← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

🍅 Chapter 125

ဝူယွီလန် စိတ်ပူသွားမည်ကို စိုးရိမ်သဖြင့် ကျောက်လီကျွမ်က အတင်းအကျပ်ပြုံးပြလိုက်သည်။

“အမေ၊ ကျွန်မ အဆင်ပြေပါတယ်”

“ငါနဲ့ လိုက်ခဲ့၊ နင့်ကို ပြောစရာရှိတယ်”

ဝူယွီလန် ပြောနေရင်းမှ အခန်းဆီသို့ အရင်လျှောက်သွားလေသည်။

အခန်းထဲသို့ရောက်ပြီး တံခါးကိုပိတ်လိုက်သောအခါ ဝူယွီလန် ငွေဆယ့်နှစ်ချောင်းကို ထုတ်ယူလိုက်၏။

“လီကျွမ်၊ နင့်မိထွေးကိစ္စကို စိတ်ထဲမထားနေနဲ့၊ မိန်းမတစ်ယောက်က ဒီဘဝမှာ ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး၊ ကိုယ့်ကိုကိုယ်ပဲ အားကိုးရတာ”

သူမက စကားပြောရင်း ငွေဆယ့်နှစ်ချောင်းကို ကျောက်လီကျွမ်၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“ဒီနေ့ ငါ နင့်ယောင်းမရဲ့ မိဘအိမ်ကိုသွားပြီး တင်တောင်းငွေအတွက် ငွေအချောင်းနှစ်ဆယ် ပြန်ဖြည့်ပေးခဲ့တယ်၊

အရင်က ကျစ်ချုံးက နင့်ကို ငွေရှစ်ချောင်းပဲပေးခဲ့တာ ငါ သိထားတယ်၊ ဒီငွေဆယ့်နှစ်ချောင်းက အဲဒါကို ပြန်ဖြည့်ပေးတာ”

“ရှင်”

ကျောက်လီကျွမ်မှာ အံ့အားသင့်သွားရလေသည်။

“တင်တောင်းငွေ ပြန်ဖြည့်ပေးတာလား”

“အင်း၊ နင့် ယောင်းမ ရတာကို နင်လည်း ရရမယ်၊ ချွေးမသုံးယောက်လုံးရဲ့ တင်တောင်းငွေက အတူတူပဲ၊ ငါ အားလုံးကို တန်းတူညီမျှဆက်ဆံပါတယ်”

“ဒီငွေတွေကို သေချာသိမ်းထား၊ နောင်တစ်ချိန်မှာ ဒါက နင့်အတွက် ကျောထောက်နောက်ခံဖြစ်လာလိမ့်မယ်”

“အမေ...”

ကျောက်လီကျွမ်၏မျက်လုံးများ နီရဲသွားသည်။

မိဘအိမ်က မပေးနိုင်ခဲ့သည့် လုံခြုံမှုခံစားချက်ကို ခင်ပွန်းဖြစ်သူ၏မိသားစုတွင် သူမ ရရှိခဲ့လေပြီ။

ဤကဲ့သို့သောယောက္ခမမျိုး ရရှိရန်အတွက် သူမ ဘယ်ဘဝကများ ကုသိုလ်ကောင်းမှုအတော်များများ ပြုခဲ့မိသနည်း။

……

ဝူယွီလန် နူးညံ့စွာ ပြုံးလိုက်သည်။

“ကောင်မစုတ်လေး၊ စိတ်အေးအေးထားပြီး လက်ခံလိုက်ပါ၊ အမေ နင့်ရဲ့ တတိယယောင်းမဆီ သွားလိုက်ဦးမယ်”

စကားပြောပြီးနောက် ဝူယွီလန် မတ်တတ်ရပ်ကာ လီရှို့ယွင်၏အခန်းဆီသို့ ခြေဦးလှည့်လိုက်လေသည်။

လီရှို့ယွင်မှာ တင်တောင်းငွေဟူ၍ တစ်ပြားတစ်ချပ်မှ မရရှိခဲ့ဖူးပေ။ အရင်က စုန့်ကျစ်ခန် တောင်ပေါ်မှ ခေါ်ဆောင်လာခဲ့စဉ်က သူမမှာ မှတ်ဉာဏ်များ ပျောက်ဆုံးနေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူမနှင့် စုန့်ကျစ်ခန်တို့ကြားတွင် သံယောဇဉ်များ တိုးပွားလာခဲ့ကြခြင်းဖြစ်သည်။

တင်တောင်းငွေမပေးရဘဲ ချွေးမတစ်ယောက် ရရှိမည်ဖြစ်ရာ မူလခန္ဓာကိုယ်ပိုင်ရှင် အဘွားကြီးမှာ သဘာဝကျစွာပင် ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်လိုသဖြင့် သူတို့နှစ်ဦးကို လက်ထပ်ပေးရန် အလောတကြီးစီစဉ်ခဲ့ခြင်းဖြစ်သည်။

လီရှို့ယွင်နှင့် လက်ထပ်ခြင်းအတွက် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ကြေးပြားတစ်ပြားမျှပင် အကုန်အကျ မခံခဲ့ရဟု ဆိုနိုင်ပေသည်။

လီရှို့ယွင် အံ့ဩတကြီး မေးလိုက်လေ၏။

“အမေ၊ ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲ”

ဝူယွီလန် ငွေအချောင်းနှစ်ဆယ်ကို ထုတ်ယူလိုက်သည်။

“ဒီနေ့ ငါ နင့်ယောင်းမရဲ့မိဘအိမ်ကိုသွားပြီး တင်တောင်းငွေအတွက် ပြန်ဖြည့်ပေးခဲ့တယ်၊ နင်တို့အားလုံးက ငါ့ချွေးမတွေပဲလေ၊ သဘာဝကျကျပဲ ငါက တစ်ယောက်ကို မျက်နှာသာပေးပြီး တစ်ယောက်ကို မျက်နှာလွှဲတာမျိုး မလုပ်နိုင်ဘူး”

လီရှို့ယွင် အကြိမ်ကြိမ်ခေါင်းခါရမ်းကာ ငြင်းဆန်လိုက်၏။

“အမေ၊ ကျစ်ခန်က ကျွန်မကို ကယ်တင်ခဲ့ပြီး ဒီအိမ်မှာ နေစရာ စားစရာပေးခဲ့တာကိုပဲ ကျွန်မ အရမ်းကျေးဇူးတင်နေပါပြီ၊ ဒီကျေးဇူးကို ဒီဘဝမှာ ဆပ်လို့ကုန်နိုင်မှာ မဟုတ်ပါဘူး၊ သူနဲ့လက်ထပ်ခဲ့တာက ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒပါ၊ တင်တောင်းငွေကိုမျှော်လင့်ပြီး လက်ထပ်ခဲ့တာ မဟုတ်ပါဘူး”

ဝူယွီလန် အတင်းအကျပ် ထည့်ပေးလိုက်သည်။

“ကဲပါ၊ ယူထားလိုက်ပါ၊ သေချာ သိမ်းထားနော်၊ နောင်တစ်ချိန်ကျရင် နင့်သမီးလေးနှစ်ယောက်အတွက် ငွေလိုတဲ့နေရာတွေ အများကြီးရှိလာဦးမှာ”

ဝူယွီလန် စကားပြောပြီးသည်နှင့် သူမ၏ကိုယ်ပိုင်အလုပ်များကို လုပ်ဆောင်ရန် အပြင်သို့ ထွက်လာခဲ့သည်။

ခြံဝင်းအတွင်း၌ ကလေးများမှာ သိချင်စိတ်ပြင်းပြစွာဖြင့် မြင်းလှည်းကို ဝိုင်းပတ်ကြည့်ရှုနေကြသည်။

စုန့်ထုန်ဟွာကမူ တက်ကြွနေသောမြင်းကိုကြည့်ရင်း မနေနိုင်ဘဲ လက်လှမ်း၍ စမ်းသပ်ကြည့်လိုက်၏။

“အဘွား၊ ဒုတိယအစ်ကို ပြောသလို ဒီမြင်းလှည်းက တကယ်ပဲ ကျွန်မတို့ဟာလား”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်၊ ငါ မနက်ခင်း ဈေးကိုသွားတုန်းက တစ်ယောက်ယောက်က ဈေးပေါပေါနဲ့ရောင်းနေတာတွေ့လို့ ဝယ်လိုက်တာ”

ဈေးပေါသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ငွေအချောင်းလေးဆယ်တိတိ ကုန်ကျခဲ့လေသည်။

မူလက သူမသည် နွားလှည်းတစ်စီး ဝယ်ရန် ရည်ရွယ်ထားခဲ့သော်လည်း နွားလှည်းမှာ နှေးကွေးပြီး လှုပ်ခါလွန်းသည့်အပြင် လုံခြုံမှုမရှိသည်ကို တွေးမိကာ မြင်းလှည်းကိုသာ ရွေးချယ်ဝယ်ယူခဲ့ခြင်းဖြစ်၏။

ထိုစကားကို ကြားသောအခါ စုန့်ထုန်ဟွာမှာ အလွန်အမင်း အံ့အားသင့်သွားရသည်။

“ဒါဆို တကယ်ပဲ ကျွန်မတို့ဟာပေါ့”

စုန့်အာ့လန်မှာ မြင်းလှည်းဝယ်ယူရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ရသဖြင့် အလွန်အမင်း ဂုဏ်ယူနေလေသည်။

“ငါ ပြောသားပဲ ဒါ ငါတို့ဟာပါလို့၊ နင်တို့ကသာ မယုံတာ၊ ငါကိုယ်တိုင် အဘွားနဲ့အတူသွားဝယ်ခဲ့တာ”

‘ဒါက မြင်းလှည်းလေ'

ရွာထဲတွင် မည်သူ့ဆီမှာမှ မရှိသကဲ့သို့ ပတ်ဝန်းကျင် ဆယ်မိုင်ပတ်လည်အတွင်းတွင် သူတို့မိသားစုနှင့် ချမ်းသာသောမြေကြီးရှင်များသာ ပိုင်ဆိုင်ကြပေသည်။

သူတို့မိသားစုပိုင်ဆိုင်ကြောင်း ကြားသိလိုက်ရသောအခါ ကလေးများမှာ ပိုမိုရဲတင်းလာကြပြီး တစ်ယောက်ပြီးတစ်ယောက် မြင်းလှည်းပေါ်သို့ တက်ထိုင်ကြည့်ရန် စိတ်အားထက်သန်နေကြသည်။

ဝူယွီလန် စမ်းကြည့်ချင်နေသော်လည်း ဝင်ရောက်ဆော့ကစားရန် ရှက်ရွံ့နေသော စုန့်ကျစ်ချုံးကို လှည့်ကြည့်လိုက်၏။

“နင်တို့ တက်ဆော့ချင်ရင်လည်း ဆော့ကြလေ”

သူမ အမိန့်ပေးလိုက်သည်။

“ဒုတိယသား၊ ဒီလာပြီး သူတို့ကိုစောင့်ကြည့်ပေးထား”

ထိုစကားကို ကြားသောအခါ စုန့်ကျစ်ချုံးမှာ ဝမ်းသာအားရဖြစ်ကာ အသံကျယ်ကျယ်ဖြင့် ပြန်ထူးလိုက်သည်။

“ဟုတ်ကဲ့ပါ အမေ”

ထိုသို့ပြောပြီးနောက် သူက ရှေ့သို့တိုးကာ မြင်းကိုပွတ်သပ်ရန် ပြင်လိုက်သည်။

ထိုမြင်းက သက်ကြီးရွယ်အိုများကို လေးစားပြီး ကလေးသူငယ်များကိုသာ ချစ်ခင်သည်လားတော့မသိပေ။

စန့်ကျစ်ချုံး လက်လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် မြင်းက နှာခေါင်းမှ လေကို ဖူးခနဲ မှုတ်ထုတ်လိုက်ပြီးနောက် စုန့်ကျစ်ချုံးအား ခြေစုံကန်ချလိုက်တော့သည်။

စုန့်ကျစ်ချုံး နာကျင်စွာ အော်ဟစ်လိုက်လေ၏။

“အာ့…”

ကလေးများ အချိန်အတော်ကြာ ပွတ်သပ်နေသည်ကို သူ မြင်တွေ့ခဲ့ရပြီး ထိုအချိန်က မြင်းမှာ အမြီးကိုသာ သိမ်မွေ့စွာယမ်းပြနေခဲ့သဖြင့် သူ့အပေါ်တွင်လည်း ထိုကဲ့သို့ ယဉ်ကျေးလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။

သို့သော် မြင်းက ဤမျှမျက်နှာသာမပေးဘဲ သူ့ကို ချက်ချင်းကန်ချလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူ ဗိုက်ကိုဖက်ကာ ညည်းတွားလိုက်သည်။

“ဒီမြင်းက ဘာလို့ ဒီလောက်တောင် လူလိုနားမလည်ရတာလဲ”

ကောင်စုတ်လေး အကန်ခံရသည်ကိုမြင်သောအခါ ဝူယွီလန်မှာ နှုတ်ခမ်းထောင့်မှအပြုံးကို မထိန်းချုပ်နိုင်တော့ပေ။

“မြင်းက လူလိုနားမလည်တာ မဟုတ်ဘူး၊ နင်က လူလိုနားမလည်တာ”

စုန့်ကျစ်ချုံး မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် မေးလိုက်၏။

“ကျွန်တော်က လူလိုနားမလည်ဘူး ဟုတ်လား၊ အမေက ကျွန်တော့်ကို ဒီတိရစ္ဆာန်နဲ့ နှိုင်းနေတာလား”

သူ့မိခင်က သူ့ကို အဘယ်ကြောင့် ဤမျှလောက်အထိ အမြင်ကတ်နေရသနည်းဟု သူ တွေးတောနေမိသည်။

ဝူယွီလန် ပြန်လည်ချေပလိုက်သည်။

“ဒီတိရစ္ဆာန်က နင့်ထက် အများကြီး ပိုပြီးလိမ္မာတယ်၊ အဲဒါက သူက နင့်ထက် လူလိုနားလည်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား”

ဝူယွီလန် စကားပြောရင်း စိတ်ဝိညာဉ်စမ်းရေတစ်ပန်းကန်လုံးကို ယူဆောင်လာကာ မြင်းအား တိုက်ကျွေးလိုက်၏။

ရေသောက်ပြီးနောက် မြင်းက ဝူယွီလန်၏လက်ကို ခပ်ဖွဖွလေး ပွတ်သပ်ကာ ကြောင်လေးတစ်ကောင်နှယ် ယဉ်ပါးသွားလေသည်။

ဝူယွီလန် မြင်းကိုရေတိုက်ပြီးနောက် သတိပေးလိုက်သည်။

“ဖြည်းဖြည်းလုပ်ပါ၊ ငါတို့အိမ်က ကလေးတွေကို မကန်နဲ့နော်”

မြင်းက နားလည်သွားသည့်အလား ခေါင်းငုံ့ပြလိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ စုန့်ကျစ်ချုံးက မြက်တစ်ဆုပ်အား ဆုပ်ကိုင်ကာ အနီးသို့ယူဆောင်သွားသည်။

“စား၊ စား၊ စားပြီးသွားရင် ငါ့စကားကို နားထောင်ရမယ်”

All Chapters