← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

🍅 Chapter 126

မြင်းက မြက်ကို တစ်ချက်နမ်းကြည့်ပြီးနောက် ခေါင်းလွှဲသွားကာ သူ့ကို လုံးဝ ဂရုမစိုက်တော့ပေ။

စုန့်ကျစ်ချုံး ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

“ဟေ့၊ လူလိုနားမလည်တဲ့ သတ္တဝါ”

စုန့်ကျစ်ချုံးမှာ ဒေါသထွက်သွားသဖြင့် မြက်များကို ဘေးသို့ လွှင့်ပစ်လိုက်ပြီး အနီးရှိ ကျောက်ကြိတ်ဆုံပေါ်သို့ ဝုန်းခနဲ ထိုင်ချလိုက်တော့သည်။

ကျောက်လီကျွမ်က မြက်များကိုကောက်ယူကာ မြင်းအား ကျွေးလိုက်ရာ ဤတစ်ကြိမ်တွင်မူ မြင်းက ပျော်ရွှင်စွာ စားသောက်နေလေသည်။

“ရှင်က တကယ်ကို တစ်မျိုးပဲ၊ တိရစ္ဆာန်တစ်ကောင်နဲ့ သွားပြီး ပြိုင်နေတယ်၊ အမေဆူတာလည်း မပြောနဲ့လေ”

စုန့်ကျစ်ချုံး ညည်းညူလိုက်သည်။

“မိန်းမ၊ ကြည့်ပါဦး၊ ဒီတိရစ္ဆာန်က ငါ့ကို သေချာပစ်မှတ်ထားနေတာ”

ကျောက်လီကျွမ် ခင်ပွန်းဖြစ်သူကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။

“နောင်ကျရင် အမေ့အပေါ် နည်းနည်းလောက် ယဉ်ကျေးပါ၊ အခု အမေက ပိုကောင်းလာပြီ၊ ကျွန်မတို့ မိသားစုတစ်ခုလုံးအတွက် တစ်နေ့ကုန် အလုပ်တွေရှုပ်နေတာ၊ အရူးတစ်ယောက်လို မလုပ်စမ်းပါနဲ့”

စုန့်ကျစ်ချုံး သူပြန်ရောက်လာပြီးကတည်းက ကုန်လွန်ခဲ့သော နေ့ရက်များကို ပြန်လည်တွေးတောကြည့်လိုက်သည်။

သူတို့၏စားသောက်မှုနှင့် ပတ်သက်သမျှကို မိခင်ဖြစ်သူကသာ စီစဉ်ပေးနေခဲ့ခြင်းဖြစ်သည်။

ထိုမျှမကသေးဘဲ မိသားစုရှိ ကလေးများအားလုံးကို ကျောင်းပို့ပေးခဲ့ပြီး ယခုအခါ အိမ်အသစ်များကိုပင် ဆောက်လုပ်နေလေပြီ။

သူ့ကိုယ် သူ ပြန်မေးကြည့်ရာ ဤအရာများကို သူ စီမံခန့်ခွဲနိုင်မည်မဟုတ်ကြောင်း ဤမျှကြီးမားသော မိသားစုကြီးကို ထောက်ပံ့ရန်နှင့် ကလေးခုနစ်ယောက်ကို ပညာသင်ကြားပေးရန် လုံလောက်သောငွေကြေးကို ရှာဖွေနိုင်မည် မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိရှိထားသည်။

သူ့မိခင်က သူနှင့် သူ့ဇနီး၊ ကလေးများအတွက် အစွမ်းကုန် ကြိုးပမ်းပေးခဲ့ပြီဖြစ်သည်။

သူမ အနေဖြင့် တစ်စုံတစ်ခုကို ပြန်လည်လိုလားခဲ့လျှင်ပင် အပြစ်ဆိုစရာမရှိပေ။

ထို့အပြင်...

စုန့်ကျစ်ချုံး သူ့အစ်ကိုကြီးစုန့်ကျစ်ယုံ၏စကားများကို ပြန်လည်အမှတ်ရသွားသည်။

‘တကယ်လို့ ငါက တကယ်ပဲ အမေ့ရဲ့သားအရင်း မဟုတ်ခဲ့ဘူးဆိုရင်…...’

သူ ပြန်ရောက်လာသည့်နေ့က သူ၏ဒေါသအလျောက် စိတ်လိုက်မာပါလုပ်ဆောင်မှုကြောင့် မိခင်ဖြစ်သူအား ထိခိုက်မိလုနီးပါး ဖြစ်ခဲ့ရသည်ကို ပြန်လည်တွေးတောမိကာ စုန့်ကျစ်ချုံး ရင်ထဲတွင် အပြစ်ရှိသလိုခံစားချက်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

ဝူယွီလန် ဟင်းခွက်များချကာ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ သူက ကမန်းကတန်းရှေ့တိုး၍ ကူညီလိုက်၏။

“အဟမ်း၊ အမေ၊ ကျွန်တော်ကူပေးပါ့မယ်”

ဝူယွီလန်လည်း အားနာမနေတော့ဘဲ အလုပ်များကို စုန့်ကျစ်ချုံးထံသို့ တိုက်ရိုက်လွှဲပြောင်းပေးလိုက်ပြီး အိမ်မကြီးထဲသို့ပြန်ဝင်ကာ လက်ဖက်ရည်တစ်အိုးဖျော်၍ ထမင်းစားချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ညစာစားပြီးနောက် ဝူယွီလန် ရေမိုးချိုးကာ သူမ၏အခန်းထဲသို့ ပြန်ဝင်လာပြီး တံခါးကိုသော့ခတ်၍ လျှို့ဝှက်သိုလှောင်ရုံထဲသို့ ဝင်ရောက်သွားလေသည်။

သူမက လက်ကျန်ငွေများကို ရေတွက်ကြည့်လိုက်ရာ ငွေချောင်း နှစ်ရာ့ခုနစ်ဆယ်ကျော် ကျန်ရှိနေသေးကြောင်း တွေ့ရှိလိုက်ရ၏။

ပြီးခဲ့သည့်အကြိမ်က ငွေဆံထိုးဒီဇိုင်းရောင်းချရာမှ ငွေအချောင်းလေးဆယ်ရရှိခဲ့ပြီး ငွေဆံထိုးများဝယ်ယူရာတွင် ငွေခြောက်ချောင်း သုံးစွဲခဲ့သည်။

အိမ်ဆောက်လုပ်ရန်အတွက် အနည်းဆုံး ငွေအချောင်းခြောက်ဆယ်ကို ဖယ်ချန်ထားခဲ့ကာ ဤရက်ပိုင်းအတွင်း ဆေးဘက်ဝင်အပင်များ ရောင်းချရာမှ ငွေဆယ်ချောင်း ရရှိခဲ့သည်။

ချွေးမသုံးယောက်အတွက် တင်တောင်းငွေပြန်ဖြည့်ပေးရာတွင် ငွေငါးဆယ့်နှစ်ချောင်း ကုန်ကျခဲ့ပြီး မြင်းလှည်းဝယ်ယူရာတွင် ငွေအချောင်းလေးဆယ်သုံးစွဲခဲ့သည်။

သေချာသည်မှာ မရေတွက်ရသေးသော သေးငယ်သည့် အထွေထွေအသုံးစရိတ်များလည်း ရှိနေသေးသည်။

သို့သော် လက်ထဲတွင် ငွေအချောင်း နှစ်ရာ့ခုနစ်ဆယ်ကျော် ရှိနေသေးရာ သူမအတွက် စိုးရိမ်ပူပန်စရာမရှိပေ။

ရည်မှန်းချက်ကြီးမားသောသူမအဖို့ ထိုငွေများကို သူမ၏မိသားစုဘဝတိုးတက်ရေးအတွက် အကျိုးရှိရှိအသုံးချနိုင်စွမ်းရှိပေသည်။

သူမ သုံးစွဲနိုင်လျှင် ပြန်လည်ရှာဖွေနိုင်စွမ်းလည်း ရှိရမည်မဟုတ်ပါလား။

သူဌေးလု၏ဇနီးမှာ အမာရွတ်ပျောက်ဆေး၏အာနိသင်ကို တွေ့မြင်ပြီးလောက်ပြီဟု သူမ တွက်ဆထားသည်။

အကယ်၍ သူဌေးလု၏ဇနီးကသာ ကူညီပေးမည်ဆိုပါက ဤအမာရွတ်ပျောက်ဆေးမှနေ၍ သူမ အနေဖြင့် ငွေအချို့ ရှာဖွေနိုင်မည်ဖြစ်သည်။

ဆုံးဖြတ်ချက်ချပြီးနောက် ဝူယွီလန် နောက်နေ့တွင် သူဌေးလု၏အိမ်သို့သွားရန်နှင့် ကံဆိုးလှသော ထိုစတုတ္ထသားကိုပါ လမ်းကြုံဝင်ရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

လျှို့ဝှက်သိုလှောင်ရုံထဲမှ ပြန်ထွက်လာပြီး အိပ်စက်ရန်ပြင်ဆင်နေစဉ် ရုတ်တရက် မိုးချိန်းသံကို သူမ ကြားလိုက်ရသည်။

ဂျိန်း

ဝူယွီလန်က စိုးရိမ်တကြီး ရေရွတ်လိုက်၏။

“ပြက္ခဒိန်အရဆိုရင် ကိုးလပိုင်းကုန်နေပြီဆိုတော့ စပါးရိတ်သိမ်းချိန်လည်းနီးနေပြီ၊ မိုးသဲကြီးမဲကြီး မရွာပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ”

ဝူယွီလန် သက်ပြင်းတစ်ချက်ချကာ ပြတင်းပေါက်အား တင်းကျပ်စွာပိတ်လိုက်ပြီး ပါးလွှာသောစောင်လေးတစ်ထည်ကိုခြုံကာ လှဲလျောင်းလိုက်သည်။

ဖောက်၊ ဖောက်...

သန်းခေါင်ယံအချိန်တွင် မိုးစတင်ရွာသွန်းလာတော့သည်။

တဖြည်းဖြည်းနှင့် မိုးရွာသွန်းမှုမှာ ပိုမိုသည်းထန်လာသည်။ ဝူယွီလန်မှာ အိပ်ချင်စိတ်များ လုံးဝပျောက်ကွယ်သွားတော့၏။

ဂျိန်း

နောက်ထပ်မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ထိုအသံနှင့်အတူတကွ ဝူယွီလန်က သစ်သားများ ကျိုးပဲ့သွားသကဲ့သို့ တိုးညင်းသောအသံများကို ကြားလိုက်ရသည်။

ဂျွတ်၊ ဂျွတ်

သူမက သေချာနားစွင့်ကြည့်လိုက်ရာ ထိုအသံမှာ အိမ်ခေါင်မိုးစွန်းမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရပြီး တစ်စုံတစ်ရာမှားယွင်းနေပြီဖြစ်ကြောင်း သူမ သဘောပေါက်သွားတော့သည်။

ဝုန်း။

………

အမိုးပြိုကျလာသည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ဝူယွီလန် လျှို့ဝှက်သိုလှောင်ရုံထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားလေသည်။

သူမ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် အခန်းတစ်ခုလုံး ဝုန်းခနဲမည်သံနှင့်အတူ ပြိုကျပျက်စီးသွားတော့သည်။

ဝုန်း

ကျယ်လောင်လှသော ထိုအသံကြီးကြောင့် မိသားစုတစ်ခုလုံး လန့်နိုးသွားကြသည်။

စုန့်ကျစ်ယုံကမူ အဝတ်အစားများကို ကမန်းကတန်းကောက်စွပ်ကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။

ဝူယွီလန်၏အခန်း ပြိုကျသွားသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာမှာ ချက်ချင်း ဖြူလျော့သွားတော့သည်။

“အမေ”

ကောင်းကင်ယံတွင် လက်သွားသော လျှပ်စီးရောင်အောက်၌ ဝူယွီလန်၏အခန်းတစ်ခုလုံး ပြိုကျပျက်စီးနေသည်ကို ဝမ်ကွေ့ချင်လည်း တွေ့မြင်လိုက်ရ၏။

“အမေ”

“အမေ့အခန်း ပြိုကျသွားပြီ”

“မြန်မြန်၊ အမေ့ကို မြန်မြန်သွားကယ်ကြ”

ဝမ်ကွေ့ချင်မှာ စိုးရိမ်တကြီး တုန်ယင်နေလျက် အပြေးအလွှားသွားရောက်ကာ ရွှံ့များနှင့် အုပ်ကြွပ်များကို အသည်းအသန် စတင်တူးဆွတော့သည်။

“အမေ၊ မကြောက်နဲ့နော်၊ သမီး အမေ့ကိုကယ်ဖို့ ရောက်နေပြီ”

ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်လီကျွမ်နှင့် အခြားသူများက ပေါက်ပြားနှစ်လက်ကို အလျင်အမြန် ယူဆောင်လာပြီး တစ်လက်အား ဝမ်ကွေ့ချင်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“ယောင်းမ ပေါက်ပြားကိုသုံး၊ ပေါက်ပြားက ပိုမြန်တယ်”

လီရှို့ယွင်ကမူ သမီးဖြစ်သူကို သေချာနေရာချထားပေးခဲ့ပြီးနောက် ရွှံ့များကို ကူညီတူးဆွရန် ကမန်းကတန်းပြေးလာခဲ့သည်။

စုန့်ကျစ်ယုံ စိတ်ကိုတည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီး အော်ဟစ်လိုက်၏။

“အိပ်မနေကြနဲ့တော့၊ အမေ့အခန်း ပြိုကျသွားပြီ၊ အမေ့ကိုကယ်ဖို့ လူတွေ မြန်မြန်သွားခေါ်ကြ”

“အာ့လန်”

“မင်း သွား၊ အဘွားကိုကယ်ဖို့ အပြင်ထွက်ပြီး လူတွေကိုသွားခေါ်ချေ၊ ရွာထဲကလူတွေအကုန်လုံးကို သွားခေါ်လာခဲ့”

ဖခင်ဖြစ်သူ စကားမဆုံးမီမှာပင် စုန့်အာ့လန် အိမ်အပြင်သို့ ပြေးထွက်သွားလေပြီ။

သူ နောက်သို့ ပြန်မကြည့်ရဲပေ။

ပြိုကျနေသော အိမ်ကို လှမ်းကြည့်လိုက်တိုင်း အပျက်အစီးများအောက်တွင် ပိမိကာ သေလုမျောပါးဖြစ်နေမည့် အဘွားဖြစ်သူ၏ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာတတ်သည်။

စုန့်အာ့လန် မျက်ရည်များကိုသုတ်ကာ ယခင်ကထက် ပိုမိုမြန်ဆန်စွာ ပြေးသွားတော့၏။

All Chapters