အခန်း ၁၂၈
Vol. 13 Ch. 128
🍅 Chapter 128
သူတို့သည် စိုရွှဲပြီး ညစ်ပေနေသော အဝတ်အစားများကို လျစ်လျူရှုထားကြ၏။
သူတို့ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိနေကြသည်။
ထိုအရာကတော့ ဝူယွီလန်ကို ကယ်တင်ရေးပင်။
စုန့်ကျစ်ယုံက ရွာသားများကို နှုတ်ဆက်လိုက်ပြီး လာရောက်ကူညီပေးခဲ့သူများအား သူ့ရင်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။
မကြာမီမှာပင် သမားတော်ကျန်းမှာ အပြေးအလွှား ရောက်ရှိလာသည်။
ခြံဝင်းအတွင်းရှိ ရှုပ်ပွနေသောအခြေအနေများကို မြင်သောအခါ သမားတော်ကျန်းမှာ အံ့အားသင့်သွားရသည်။
ဝူယွီလန် အသက်အန္တရာယ်အလွန်စိုးရိမ်ရပြီဟု သူ ခံစားလိုက်ရ၏။
နောက်ဆုံးတွင် သူမ၏အသက်အရွယ်နှင့် ဤမျှအချိန်ကြာမြင့်စွာ ပိမိနေခဲ့ခြင်းတို့ကို ထောက်ရှုလျှင် အခြေအနေမကောင်းနိုင်ပေ။
ဝူယွီလန်ကိုယ်တိုင်ကလည်း ဤမျှအချိန်ကြာမြင့်စွာ ပိမိနေခဲ့ပြီးနောက် အထိအခိုက်မရှိဘဲ လွတ်မြောက်လာခြင်းက ရှင်းပြရန်ခက်ခဲမည်ကို သိရှိထားသဖြင့် သူမက ကြိုတင်၍ ငွေအပ်များအသုံးပြုကာ သွေးကြောအချို့ကို စိုက်ထားလိုက်ပြီး အလွန်အမင်း အားနည်းနေသည့် သေလုမျောပါးအခြေအနေကို ဖန်တီးထားလိုက်၏။
ဝူယွီလန်တစ်ယောက် အသံမထွက်၊ လှုပ်ရှားမှုမရှိဘဲ ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်သောအခါ ဝမ်ကွေ့ချင်မှာ မျက်ရည်များ ကျဆင်းလာသည်ကို မထိန်းချုပ်နိုင်တော့ပေ။
“သမားတော်ကျန်း၊ နောက်ဆုံးတော့ရောက်လာပြီပဲ၊ ကျေးဇူးပြုပြီး အမေ့ကို မြန်မြန်ကြည့်ပေးပါဦး”
သမားတော်ကျန်းလည်း အချိန်မဆွဲရဲတော့ပေ။
“ကောင်းပါပြီ၊ ကျွန်တော်စစ်ဆေးကြည့်ပါ့မယ်”
သူက ဝူယွီလန်၏သွေးခုန်နှုန်းကို အလျင်အမြန် စမ်းသပ်ကြည့်ပြီးနောက် သူမ၏အသက်ရှူနှုန်းကိုပါ စစ်ဆေးလိုက်သည်။
သမားတော်ကျန်း၏ လေးနက်နေသောမျက်နှာအမူအရာကို မြင်သောအခါ လူတိုင်း၏ရင်ထဲ၌ ပူထူသွားကြတော့သည်။
ဝမ်ကွေ့ချင်က ကုတင်ဘေးတွင်စောင့်ကြပ်နေပြီး သမားတော်ကျန်း စစ်ဆေးပြီးစီးသွားသည်နှင့် သူမက ကမန်းကတန်း မေးမြန်းလိုက်လေ၏။
“သမားတော်ကျန်း၊ ကျွန်မယောက္ခမ ဘယ်လိုနေသေးလဲ”
“အခြေအနေက စိုးရိမ်ရတယ်၊ သူ အချိန်အတော်ကြာ ပိမိနေခဲ့လို့ထင်တယ်၊ အစ်မဝူရဲ့ အသက်ရှူနှုန်းက ကြိုးမျှင်လေးလို ဖြစ်နေပြီ၊ ပြီးတော့ သူ့အသက်အရွယ်ကလည်း မငယ်တော့ဘူးဆိုတော့…..”
“စိတ်မကောင်းစရာပဲ၊ အရာအားလုံးက သူကိုယ်တိုင် ဒီအခြေအနေကို ကျော်ဖြတ်နိုင်မလားဆိုတဲ့အပေါ်မှာပဲ မူတည်နေတော့တယ်”
သမားတော်ကျန်းကမူ သွေးဆုတ်နေသော ဝူယွီလန်၏မျက်နှာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
“အစ်မဝူ၊ ဒီလောက်ကြီးမားတဲ့ ဘေးအန္တရာယ်ကြီးကနေ လွတ်မြောက်လာခဲ့ပြီးရင်… နောင်ဆိုရင် သေချာပေါက် ဘေးကင်းပြီး ကြီးပွားတိုးတက်လာတော့မှာ၊ ကျွန်တော် အားဆေးတချို့ ဖော်စပ်ပေးခဲ့ပါ့မယ်၊ ခင်ဗျား တောင့်ထားမှဖြစ်မယ်နော်”
ဝမ်ကွေ့ချင် လှိုက်လှိုက်လှဲလှဲ တောင်းပန်လိုက်သည်။
“သမားတော်ကျန်း၊ ကျွန်မအမေ့ကို ကုသပေးဖို့ အကောင်းဆုံးဆေးတွေကို သုံးပေးဖို့ တောင်းဆိုပါတယ်”
သမားတော်ကျန်းက ခေါင်းညိတ်ပြလိုက်သည်။
“စိတ်ချပါ”
“ကဲ၊ ဆေးကုသစရိတ် ဘယ်လောက်ကျလဲဆိုတာ တွက်လိုက်ပါ၊ ကျွန်မ ပေးပါ့မယ်”
ထိုစကားကို ကြားသည်နှင့် ကျောက်လီကျွမ်နှင့် လီရှို့ယွင်တို့က အလျင်အမြန် တိုးဝှေ့ဝင်ရောက်လာကြသည်။
“ယောင်းမ၊ ကျွန်မကိုပဲ ပေးခွင့်ပြုပါ၊ ယောင်းမက နားလိုက်ပါ”
“ယောင်းမတို့နှစ်ယောက်လုံး နားလိုက်ကြပါ၊ ကျွန်မကိုပဲ ပေးခိုင်းလိုက်ပါ”
ဆေးကုသစရိတ်ပေးရန် အလုအယက်ဖြစ်နေကြသော ချွေးမများကိုကြည့်ရင်း သမားတော်ကျန်းမှာ အလွန်အမင်း ကြည်နူးစိတ်လှုပ်ရှားသွားရသည်။
“အစ်မဝူ၊ ခင်ဗျားရဲ့ ဒီချွေးမတွေက တကယ်ကို မိဘကျေးဇူးသိတတ်ကြတာပဲ”
ဘေးနားတွင် မလှုပ်မယှက်ရပ်နေသော စုန့်ကျစ်ချုံးကို လှမ်းမြင်လိုက်ရသောအခါ သမားတော်ကျန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ဤသားဖြစ်သူမှာ သိပ်ပြီး အထင်ကြီးလောက်စရာမရှိလှဟု စိတ်ထဲမှ တွေးတောလိုက်သည်။
“ကောင်းပါပြီ၊ ဆေးကုသစရိတ် ပေးစရာမလိုပါဘူး၊ အစ်မဝူကို ကူညီပေးဖို့ ကျွန်တော့်မှာ တခြားလုပ်ပေးနိုင်တာ ဘာမှမရှိတော့ ဒီစရိတ်ကိုပဲ လျှော့ပေးလိုက်ပါ့မယ်”
သမားတော်ကျန်း စကားပြောရင်း စုန့်ကျစ်ချုံးဘက်သို့ လှည့်ကြည့်လိုက်သည်။
“မင်း၊ ဆေးသွားယူဖို့ ငါနဲ့လိုက်ခဲ့”
ခင်ပွန်းဖြစ်သူ မတ်တတ်ရပ်ကာ ငေးမောနေသည်ကို မြင်သောအခါ ကျောက်လီကျွမ်က လက်လှမ်း၍ သူ့လက်မောင်းကို ခပ်ပြင်းပြင်း ဆိတ်လိုက်သည်။
“ဘာတွေ ငေးနေတာလဲ၊ မြန်မြန်သွားလေ”
“ရှင်သာ အမေ ဆေးသောက်ရမယ့်အချိန်ကို နောက်ကျအောင်လုပ်ရင် အိမ်ပြန်လာစရာမလိုတော့ဘူး”
“ဟုတ်ပါပြီ မိန်းမရာ၊ ငါ မြန်မြန်သွားပါ့မယ်၊ ပြေးပြီးပြန်လာခဲ့မယ်”
စုန့်ကျစ်ချုံးမှာ သတိဝင်လာပြီး သမားတော်ကျန်း၏အနောက်မှ အပြင်သို့ ကမန်းကတန်း လိုက်ပါသွားလေသည်။
…
“စုန့်ကျစ်ရှု၊ မနေ့ညက မိုးအရမ်းရွာပြီး မင်းအမေ့အိမ် ပြိုကျသွားတယ်၊ သွားကြည့်ရအောင် ငါနဲ့လိုက်ခဲ့”
သူဌေးကတော်လျိုမှာ စုန့်ကျစ်ရှုအား သူမထံသို့ ခေါ်ဆောင်လာစေပြီး ဤသတင်းကို ပြောပြလိုက်၏။
“ကျွန်တော့် အမေလား”
“သူ့အိမ် ပြိုကျသွားတယ်လား”
ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှု၏ခေါင်းတစ်ခုလုံး ဝီခနဲ အူထွက်သွားတော့သည်။
“ဒါဆို ကျွန်တော့်အမေ ဘယ်မှာလဲ၊ သူအဆင်ပြေရဲ့လား”
သူဌေးကတော်လျိုက ခေါင်းခါပြလိုက်သည်။
“မင်းအမေ အိမ်အောက်မှာ ပိမိနေတယ်လို့ ကြားတယ်၊ သူ့အခြေအနေကတော့ ဘယ်လိုနေလဲမသိရသေးဘူး”
ထိုသတင်းကို ကြားသည်နှင့် စုန့်ကျစ်ရှုက အလျင်အမြန်ဒူးထောက်ကာ ဦးညွှတ်တောင်းပန်လိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ် သခင်မကြီး၊ ကျွန်တော့်ကို အိမ်ပြန်ပြီး သွားကြည့်ခွင့်ပြုပါ”
သူဌေးကတော်လျို ခေါင်းညိတ်ပြလိုက်ပြီး မြင်းလှည်းနှစ်စီးကို စီစဉ်ပေးလိုက်၏။
တစ်စီးမှာ သူမနှင့် သူမ၏ခင်ပွန်းတို့ အတူစီးရန်ဖြစ်ပြီး အခြားတစ်စီးမှာ စုန့်ကျစ်ရှုနှင့် အိမ်တော်ထိန်းလျိုတို့ စီးနင်းရန်ဖြစ်သည်။
မြင်းလှည်းပေါ်တွင် ထိုင်လိုက်သည်နှင့် လွန်ခဲ့သောနှစ်များစွာက မိခင်ဖြစ်သူ၏မေတ္တာတရားများကို ဖော်ပြနေသော မြင်ကွင်းများက စုန့်ကျစ်ရှု၏စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။
သူ ရုတ်တရက် နောင်တရလာမိ၏။
သူ့မိခင်၏ စကားများအား သေချာနားမထောင်ခဲ့ဘဲ ပညာကို ကြိုးစားမသင်ယူခဲ့မိသည့်အတွက် နောင်တရနေခြင်းဖြစ်သည်။
အကယ်၍ သူသာ ပညာကို ကြိုးကြိုးစားစားသင်ယူခဲ့ပြီး အောင်မြင်ကျော်ကြားမှုများရရှိကာ မိခင်ဖြစ်သူအား စောင့်ရှောက်ရန် အိမ်တွင်နေထိုင်ခဲ့မည်ဆိုပါက သူ့မိခင်မှာ ဤမတော်တဆမှုနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။
သူ့မိခင်ကို ထာဝရ လက်လွှတ်ဆုံးရှုံးရနိုင်ချေ အလွန်များနေပြီဟု တွေးတောမိသောအခါ စုန့်ကျစ်ရှု၏ရင်ဘတ်ထဲတွင် ကျောက်တုံးတစ်တုံး ပိတ်ဆို့နေသကဲ့သို့ အလွန်အမင်း နေရခက်လာတော့သည်။
သူ မွေးလာကတည်းက သူ့ကို အချစ်ဆုံးသူမှာ သူ၏မိခင်သာလျှင် ဖြစ်သည်။
အကယ်၍ မိခင်ကိုသာ ဆုံးရှုံးလိုက်ရလျှင်...
မိခင်မရှိဘဲ မည်သို့ ဆက်လက်ရပ်တည်ရမည်ကို သူ မတွေးဝံ့သကဲ့သို့ မည်သို့ရင်ဆိုင်ဖြတ်သန်းရမည်ကိုလည်း သူ မသိရှိတော့ပေ။
စုန့်မိသားစုအိမ်
စုန့်ကျစ်ရှုက တံခါးကိုတွန်းဖွင့်လိုက်ရာ အပျက်အစီးပုံကြီးအား ချက်ချင်းမြင်တွေ့လိုက်ရသည်။
သူ့ခြေထောက်များ အားပျော့သွားပြီး မြေကြီးပေါ်သို့ ဒူးထောက်လျက် ကျသွားတော့သည်။
“အမေ”
စုန့်ကျစ်ယုံ အပြင်သို့ထွက်လာပြီး ဒူးထောက်ကာ ငိုကြွေးနေသော သူ့ညီဖြစ်သူကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“အမေက ငါတို့အခန်းထဲမှာ ရှိတယ်”
အသံကို ကြားလိုက်ရသဖြင့် စုန့်ကျစ်ရှု ခေါင်းမော့ကြည့်လိုက်ရာ နှစ်ပေါင်းများစွာ ခြေမသန်စွမ်းဖြစ်နေခဲ့သော သူ့အစ်ကိုကြီးကို သတိပြုမိသွားပြီး အနည်းငယ် မှင်တက်သွားရသည်။
“အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ ခြေထောက်…”
စုန့်ကျစ်ယုံ သူ့ကို လျစ်လျူရှုကာ သူဌေးလုတို့ဇနီးမောင်နှံကို နှုတ်ဆက်ရန် လှည့်လိုက်သည်။
“လူကြီးမင်းတို့က သူဌေးလုနဲ့ သူဌေးကတော်လျို ဖြစ်ရမယ်”
သူဌေးလုက အိမ်တော်ထိန်းအား သယ်ဆောင်လာသည့် လက်ဆောင်များကို ချထားစေလိုက်၏။
“ဟုတ်ပါတယ်၊ သမားတော်ဝူက ကျွန်တော်တို့ မိသားစုအပေါ် ကျေးဇူးကြီးကြီးမားမား ရှိခဲ့တာဆိုတော့ ကျွန်တော်တို့ လာရောက်လည်ပတ်တာပါ”
“ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ”
စုန့်ကျစ်ယုံကမူ စုန့်ကျစ်ရှုကို တွန်းဖယ်ကာ သူတို့နှစ်ဦးအား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။