← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

🍅 Chapter 124

စားပွဲပေါ်ရှိ ခမ်းနားသော ထမင်းဟင်းများကိုကြည့်ရင်း ဝမ်မိသားစုက သူတို့အပေါ် မည်မျှအလေးထားကြောင်း ဝူယွီလန် ခံစားလိုက်ရသည်။

“ဘာတွေပြောနေတာလဲ ခမည်းခမက်ရယ်၊ ငါးတွေရော၊ အသားတွေရော ပါတဲ့အပြင် ကြက်တစ်ကောင်ကိုတောင် တကူးတက သတ်ထားသေးတယ်၊

ကျွန်မတို့ဆို တစ်နှစ်နေလို့တစ်ခါတောင် ဒီလောက်မစားရပါဘူး၊ တကယ်ကို ခမ်းနားလွန်းပါတယ်၊ ခမည်းခမက် တော်တော်လေး အကုန်အကျများသွားပြီ”

အခြားစားပွဲတစ်လုံးတွင် ဝမ်ကျုံးကမူ စုန့်ကျစ်ယုံအတွက် အရက်တစ်ခွက်ကို ကိုယ်တိုင်ငှဲ့ပေးလိုက်သည်။

“ယောက္ခထီး၊ ကျွန်တော်ပဲလုပ်ပါ့မယ်၊ ကျွန်တော်ပဲလုပ်ပါ့မယ်”

စုန့်ကျစ်ယုံက အရက်အိုးကို ကမန်းကတန်း လှမ်းယူလိုက်ပြီး ဝမ်ကျုံးအပြင် ဝမ်မင်နှင့် ဝမ်ကျစ်တို့အတွက်ပါ တစ်ခွက်စီငှဲ့ပေးလိုက်သည်။

“ကျစ်ယုံ၊ မင်းလည်းသိပါတယ်၊ အဲဒီတုန်းက ဒီကောင်မလေးကွေ့ချင်က မင်းမှ မင်း ဖြစ်နေခဲ့တာ၊ အဖေ တစ်ယောက်အနေနဲ့ ငါလည်း သူ့ဆန္ဒကို လိုက်လျောပြီး မင်းနဲ့ သဘောတူလိုက်ရတာပဲ”

“ဒါပေမဲ့ မင်းက သူ့ကို ဝမ်းဝအောင်တောင်မကျွေးနိုင်တဲ့အထိ ဆင်းရဲဒုက္ခတွေရောက်စေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ယောက္ခထီး၏စကားကို နားထောင်ရင်း စုန့်ကျစ်ယုံမှာ ကိုယ့်ကိုကိုယ် အလွန်အမင်းအပြစ်တင်မိသွားသည်။

“ယောက္ခထီး၊ သမက်ဖြစ်တဲ့ကျွန်တော်က အသုံးမကျခဲ့တာပါ၊ အရင်တုန်းက ကျွန်တော် တကယ်ကို သတ္တိနည်းခဲ့မိတယ်၊ ဒါပေမဲ့ နောက်ဆို အဲဒီလိုမဖြစ်စေရပါဘူး”

“ကျွန်တော့်ကိုယုံပါ၊ အခုကစပြီး ကွေ့ချင်ကို ကောင်းကောင်းစားရ၊ နွေးနွေးထွေးထွေးဝတ်ရအောင် ထားပါ့မယ်၊ သူ ဘယ်တော့မှ အငတ်မခံရစေရဘူး၊ အအေးပတ်ခံစရာလည်း မလိုတော့ပါဘူး”

ဝမ်ကျုံး စုန့်ကျစ်ယုံ၏သဘောထားကို ကြားသိလို၍သာ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်၏။

ထိုစကားကို ကြားသောအခါ သူ ခေါင်းညိတ်လိုက်သည်။

“မင်းဆီက အဲဒီစကားတွေကြားရတော့ ငါ စိတ်အေးသွားပါပြီ၊ အခု မင်းတို့ဘဝတွေ တိုးတက်လာပြီဆိုပေမဲ့ မိသားစုအတွက် အရေးပေါ်အသုံးစရိတ်လေးတော့ စုဆောင်းထားရမယ်နော်”

“ဒီမှာ မင်းအတွက် အများကြီးမထောက်ပံ့ပေးနိုင်ပေမဲ့ မင်းတို့ ပြန်လာတဲ့အခါတိုင်း မင်းတို့အတွက် စားစရာ တစ်လုတ်တစ်ဆုပ်တော့ အမြဲရှိနေမှာပါ”

စုန့်ကျစ်ယုံ သေချာနားထောင်နေခဲ့ပြီး လေးနက်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“ကျွန်တော်သိပါပြီ ယောက္ခထီး၊ သေချာစီစဉ်လိုက်ပါ့မယ်၊ လတ်တလော ကျွန်တော် အမဲလိုက်ထွက်နေတယ်၊ တောကောင်တွေ ရောင်းလို့ရတဲ့ငွေထဲက တစ်စိတ်တစ်ပိုင်းကို ကွေ့ချင်ကို သိမ်းထားခိုင်းပါ့မယ်”

“အင်း၊ မင်းက ရိုးသားတဲ့ကလေးပဲ၊ ပြောထားပြီးသားကိစ္စတွေကို မင်းလုပ်မယ်ဆိုတာ ယုံကြည်ပါတယ်”

“နောင်ကျရင် အားတဲ့အခါ ခဏခဏအလည်လာပါလား၊ ငါ့မှာ ဒီသမီးတစ်ယောက်တည်း ရှိတာဆိုတော့ သူ့ကိုသိပ်ချစ်တာပေါ့”

“ဟုတ်ကဲ့ပါ၊ နောင်ကျရင် ကွေ့ချင်နဲ့ ကလေးတွေကိုခေါ်ပြီး ယောက္ခထီးတို့ဆီ ခဏခဏအလည်ပြန်လာပါ့မယ်”

သူတို့နှစ်ဦးမှာ တစ်ခွက်ပြီးတစ်ခွက်သောက်ကြရင်း မကြာမီမှာပင် မျက်နှာများ နီမြန်းလာကြတော့သည်။

အနည်းငယ် မူးယစ်သွားပြီးနောက် အရက်အရှိန်ပြေစေရန် ဝမ်မိသားစုတွင် အချိန်အတန်ကြာ အနားယူလိုက်ကြပြီး နေ့လယ်ပိုင်းတွင် ဂျုံလက်ဖက်ရည်အနည်းငယ် သောက်ပြီးနောက်မှသာ အားလုံး အိမ်သို့ပြန်လာခဲ့ကြ၏။

အိမ်အပြန်လမ်းတွင် ဝမ်ကွေ့ချင်မှာ သူမ ရင်ဘတ်ထဲမှ ငွေဆယ့်ငါးချောင်းကို ထုတ်ပေးချင်စိတ်များ တားဆီး၍မရနိုင်အောင် ဖြစ်နေတော့သည်။

“အမေ၊ ဒါကို ကျွန်မ အမေက ကျွန်မကိုပေးပြီး ကိုယ်တိုင်သိမ်းထားဖို့ ပြောလိုက်တာပါ၊ ဒါပေမဲ့ ကျွန်မလက်ထဲမှာ ထားဖို့မသင့်တော်ဘူး၊ အမေပဲ သိမ်းထားလိုက်ပါ”

ဝူယွီလန် တစ်ချက်စိုက်ကြည့်လိုက်၏။

“သူက နင့်ကို ပေးတာဆိုတော့ နင့်ဘာသာ နင်ပဲ သိမ်းထားလိုက်ပါ၊ သေချာလေးဝှက်ထား”

ဝမ်ကွေ့ချင် ခေါင်းခါလိုက်သည်။

“အမေ၊ အိမ်မှာ ငွေလိုတဲ့နေရာတွေ အများကြီးရှိသေးတာပဲ၊ အမေပဲ သိမ်းထားလိုက်ပါ၊ ပြီးခဲ့တဲ့တစ်ခေါက် အမေပေးထားတဲ့အထဲက ငွေခြောက်ချောင်း၊ ခုနစ်ချောင်းတောင် ကျွန်မဆီမှာ ရှိသေးတယ်လေ”

“ငါက နင့်ကို သိမ်းထားဆို သိမ်းထားလိုက်၊ မိသားစုက ပိုက်ဆံပြတ်သွားရင် အဲဒီအချိန်ကျမှ နင့်ဆီက လာတောင်းလို့လည်း နောက်မကျပါဘူး”

ထိုစကားကို ကြားသောအခါ ဝမ်ကွေ့ချင်မှာ အခြားရွေးချယ်စရာမရှိတော့ဘဲ ငွေများကို သူမကိုယ်တိုင်ပင် သိမ်းဆည်းလိုက်ရသည်။

ရင်ဘတ်ထဲရှိ ငွေများက အေးစက်နေသော်လည်း သူမ၏ရင်ထဲတွင်မူ ယခင်ကထက် ပိုမိုနွေးထွေးနေလေသည်။

ယနေ့တစ်နေ့လုံး အဖြစ်အပျက်များကို ပြန်လည်တွေးတောကြည့်လိုက်သောအခါ ဝမ်ကွေ့ချင်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရ၏။

သူမ၏ယောက္ခမက သူမအတွက် တင်တောင်းငွေအဖြစ် ငွေချောင်းနှစ်ဆယ်ကို ပြန်လည်ဖြည့်ဆည်းပေးခဲ့ရုံသာမက သူမ မိဘအိမ်သို့ယူသွားရန် ပစ္စည်းများကိုပါ အများအပြား ဝယ်ယူပေးခဲ့သည်။

ယခင်ကဆိုလျှင် ထိုကဲ့သို့သောအရာမျိုးကို သူမ အိပ်မက်ပင် မက်ဝံ့ခဲ့ပေ။

သို့သော် သူမ၏ယောက္ခမက ထိုအရာများကို အမှန်တကယ်ပင် လုပ်ဆောင်ပေးခဲ့လေပြီ။

“အမေ၊ ကျွန်မအပေါ် ဘာလို့ ဒီလောက်ကောင်းရတာလဲ”

ဝူယွီလန် ရိုးအလှသော ဤချွေးမလေးကို ကြည့်ကာ ပြုံးလိုက်ပြီး သူမ နဖူးအား လှမ်းတောက်လိုက်သည်။

“နင်က ငါ့ချွေးမလေ၊ ငါက နင့်အပေါ်မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ”

ဝမ်ကွေ့ချင် ယောက္ခမဖြစ်သူ တောက်လိုက်သောနဖူးကို ပွတ်သပ်ကာ အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်လေ၏။

“ဟီးဟီး၊ အမေ၊ နောင်ကျရင် ကျွန်မ အမေ့ကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”

“အင်း၊ ငါ နင့်ကို ပြောစရာတစ်ခုရှိသေးတယ်၊ အရင်က နင့်ရဲ့ ယောင်းမတွေလည်း တင်တောင်းငွေ သိပ်မရခဲ့ကြဘူးလေ၊ နင့်ကို ပြန်ဖြည့်ပေးလိုက်ပြီးပြီဆိုတော့ သူတို့အတွက်လည်း ငါ ပြန်ဖြည့်ပေးရမယ်”

ထိုစကားကို ကြားသောအခါ ဝမ်ကွေ့ချင် ရင်ဘတ်ထဲမှငွေများကို ထုတ်ယူရန်ပြင်လိုက်သည်။

“အမေ၊ ဒီငွေတွေယူပြီး သူတို့ကိုပေးလိုက်ပါ”

“မလိုပါဘူး၊ ငါ့မှာ ငွေရှိပါတယ်၊ နင့်ငွေကိုသာ စိတ်အေးအေးထားပြီး သိမ်းထားလိုက်”

“နင့် စိတ်ထဲမှာ တစ်မျိုးထင်သွားမှာစိုးလို့ အမေက ကြိုပြောပြတာပါ”

ဝမ်ကွေ့ချင် ခေါင်းကုတ်လိုက်မိသည်။

“အမေရယ်၊ ဒါတွေအကုန်လုံးက အမေ ရှာထားတဲ့ငွေတွေလေ၊ အမေ ပေးချင်တဲ့သူကို ပေးတာ သဘာဝကျပါတယ်၊ ကျွန်မတို့အားလုံးက အမေ့ကျေးဇူးနဲ့ ရပ်တည်နေရတာ၊ အမေ့ငွေတွေကို ဘယ်လိုလုပ် မျက်စိကျရက်မှာလဲ”

ဝူယွီလန် ပြုံး၍ ချွေးမအကြီး၏လက်ကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။

အိမ်ပြန်ရောက်သောအခါ ကျောက်လီကျွမ် ထမင်းဟင်းများ ပြင်ဆင်ပြီးနေလေပြီ။

“အမေ၊ ပြန်ရောက်ပြီလား”

“ဘယ်လိုလဲ၊ အကုန်လုံးအဆင်ပြေခဲ့ရဲ့လား”

ကျောက်လီကျွမ်၏မျက်လုံးထောင့်များရှိ ပင်ပန်းနွမ်းနယ်နေမှုများကို မြင်သောအခါ ဝူယွီလန် စုန့်ကျစ်ချုံးဘက်သို့ လှည့်ကြည့်လိုက်၏။

“ဘာဖြစ်လို့လဲ၊ နင့် မိန်းမကို အနိုင်ကျင့်ထားပြန်ပြီလား”

စုန့်ကျစ်ချုံး ကမန်းကတန်း ခေါင်းခါပြလိုက်သည်။

“ကိုယ့်မိန်းမကိုယ် အနိုင်ကျင့်ရက်ပါ့မလား၊ အဲဒီ ဘွားတော်ကြီးဖန်လေ၊ သူ ထပ်လာပြီး သူ့ရဲ့မျောက်မလိုသမီးကိုပါ ခေါ်လာလို့ စိတ်ညစ်နေရတာ”

“အဲဒါ နင် ဘာလုပ်လိုက်လဲ”

စုန့်ကျစ်ချုံးက ပခုံးတွန့်လိုက်သည်။

“ဘာလုပ်ရမှာလဲ၊ သဘာဝကျကျပဲ သူတို့ကို မောင်းထုတ်လိုက်တာပေါ့”

ထိုစကားကို ကြားသောအခါ ဝူယွီလန် နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းတယ်၊ အိမ်မှာပဲ အနိုင်ကျင့်ရဲတဲ့ကောင် မဟုတ်ရင် ပြီးတာပါပဲ”

‘ဒီဒုတိယသားက လုံးလုံးကြီးတုံးအနေတာတော့ မဟုတ်ဘူးပဲ၊ အနည်းဆုံးတော့ ကိုယ့်မိန်းမ ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ သူ သိနေသားပဲ'

‘မူလခန္ဓာကိုယ်ပိုင်ရှင်က အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တာဆိုတော့ ဒီကောင်လေးက ငါ့ကို အထင်လွဲပြီး လက်ပါချင်တဲ့အထိ ဒေါသထွက်ခဲ့တာကိုလည်း နားလည်ပေးလို့ရပါတယ်၊

ဒါပေမဲ့ နောင်တစ်ချိန်မှာ ငါ့ကို ထပ်ပြီးလက်ပါရဲရင်တော့ ကောင်းကောင်းဆုံးမပေးရလိမ့်မယ်၊ အဲဒီလိုမှ မရရင် သူ့ကို အိမ်ပေါ်ကနေ မောင်းချပစ်လိုက်မယ်၊ ဒီလောက်တုံးအပြီး ထုံထိုင်းနေတာကို ရန်ဖြစ်ရဲသေးတယ်'

‘ သူ့ကို ထင်းအဖြစ်သုံးရင်တောင် မီးလောင်မှာမဟုတ်ဘူး'

ထိုသို့တွေးရင်း ဝူယွီလန် စုန့်ကျစ်ချုံးကို အထင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

“ဟမ့်၊ အမေ ပြောဖို့မလိုပါဘူး၊ ကိုယ့်မိန်းမ ကိုယ် အမြတ်တနိုးကာကွယ်ရမယ်ဆိုတာ ကျွန်တော် သိပါတယ်”

All Chapters