← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

🍅 Chapter 122

“အဒေါ်ကျိုး၊ အဒေါ့်သမီး အိမ်ထောင်ကျတုန်းက တင်တောင်းငွေ ဘယ်လောက်ရခဲ့တာလဲ၊ ခြောက်ချောင်း မဟုတ်လား၊ အို အဲ့ဒါ တကယ်ကိုနည်းလွန်းတာပဲ”

“အစ်မဝမ်၊ အစ်မ ယောင်းမရဲ့ တင်တောင်းငွေက ခြောက်ချောင်းနဲ့ ရှစ်မူးဆို၊ ကျစ်ကျစ်၊ အဲဒါ တကယ်ကိုများတာပဲ”

ချန်မေ တစ်ယောက်ချင်းစီ လက်ညှိုးထိုးကာ ပြောလိုက်ရာ ထိုသူများ၏မျက်နှာများမှာ ဖြူလျော့သွားပြီးနောက် ရှက်ရွံ့မှုကြောင့် နီရဲသွားကြတော့သည်။

ဝူယွီလန် အသံကျယ်ကျယ်ဖြင့် ဆက်ပြောလိုက်သည်။

“ဒီတင်တောင်းငွေတွေကတောင် ငါတို့ရဲ့ကွေ့ချင်နဲ့ မထိုက်တန်သေးပါဘူး”

“နင်က ရှောင်မေ မဟုတ်လား၊ လာပါဦး၊ ဒီကြက်တွေ ဘဲတွေသယ်ဖို့ ငါ့ကို နည်းနည်းလောက်လာကူပါဦး”

“ပြီးတော့ ဒီထမ်းပိုးနဲ့ထမ်းလာရတဲ့ ဆန်နဲ့ ဂျုံတွေကလည်း တကယ်ကို အလေးကြီးပဲ”

“ဒီဝက်သား ကျင်းနှစ်ဆယ်ကလည်း မပေါ့ဘူး၊ သယ်လာရတာ ခါးတွေနာပြီး တစ်ကိုယ်လုံးကို ကိုက်ခဲနေတာပဲ”

ဝူယွီလန်၏ပါးစပ်မှ စကားတစ်ခွန်းထွက်လာတိုင်း စောင့်ကြည့်နေကြသော အတင်းအဖျင်းပြောတတ်သည့် အမျိုးသမီးများ၏ မျက်နှာအမူအရာများမှာ တစ်စတစ်စ ပိုမိုပြောင်းလဲသွားကြလေသည်။

သူတို့ဘဝတွင် ဤမျှများပြားသော တင်တောင်းငွေများကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ။

သူတို့သမီးများကို အိမ်ထောင်ချပေးစဉ်က ဝက်သားတစ်တုံး၊ ဆန်၊ ဂျုံအနည်းငယ်နှင့် ငွေအချောင်းအနည်းငယ်မျှဖြင့်သာ သမီးကို ထည့်ပေးလိုက်ကြခြင်းဖြစ်သည်။

ယခု စုန့်မိသားစုက ပစ္စည်းများ အများအပြားယူဆောင်လာသည်ကို မြင်သောအခါ သူတို့အားလုံးမှာ အံ့အားသင့်ရုံသာမက မနာလိုဝန်တိုမှုများကြောင့် မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားကြတော့သည်။

ယခုအချိန်အထိ ဝူယွီလန်မှာ ပစ္စည်းများကို ထုတ်ယူနေဆဲပင်။

“ဒီမှာ အထည်စနှစ်လိပ်၊ မုန့်တွေ၊ လက်ဖက်ခြောက်တွေနဲ့ တခြားဟာတွေလည်းပါသေးတယ်၊ ချန်မေရေ၊ အိမ်ထဲက လူနည်းနည်းလောက်ခေါ်ပြီး ဒီပစ္စည်းတွေသယ်ဖို့ ကူညီခိုင်းလိုက်ပါဦး”

ချန်မေမှာ အလွန်အလိုက်သိလှပေသည်။ သူမက ခြံဝင်းထဲသို့ အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။

“ကလေးတွေရဲ့အဖေ၊ မြန်မြန်ထွက်လာပြီး ပစ္စည်းတွေသယ်ဖို့ ကူညီပေးပါဦး၊ ခဲအိုက အစ်မကိုခေါ်ပြီး တင်တောင်းငွေတွေ လာဖြည့်ပေးနေတယ်”

မည်သည့်တုံ့ပြန်မှုမျှ မရရှိသောအခါ ချန်မေ အိမ်ထဲသို့ ခပ်သုတ်သုတ် ပြေးဝင်သွားလေသည်။

ထိုအချိန်တွင် ဝမ်မိသားစု၏ယောကျ်ားများမှာ အိမ်နောက်ဖေး၌ အလုပ်ရှုပ်နေကြသည်။

အပြင်ဘက်မှ ဆူညံသံများကို သဲ့သဲ့မျှ ကြားနေရသော်လည်း အမျိုးသမီးများ အတင်းပြောနေကြခြင်းသာဖြစ်မည်ဟု ထင်မှတ်ကာ အပြင်ထွက်၍ ဝင်ရောက်မပတ်သက်လိုကြပေ။

ချန်မေ အိမ်ထဲဝင်သွားပြီး အော်ပြောလိုက်သည်။

“အဖေ၊ ဘာလို့ ဒီမှာပဲရှိနေကြသေးတာလဲ”

“စုန့်မိသားစုက မြင်းလှည်းကြီးနဲ့ ရောက်လာတာ၊ အစ်မကွေ့ချင်အတွက် တင်တောင်းငွေပြန်ဖြည့်ပေးဖို့ ပစ္စည်းတွေအများကြီး သယ်လာတယ်”

ဝမ်ကျုံးမှာ သူ အကြားအာရုံ ချို့ယွင်းသွားသည်ဟုပင် ထင်မှတ်သွားသည်။

“ချန်မေ၊ မင်း ဘာပြောလိုက်တာလဲ”

သူ နားကိုကလော်ရင်း ပြနိမေးလိုက်သည်။

ချန်မေ သူမလက်ကို ပါးစပ်နားတွင်တေ့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

“ကျွန်မပြောတာက၊ ခဲအိုက အစ်မကွေ့ချင်ကိုခေါ်ပြီး တင်တောင်းငွေ ပြန်လာဖြည့်ပေးတာ၊ ပြီးတော့ ငွေအချောင်းနှစ်ဆယ်တိတိတောင် ပါလာသေးတယ်၊ မြန်မြန်ထွက်ပြီး လာကြည့်ကြပါဦးလို့”

ဝမ်ကျုံး အံ့ဩတကြီးရေရွတ်လိုက်မိသည်။

“ဘာ”

ထို့နောက် ဝမ်ကျုံးသည် လက်ထဲရှိ ပေါက်တူးကို ချလိုက်ပြီး ပခုံးပေါ်တွင် တင်ထားသော ချွေးသုတ်ပဝါဖြင့် ချွေးသုတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ဝမ်မိသားစု၏သားနှစ်ယောက်နှင့် ချွေးမအကြီး ကျန်းဖျင်ဖျင်တို့လည်း အနောက်မှ ကမန်းကတန်း လိုက်ပါလာကြသည်။

သူတို့ အပြင်သို့ ထွက်လာသည်နှင့် မြင်တွေ့လိုက်ရသည်မှာ...

‘ဝိုး၊ တကယ့်ကို ကြီးကျယ်ခမ်းနားလှတဲ့ မြင်ကွင်းပါလား’

ဝူယွီလန်ကမူ စုန့်ကျစ်ယုံ၊ ဝမ်ကွေ့ချင်၊ ကလေးလေးယောက်တို့နှင့်အတူ မြင်းလှည်းဘေးတွင် ရပ်နေသည်။

ဝူယွီလန်မှလွဲ၍ ကျန်သူများအားလုံးမှာ ပစ္စည်းများအများအပြားကို ကိုင်ဆောင်ထားကြသည်။

ဝူယွီလန်ကိုယ်တိုင်မှာမူ တောက်ပနေသော ငွေတုံးကြီးနှစ်တုံးတင်ထားသည့် ဗန်းတစ်ဗန်းကို ကိုင်ဆောင်ထားလေသည်။

စောင့်ကြည့်နေကြသော ရွာသားများအား ကြည့်လိုက်ရာ သူတို့၏မျက်လုံးများမှာ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေကြပြီး သွားရည်များပင် ကျလုမတတ်ဖြစ်နေကြသည်။

အထူးသဖြင့် အတင်းအဖျင်းပြောတတ်သော ထိုအမျိုးသမီးများမှာ မနာလိုဝန်တိုလွန်းသဖြင့် သူတို့၏မျက်လုံးများပင် နီရဲနေကြလေပြီ။

ဝူယွီလန် ပြုံး၍နှုတ်ဆက်လိုက်သည်။

“ခမည်းခမက်၊ ကျန်းမာရေးကောင်းရဲ့လား”

“ကွေ့ချင်ရဲ့တင်တောင်းငွေကို အကြွေးတင်ထားခဲ့တာ ကြာပြီဖြစ်တဲ့အတွက် တကယ်ကို အားနာမိပါတယ်၊ အခုတော့ ငွေနည်းနည်းပါးပါး စုဆောင်းမိတာနဲ့ ကလေးတွေကိုခေါ်ပြီး လာခဲ့တာပါ”

“ကွေ့ချင်ရဲ့ တင်တောင်းငွေကို အခုမှပြန်ဖြည့်ပေးတာ အချိန်မီသေးရဲ့လား”

များပြားလှသော ပစ္စည်းပုံကြီးကိုကြည့်ရင်း ဝမ်ကျုံးမှာ ခေါင်းမူးသွားသကဲ့သို့ ခံစားလိုက်ရသည်။

အရင်ကဆိုလျှင် သမီးကို အိမ်ထောင်ချပေးခဲ့စဉ် တင်တောင်းငွေတစ်ပြားတစ်ချပ်မှ မရရှိခဲ့သဖြင့် ရွာထဲတွင် သူ မျက်နှာမပြရဲခဲ့ဘဲ နောက်ကွယ်တွင်လည်း အတင်းအဖျင်း အပြောခံခဲ့ရ၏။

သို့သော် ယခုအခါတွင် ရွာသားများ၏မနာလိုဝန်တိုနေသောအကြည့်များကို မြင်တွေ့လိုက်ရသောအခါ သူ့ရင်ထဲတွင် အောင်ပွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ့ကျောပြင်ကလည်း အလိုအလျောက် မားမားမတ်မတ်ဖြစ်သွားတော့သည်။

ဝမ်ကျုံး ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။

“ဟီးဟီး၊ အချိန်မီပါတယ်၊ အချိန်မီပါတယ်”

“အပြင်မှာ ပူတယ်၊ မြန်မြန် အထဲဝင်ပြီးထိုင်ကြပါဦး၊ အထဲဝင်ပြီးထိုင်ကြပါ”

စုန့်ကျစ်ယုံ ကျန်းကျန်းမာမာဖြင့် ရပ်နေသည်ကို မြင်သောအခါ ဝမ်ကျုံးမှာ အနည်းငယ် အံ့အားသင့်သွားရသည်။

သူက ရှေ့သို့ လျှောက်သွားပြီး စုန့်ကျစ်ယုံ၏ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်၏။

“မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါသိပြီးသားပါ”

စုန့်ကျစ်ယုံ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။

“ယောက္ခထီး”

ဝမ်ကျုံး ဝမ်းသာအားရဖြင့် အားလုံးကိုဖိတ်ခေါ်လိုက်သည်။

“ကဲ၊ အားလုံး အထဲဝင်ပြီးထိုင်ကြပါ၊ အထဲဝင်ပြီးထိုင်ကြ”

“အကြီးကောင်၊ အလတ်ကောင်၊ မင်းတို့က ဘာလို့ ဒီအတိုင်း ရပ်နေကြတာလဲ၊ မြန်မြန်လာကူပေးကြလေ”

ထိုစကားကို ကြားသောအခါ ဝမ်မင်နှင့် ဝမ်ကျစ်တို့မှာ အလျင်အမြန် ရှေ့တိုးကာ ဆန်အိတ်များကို ပခုံးပေါ်ထမ်းတင်လိုက်ကြပြီး ချန်မေနှင့် ကျန်းဖျင်ဖျင်တို့ကလည်း ပစ္စည်းများကို ကူညီသယ်ဆောင်ပေးရင်း အလုပ်ရှုပ်သွားကြ၏။

ပစ္စည်းများက အလွန်များပြားလွန်းသဖြင့် ကလေးများလည်း အပြင်ထွက်ကာ ကူညီသယ်ဆောင်ပေးကြသည်။

ရွာသားများ၏မနာလိုဝန်တိုနေသော အကြည့်များအောက်တွင် မိသားစုတစ်စုလုံးက ချစ်ကြည်ရင်းနှီးစွာဖြင့် ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားကြလေသည်။

ချန်မေက ဤအမျိုးသမီးများ စောစောကပြောဆိုခဲ့သော အတင်းအဖျင်းစကားများကို မေ့ပျောက်သွားခြင်းမရှိသေးပေ။

ပစ္စည်းများကို ချထားပြီးနောက် သူမ ခြံဝင်းတံခါးဝသို့ ရောက်လာခဲ့သည်။

ချန်မေ လှောင်ပြောင်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။

“အဒေါ်တို့၊ ကျွန်မ အဒေါ်တို့နဲ့ စကားဆက်မပြောနေတော့ဘူးနော်၊ အစ်မနဲ့ ခဲအိုကို ကောင်းကောင်းဧည့်ခံဖို့ ထမင်းချက်ရဦးမယ်”

“အို၊ ဒီမြင်းကိုလည်း ကျွေးဖို့ မြက်နည်းနည်းပါးပါးရှာရဦးမယ်”

“အို၊ ကျွန်မယောင်းမ ကွေ့ချင်ကတော့ တကယ်ကို ဒုက္ခပေးတာပဲ၊ အိမ်ပြန်လာတာကို ပစ္စည်းတွေအများကြီး သယ်လာရတယ်လို့၊ ကျွန်မ အိမ်ထဲသယ်ရတာ လက်တွေတောင်ညောင်းနေပြီ”

“အဒေါ်တို့ကို တကယ်ကို အားကျမိပါတယ်၊ အဒေါ်တို့မှာ ဒီလိုစိတ်ညစ်စရာတွေမှမရှိတာ၊ ကျွန်မကို ကြည့်ပါဦး၊ ပစ္စည်းတွေသယ်ရတာ လက်တွေတောင် ပွန်းပြီး နီရဲနေပြီ”

အဘွားကြီးတစ်ဦးက စုန့်မိသားစုယူဆောင်လာသော ပစ္စည်းများကို တွေးမိပြီး မျက်လုံးလှန်ကာ ပြောလိုက်သည်။

“ချန်မေ၊ ငါက အားနေတာဆိုတော့ နင့်ကို ထမင်းဟင်းချက်တာတို့ ဘာတို့ လာကူပေးမယ်လေ”

ထိုသို့ပြောရင်း သူမ အထဲဝင်ရန် ခြေလှမ်းပြင်လိုက်သည်။

All Chapters