အခန်း ၁၂၇
Vol. 13 Ch. 127
🍅 Chapter 127
ဝူယွီလန်၏အခန်း ပြိုကျသွားသည်ကို မြင်လိုက်ရသောအခါ စုန့်ကျစ်ချုံး၏ခေါင်းတစ်ခုလုံး ခဏမျှ ဟာလာဟင်းလင်း ဖြစ်သွားရသည်။
ထို့နောက် ဝူယွီလန်နှင့်အတူ ဖြတ်သန်းခဲ့ရသော အချိန်အပိုင်းအစ မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး သူ၏မျက်လုံးများ ရုတ်တရက် နီရဲလာတော့၏။
“အမေ၊ တောင့်ထားပါဦး မသေပါနဲ့၊ သား အမေ့ကို သေချာတောင်ကျေးဇူးမဆပ်ရသေးဘူး”
“မသေပါနဲ့ အမေရယ်”
မိသားစုဝင်များအားလုံးက သည်းထန်စွာရွာသွန်းနေသောမိုးကို ဂရုမစိုက်နိုင်ကြဘဲ ခေါင်းငုံ့ကာ အစွမ်းကုန်တူးဆွနေကြသည်။
မိုးရေများက ရွှံ့နွံများ၊ မျက်ရည်များနှင့် ရောနှောသွားကာ သူတို့၏အမြင်အာရုံများကို ဝေဝါးသွားစေ၏။
အချိန်အတန်ကြာသောအခါ ရွှံ့များပေါ်တွင် တောက်ပသော သွေးစက်နီနီများပင် စွန်းထင်းလာတော့သည်။
သို့သော် မည်သူကမျှ ထိုအရာကို ဂရုမစိုက်နိုင်ကြပေ။ သူတို့၏ရင်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေသည်။
‘ပိုမြန်မြန်တူး၊ ဒီထက်ပိုပြီးမြန်မြန်တူး'
သို့သော် သူတို့ အလွန်အမင်း စိုးရိမ်ပူပန်နေကြသော ဝူယွီလန်မှာ ယခုအချိန်တွင် အိမ်အောက်၌ ပိမိနေခြင်းမဟုတ်ဘဲ အခြားတစ်နေရာသို့ ရောက်ရှိနေကြောင်းကို သူတို့မသိရှိကြပေ။
လျှို့ဝှက်သိုလှောင်ရုံထဲသို့ ဝင်ရောက်လာပြီးနောက် ဝူယွီလန်မှာ ကျန်ရစ်နေသော စိုးရိမ်ထိတ်လန့်မှုများကို ခံစားနေရဆဲပင်။
အကယ်၍ သူမသာ အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိပါက သူမ၏ အသက်အိုကြီးမှာ ထိုနေရာတွင်ပင် အဆုံးသတ်သွားနိုင်သည်မဟုတ်ပါလား။
ယခုအချိန်တွင် သူမက လျှို့ဝှက်သိုလှောင်ရုံကိုဖွင့်ရန်အတွက် ကုန်တိုက်သုံးငွေကြေးတစ်သောင်း သုံးစွဲခဲ့မိသည်ကို အလွန်ကံကောင်းသည်ဟု ခံစားနေမိသည်။
သို့မဟုတ်ပါက သူမ သေမသွားခဲ့လျှင်ပင် သေချာပေါက် ဒုက္ခိတဖြစ်သွားမည်မှာ အမှန်ပင်။
လျှို့ဝှက်သိုလှောင်ရုံထဲမှနေ၍ အပြင်ဘက်လောကမှအသံများကို ကြားနိုင်ပေသည်။
အပြင်ဘက်မှ ရူးသွပ်လုမတတ်ငိုကြွေးအော်ဟစ်နေသံများကို ကြားရသောအခါ ဝူယွီလန်၏ရင်ထဲတွင် အနည်းငယ်နာကျင်သွားသလို ခံစားလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ဤကလေးများက လိမ္မာရေးခြားရှိပြီး မိဘကျေးဇူးသိတတ်ကြကြောင်းကို နားလည်သဘောပေါက်သွားကာ သူမ ကြည်နူးစိတ်လှုပ်ရှား သွားရသည်။
ဤရက်ပိုင်းများအတွင်း သူမ၏ကြိုးပမ်းအားထုတ်မှုများအားလုံးက အလဟဿမဖြစ်ခဲ့ပေ။
မကြာမီမှာပင် စုန့်အာ့လန် ရွာသားများနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
အခြေအနေကိုမြင်သောအခါ ရွာသားများက မည်သည့်စကားမျှမဆိုကြဘဲ ပေါက်ပြားများကိုကိုင်ဆောင်ကာ လူကယ်ရန် ချက်ချင်းကူညီကြတော့သည်။
ကူညီမည့် ရွာသားများ ပိုမိုများပြားလာသည်နှင့်အမျှ အိမ်ကိုဖိမိနေသော အပျက်အစီးများမှာ တစ်စတစ်စ ရှင်းလင်းသွားတော့သည်။
အိပ်ရာအသုံးအဆောင်များ တဖြည်းဖြည်းပေါ်ထွက်လာသည်ကို မြင်သောအခါ ဝမ်ကွေ့ချင်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
“အမေ၊ ဘယ်လိုနေသေးလဲ၊ သမီးကိုပြန်ထူးပါဦး”
“အမေ”
သူမမှာ စိုးရိမ်ပူပန်နေသော်လည်း ဂရုမစိုက်ဘဲ အနည်းငယ်မျှလှုပ်ရှားလိုက်မိပါက ကျိုးပဲ့နေသော ထုပ်တန်းများက ဝူယွီလန်ကို ပိုမိုပြင်းထန်စွာ ဖိမိသွားမည်ကို စိုးရိမ်သဖြင့် လုံး၀မလှုပ်ရှားရဲပေ။
ဝူယွီလန် ပြန်လည်တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ လူတိုင်း၏ရင်အတွင်း၌ ပူထူသွားကြတော့သည်။
အိမ်ပြိုကျသွားချိန်မှစ၍ ပြန်လည်တူးဆွနိုင်သည်အထိ နာရီဝက်ခန့် အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။
အကယ်၍ သူမ ပိမိမနေခဲ့လျှင်ပင် အသက်ရှူမဝဘဲ သေဆုံးသွားနိုင်ပေသည်။
ထိုအချက်ကို သဘောပေါက်သွားသောအခါ ဝမ်ကွေ့ချင်မှာ ပိုပြာယာခတ်သွားတော့သည်။
“အမေ၊ တောင့်ထားပါဦး၊ သမီးတို့ အမေ့ကို အခုချက်ချင်းထုတ်ပေးပါ့မယ်”
တစ်ဝက်တစ်ပျက်မြုပ်နေသော ကျိုးပဲ့နေသည့်ထုပ်တန်းအား အားလုံးက တူးဖော်ပြီးစီးသွားသည်ကို မြင်သောအခါ ဝမ်ကွေ့ချင်က ထိုထုပ်တန်းကြီးကို ဖယ်ရှားရန် ကမန်းကတန်း လက်လှမ်းလိုက်၏။
ဝမ်ကွေ့ချင် မမနိုင်မည်ကို စိုးရိမ်သဖြင့် လီရှို့ယွင်က ဝင်ရောက်အကြံပေးလိုက်သည်။
“ယောင်းမ၊ ဒီထုပ်တန်းက အရမ်းလေးလွန်းတယ်၊ တခြားလူတွေကိုပဲ လုပ်ခိုင်းလိုက်ပါ”
ကျောက်လီကျွမ်ကလည်း ဝမ်ကွေ့ချင်ထုပ်တန်းကို မဖယ်ရှားနိုင်ဘဲ ယောက္ခမဖြစ်သူအား ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ထောက်ခံလိုက်သည်။
“ဟုတ်တယ်၊ အားလုံးကို ကြိုးတွေသုံးပြီးဖယ်ခိုင်းလိုက်ပါ”
ကူညီရန်ရောက်ရှိလာသော ရွာသားများကလည်း ဝမ်ကွေ့ချင်၏လုပ်ရပ်ကို သဘောမတူကြပေ။ ဤအရာက အိမ်၏ အဓိကထုပ်တန်းကြီးဖြစ်သည်။
မိုးရေများ စိုရွှဲနေသဖြင့် အနည်းဆုံး ကတ်တီတစ်ရာ နှစ်ရာခန့် အလေးချိန်ရှိမည်ဖြစ်သည်။
မိန်းမသားတစ်ယောက်က မည်သို့ဖယ်ရှားနိုင်မည်နည်း။
သို့သော် ဝမ်ကွေ့ချင်က တစ်စက္ကန့်မျှပင် ထပ်မံမဆိုင်းငံ့လိုတော့ပေ။
သူမ စောင့်ဆိုင်းနေရသောအချိန်တိုင်း ယောက္ခမဖြစ်သူမှာ ပိုမိုကြာရှည်စွာ ဖိမိနေမည်မဟုတ်ပါလား။
“ကျွန်မ ဖယ်နိုင်တယ်”
ဝမ်ကွေ့ချင်က လက်လှမ်းကာ ထုပ်တန်းကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး အံကြိတ်လျက် သူမ၏ အင်အားအားလုံးကို ထုတ်သုံးလိုက်၏။
“ဟား”
လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ သူမက ထိုထုပ်တန်းကြီးအား တည်ငြိမ်စွာ မတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ စုန့်ကျစ်ယုံမှာ အနည်းငယ်အံ့အားသင့်သွားရသည်။
‘ငါ့ဇနီးက ဘယ်အချိန်ကစပြီး ဒီလောက်တောင် အင်အားကြီးမားသွားရတာလဲ'
သို့သော် အမေ့ကို ကယ်တင်ရန်က အဓိကကိစ္စဖြစ်သဖြင့် သူက များများစားစား မတွေးတောအားတော့ဘဲ ထုပ်တန်းကိုဖယ်ရှားရန် အလျင်အမြန် ဝင်ရောက်ကူညီလိုက်သည်။
ဝမ်ကွေ့ချင် ထုပ်တန်းအား တစ်ယောက်တည်း အမှန်တကယ်ဖယ်ရှားနိုင်ခဲ့သည်ကို မြင်သောအခါ ရွာသားများအားလုံးက သူမ၏အင်အားကို တိတ်တဆိတ် အံ့သြချီးကျူးမိသွားကြသည်။
သူတို့က အချိန်မဖြုန်းတော့ဘဲ အိပ်ရာပေါ်သို့ ဖိကျနေသော ရွှံ့နံရံများကို အလျင်အမြန် ရှင်းလင်းဖယ်ရှားလိုက်ကြ၏။
အချိန်ကိုက်ဖြစ်ပြီဟု ခံစားလိုက်ရသဖြင့် ဝူယွီလန်က လျှို့ဝှက်သိုလှောင်ရုံထဲမှ ထွက်လာခဲ့သည်။
“ကယ်ကြပါဦး”
“ကယ်ကြပါဦး”
အပျက်အစီးများအောက်မှ တိုးညှင်းအားပျော့သောအသံတစ်ခု ထွက်ပေါ်လာသည်။
စုန့်အာ့လန် နားစွင့်လိုက်ပြီး အသံလာရာကို ခွဲခြားသိရှိနိုင်ရန် အစွမ်းကုန် အာရုံစိုက်လိုက်၏။
“အဘွားပဲ၊ အဘွားရဲ့အသံပဲ”
“အဘွား ဒီမှာ၊ ဒီမှာ”
ထိုစကားကို ကြားသောအခါ လူတိုင်းက စုန့်အာ့လန် ညွှန်ပြသောနေရာဆီသို့ အလျင်အမြန် တူးဆွကြတော့သည်။
“အမေ၊ မကြောက်နဲ့နော်၊ သမီးတို့ အမေ့ကိုကယ်ဖို့ ရောက်နေပြီ”
ဝမ်ကွေ့ချင် တူးရင်း တူးရင်းဖြင့် နောက်ဆုံးတွင် အဝတ်အစားတစ်ခုကို စမ်းမိသွား၏။
“အမေ”
သူမက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး အခြားသူများနှင့်အတူ ဝူယွီလန်ကို အပြင်သို့ဆွဲထုတ်ရန် ပူးပေါင်းဆောင်ရွက်လိုက်ကြသည်။
အချိန်အတော်ကြာ ပိမိနေခဲ့သဖြင့် ဝူယွီလန်၏ခန္ဓာကိုယ်နှင့် မျက်နှာတစ်ခုလုံးတွင် ရွှံ့များ၊ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေလေသည်။
သူမက မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်ပြီး အားလုံးကို တစ်ချက်လှမ်းကြည့်ကာ တဖြည်းဖြည်း သတိလစ်သွားဟန်ဆောင်လိုက်၏။
“အမေ”
ချွေးမအကြီးဆုံး၏ ငိုကြွေးအော်ဟစ်သံများက သူမနားထဲသို့ ရောက်ရှိလာသည်။
ဝူယွီလန်မှာ စိတ်လှုပ်ရှားကြည်နူးသွားရသည်။
ရိုးအေးလှသော သူမ၏ချွေးမအကြီးဆုံးမှာ ဤမိသားစုထဲတွင် သူမကို အဂရုစိုက်ဆုံးလူ ဖြစ်ပေလိမ့်မည်။
စုန့်ကျစ်ယုံ ခေါင်းလှည့်လိုက်သော်လည်း ဒုတိယညီကို မတွေ့ရသဖြင့် အံ့အားသင့်ကာ ခေတ္တရပ်တန့်သွားသည်။
“အာ့လန်၊ သမားတော်ကို သွားခေါ်ချေ”
စုန့်တာ့လန် အလျင်အမြန် ဝင်ဖြေလိုက်၏။
“ခုနက အဘွားကို ကယ်ထုတ်ပြီးကတည်းက အာ့လန်က သမားတော်ကျန်းကို သွားပင့်နေပါပြီ”
သတိလစ်နေသော ဝူယွီလန်မှာ ထိုစကားကို ကြားလိုက်ရပြီး သူမမြေး၏လျင်မြန်ပါးနပ်မှုအတွက် ထပ်မံ၍ အံ့သြချီးကျူးမိသွားရပြန်သည်။
လူကို ကယ်တင်ပြီးနောက် ကျောက်လီကျွမ်နှင့် လီရှို့ယွင်တို့က တစ်ယောက်မှာ အဝတ်အစားများသွားရှာပြီး ကျန်တစ်ယောက်က ရေနွေးကြိုရန် ထွက်သွားကြသည်။
ဝမ်ကွေ့ချင်ကမူ ပြုစုစောင့်ရှောက်ရန် အနီးတွင်ကျန်ရစ်ခဲ့သည်။
ချွေးမသုံးယောက်မှာ အလုပ်တာဝန်များကို ရှင်းလင်းစွာ ခွဲဝေယူထားကြ၏။