အခန်း ၄၅၁
Vol. 46 Ch. 451
အခန်း (၄၅၁) ကျင့်ကြံ၍ မရနိုင်ခြင်း
လက်ရှိ ဒါရိုက်တာကျန်း၏ ဓနဥစ္စာ၊ အဆင့်အတန်းနှင့် သြဇာလွှမ်းမိုးမှုတို့အရဆိုလျှင် သူသည် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများ၏ ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦး ဖြစ်ပေသည်။
ထို့ကြောင့် သူသာ တစ်ခုခုလုပ်ချင်သည်ဆိုလျှင် လက်ဖျစ်တစ်ချက်တီးလိုက်ရုံဖြင့် မည်သည့်လူမျိုးကိုမဆို သူ့ထံသို့ ရောက်လာအောင် လုပ်နိုင်ချေသည်။
ထို့ကြောင့် ဖန်ဖန်သည် ဒါရိုက်တာကျန်းက သူမအပေါ် လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးလာလောက်သည်အထိ သူမတွင် ဆွဲဆောင်မှု ရှိသည်ဟု ထင်မှတ်မှားလောက်အောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူတစ်ယောက် မဟုတ်ချေ။
သူမတွင် ထိုမျှလောက်တော့ ကိုယ့်ကိုယ်ကိုယ် သိမြင်နိုင်စွမ်း ရှိလေသည်။
သူမ သဘောတူလိုက်သည်ကို မြင်သောအခါ ကျန်းယဲ့က တွေးတောစွာဖြင့် ပြောလိုက်၏။ "ဒါဆိုရင် သွားပြီး မျက်နှာသစ်၊ ရေမိုးချိုးပြီး အနားယူလိုက်... ရေချိုးခန်းနဲ့ ဧည့်ခန်းထဲက အရာအားလုံးက အသစ်တွေချည်းပါပဲ..."
"ဟုတ်ကဲ့ပါ ဒါရိုက်တာကျန်း..." ဖန်ဖန်က ရွှင်လန်းစွာ ပြန်ဖြေလိုက်ပြီး သူမ၏ ရေချိုးခန်းသုံး ပစ္စည်းများနှင့် ညအိပ်ဝတ်စုံကို ယူကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
သူမ ရေချိုးပြီးစီးကာ ချစ်စရာကောင်းသော ကာတွန်းပုံ ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်၍ ဆံပင်များ စိုစွတ်နေဆဲဖြင့် ပြန်ထွက်လာချိန်တွင် ကျန်းယဲ့က ပေါ့ပေါ့ပါးပါးပင် သတိပေးလိုက်သည်။ "ဖန်ဖန်... ဒီည အချိန်ရရင် အဲဒီကျင့်စဉ်စာအုပ်လေးနဲ့ စမ်းပြီး ကျင့်ကြည့်ပါလား... ဘယ်လိုနေလဲဆိုတာ သိရအောင်လေ..."
"ဟုတ်ကဲ့... နားလည်ပါပြီ ဒါရိုက်တာကျန်း... ခဏနေရင် ကျွန်မ တရားထိုင်ကြည့်လိုက်ပါ့မယ်..." ဖန်ဖန်က မည်သည့် သံသယမျှ မရှိဘဲ လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမက ဧည့်ခန်းထဲသို့ ဝင်သွားပြီး တံခါးမပိတ်မီ တစ်ဝက်ခန့် ပြန်ထွက်လာကာ ကျန်းယဲ့ကို လှမ်းပြောလိုက်၏။ "ကောင်းသောညပါ ဒါရိုက်တာကျန်း..."
"ကောင်းသောညပါ..." ကျန်းယဲ့က ပြုံးကာ ပြန်နှုတ်ဆက်လိုက်၏။
တံခါးလေးက ခပ်ဖွဖွ ပိတ်သွားလေသည်။
ထို့နောက် ကျန်းယဲ့၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ မေးစေ့ကို ပွတ်သပ်ကာ စိတ်ထဲတွင် စဉ်းစားနေခဲ့သည်။
'သူမကို ငါ့မျက်စိအောက်မှာထားပြီး တူညီတဲ့ ပတ်ဝန်းကျင်မှာ ကျင့်ကြံခိုင်းတာက အဲဒီ အမည်မဲ့ ကျင့်စဉ်ကို ကျင့်ကြံနေချိန်မှာ ငါ့လိုပဲ ပတ်ဝန်းကျင်က အမည်မသိ ဝိညာဉ်စွမ်းအင်ကို သူမ ခံစားသိရှိနိုင်မလားဆိုတာ လေ့လာဖို့ပဲ...'
'ဒါက တကယ့် ဝိညာဉ်စွမ်းအင်လား... ဒါမှမဟုတ် တခြား အမည်မသိ စွမ်းအင်တစ်ခုလားဆိုတာ မကြာခင် သိရတော့မှာပါ...'
'အင်း... ဖန်ဖန်က တကယ်ကို ရှားပါးပြီး တက်ကြွလှုပ်ရှားတဲ့... အလိုအလျောက် သင်ယူတတ်တဲ့... အရည်အသွေးမြင့် စမ်းသပ်ခံ ကြွက်ဖြူလေးတစ်ကောင်ပဲ...
ဒီနေ့အတွက် တာဝန်ကျနေပြီး ကျန်းယဲ့၏ ခရီးသွားအေဂျင်စီအနီးတွင် ကင်းစောင့်ကာ အချိန်မရွေး အကူအညီပေးရန် အဆင်သင့်ရှိနေသော တာဝန်ခံမှာ ချန်ချင်းပင်။
သူက ညဘက်ကြီး ဖန်ဖန် ခရီးသွားအေဂျင်စီထဲသို့ ဝင်သွားသည်ကို ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ပြီး ထိုကောင်မလေး မကြာခင် ပြန်ထွက်လာမည်ဟု ထင်နေခဲ့သည်။
သူက ညဦးပိုင်းမှသည် သန်းခေါင်ယံအထိ စောင့်ရင်း စောင့်ရင်းဖြင့်... ဖန်ဖန် ထိုတံခါးမှ ပြန်ထွက်လာသည်ကို လုံးဝ မမြင်တွေ့ရတော့ချေ။
ချန်ချင်းမှာ ချက်ချင်း မှင်တက်သွားရတော့သည်။
ဘာတွေ ဖြစ်နေတာလဲ။
မဖြစ်နိုင်ပါဘူး...
ဖန်ဖန်နဲ့ ဒါရိုက်တာကျန်းက... တွဲနေကြတာလား။
ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ...
ဒါရိုက်တာကျန်းက အဲဒီလောက်... ပေါ့ပျက်ပျက်နိုင်တဲ့ လူစားမျိုးမှ မဟုတ်တာ။
ချန်ချင်းက သံသယများဖြင့် ဆက်လက် စောင့်ဆိုင်းနေခဲ့ပြီး ညဉ့်နက်သည်အထိ နေခဲ့လိုက်သည်။ သို့သော် ခရီးသွားအေဂျင်စီ ဒုတိယထပ်ဧည့်ခန်းရှိ မီးများအားလုံး ပိတ်သွားသော်လည်း ဖန်ဖန်က ပြန်ထွက်မလာသေးချေ။
ယခုအခါ ချန်ချင်း၏ အတွေးများက လုံးဝ ဂနာမငြိမ် ဖြစ်လာရတော့သည်။
'ဘုရားရေ.....ဒါရိုက်တာကျန်းက တကယ်ပဲ ဖန်ဖန်ကို သဘောကျနေတာလား...'
'ဝါး...
ဒီကောင်မလေးက အရမ်း ကံကောင်းတာပဲ...'
ဒါက ဒါရိုက်တာကျန်းလေ....
ထိုအချိန်၌ ချန်ချင်းက တင်းကျပ်စွာ ပိတ်ထားသော ခရီးသွားအေဂျင်စီ တံခါးကို ကြည့်ကာ ရယ်စရာကောင်းသော အတွေးတစ်ခု သူ၏ စိတ်ထဲတွင် ရှင်းပြမရနိုင်အောင် ပေါ်လာရသည်။ ၎င်းက ငါသာ မိန်းမတစ်ယောက် ဖြစ်လိုက်ချင်တော့တယ်ဆိုတဲ့ အတွေးမျိုးပင်.......
သို့သော် ခေတ္တမျှ တွေးတောပြီးနောက် သူက တီးတိုးရယ်မောလိုက်ပြီး ပျော်ရွှင်စွာဖြင့် သူ့ဘာသာ ရေရွတ်နေမိသည်။
"ထားပါတော့လေ... ဒါရိုက်တာကျန်းကလည်း လူငယ်ပဲ... သွေးဆူတဲ့ အရွယ်ဆိုတော့ ရည်းစားထားတာ လုံးဝ ပုံမှန်ကိစ္စပဲလေ..."
"ဟီးဟီး... လူငယ်တွေ... လူငယ်တွေ..."
ချန်ချင်းက အပြင်ဘက်တွင် သန်းခေါင်ယံ လျှို့ဝှက်ချိန်းတွေ့မှုနှင့် ညအိပ်ခရီးဆိုသော ဇာတ်လမ်းကို စိတ်ကူးယဉ်နေချိန်တွင် ခရီးသွားအေဂျင်စီ ဒုတိယထပ်ရှိ ပိတ်ထားသော အခန်းနှစ်ခန်းထဲတွင် လုံးဝ ကွဲပြားခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပျက်နေသည်ကို သူမသိခဲ့ချေ။
အိပ်ခန်းမကြီးထဲတွင် ကျန်းယဲ့က တရားထိုင်သည့် အခြေအနေထဲသို့ ဝင်ရောက်နေပြီး သာမန်လူများ သတိမထားမိနိုင်သော မှိန်ဖျော့ဖျော့ ချီစွမ်းအင်ရောင်ဝါလေးက သူ့ကို လွှမ်းခြုံထားခဲ့သည်။ သူက ထူးခြားသော ထိုဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူကာ ကျင့်ကြံခြင်းထဲတွင် နစ်မြုပ်နေခဲ့သည်။
အချိန်မည်မျှ ကြာသွားသည်မသိ... ကျန်းယဲ့က တရားထိုင်ရာမှ တဖြည်းဖြည်း နိုးထလာခဲ့သည်။ သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ဧည့်ခန်းဘက်သို့ အလိုအလျောက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် မေးခွန်းထုတ်မှုနှင့် မျှော်လင့်ချက်အရိပ်အယောင် အနည်းငယ် ပါဝင်နေချေသည်။
တစ်ချိန်တည်းမှာပင် ဧည့်ခန်းထဲ၌ ဖန်ဖန်သည် ဝန်ထမ်း အကျိုးခံစားခွင့် ကျင့်စဉ်စာအုပ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေရသည်။
အခန်းထဲသို့ ဝင်သွားသည်နှင့်တပြိုင်နက် သူမက ကျင့်စဉ်၏ မိတ္တူဖြစ်သော ကျောက်စိမ်းပြားကို သူမ၏ နဖူးပေါ်သို့ စိတ်အားထက်သန်စွာ တင်လိုက်၏။ အချက်အလက်များကို ဖတ်ရှုပြီးနောက် ကျောက်စိမ်းပြားက မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် ကျင့်စဉ်၏ လမ်းညွှန်ချက်များအတိုင်း သူမက စိတ်ကို စုစည်းကာ ဝိညာဉ်စွမ်းအင်များကို သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စီးဆင်းစေရန် ကြိုးစားလိုက်၏။
သို့သော် သူမ မည်မျှပင် ကြိုးစားစေကာမူ... အကူအညီအဖြစ် ဝိညာဉ်ကျောက်တုံး အချို့ကို လက်ထဲတွင် ကိုင်ထားသော်လည်း... သွေးကြောများအတွင်း၌ မည်သည့် ပဲ့တင်ထပ်မှု သို့မဟုတ် ချီစွမ်းအင် စီးဆင်းမှုကိုမျှ မဖန်တီးနိုင်ခဲ့ချေ။
ကျင့်စဉ်တွင် ဖော်ပြထားသော လျှို့ဝှက်ဆန်းကြယ်သည့် လမ်းကြောင်းများက သူမ၏ ခန္ဓာကိုယ်အတွင်း၌ ဖြတ်သန်းသွားလာ၍ မရနိုင်သော လမ်းပိတ်နေသည့် နေရာများကဲ့သို့ ဖြစ်နေချေသည်။
"ထူးဆန်းလိုက်တာ... ငါ နားလည်မှုလွဲနေတာ တစ်ခုခုများ ရှိနေလို့လား... ဒါမှမဟုတ် ငါ့ရဲ့ ကျင့်ကြံတဲ့နည်းလမ်းကများ မှားနေလို့လား..." ဖန်ဖန်က မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။
သူမက ကျင့်စဉ်ကိုယ်တိုင်တွင် ပြဿနာရှိနေသလားဆိုသည်ကို တစ်ခါမျှ မတွေးမိခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ဒါက ဒါရိုက်တာကျန်းက သူမကို ပေးထားတဲ့ အကျိုးခံစားခွင့်တစ်ခုပဲလေ....
ထိုညက ဇွဲကောင်းလှသော ဖန်ဖန်သည် ဤ အမည်မဲ့ကျင့်စဉ်နှင့် အလုပ်ရှုပ်နေခဲ့ပြီး အကြိမ်ကြိမ် စမ်းသပ်ကာ အပြည့်အဝ အာရုံစိုက်၍ ပြုပြင်ပြောင်းလဲနေခဲ့သည်။
ဤတိုက်ပွဲက တစ်ညလုံး ကြာမြင့်ခဲ့ချေသည်။
အရုဏ်တက်လာပြီး နေ့သစ်၏ ပထမဆုံး အလင်းရောင်များ မိုးကုပ်စက်ဝိုင်းပေါ်တွင် ထွက်ပေါ်လာချိန်၌ ဖန်ဖန်က တောင့်တင်းနေသော သူမ၏ လက်များနှင့် ခြေထောက်များကို နောက်ဆုံးတွင် ဖြေလျှော့လိုက်ရာ လုံးဝ အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး သူမ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေရသည်။
သူမ တစ်ညလုံး ကြိုးစားခဲ့သော်လည်း မည်သည့် တိုးတက်မှုမှ မရှိခဲ့ချေ။
ထိုအချိန်မှာပင် အပြင်ဘက် ဧည့်ခန်းဆီမှ အသံတချို့ကို ကြားလိုက်ရ၏။
သူမ တံခါးကို ဖွင့်လိုက်ရာ ကျန်းယဲ့က သူဝယ်လာသော နံနက်စာ... ပေါက်စီ၊ အီကြာကွေးနှင့် ပဲနို့တို့ကို စားပွဲပေါ်တွင် တစ်ခုချင်းစီ ချထားနေသည်ကို မြင်လိုက်ရသည်။
"နိုးပြီလား... လာ နံနက်စာ စားရအောင်..." ကျန်းယဲ့က ပုံမှန် လေသံအတိုင်း နှုတ်ဆက်လိုက်၏။
သူက ဖန်ဖန်၏ ကျင့်ကြံခြင်း ရလဒ်ကို တကယ် သိချင်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ထားရသည်။
"မင်္ဂလာနံနက်ခင်းပါ ဒါရိုက်တာကျန်း... ကျွန်မ အရင် မျက်နှာသစ်လိုက်ဦးမယ်..." ဖန်ဖန်က ပြောကာ ရေချိုးခန်းထဲသို့ အလျင်အမြန် ပျောက်ကွယ်သွားသည်။
သူမ သန့်စင်ပြီးစီးကာ ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်ချိန်၌ ကျန်းယဲ့က ပေါ့ပေါ့ပါးပါး လေသံဖြင့် စိုးရိမ်စိတ်ဖြင့် မေးလိုက်သကဲ့သို့ မေးလိုက်၏။ "မနေ့ညက ကျင့်စဉ်က ဘယ်လိုလဲ... အဆင်ပြေရဲ့လား..."
၎င်းကိုကြားသောအခါ ဖန်ဖန်၏ မျက်နှာက ချက်ချင်း ညှိုးကျသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်လေသည်။ "ဒါရိုက်တာကျန်း... ဘာဖြစ်လို့လဲတော့ မသိဘူး... ကျွန်မက အဲဒီ ကျင့်စဉ်ကို ကျင့်ကြံဖို့ မသင့်တော်ဘူးထင်တယ်..."
"အို..." ကျန်းယဲ့က အစပ်အရသာ တို့ဖူးပေါက်စီကို တစ်ကိုက်ကိုက်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ "ဒီက ဝိညာဉ်စွမ်းအင်တွေက အရမ်း ပါးလွှာနေလို့လား... ဒါမှမဟုတ် မခံစားရလို့များလား..."
"မဟုတ်ဘူး..." ဖန်ဖန်က ထပ်မံ ခေါင်းယမ်းလိုက်ပြီး သူမ၏ အသံတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေခဲ့သည်။ "ကျွန်မ လက်ထဲမှာ ဝိညာဉ်ကျောက်တုံး ရှိတယ်လေ... ဝိညာဉ်စွမ်းအင်တွေက အပြည့်အဝ ရှိနေတာ... ဒါပေမဲ့ ကျင့်စဉ်ထဲက ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ဖို့ ကြိုးစားတဲ့အခါ တစ်ခုခုက ကျွန်မ ခန္ဓာကိုယ်ကို ပိတ်ဆို့ထားသလို ခံစားရတယ်... လုံးဝ အလုပ်မလုပ်ဘူး... ဝိညာဉ်စွမ်းအင်တွေကို လုံးဝ လမ်းပြပေးလို့ မရဘူး..."
ထိုစကားကို ကြားသည်နှင့် ကျန်းယဲ့၏ ဝါးနေသော လှုပ်ရှားမှုက အနည်းငယ် ရပ်တန့်သွားပြီး သူ၏ မျက်ခုံးများက မသိမသာ တွန့်သွားရသည်။
ဒီရလဒ်က...
သူ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်နေပုံရတယ်....
ဒီကျင့်စဉ်က ဝိညာဉ်အမြစ် မရှိတဲ့သူတွေနဲ့ပဲ သင့်တော်တယ်ဆိုတာ တကယ်ပဲလား...
သူ့ရဲ့ ဝိညာဉ်အမြစ် မရှိတဲ့ ခန္ဓာကိုယ်ကပဲ ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်ဖို့ သော့ချက် ဖြစ်နေသည်လော။
နောက်တစ်ဆင့်အနေနဲ့ ပြီးခဲ့တဲ့အကြိမ်က ရွှမ်ဝူတိုက်ကြီးကို သွားပြီး ဝိညာဉ်အမြစ်စမ်းသပ်ခဲ့တဲ့ လူတွေကို ရှာပြီး စမ်းသပ်ကြည့်ဖို့ လိုအပ်နေပုံရလေသည်။
အမှန်တိုင်းပြောရလျှင် ဤအမည်မဲ့ ကျင့်စဉ်က သာမန်လူများအတွက် ကျင့်ကြံရန် မည်မျှ လျှို့ဝှက်ဆန်းကြယ်ကာ ခက်ခဲလေလေ၊ ကျန်းယဲ့၏ သိချင်စိတ်ကို ပိုမို နှိုးဆွပေးလေလေပင်။
၎င်း၏ အသေးစိတ် အချက်အလက်များနှင့် ကျင့်ကြံခြင်းဆိုင်ရာ အခြေအနေများကို နားမလည်ဘဲနှင့် သူက အမြဲတမ်း မသေချာမရေရာ ဖြစ်နေခဲ့ပြီး သူ၏ အဆင်ပြေချောမွေ့နေသော ကျင့်ကြံခြင်းက အမည်မသိ ပြဿနာတချို့ကို ဖုံးကွယ်ထားနိုင်ကြောင်းကိုပင် ဝေဝါးစွာ ခံစားနေရသဖြင့် ကျင့်ကြံရာတွင် အနည်းငယ် စိုးရိမ်ပူပန်နေမိတော့သည်။
အခန်း ၄၅၁ပြီး၏။