အခန်း ၁၂၃
Vol. 13 Ch. 123
🍅 Chapter 123
ချန်မေမှာ အကင်းပါးလှသဖြင့် ချက်ချင်းပင် တားဆီးလိုက်၏။
“အဘွားလျို၊ အဲဒါ မလိုပါဘူး၊ ကျွန်မတို့အိမ်မှာ လူလုံလောက်ပါတယ်၊ အဘွားက အိမ်ပြန်ပြီးသာ ကောင်းကောင်းအနားယူလိုက်ပါ”
ဤအဘွားကြီးလျိုမှာ အကျိုးအမြတ်ရှိနိုင်သည်ကို မြင်သဖြင့် သူတို့အိမ်ထဲသို့ ခိုးဝင်ကာ အခွင့်ကောင်းယူရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သူမ သိနေလေ၏။
“ကောင်းပါပြီ၊ အဒေါ်တို့နဲ့ စကားမပြောတော့ဘူး၊ ကျွန်မ အလုပ်လုပ်ရဦးမယ်”
စကားပြောပြီးသည်နှင့် ချန်မေ ခြံဝင်းတံခါးကို ဝုန်းခနဲပိတ်လိုက်ကာ လူတိုင်း၏မြင်ကွင်းကို ဖြတ်တောက်လိုက်တော့သည်။
အဘွားကြီးကမူ တင်းကျပ်စွာပိတ်သွားသော တံခါးကိုကြည့်ကာ မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်၏။
“ဖူး၊ သူတို့က ဘာလို့ ဒီလောက်တောင် အထက်စီးဆန်ချင်နေတာလဲ၊ တင်တောင်းငွေကို အခုမှ လာဖြည့်ပေးတာက… အရင်တုန်းက ဘာတွေများ လုပ်နေခဲ့လို့လဲ”
“အဲဒီ ပစ္စည်းနည်းနည်းလေးနဲ့များ ဘယ်သူက ဂရုစိုက်မှာလဲ”
အခြားတစ်ယောက်က ဝင်ပြောလိုက်လေသည်။
“အဲဒါ နည်းနည်းလေးမဟုတ်ဘူး၊ ငါ ခုနက သေချာမြင်လိုက်တယ်၊ အဲဒီထမ်းပိုးနဲ့ထမ်းထားရတဲ့ ဆန်နဲ့ ဂျုံက အနည်းဆုံး ခြောက်ဆယ်ကတ်တီလောက်ရှိမယ်”
“ပြီးတော့ အဲဒီကြက်နှစ်ကောင်၊ ဘဲနှစ်ကောင်၊ အထည်စတွေ၊ အဝတ်အစားတွေ၊ ကျစ်ကျစ်…. အဲဒါတွေက ငွေတော်တော်များများ ကုန်ကျမှာသေချာတယ်”
“ဟုတ်တယ်၊ တင်တောင်းငွေအတွက်တင် ငွေအချောင်းနှစ်ဆယ်တဲ့၊ သူတို့က တကယ်ကိုရက်ရောတာပဲ”
“အရင်ကတော့ ဝမ်ကွေ့ချင် မျက်ကန်းတာလို့ ငါတို့ ပြောခဲ့ကြတာ၊ အခုတော့ စုန့်မိသားစုက တကယ်ကြီးပွားနေပြီ၊ အုတ်ပြားနဲ့ အုပ်ကြွပ်မိုးအိမ်တောင် ဆောက်နိုင်နေပြီ၊ ပြီးတော့ တစ်ခါတည်းနဲ့ တင်တောင်းငွေ ငွေချောင်းနှစ်ဆယ်တောင် ပေးနိုင်တာ၊ ကျစ်ကျစ်…. ကြည့်ရတာ ဝမ်ကွေ့ချင်က မျက်စိကန်းနေတာမဟုတ်ဘူး၊ သူ ရတနာသိုက်ကို ရှာတွေ့သွားတာပဲ”
“ဟုတ်တယ်၊ စုန့်မိသားစု ဒီလိုကြီးပွားလာမယ်မှန်းသိရင် ငါ့ သမီးကို သူတို့ဆီ ပေးစားခဲ့မှာပေါ့”
“အို၊ တော်စမ်းပါ၊ နင့်သမီးကို တင်တောင်းငွေမပေးဘူးဆိုရင်တောင် သူတို့ဆီ ပေးစားမှာတဲ့လား”
“ဟုတ်တယ်၊ ကွေ့ချင်က ရိုးအလွန်းလို့သာ… ပြီးတော့ လီမိသားစုတစ်ခုလုံးကလည်း သဘောကောင်းကြလို့၊ အဲဒီလိုမှမဟုတ်ရင် ဒီနေ့လိုအခြေအနေမျိုး ဘယ်လိုလုပ် ရှိလာမှာလဲ၊ ဒါက ကောင်းချီးပေးခံရတာပဲ”
အခြားတစ်ယောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ဖွီး၊ ဘာကောင်းချီးပေးခံရတာလဲ၊ ပစ္စည်းနည်းနည်းပါးပါး ယူလာတာလေးကို၊ ဘယ်အချိန် ပြန်ယူသွားမလဲဆိုတာ ဘယ်သူသိမှာလဲ”
“ဟုတ်တယ်၊ ဟန်ပြသက်သက် ယူလာတာလည်း ဖြစ်နိုင်တာပဲ၊ ခဏနေရင် ပြန်ယူသွားရင် ယူသွားကြမှာပေါ့”
အခြားတစ်ဦးက ပြန်လည်ချေပလိုက်သည်။
“ကျစ်ကျစ်၊ ဒါဆို နင်လည်း အဲဒီလိုဟန်ပြပါလား၊ ငါ သေချာမြင်လိုက်တယ်၊ ကွေ့ချင်က ဝဖြိုးလာပြီး ပိုလည်းဖြူလာတယ်၊ သူဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ချည်သားတွေချည်းပဲ၊ ခေါင်းမှာလည်း ငွေဆံထိုး ပန်ထားသေးတယ်”
“ကျစ်ကျစ်၊ နေ့တိုင်း ဖွဲနုနဲ့ တောဟင်းရွက်တွေ စားနေရရင် သူ ဘယ်လိုလုပ်ဝလာနိုင်မှာလဲ”
“ဝန်ခံလိုက်စမ်းပါ၊ ကွေ့ချင် တကယ်ပဲ အခက်အခဲတွေကိုကျော်ဖြတ်ပြီး အခုဆို ကောင်းမွန်တဲ့ဘဝကို ရရှိနေပြီဆိုတာ”
……
အိမ်ထဲတွင်မူ
“ခမည်းခမက်၊ ရေသောက်ပါဦး”
အဒေါ်လီ ဝူယွီလန်အတွက် ရေကို တက်ကြွစွာခပ်ပေးလိုက်သည်။
ဝူယွီလန် ဗန်းကို သူမထံသို့ တွန်းပို့ပေးလိုက်၏။
“ခမည်းခမက်၊ အဲဒီအလုပ်တွေကို ခဏလောက် ရပ်ထားပါအုံး၊ ကွေ့ချင်အတွက် ဒီတင်တောင်းငွေတွေကို သိမ်းထားပေးပါ”
ငွေတုံးကြီးနှစ်တုံးကို ကြည့်ရင်း အဒေါ်လီ ခေါင်းခါလိုက်သည်။
“ဒါက အရမ်းများလွန်းတယ်၊ ခမည်းခမက်အတွက်လည်း မလွယ်ပါဘူး၊ သဘောတရားအရ နည်းနည်းပါးပါးပေးရင်ကို လုံလောက်နေပါပြီ”
တကယ်တမ်းတွင် သူတို့က အများကြီးမလိုချင်ကြပေ။
စုန့်မိသားစုက သူတို့သမီးအပေါ် ပိုမိုတန်ဖိုးထားစေရန်နှင့် သူတို့သမီး၏ဘဝ ပိုမိုကောင်းမွန်စေရန်သာ ဆန္ဒရှိကြ၏။
စုန့်မိသားစုတွင် သူတို့၏သမီး အနှိမ်ခံရမည်ကို မလိုလားကြပေ။
ယခုအခါ သမီးဖြစ်သူက စုန့်မိသားစုတွင် အတော်လေး ကောင်းမွန်စွာနေထိုင်နေရပြီး ဂရုတစိုက် ပြုစုစောင့်ရှောက်ခံရပုံရကာ ပိုမိုဝဖြိုးလာသည်ကို မြင်တွေ့ရသဖြင့် သူတို့မှာ စိတ်အေးသွားရလေပြီ။
ဝူယွီလန် နူးညံ့စွာပြောလိုက်သည်။
“ခမည်းခမက်၊ ဒီကိစ္စကို ဆယ်နှစ်ကျော်ကြာအောင် အကြွေးတင်ထားခဲ့တာ ကျွန်မတို့ဘက်က တကယ်ကို မှားခဲ့တာပါ၊ အခု ကျွန်မတို့ အခြေအနေပိုကောင်းလာပြီဆိုတော့ ကွေ့ချင်ကို အကောင်းဆုံးတွေပဲပေးချင်လို့၊ ဒီငွေတွေကို ရက်ရက်ရောရောပဲ လက်ခံပေးပါ”
အဒေါ်လီမှာ ငြင်းဆန်၍မရတော့သဖြင့် လက်လှမ်းကာ ငွေတုံးတစ်တုံးကိုသာ ယူလိုက်သည်။
“ဒါဆို ကျွန်မ၊ ကျွန်မ ဒါကို လောလောဆယ်သိမ်းထားလိုက်ပါ့မယ်၊ တကယ်လို့ ခမည်းခမက် အရေးပေါ်လိုအပ်လာရင် ပြန်လာယူလို့ရပါတယ်”
ငွေဆယ်ချောင်းဆိုသည်မှာ သေးငယ်သောပမာဏမဟုတ်ပေ။ ခြိုးခြံချွေတာစွာ သုံးစွဲမည်ဆိုပါက မိသားစုတစ်စု၏ နှစ်နှစ် သုံးနှစ်စာ နေထိုင်စားသောက်စရိတ်ကိုပင် ကာမိနိုင်ပေသည်။
“အဲဒီလို မလုပ်ပါနဲ့ ခမည်းခမက်၊ ဒါ ကွေ့ချင်ကို ကျွန်မတို့ပေးတာပါ၊ သူ့အတွက် ကျွန်မတို့ရဲ့စေတနာပါ၊ ဘယ်လိုသုံးချင်လဲဆိုတာကတော့ ခမည်းခမက်တို့ရဲ့သဘောပါပဲ”
ထိုသို့ပြောရင်း ဝူယွီလန် နောက်ထပ်ငွေတုံးတစ်တုံးကိုပါ ထိုးပေးလိုက်သည်။
“သေချာသိမ်းထားပါ”
ဝူယွီလန်၏ပြတ်သားသောသဘောထားကို မြင်သောအခါ အဒေါ်လီမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ လက်ခံလိုက်ရသည်။
နောက်မှ သမီးဖြစ်သူ ကိုယ်ပိုင်အသုံးစရိတ်အဖြစ် သုံးစွဲနိုင်ရန် အနည်းငယ်ပြန်ပေးမည်ဟု တွေးထားလိုက်၏။
“ဒါဆိုရင် ကျွန်မ အခုလောလောဆယ် လက်ခံထားလိုက်ပါ့မယ်”
“ဒါပေါ့၊ ခမည်းခမက်ရယ်၊ ကွေ့ချင်က သိပ်ကိုကြိုးစားပြီး မိဘကျေးဇူးသိတတ်တဲ့ ကလေးပါ၊ ကျွန်မ တကယ်ကို သူ့ကိုချစ်ပါတယ်၊ ဒီလို ကလေးကောင်းလေး ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရတာ ခမည်းခမက်အတွက် တကယ်ကို ပင်ပန်းခဲ့မှာပါ၊ ဒီငွေလေးလောက်ကိုတော့ ခေါင်းထဲမထည့်ပါနဲ့၊ ငွေတစ်ထောင်ဆိုရင်တောင် များတယ်လို့မခံစားရဘူး”
ယောက္ခမဖြစ်သူက မိမိအား ဤမျှလောက်အထိ ချီးမွမ်းနေသည်ကိုကြားသောအခါ ဝမ်ကွေ့ချင်မှာ အနည်းငယ် ရှက်ရွံ့သွား၏။
သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ရင်ထဲ၌ ဂုဏ်ယူမှုများလည်း ပြည့်လျှံလာတော့သည်။
‘အမေ ကြည့်ပါဦး၊ အမေ့သမီးက အမေ့ကို မျက်နှာမငယ်စေခဲ့ပါဘူး'
ထိုစကားကို ကြားသောအခါ အဒေါ်လီ၏အပြုံးက ပိုမိုနူးညံ့သွားသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင်… ခမည်းခမက်ရယ်၊ ကျွန်မရဲ့ ဒီသမီးလေးက ရိုးသားပြီး အလုပ်ကြိုးစားပါတယ်၊
သူ့ကို တစ်ဆလောက် ကောင်းကောင်းဆက်ဆံပေးရင် သူက သုံးဆလောက် ပြန်ပြီးကျေးဇူးဆပ်ပါလိမ့်မယ်၊ သူ့ကို ဒီလိုဆက်ဆံပေးတဲ့အတွက် ခမည်းခမက် ဘယ်တော့မှ နစ်နာမှာမဟုတ်ပါဘူး”
“ဟုတ်ပါတယ်၊ ကွေ့ချင်က သိပ်ကို မိဘကျေးဇူးသိတတ်တာ၊ အိမ်တွင်းအိမ်ပြင် ကိစ္စအဝဝကို အစစအရာရာ သပ်သပ်ရပ်ရပ်ဖြစ်အောင် စီမံခန့်ခွဲနိုင်တယ်၊ သူနဲ့ အိမ်ထောင်ကျတာက ကျွန်မသားအကြီးဆုံးအတွက် ကောင်းချီးပါပဲ”
ထိုစကားကို ကြားသောအခါ စုန့်ကျစ်ယုံ တိတ်တဆိတ်လက်လှမ်းကာ ဇနီးဖြစ်သူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
သူတို့ လင်မယားသက်တမ်း ကြာနေပြီဖြစ်သော်လည်း လူအများရှေ့တွင် ဤသို့ ခိုး၍လက်ဆုပ်ကိုင်ခံရခြင်းက ဝမ်ကွေ့ချင်၏မျက်နှာကို နီမြန်းသွားစေပြီး ရင်ခုန်မြန်သွားစေဆဲပင်။
ဝူယွီလန်နှင့် အဒေါ်လီတို့မှာ ဟိုအကြောင်းဒီအကြောင်း စကားစမြည်ပြောဆိုနေကြရင်း နှစ်အိမ်ထောင်ကြားရှိ အတိတ်က အငြိုးအာဃာတများမှာ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။
မကြာမီမှာပင် သူတို့က ဆက်ဆံရေးကောင်းမွန်သော ခမည်းခမက်များ ဖြစ်သွားကြလေပြီ။
ဝူယွီလန် ရက်ရောသောကြောင့် အဒေါ်လီကလည်း တွန့်တိုမနေပေ။
နေ့လယ်စာအတွက် သူမက ချက်ချင်းပင် ကြက်တစ်ကောင်ကို ဖမ်း၍သတ်လိုက်ပြီး ဒုတိယချွေးမကို ငါးကြီးကြီးတစ်ကောင် ဝယ်ခိုင်းကာ ဝက်သားနှစ်ကျင်းကိုလည်း ဝယ်ယူစေသည်။
ဝမ်ကျုံးလည်း သူ့ထုံးစံနှင့်မတူဘဲ မြေးဖြစ်သူကို ရွာထိပ်သို့ စပါးအရက်နှစ်ကျင်း သွားဝယ်ခိုင်းလိုက်ပြီး စုန့်ကျစ်ယုံနှင့်အတူ ကောင်းကောင်းသောက်ချင်သည်ဟု ကြေညာလိုက်သည်။
“ခမည်းခမက်၊ အိမ်မှာ ဟင်းတွေသိပ်မများဘူး၊ ရိုးရိုးရှင်းရှင်းလေးတွေပဲ ချက်ထားလိုက်တာ၊ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်”
အဒေါ်လီ ယဉ်ကျေးစွာ ပြောလိုက်သည်။