← Chapters

တိုက်ပွဲ (၃)

Vol. 6 Ch. 290

တိုက်ပွဲ (၃)

Vol. 6 Ch. 290

ဂျူလီယာဟာလည်း မြူတွေဖုံးလွှမ်းနေခဲ့တဲ့ ကွင်းပြင်ကြီးထဲ သတိရှိရှိနဲ့သွားနေခဲ့ပါတယ်။ ရုတ်တရက် သူနင်းလျှောက်​နေတဲ့ မြေပြင်က မြောက်တက်လာတာ သတိထားမိတဲ့အတွက် အလိုလိုသိစိတ်အတိုင်းပဲ ရှေ့ကိုပြေးသွားမိတာပေါ့။ ဒါပေမဲ့ သူ့ရှေ့မှာ အလွယ်တကူ ချိုးဖျက်လို့မရတဲ့ အနက်ရောင်ကျောက်နံရံကြီးပေါ်လာပြီး လမ်းပိတ်ထားတယ်။

“သေစမ်း....” တဖြည်းဖြည်းနဲ့ ဂျူလီယာကိုဗဟိုပြုပြီး

ကျောက်သားဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။ ဝင်္ကပါပြီးသွားတဲ့နောက်မှာတော့ ဂျူလီယာ့နောက်ကေန ဧရာမတလိမ့်တုံးကြီးတစ်ခုကျဆင်းလာတဲ့အတွက် လမ်းအတိုင်းပြေးရတော့တာပဲ။

“မဖြစ်သေးဘူး။ ဒီလမ်းက ငါ့ကိုဘယ်ခေါ်သွားမယ်မှန်း သိရတာမဟုတ်ဘူး။ နံရံတွေကို ဖောက်ပြီး ထွက်မှရမယ်။”

ဂျူလီယာက အဲဒီစိတ်နဲ့ ပြေးရင်းလွှားရင်းကနေ ကျိုင်းတုတ်နဲ့ နံရံတစ်ခုကိုရိုက်လိုက်ပေမဲ့ အသုံးမဝင်ဘဲ ကန်ပြန်ထွက်လာရုံပဲရှိတယ်။ ဒါတင်မက သူ့သတ္တု ကျိုင်းတုတ်ပါ ကွေးကောက်သွားသေးတာ။

“မြေနတ်ဘုရားခန္ဓာနဲ့ အားဖြည့်ထားတာပဲ။ အဲဒီရီဆာ ဆိုတဲ့အဖွားကြီးက ငါ့ကိုတကယ်သတ်ချင်နေပုံပဲ။”

မကြာခင်မှာပဲ စင်္ကပါလမ်းရဲ့အဆုံးကို ရောက်လာတယ်။ သဲနဲ့ပြုလုပ်ထားတဲ့ ဧရာမဟိုက်ဒရာနဂါးကြီးက သူ့ကို စောင့်ကြိုလို့။ ထင်ထားတဲ့အတိုင်းပဲ သူ့ကိုနှစ်ဖက်ညှပ် တိုက်ခိုက်လာတာကြောင့် ရပ်လိုက်မယ့်အစား ပိုမြန်​မြန် ပြေးသွားလိုက်ပြီး နဂါးခေါင်းကို ကျိုင်းတုတ်နဲ့ထုချဖို့ ကြိုးစားတယ်။ ဟိုက်ဒရာ အသင့်မဖြစ်သေးခင် ခေါင်းကုန် ဖြတ်နိုင်မှသာ သူ့အတွက် အသက်ရှင်ဖို့လမ်းစရမှာပါ။

ဒါပေမဲ့...

ဟိုက်ဒရာနဂါးနားကိုကပ်နေတုန်း တစ်ယောက်ယောက်က သူ့နောက်ကို တိတ်တိတ်လေး ရောက်လာတာ သတိထားမိတယ်။ ပြန်တုံ့ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ နောက်ကျသွားပြီ။ ပြင်းထန်တဲ့ဖော်မလင်နံနဲ့အေးစက်စက် အငွေ့အသက်တွေကြောင့် သူကျောချမ်းသွားတော့ပေါ့။

နောက်စက္ကန့်အနည်းငယ်ကြာတော့ သူ့ခြေလက်တွေကို မမြင်ရတဲ့ ရုပ်သေးကြိုးတွေက ချည်နှောင် ထားလိုက်ပြီဖြစ်ပြီး လှုပ်ရှားဖို့မဖြစ်နိုင်တော့ဘူး။ သူ ဖမ်းဆီးခံလိုက်ရပြီးချိန်မှ သူ့ကို တိုက်ခိုက်ခဲ့တဲ့သူကို မြင်ခွင့်ရခဲ့တယ်။

တစ်ကိုယ်လုံးမှာ ချုပ်ရိုးရာတွေရှိနေတဲ့ မျက်လှည့်ဆရာက ကျောက်သားနံရံထဲကနေ မှော်ဆန်ဆန် ထွက်လာခဲ့တာ ဖြစ်ပြီး သူ့ကိုအလစ်အငိုက်တိုက်ခိုက်ခဲ့တာပါ။

....

သွေးစွန်းဘုန်းတော်ကြီးကတော့ တခြားသူတွေနဲ့မတူဘဲ အခြေအနေကောင်းနေခဲ့ပါတယ်။

သူ့ကိုတိုက်ခိုက်တဲ့သူက ဘေ့ဘောရိုက်တံကိုင်ထားတဲ့ ရိုစယ်လီယာဖြစ်နေသေးပြီး ဘာလှည့်ကွက်မှမပါဘဲ တိုက်ရိုက် ခွန်အားချင်းပြိုင်နေကြဆဲပဲ။ ရိုစယ်လီယာ ဘက်က အရေးမသာဖြစ်လာတိုင်း မြူတောထဲကို ပြန်ဝင်တာမျိုးလုပ်လို့ရပေမဲ့ သွေးစွန်းဘုန်းတော်ကြီးက သာမန်လူမဟုတ်ပါဘူး။

သူက လူသားတွေရဲ့သွေးနံသက်သက်ကို အာရုံခံပြီးတော့ လှုပ်ရှားနိုင်သူဖြစ်တဲ့အတွက် မြူတောလိုလှည့်ကွက်က သူ့အတွက် အသုံးမဝင်ဘူး။

“အားနည်းသေးတယ်....”

ဘုန်း....

သွေးစွန်းဘုန်းတော်ကြီးက လက်နှစ်ဖက်လုံးကိုသုံးပြီး သွေးလက်ဝါးတစ်စုံကို ဖန်တီးကာ ရိုစယ်လီယာကို ရိုက်ချတယ်။ ရိုစယ်လီယာက ဘေ့စ်ဘောတုတ်တံနဲ့ ကာလိုက်ပြီး နောက်ကိုဆုတ်သွားတဲ့အချိန် နောက်ကနေ လိုက်တိုက်မခံရအောင် ပါးစပ်ကနေ မီးတောက်တန်းကြီး တစ်ခုကိုမှုတ်ထုတ်လိုက်တာပေါ့။

သွေးစွန်းဘုန်းတော်ကြီးကလည်း သူ့ကိုမီးမဟပ်အောင် လေပေါ်ခုန်တက်လိုက်တယ်။ နောက်တော့ သူ့မျက်နှာက ချက်ချင်းပြောင်းသွားပြီး ဘေးကိုလှည့်ရှောင်ပါတယ်။ မြူတွေထဲကနေ ရုတ်တရက်ထွက်ပေါ်လာခဲ့တဲ့ လေဓားတွေကတော့ ကြမ်းပြင်ကိုပဲ ထိမိသွားခဲ့လေရဲ့။

“ရိုစယ်လီယာ၊ ကစားမနေဘဲ ဒီပွဲကို မြန်မြန် အဆုံးသတ်ဖို့ လိုနေပြီ။”

အယ်ဒါရှားလော့ခ်က ရိုစယ်လီယာရဲ့ဘေးမှာ ဆင်းလိုက်ပြီး ပြောတယ်။ ရိုစယ်လီယာကတော့ သူတို့ရဲ့တစ်ယောက်ချင်းတိုက်ပွဲကို တခြားတစ်ယောက်က ဝင်ရှုပ်တဲ့အတွက် မကျေမနပ်ဖြစ်နေသေးပုံပဲ။ ဒါပေမဲ့ သူတို့တွေက စစ်မြေပြင်မှာရောက်နေတာဖြစ်ပြီးတော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာမဟုတ်မှန်း သိနေတဲ့အတွက် ရိုစယ်လီယာက အထွန့်မတက်ဘဲ ရှားလော့ခ်နဲ့ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ဒီတိုက်ပွဲက မမျှတော့ဘူး။”

သွေးစွန်းဘုန်းတော်ကြီးက ကျိန်ဆဲလိုက်ပြီးတော့ မြူတောထဲကို တိုးဝင်တယ်။ သွေးစွန်းဘုန်းတော်ကြီးက အစွမ်းထက်တဲ့ အယ်ဒါတစ်ယောက်ပါ။ တစ်ယောက်ချင်း ယှဥ်ပြိုင်မယ်ဆိုရင် သူဟာ ကျောင်းခြောက်ကျောင်းက ဘယ်သူ့ကိုမဆို အသာစီးရယူနိုင်တယ်။

ရိုစယ်လီယာက သူ့ကို အင်အားကုန်ထုတ်တိုက်နေပေမဲ့ သူကတော့ ဒဏ်ရာကြီးကြီးမားမားတောင် မရခဲ့ဘူး။ တစ်ဖက်မှာတော့ ရိုစယ်လီယာက ရလာတဲ့ဒဏ်ရာတွေကို တောင့်ခံပြီး ခေါင်းမာစွာနဲ့ ဆက်တိုက်နေခဲ့တာ။

ဒါပေမဲ့ အခုကတော့ နှစ်ယောက်တစ်ယောက်ဖြစ်သွားပြီ။ ရှားလော့ခ်ဟာ အစွမ်းထက်ရုံတင်မကဘဲ တိုက်ပွဲဗျူဟာ ကောင်းကောင်းချတတ်တယ်။ ဉာဏ်ကူရင် ပိုစွမ်းတဲ့ တိုက်ခိုက်ရေးသမားတွေကိုတောင် အနိုင်ယူနိုင်တာမလို့ အခုလိုအင်အားမသာတဲ့အချိန်မှာ ထိပ်တိုက်မရင်ဆိုင်တာ အကောင်းဆုံးပဲ။

“အရှင်မ၊ ကျုပ်တို့တွေ အဝိုင်းခံနေရပြီ။”

သွေးစွန်းဘုန်းတော်ကြီးက သီယာရှိရာကို တိုက်ရိုက် ပြေးသွားခဲ့တာ။ သူ့အာရုံခံနိုင်စွမ်းက နောက်စရာ မဟုတ်ဘူး။ အထွတ်အမြတ်လက်နက်လေးပါးလုံးကို ကိုင်ဆောင်ထားတဲ့ သီယာကလည်း နောက်ကနေ လိုက်လာတဲ့ ရိုစယ်လီယာနဲ့ရှားလော့ခ်တို့ကို ကြည့်လိုက်တာပေါ့။

ဒါပေမဲ့ ဒီနေရာကိုရောက်လာတဲ့ အယ်ဒါတွေက သူတို့ပဲ မဟုတ်ပါဘူး။ ရိုစယ်လီယာက မြူတောထဲကို မျက်လုံး ကစားလိုက်တော့ သူတို့မရောက်ခင်ကတည်းက ကြိုပြီး ရောက်နေခဲ့တဲ့ ခရစ်စတိုဖာနဲ့ရီဆာတို့ကို သတိထားမိတယ်။ အယ်မာနဲ့ဂျော်ဒန်ကတော့ ခပ်လှမ်းလှမ်းမှာရှိနေပြီးတော့ ရုပ်သေးဆရာဖြစ်တဲ့ ဘန်နီကတော့ သူတို့ရှေ့မှာ။

ဒါကြောင့်လည်း သွေးစွန်းဘုန်းတော်ကြီးက သီယာကို အဝိုင်းခံနေရပြီလို့ ပြောခဲ့တာပါ။ သီယာက ချက်ချင်း ရန်သူတွေကို မတိုက်ခိုက်သေးဘဲ သူတို့ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ဖို့အတွက် သွေးစွန်းဘုန်းတော်ကြီးကို မေးလိုက်ပါပြီ။

“မင်း သူတို့ကိုမြင်နိုင်တာ ကောင်းတယ်။ ဂျူလီယာနဲ့ ဩစတင်းရော....”

“ သူတို့လည်း လူအုပ်ထဲမှာရှိနေတယ်။ ဒါပေမဲ့ ကျုပ်တို့ဘက်က ဟုတ်ပုံမပေါ်ဘူး။”

သွေးစွန်းဘုန်းတော်ကြီးက မြူထဲကို အာရုံခံနေရင်းကနေ အခြေအနေကို ရိပ်စားမိပြီးပြောလိုက်တာ။ ဘုရားကျောင်း အယ်ဒါနှစ်ယောက်က သူတို့ရဲ့အောက်ခြေစစ်သားတွေလိုပဲ ရုပ်သေးဆရာရဲ့ကြိုးဆွဲခြင်း ခံထားရတယ်။

“နားလည်ပြီ။ သွေးစွန်းဘုန်းတော်ကြီး၊ မင်းက ငါ့အတွက် မျက်လုံးဖြစ်ပေး။ ငါသူတို့ကို တိုက်မယ်။”

သီယာက ပြောပြောဆိုဆိုနဲ့ဒိုင်းကို မြှောက်လိုက်တယ်။ ဘေဘီလုံဂိတ်တံခါးကြီးရဲ့ပုံရိပ်က သူတို့နှစ်ယောက်ပေါ် လွှမ်းခြုံသွားပြီး အမျိုးမျိုးသောကောင်းချီတွေဟာလည်း သွေးစွန်းဘုန်းတော်ကြီးရဲ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာလေရဲ့။

အယ်မာကတော့ တိုက်စစ်မစသေးခင် တခြားသူတွေကို ခြေဟန်လက်ဟန်နဲ့ပြောလိုက်တယ်။

‘သွေးစွန်းဘုန်းတော်ကြီးက တည်နေရာကိုပဲသိတာ။ ငါတို့ဘာလုပ်မယ်ဆိုတာမသိဘူး။ သူ့အတတ်နိုင်ဆုံး နှောင့်ယှက်ကြ။ ဘန်နီက ဓားကိုဖယ်ထုတ်လိမ့်မယ်။'

လောလောဆယ် မဟာမိတ်ဘက်က လူအင်အားသာတယ်။ ဒါပေမဲ့ အရေအတွက်သာရုံနဲ့ သီယာကိုနိုင်မှာမဟုတ်ဘူး။ အထွတ်အမြတ်ဓားရှိနေသမျှ သီယာကို ဘယ်သူကမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် အဲဒီဓားကို သူ့ကိုယ်ပေါ်က ဖယ်ပစ်ဖို့က ပထမဦးစားပေးပါ။

“လာပြီ။” သွေးစွန်းဘုန်းတော်ကြီးရဲ့အကြည့်တွေက ရိုစယ်လီယာဘက် ရောက်သွားတယ်။ ရိုစယ်လီယာက မီးလုံး​ကိုဖန်တီးပြီး သွေးစွန်းဘုန်းတော်ကြီးကို ပစ်လိုက်တယ်။ သီယာလက်ထဲက ဒိုင်းက အလိုလိုပျံတက်သွားပြီး သွေးစွန်းဘုန်းတော်ကြီးကို ကာလိုက်တယ်။ ဒါပေမဲ့ သွေးစွန်းဘုန်းတော်ကြီး မျက်နှာပျက်သွားပြီး ကိုယ်ကိုတစ်ဖက်လှည့်လိုက်ပေမဲ့ ပခုံးက နာကျင်မှုကိုခံစားလိုက်ရတဲ့အတွက် ထိတ်လန့်သွားတယ်။

ဖဲချပ်စစ်သားတွေက တံတိုင်းကြီးနဲ့ဒိုင်းကိုကျော်လာပြီး သူ့ကိုတိုက်ခိုက်ခဲ့တာ။ ဖဲချပ်စစ်သားတွေက လူမဟုတ်လို့ သွေးမရှိဘူး။ အနားရောက်ခါမှ လှုပ်ရှားသံကြားရလို့ သူရှောင်ခဲ့တာ။ အဲဒီလိုမှမဟုတ်ရင် လှံဖျားဖောက်သွားမယ့် နေရာက သူ့နှလုံးသားတည့်တည့်ပါ။

သီယာကလည်း ဓားကိုဆွဲထုတ်လိုက်ပြီး မြူအပြင်ကို ရောက်လာတဲ့ ဖဲချပ်စစ်သားတွေကို သတ်တယ်။ ဒါပေမဲ့ မြူတောထဲကနေ မြေဆူးချွန်တွေ၊ လေဓားသွားတွေ၊ သဲဟိုက်ဒရာတွေ၊ ရေလှံတံတွေ အဆက်မပြတ် ဝင်လာနေဆဲဖြစ်ပြီး သွေးစွန်းဘုန်းတော်ကြီးရဲ့ နေရာခံစားသိရှိနိုင်စွမ်းကို သုံးစားမရအောင် လုပ်ထားတယ်။

အထွတ်အမြတ်ဒိုင်းက တိုက်ကွက်တိုင်းကို ကာကွယ်ပေးထားပေမဲ့ တိုက်စစ်ကအားပြင်းလွန်းတာမလို့ သီယာဟာ ခံစစ်ပိုင်းကိုချည်း အားစိုက်နေရတဲ့အတွက် ပြန်မတိုက်နိုင်တော့ဘူး။

အဲဒီနောက်တော့ ဘုရားကျောင်းအယ်ဒါနှစ်ယောက်က တိုက်ပွဲထဲကို ဝင်လာခဲ့တယ်။ သူတို့မျက်နှာတွေက ကြောက်စိတ်​ကြောင့် တွန့်လိန်နေပြီး အော်ဟစ်နေတယ်။

“အရှင်မ၊ သတိထား။ ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းချုပ်လို့ မရတော့ဘူး။”

“ သွေးစွန်းဘုန်းတော်ကြီး ငါ့ကိုကယ်ပါဦး။”

သူတို့ရဲ့အော်သံတွေနဲ့ အနီးကပ်တိုက်ကွက်တွေက သွေးစွန်းဘုန်းတော်ကြီးရဲ့အကြားအာရုံကိုပါ သွားနှောင့်ယှက်တယ်။ ဖဲချပ်စစ်သားတွေကို မထောက်လှမ်းနိုင်တော့တာကြောင့် ဒဏ်ရာတွေ ပိုရလာခဲ့တယ်။ မျက်လုံးကိုကာစီးထားတဲ့ ပုဝါကို ချွတ်ပစ်ချင်ပေမဲ့ ရိုစယ်လီယာက လူအုပ်ထဲမှာ ရှိနေတုန်းပဲ။

“သောက်ကျိုးနည်း၊ ဒီအတိုင်းဆိုရင် ငါတို့ တကယ် သေသွားလိမ့်မယ်။” သွေးစွန်းဘုန်းတော်ကြီး ထိတ်လန့်စ ပြုလာတယ်။ သီယာက စွမ်းအားကြီးပေမဲ့ လူသားသက်သက်ပါ။ အထွတ်အမြတ်လက်နက်လေးခုကို ကြာမြင့်စွာသုံးစွဲမယ်ဆိုရင် အားကုန်လာလိမ့်မယ်။ ရန်သူက သူတို့ကို အနိုင်မယူနိုင်ရင်တောင် နာရီနဲ့ချီပြီးဖိတိုက်နေရင် ဒုက္ခရောက်တော့မှာပါ။

သွေးစွန်းဘုန်းတော်ကြီးဗျာများနေတုန်းနဲ့ သီယာ အလုပ်ရှုပ်နေတုန်း မြူတောအနက်ပိုင်းထဲမှာပုန်းနေတဲ့ ဂျော်ဒန်က နာရီကို ဖိနှိပ်လိုက်တယ်။ ဘန်နီက တိုက်ပွဲနေရာကို အာရုံစူးစိုက်ခြင်းမရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါပြီ။

သူ့လက်ထဲမှာ ဖဲထုတ်ကို စတိုင်ကျကျကိုင်လိုက်ပြီးတော့ လျှောက်နေကျပုံစံအတိုင်း မော်ဒယ်လမ်းလျှောက်သလို လျှောက်ဖို့ကြိုးစားတယ်။ဒါပေမဲ့ သူ့ခြေလှမ်းတွေက ဒယိမ်းဒယိုင်ဖြစ်နေပြီး ဒေါက်ဖိနပ်သံက စည်းချက်ညီညီ ထွက်မလာခဲ့ဘူး။ ဒါပေမဲ့ အားလုံးရှေ့မှောက်မှာတင် မြူတွေက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး လုံးဝ ကိုယ်ပျောက်သွားခဲ့တယ်။ အထူးမျက်မှန်တွေနဲ့တောင် သူ့ကို မမြင်ရတော့ဘူး။

“စိတ်ပျက်စရာပဲ....”

သီယာက ဓားကိုဆွဲထုတ်လိုက်ပြီး အာရုံလာနောက်နေတဲ့ သူ့လူနှစ်ယောက်ကို အညှာတာမဲ့စွာ ပိုင်းချပစ်လိုက်တယ်။ ဂျူလီယာနဲ့ဩစတင်းတို့ရဲ့ကိုယ်တွေ ထက်ပိုင်း ပြတ််ကျသွားပြီး မြေပေါ်ကိုပြုတ်အကျ။ သူတို့တွေရဲ့ မျက်လုံးထဲမှာတော့ မယုံနိုင်ခြင်း များစွာနဲ့။

“ဒါမှ အရှင်ကိုယ်တိုင် ရွေးချယ်ထားတဲ့သူ...” သွေးစွန်းဘုန်းတော်ကြီးက တီးတိုရေရွတ်လိုက်​လေရဲ့။

အဲဒီလိုနဲ့ခံစစ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ဖဲချပ် ကင်း၊ ကွင်းနဲ့ဂျိုကာတွေက သီယာကိုဝန်းရံဖိအားပေး တိုက်ခိုက်နေပြီး လူသားအယ်ဒါတွေကတော့ သွေးစွန်း ဘုန်းတော်ကြီးကို ဆက်ဖိအားပေးနေတယ်။

....

တဒင်္ဂလောက်ကြာတဲ့အချိန်မှာတော့ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေခဲ့တဲ့ အယ်မာက ခေါင်းညိတ်လိုက်တယ်။ အချိန်ရောက်ပါပြီ။

အယ်မာက ရန်သူတွေပိုအခက်တွေ့စေဖို့ မြေပြင်ကို မှော်နှင်တံနဲ့ ညွန်ပြလိုက်တယ်။ မြေပြင်ကနေ လက်တွေ အများကြီးထွက်လာပြီး သွေးစွန်းဘုန်းတော်ကြီးနဲ့ သီယာတို့ရဲ့တိုက်ကွက်တွေ နှေးကျသွားအောင်လုပ်တယ်။

ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခံနေရတဲ့အတွက်ကြောင့် သွေးစွန်းဘုန်းတော်ကြီးရော သီယာပါ သူတို့နားကို လျှောက်လာနေတဲ့ ကိုယ်ပျောက်ဘန်နီကို သတိမထားခဲ့မိဘူး။

နောက်ဆုံးတော့ ဘန်နီက စတင်လှုပ်ရှားလိုက်တယ်။ သူ့ရဲ့အေးစက်စက်လက်တွေနဲ့ သီယာရဲ့လက်ကို ရုတ်တရက် ဖမ်းကိုင်လိုက်ပြီး ရုပ်သေးကြိုးတွေက သီယာ့တစ်ကိုယ်လုံးကို ချုပ်နှောင်လိုက်တော့တာပေါ့။ အဲဒီနောက်တော့ ဘန်နီက အားပိုစိုက်ပြီး သီယာ့လက်ထဲက ဓားကို ဖယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ သီယာရဲ့မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့တယ်လေ။

“ငါက... တစ်ချိန်လုံး နင်အနားကပ်လာတာကို စောင့်နေခဲ့တာ။”

သီရာရဲ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတွေနဲ့လင်းလတ် လာခဲ့ပါပြီ။ ဒီအလင်းရောင်တွေက ငရဲစွမ်းအားတွေနဲ့ ညစ်ထေးနေတဲ့ အထွတ်အမြတ်လက်နက်လေးခုက မဟုတ်ခဲ့ဘူး။

အဲဒီအစား သီယာရဲ့ခန္ဓာကိုယ်က။ သီယာရဲ့ရန်သူတွေဟာ ဗျူဟာချတဲ့နေရာမှာ ထောင့်စေ့စေဖို့ကြိုးစားခဲ့ကြပေမဲ့ ဘန်နီနဲ့ပူးပေါင်းတိုက်ခိုက်တဲ့ဗျူဟာက နောက်ဆုံးမိနစ်မှ ထွက်ပေါ်လာတဲ့အကြံပါ။ ဒါကြောင့် သဘာဝကျစွာနဲ့ အယ်မာဟာ သီယာရဲ့စွမ်းအား တစ်ခုကို မေ့နေခဲ့တယ်။

သီယာဟာ အလင်းနတ်ဘုရားရဲ့နှလုံးသားကို ဆက်ခံသူ ဖြစ်ပြီးတော့ အလိမ်အညာမုသားတွေကို ထွင်းဖောက် သိမြင်နိုင်တယ်။ ရှေးအယ်ဒါဖြစ်လာပြီးကတည်းက အဲဒီနှလုံးသားဟာ ပိုပြီးစွမ်းအားကြီးလာခဲ့တယ်။

သူ့ရှေ့မှာ လှည့်ကွက်တွေပါတဲ့ဗျူဟာကို အသုံးချဖို့ကြိုး စားလိုက်ကတည်းက သူ့နှလုံးသားက သူ့ကိုသတိပေးခဲ့ ပြီးပါပြီ။ သူက မသိချင်​ယောင်ဆောင် ရေလိုက်ငါးလိုက် နေနေခဲ့တာပါ။

ဘုန်း....

သီယာက ဘန်နီရဲ့ရင်ဘတ်ကို ခြေထောက်နဲ့ ဆောင့်ကန် လိုက်တယ်။ ဘန်နီရဲ့ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်ကို မြောက်တက်သွားပြီး ရုပ်သေးကြိုးတွေရောမြူတွေပါ တစ်စစီ ပျက်စီးပျောက်ကွယ်သွားပြီ။ ဘန်နီ ကိုယ်တိုင်ကတော့ ကြိုးပျက်သွားတဲ့ ရုပ်သေးတစ်ရုပ်လို မြေပေါ်ကို လှုပ်ရှားမှုကင်းမဲ့စွာ ပြုတ်ကျသွားလေရဲ့။

All Chapters