အခန်း ၁၃၀
Vol. 13 Ch. 130
🍅 Chapter 130
စုန့်ကျစ်ရှုက ပန်းကန်လုံးကြီးနှင့် ဓားမြှောင်ကို ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် အနည်းငယ် ကြောက်ရွံ့သွားသော်လည်း ထိုကြောက်ရွံ့မှုကို ဖိနှိပ်ကာ ဓားမြှောင်ကို ကောက်ကိုင်လိုက်၏။
‘ငါ အမေ့ကို ကယ်တင်ရမယ်'
‘ငါ အမေ့ကို ကယ်တင်ရမယ်'
စိတ်ကို ကြိုတင်ပြင်ဆင်ပြီးနောက် စုန့်ကျစ်ရှုက ဓားမြှောင်ကိုယူ၍ သူ့လက်ကောက်ဝတ်ကို လှီးချလိုက်လေသည်။
တောက်၊ တောက်….
တောက်ပသော သွေးနီနီများက ပန်းကန်လုံးထဲသို့ စီးကျသွားလေသည်။
ဤမြင်ကွင်းက ထိုနေရာတွင် ရှိနေသူတိုင်းကို အံ့အားသင့်သွားစေသည်။ အထူးသဖြင့် စုန့်ကျစ်ချုံးဖြစ်၏။
အမြဲတမ်း တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ကျိုးကိုသာ ကြည့်တတ်သော သူ့ညီဖြစ်သူက ဤမျှလောက်အထိ မိဘကျေးဇူးသိတတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဝူယွီလန် စုန့်ကျစ်ရှုကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က ဤကောင်လေးအား အလိုလိုက်ပြီး တစ်ကိုယ်ကောင်းဆန်အောင် ပျိုးထောင်ခဲ့သည်မှာမှန်သော်လည်း သူ့ရင်ထဲတွင် အမှန်တကယ်ပင် မိဘကျေးဇူးကိုသိတတ်သော စိတ်ထားလေး ရှိနေသေးသည်။
‘သေချာလမ်းညွှန်ပြသပေးမယ်ဆိုရင် သူ့ကို ပြုပြင်ပေးနိုင်ကောင်းပါရဲ့'
“တော်ပြီ၊ ဒီလောက်ဆိုရင် လုံလောက်ပြီ”
စုန့်ကျစ်ရှု ပြုံးလိုက်သည်။
“အမေ၊ သားက ငယ်ရွယ်ပြီး ခွန်အားကြီးပါတယ်၊ ကိစ္စမရှိပါဘူး၊ အမေသာ များများသောက်ပြီး မြန်မြန်နေကောင်းအောင်လုပ်ပါ”
“ချွေးမအကြီး၊ ငါ့ရဲ့ ဆေးသေတ္တာကို ယူခဲ့ပါဦး”
ထိုစကားကို ကြားသည်နှင့် ဝမ်ကွေ့ချင်က ဝူယွီလန်၏ဆေးသေတ္တာကို အလျင်အမြန် သွားယူလေသည်။
“အမေ၊ အမေ့ရဲ့ ဆေးသေတ္တာကို ကျစ်ရှုရဲ့အခန်းထဲမှာ ထားခဲ့တာ ကံကောင်းသွားတယ်၊ အဲဒီလိုမှ မဟုတ်ရင် ပျက်စီးသွားလောက်ပြီ”
စုန့်ကျစ်ရှုကို လျိုမိသားစုဆီသို့ စေလွှတ်လိုက်ကတည်းက ဝူယွီလန်က သူ့အခန်းကို ဆေးဖော်စပ်သည့်အခန်းအဖြစ် အသုံးပြုနေခဲ့ခြင်းဖြစ်သည်။
မခြောက်သွေ့သေးသော ဆေးဘက်ဝင်အပင်များ၊ သူမ၏ဆေးသေတ္တာနှင့် အခြားပစ္စည်းများကို ထိုအခန်းထဲတွင် သိမ်းဆည်းထားလေ့ရှိသည်။
“ကျစ်ရှု၊ ဒီလာခဲ့၊ အမေ ဆေးထည့်ပြီး ပတ်တီးစည်းပေးမယ်”
စုန့်ကျစ်ရှုက သူ့လက်ကို လိမ္မာစွာ ဆန့်ထုတ်ပေးလိုက်သည်။
မိခင်ဖြစ်သူက ပတ်တီးစည်းတတ်ပါ့မလားဆိုသည်ကို သူ သံသယမဝင်တော့ပေ။
မိခင်ဖြစ်သူက သူ့အား ဘယ်တော့မှ ထိခိုက်အောင်လုပ်မည်မဟုတ်ကြောင်း သူ့ရင်ထဲတွင် အသေအချာ ယုံကြည်နေလေပြီ။
“အမေ၊ ဒီဆေးက ဘာလို့ ဒီလောက်အစွမ်းထက်ရတာလဲ၊ လိမ်းပြီးသွားတာနဲ့ နည်းနည်းတောင်မနာတော့ဘူး”
မိခင်ဖြစ်သူက သူ့ဒဏ်ရာအား ဂရုတစိုက် ပတ်တီးစည်းပေးနေသည်ကိုကြည့်ရင်း စုန့်ကျစ်ရှု၏ နှာခေါင်း၀တွင် စူးရှရှဖြစ်သွားသည်။
သူ့ကို အလွန်အမင်း ချစ်ခင်မြတ်နိုးခဲ့သောမိခင်ဖြစ်သူ ပြန်လည်ရောက်ရှိလာပြီဟု ခံစားလိုက်ရသည်။
“ဒီဆေးက အရမ်းအဖိုးတန်တယ်၊ တစ်ဘူးကို ငွေအချောင်းပေါင်းများစွာ တန်တယ်၊ ပုံမှန်ဆိုရင် တခြားလူတွေကို ငါ မသုံးဘူး၊ နင်ပဲ သေချာသိမ်းထား လိုက်တော့”
ထိုစကားကို ကြားသောအခါ စုန့်အာ့လန် သူ့ခေါင်းကို ကုတ်လိုက်သည်။
‘ငါကရော ဒီဆေးကို အမြဲတမ်းသုံးနေရတာမဟုတ်ဘူးလား၊ ငါ ပွန်းပဲ့သွားတာပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ် အဘွားက ငါ့ကို အမြဲတမ်း လိမ်းပေးနေတာပဲမဟုတ်ဘူးလား'
‘ဒါဆို၊ ဒီဆေးက အဲဒီလောက်တောင် အဖိုးတန်တာလား'
ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ အလွန်အမင်း ကြည်နူးစိတ်လှုပ်ရှားသွားပြီး ဆေးဘူးလေးကို ရင်ဘတ်ထဲတွင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“ကျေးဇူးတင်ပါတယ် အမေ”
‘ဒါဆို ငါက အမေ့ကို အမြဲတမ်း အထင်လွဲနေခဲ့တာပေါ့၊ အမေက ငါ့ကို အချစ်ဆုံးပဲ၊
ငါ့ကို လျိုမိသားစုဆီ ပို့လိုက်တာကလည်း တကယ်ကို ရှောင်လွှဲလို့မရတဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်ရမယ်'
“ကျစ်ရှုရေ၊ ငါ့အခန်းကလည်း ပြိုကျသွားပြီ၊ နင့်အစ်ကိုကြီးရဲ့ အခန်းကလည်း သူတို့မိသားစုတစ်စုလုံးနဲ့ ပြည့်နေပြီ၊ ဒါဆို ထင်းတဲကိုရှင်းပြီး ငါ့ကို အဲဒီမှာ နေခိုင်းလိုက်ပါလား”
စုန့်ကျစ်ရှု ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်လေ၏။
“အမေ၊ အမေ့ကို ထင်းတဲထဲမှာ ဘယ်လိုလုပ် နေခိုင်းလို့ရမှာလဲ၊ အဲဒီမှာ တစ်ယောက်ယောက် နေရမယ်ဆိုရင်တောင်...”
သူက စုန့်ကျစ်ချုံးဘက်သို့ လှည့်ကြည့်လိုက်သော်လည်း သူ၏စူးစူးရဲရဲအကြည့်နှင့် ဆုံမိသွားသောအခါ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။
“အဲဒီမှာ တစ်ယောက်ယောက် နေရမယ်ဆိုရင်တောင်...”
“...သားပဲ နေပါ့မယ်”
“အမေ၊ အမေက သားရဲ့အခန်းထဲမှာပဲနေပါ၊ သားက ငယ်ပါသေးတယ်၊ ထင်းတဲထဲမှာနေရလည်း အဆင်ပြေပါတယ်”
‘ငါ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ ငယ်ငယ်တုန်းက ထင်းတဲထဲမှာ နေခဲ့ရတဲ့အချိန်တွေ နည်းတာမဟုတ်ဘူး၊ ငါလည်း သေချာရှင်းလင်းလိုက်ရင် နေလို့ရလောက်မှာပါ၊ ဟုတ်တယ်မလား'
“ကျစ်ရှု၊ ထင်းတဲက ရှုပ်ပွပြီး ညစ်ပတ်နေတာ၊ နင့်ကို အဲဒီမှာမနေခိုင်းရက်ပါဘူး၊ နင့်အခန်းထဲပဲ နင်ပြန်နေလိုက်ပါ”
ဝူယွီလန် ထိုသို့ပြောရင်း မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်စွာ ချောင်းဆိုးလာတော့သည်။
“အဟွတ်၊ အဟွတ်၊ အဟွတ်…”
မိခင်ဖြစ်သူ၏နာကျင်နေသော မျက်နှာအမူအရာကို ကြည့်ရင်း စုန့်ကျစ်ရှုက သူမအား အလျင်အမြန် ပြန်လည်လှဲလျောင်းစေခဲ့၏။
“အမေ၊ သား ဆုံးဖြတ်ပြီးသွားပြီ၊ အမေက သားအခန်းထဲမှာနေ၊ သားက ထင်းတဲထဲမှာပဲ အဆင်ပြေသလို နေလိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် သူက သူ့အထုပ်အပိုးများကိုယူကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။ သို့သော် ထင်းတဲအတွင်းရှိ ရှုပ်ပွနေမှုများကို သူ အထင်သေးခဲ့မိ၏။
တံခါးကို တွန်းဖွင့်လိုက်သောအခါ ဖုန်မှုန့်များကြောင့် သူ အသက်ရှူကျပ်လုမတတ် ဖြစ်သွားရသည်။ အချိန်အတော်ကြာ လှည်းကျင်းရှင်းလင်းပြီးမှသာ အိပ်ရန် နေရာတစ်ခုကို ဖြစ်သလို ဖန်တီးနိုင်ခဲ့၏။
အမောဖြေရန် ခဏရပ်နားလိုက်စဉ်မှာပင် ဝူယွီလန်၏ချောင်းဆိုးသံများကို စုန့်ကျစ်ရှု ထပ်မံကြားလိုက်ရပြန်သည်။
“အဟွတ်၊ အဟွတ်၊ အဟွတ်…”
သူက ထင်းတဲထဲမှ စိုးရိမ်တကြီး ပြေးထွက်လာခဲ့သည်။
“အမေ၊ ဘာဖြစ်လို့လဲ”
“ကျစ်ရှု၊ အမေ ဘာမှမဖြစ်ပါဘူး၊ ရေနည်းနည်းဆာလို့ပါ”
ထိုစကားကို ကြားသည်နှင့် စုန့်ကျစ်ရှုက မီးဖိုချောင်သို့ အလျင်အမြန်သွားကာ ရေနွေးကြိုလေတော့သည်။
“အမေ၊ ခဏလေးစောင့်ဦးနော်၊ သား အခုချက်ချင်း ရေနွေးသွားကြိုပေးပါ့မယ်”
လျိုမိသားစုတွင် နေထိုင်ခဲ့ရသော နှစ်လတာကာလအတွင်း စုန့်ကျစ်ရှုမှာ အလုပ်မလုပ်ဖူးသော သခင်လေးဘဝမှနေ၍ အလုပ်များကို သွက်လက်စွာလုပ်ဆောင် နိုင်သော အစေခံတစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့လေပြီ။
မကြာမီမှာပင် သူက ကြိုထားသောရေနွေးတစ်အိုးကို ယူဆောင်လာခဲ့သည်။ ရေကို နွေးရုံလေးဖြစ်အောင် အအေးခံပြီးနောက် ဝူယွီလန်ကို ဂရုတစိုက် တိုက်လေ၏။
“အမေ၊ အခု ဘယ်လိုနေသေးလဲ”
ဝူယွီလန် သက်ပြင်းချလိုက်သည်။
“အမေ တော်တော်လေး ကောင်းနေပါပြီ၊ ဒါပေမဲ့ တချို့အရာတွေ စိတ်ပူနေလို့ပါ”
“လယ်ထဲကစပါးတွေ မရိတ်ရသေးဘူးဆိုတာ တွေးမိတိုင်း အမေ အရမ်းစိုးရိမ်ပြီး အိပ်လို့တောင်မပျော်နိုင်ဘူး”
စုန့်ကျစ်ရှု တွေးတောနေခြင်းအလျဉ်းမရှိဘဲ ချက်ချင်းပြန်ဖြေလိုက်၏။
“အမေ၊ အမေက သေချာအနားယူပြီး နေကောင်းအောင်ပဲဂရုစိုက်၊ အဲဒါတွေကို သား သွားရိတ်လိုက်ပါ့မယ်”
“ကျစ်ရှု၊ ငါ့သားလေးရယ်၊ သားက ဒီလိုအလုပ်မျိုးကို ဘယ်လိုလုပ်နိုင်မှာလဲ၊ အမေက အသက်ကြီးပြီး အသုံးမကျတော့လို့ အဲဒီစပါးလေးနည်းနည်းကိုတောင် သေချာ မလုပ်နိုင်တော့တာ၊ အမေ မကောင်းတာပါ”
“ဟူး၊ လူတွေက အသက်ကြီးလာရင် အသုံးမကျတော့ဘူးပဲ”
စုန့်ကျစ်ရှုကမူ ဝူယွီလန်၏မျက်နှာကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်သည်။
‘အချိန်တွေ အကြာကြီးကုန်သွားပေမဲ့ အမေက အသက်မကြီးသွားတဲ့အပြင် ပိုပြီးတောင် နုပျိုလာသလို ခံစားနေရတာ ဘာကြောင့်လဲ၊
အမေ့ကို မတွေ့ရတာကြာလို့ ငါ့ဘာသာ ငါ စိတ်ထင်နေတာများလား၊ အဲဒါကြောင့်ပဲ ဖြစ်ရမယ်'
“အမေ၊ အမေက အသက်မကြီးသေးပါဘူး၊ သားရဲ့ ရင်ထဲမှာတော့ အမေက အမြဲတမ်းနုပျိုနေဆဲပါပဲ”
“အခုကစ သေချာအနားယူပြီး ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ၊ သားလည်း ကြီးလာပြီဆိုတော့ မိသားစုရဲ့ အိမ်မှုကိစ္စတွေကို ကူညီထမ်းပိုးပေးနိုင်နေပါပြီ”
ဝူယွီလန် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါ့ရဲ့ ကလေးအလိမ္မာလေး၊ ဒီနှစ်တွေတစ်လျှောက်လုံး နင့်ကိုချစ်လာခဲ့ရတာ အလဟဿမဖြစ်ခဲ့ဘူးပဲ”
“ဒီနေ့ မိုးရွာမယ့်ပုံမပေါ်ဘူး၊ နောက်နှစ်ရက်လောက်နေရင် နင့်အစ်ကိုကြီးတို့နဲ့အတူ လယ်ထဲဆင်းပြီး စပါးသွားရိတ်ချေနော်”
“ငါက အလုပ်မလုပ်နိုင်တော့ဘူး၊ ဒါပေမဲ့ နင်ကတော့ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူရမယ်မဟုတ်လား၊ အဲဒီလိုမှ မဟုတ်ရင် ငါ မရှိတော့တဲ့အခါ နင် ဘယ်လိုလုပ် ကိုယ့်ဘာသာ ကိုယ် ရှာဖွေစားသောက်နိုင်မှာလဲ”
ထိုစကားကို ကြားသောအခါ စုန့်ကျစ်ရှု၏မျက်လုံးများမှာ ထပ်မံ၍နီရဲလာပြန်၏။
“အမေ၊ အမေ ဘာမှမဖြစ်ပါဘူး၊ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေရမှာပါ၊
အခုကစပြီး သား အမေ့စကားကို နားထောင်ပါ့မယ်၊ အမေ ဘာလုပ်ခိုင်းလုပ်ခိုင်း သားလုပ်ပါ့မယ်”
“ကလေး အလိမ္မာလေး၊ နင့်ကို ငါ အထင်မမှားခဲ့ဘူးပဲ”