ... ဒဏ်ရာက ခေါင်းမှာရှိတယ်... လက်သီးနဲ့ ထိုးသတ်ခံထားရတာ... အားလုံး ပတ်ဝန်းကျင်မှာ တခြား အလောင်းတွေ ရှိသေးလား လိုက်ရှာကြ...”

ရှဟုန်သည် ဝမ်မင်ကို ချက်ချင်း မှတ်မိလိုက်ပြီး ဒဏ်ရာကို စစ်ဆေးပြီးနောက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွားကာ ကျန်သူများကို ရှာဖွေရန် အချက်ပြလိုက်သည်။

လူတိုင်းလည်း ရှဟုန်ကို ဗဟိုထား၍ ပတ်ဝန်းကျင်သို့ ခွဲထွက်ကာ စတင် ရှာဖွေကြလေသည်။

“ဒီမှာ တစ်လောင်း တွေ့တယ်... နဖူးမှာ ဒဏ်ရာတစ်ခု ရှိတယ်... အနီစက်တစ်စက်လိုပဲ...”

“ဒီနားမှာ နောက်တစ်လောင်း ရှိသေးတယ်...”

“ဒီမှာလည်း နောက်တစ်လောင်း... သေစေတဲ့ ဒဏ်ရာ ၃ ခုလုံးက နဖူးပေါ်က အနီစက်တွေချည်းပဲ...”

ဝမ်မင်၏ အလောင်း အနောက်ဘက်ကို ရှာနေသည့် လင်ခိုင်တစ်ယောက်သာ တစ်ခုခု ရှာတွေ့ခဲ့ပြီး ဆက်တိုက် အလောင်း ၃ လောင်းကို တွေ့ရှိခဲ့သည်။

ရှဟုန်လည်း အလောင်း ၄ လောင်းကို အသီးသီး စစ်ဆေးလိုက်လေသည်။

ဝမ်မင်အပြင် နောက်ထပ် အလောင်းတစ်လောင်းကိုလည်း ယခင်က ဝမ်မင်နှင့်အတူ ရေခဲသလင်းသီး လာလုစဉ်က မြင်ဖူးထားခဲ့သည်။

ကျန် ၂ ယောက်ကို မမှတ်မိသော်လည်း ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် တာရှီစခန်းမှ လူများဖြစ်ကြောင်း သိသာပေသည်။

“အားလုံး တာရှီစခန်းက လူတွေပဲ... တစ်ခုခုတော့ တကယ် ဖြစ်ခဲ့တာပဲ...”

တာရှီစခန်းမှ လူများကို မတွေ့ရသည်မှာ ကြာနေသဖြင့် ရှဟုန်သည် အရင်ကတည်းက သံသယရှိနေခဲ့သည်။ ယခုတော့ သူ၏ ခန့်မှန်းချက် မှန်နေပြီ ဖြစ်သည်။

တစ်ခုခု ဖြစ်ရုံတင်မက မဟာရှစခန်း၏ နယ်မြေထဲတွင်ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ ဘာနဲ့ တွေ့ခဲ့တာလဲ...”

“တခြားလူတွေ သတ်သွားတာများလား...”

“ရေခဲသားရဲ တိုက်ခိုက်ထားတဲ့ အမှတ်အသား မရှိဘူး... ဒါဆို လူတွေ လက်ချက်ပဲ ဖြစ်ရမယ်...”

“ဆိုလိုတာက တာရှီစခန်းအပြင် တခြားစခန်းက လူတွေလည်း ငါတို့ မဟာရှစခန်း နယ်မြေထဲကို ဝင်လာခဲ့တာလား...”

ရှချွမ်၊ ယွမ်ချန်နှင့် အခြားသူများက မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ရင်း အသီးသီး ခန့်မှန်းနေခဲ့ကြသည်။

သူတို့၏ ခန့်မှန်းချက်များကို နားထောင်ပြီး ရှဟုန်သည် လက်ထဲရှိ ဓားရှည်ကြီးကို တစ်ချက်ငုံ့ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တိုးတိုးလေး ပြောလိုက်လေသည်။

“သူတို့ကို သတ်တာ လူ ဒါမှမဟုတ် ရေခဲသားရဲတွေပဲ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ....”

ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း၏ မျက်နှာအရောင် ပြောင်းလဲသွားသည်။

လူလည်း မဟုတ်၊ ရေခဲသားရဲလည်း မဟုတ်ဘူးဆိုလျှင်...

“အရင် စခန်းကို ပြန်ကြမယ်... ဒီနေ့ အမဲလိုက်တာရော သစ်ခုတ်တာရော မလုပ်တော့ဘူး....”

ရှဟုန်သည် ထိုသို့ ပြောပြီးသည်နှင့် လူအုပ်ကို ဦးဆောင်ကာ စခန်းဘက်သို့ ချက်ချင်း ပြန်လှည့်ထွက်သွားလေသည်။

သို့သော် သူတို့ လှည့်ထွက်သွားပြီး မကြာမီ၊ အလောင်းများ တွေ့ရှိခဲ့သည့် နေရာ၏ အနောက်ဘက် မီတာ ၁၀၀ ခန့် အကွာရှိ အလောင်းတစ်လောင်းသည် ရုတ်တရက် ထိုင်ထလာသည်။

ထို့နောက် ခေါင်းကို တဖြည်းဖြည်း လှည့်လိုက်ကာ ပြန်လှည့်ထွက်သွားသော သူတို့၏ ကျောပြင်များကို တိတ်ဆိတ်စွာ စိုက်ကြည့်နေတော့သည်။

All Chapters