← Chapters

အခန်း ၄၅၂

Vol. 46 Ch. 452

အခန်း ၄၅၂

Vol. 46 Ch. 452

အခန်း (၄၅၂) ဒုတိယမြောက်လူအား ခန့်အပ်ခြင်း

​ဖန်ဖန်က အစပ်အရသာ တို့ဖူးပေါက်စီကို တစ်ကိုက် ကိုက်လိုက်ရာ အထဲမှ ပူလောင်နေသော အစပ်အနှစ်များကြောင့် အပူလောင်သွားပြီး ပြန်ထွေးထုတ်လိုက်ရသည်။ ထို့နောက် ပဲနို့တစ်ငုံကို အဝသောက်ချလိုက်ပြီးနောက်မှ သူမ အနည်းငယ် ငြိမ်သက်သွားတော့သည်။

​ထို့နောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်၏။ "ဒါရိုက်တာကျန်း... အခုလောလောဆယ် ခရီးသွားအေဂျင်စီမှာ ကျွန်မ တစ်ယောက်တည်းပဲ ရှိသေးတာလားဟင်..."

​ကျန်းယဲ့က ခေါင်းယမ်းလိုက်ပြီးနောက် ပြန်ညိတ်လိုက်သည်။ "အခုလောလောဆယ်တော့ မင်းတစ်ယောက်တည်းပဲ အချိန်ပြည့်ဝန်ထမ်းအဖြစ် ရှိသေးတယ်... ဒါပေမဲ့ နောက်ရက်အနည်းငယ်အတွင်းမှာ နောက်တစ်ယောက် ထပ်ခန့်ရမှာ..."

​ဖန်ဖန်၏ မျက်လုံးများက လင်းလက်သွားရသည်။ ၎င်းက နောက်ထပ် နေရာတစ်ခု ကျန်နေသေးသည်ဟု ဆိုလိုခြင်းပင်။

​သူမက ချက်ချင်းပင် စိတ်ဝင်စားသွားပြီး မေးလိုက်၏။ "သူဌေး... ကျွန်မတို့ရဲ့ ဝန်ထမ်းခန့်အပ်ရေး စံနှုန်းတွေက ဘာတွေလဲဟင်... ကျွန်မလိုမျိုး ဝိညာဉ်အမြစ်ရှိတဲ့သူတွေ လိုအပ်တာလား..."

​မနေ့ညက စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် သူမကို ဒါရိုက်တာကျန်း အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်းဆိုသည်ကို သူမ နားလည်သွားရသည်။

​ဘာပဲဖြစ်ဖြစ် သူမတွင် ဝိညာဉ်အမြစ်ရှိပြီး ကျင့်ကြံရန် အရင်းအမြစ်များ လိုအပ်နေချေသည်။ ထို့ကြောင့် ဒါရိုက်တာကျန်းအတွက် အလုပ်လုပ်ပေးခြင်းက ထိုအရင်းအမြစ်များကို ရရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သေချာပေသည်။

​ဒုတိယအချက်အနေဖြင့် ဝိညာဉ်အမြစ်ရှိသည်ဆိုသည်မှာ ကျင့်ကြံနိုင်ပြီး အနာဂတ်တွင် တိုက်ခိုက်ရေးစွမ်းအားများကို သေချာစေကာ အခြားကမ္ဘာများသို့ ဖြတ်သန်းသွားလာချိန်တွင် အပိုအကာအကွယ်တစ်ခု ပေးစွမ်းနိုင်ခြင်းပင်။

​ထို့အပြင် လူတစ်ယောက်က အဆင့်မြင့်မြင့် ကျင့်ကြံနိုင်သွားလျှင် ထိုအဆင့်အတန်းကြောင့် သက်တမ်းရှည်ကြာလာမည်ဖြစ်ပြီး သူ၏ ခရီးသွားလုပ်ငန်းနှင့် မရင်းနှီးတော့မည်ကို စိုးရိမ်စရာမလိုဘဲ အချိန်ကြာမြင့်စွာ သူ၏လက်အောက်တွင် အလုပ်လုပ်ပေးနိုင်မည် ဖြစ်၏။

​ရေရှည်အတွက် တွေးကြည့်လျှင် ဝိညာဉ်အမြစ် ရှိသော ဝန်ထမ်းများကို ရွေးချယ်ခြင်းက အမှန်တကယ်ပင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ချေသည်။

​သူဌေးက တကယ်ကို အမြော်အမြင် ကြီးတာပဲ....

​ကျန်းယဲ့ကို ကြည့်နေသော ဖန်ဖန်၏ အကြည့်များတွင် ကျွန်မ ရှင့်ကို နားလည်ပါတယ်ဟူသော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

​ကျန်းယဲ့က သူမအနေဖြင့် အရာအားလုံးကို နားလည်နေသကဲ့သို့ ယုံကြည်မှုရှိရှိ ပြသနေသော ကောင်မလေး၏ အမူအရာကို ကြည့်ကာ အနည်းငယ် ရယ်ချင်သွားရသည်။ ဒီကောင်မလေးက ဉာဏ်မြန်သော်လည်း သူမ ရှင်းရှင်းလင်းလင်းကို နားလည်မှုလွဲနေချေသည်။

​သူက ခေါင်းယမ်းလိုက်၏။ "ငါတို့က ဝိညာဉ်အမြစ်ကို စမ်းသပ်လို့ မရဘူးလေ... ဒါပေမဲ့ ဝန်ထမ်းခန့်တဲ့ နေရာမှာတော့ ဒါက အတားအဆီး မဖြစ်ပါဘူး... ဝိညာဉ်အမြစ်ရှိတာက တစ်ခုတည်းသော စံနှုန်း မဟုတ်ဘူး..."

​သူက ပဲနို့ကို သောက်ရင်း သူ၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေရှိသော ဝန်ထမ်းများ၏ စာရင်းကို အလျင်အမြန် စဉ်းစားကြည့်လိုက်သည်။

​ယခုအချိန်အထိ တွေ့ဆုံခဲ့ရသူများထဲတွင် မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည်၊ ခိုင်မာသော စွမ်းရည်အရည်အသွေးများနှင့် ယုံကြည်ရမှု အဆင့်တစ်ခုရှိသူများဆိုလျှင် နဂါးအထူးတပ်ဖွဲ့မှ ရင်းနှီးပြီးသားသူများမှလွဲ၍ အခြား မရှိချေ။

​တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်ပဲဖြစ်ဖြစ်၊ အဖွဲ့လိုက် လုပ်ဆောင်မှုပဲဖြစ်ဖြစ်၊ အရေးပေါ် အခြေအနေ တုံ့ပြန်နိုင်စွမ်းပဲဖြစ်ဖြစ်၊ စည်းကမ်းပိုင်းပဲဖြစ်ဖြစ် သူတို့က အားလုံး ထိပ်တန်းအဆင့်တွင် ရှိနေခဲ့ကြသည်။ မည်သို့ပင်ဆိုစေ သူတို့က နိုင်ငံတော်မှ အစွမ်းကုန် လေ့ကျင့်ပေးထားသော အထူးတပ်ဖွဲ့ဝင်များ မဟုတ်ပါလော။

​သို့သော် သူက လူတောင်းရန် တိုက်ရိုက်သွားပြောလျှင် အထက်လူကြီးများက သူတို့ကို လွှတ်ပေးရန် ဆန္ဒရှိပါ့မလား...

​ထို့အပြင် သူတို့က မိမိတို့၏ တည်ငြိမ်သော အစိုးရအလုပ်များနှင့် အကျိုးခံစားခွင့်များကို စွန့်လွှတ်ပြီး သူ့လို လူဆီမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိပါ့မလား...

​အချို့လူများ၏ ရည်မှန်းချက်က နိုင်ငံတော်ကို အလုပ်အကျွေးပြုပြီး အသုံးဝင်သောသူများ ဖြစ်လာရန် မဟုတ်ပါလော။

​စွန့်စားချင်စိတ်ရှိသူ၊ စိန်ခေါ်မှု အသစ်များကို စမ်းသပ်လိုသူ သို့မဟုတ် အမည်မသိအရာများကို စူးစမ်းလေ့လာရန် စိတ်ဝင်စားသူများ ရှိမရှိ သိရအောင် အထက်လူကြီးတွေကို နောက်မှ ဆက်သွယ်ကြည့်ရပေမည်။

​နံနက်စာ စားပြီးနောက် ဖန်ဖန်က ပန်းကန်များကို ရှင်းလင်းနေရင်း ကျန်းယဲ့အား မေးရန် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။ "ဒါရိုက်တာကျန်း... ကျွန်မ... ခရီးသွားအေဂျင်စီရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်သွားပြီဆိုတဲ့ အကြောင်းကို ကျွန်မ မိသားစုကို ပြောပြလို့ ရမလားဟင်..."

​ကျန်းယဲ့က အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် သူမက အလျင်အမြန် ထပ်ဖြည့်ပြောလိုက်၏။ "ကျွန်မက မိဘတွေ စိတ်အေးသွားအောင်လို့ ပြောပြရုံသက်သက်ပါ... ကောလာဟလတွေ မဖြန့်ပါဘူးလို့ ကတိပေးပါတယ်..."

​ဤကိစ္စနှင့် ပတ်သက်၍ ကျန်းယဲ့က အတော်လေး သဘောထားကြီးသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရပါတယ်... မင်း ဘေးကင်းတယ်ဆိုတာ သူတို့ကို အသိပေးတာက မှန်ကန်တဲ့ ကိစ္စပါပဲ..."

​"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်း..."

​ဖန်ဖန်က ချက်ချင်းပင် ဝမ်းသာအားရ ပြုံးလိုက်ပြီး ဖုန်းကို ထုတ်ကာ အိမ်သို့ ဖုန်းခေါ်ရန် ပြတင်းပေါက်ဆီသို့ အလျင်အမြန် သွားလိုက်သည်။ ဤသတင်းကောင်းကို မိဘများအား မျှဝေရန် အဆင်သင့် ဖြစ်နေချေပြီ။

​ထို့နောက် ကျန်းယဲ့က အမှိုက်အိတ်ကို ယူကာ အောက်ထပ်သို့ အမှိုက်ပစ်ရန် ဆင်းလာလိုက်သည်။

​ခရီးသွားအေဂျင်စီထဲမှ အထွက်တွင် မလှမ်းမကမ်းရှိ ဓာတ်တိုင်တစ်ခုကို မှီနေသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

​သို့သော် ချန်ချင်း သူ့ကို ကြည့်နေသည့် အကြည့်က... ဘယ်လိုပြောရမလဲ... စူးစမ်းချင်စိတ်တချို့ ပါဝင်နေပြီး ရှင်းပြမရနိုင်သော တွေးစရာတွေနဲ့ အားကျမှုတွေလည်း ပါဝင်နေသလိုပင်။

​သူ၏ အကြည့်အောက်တွင် ကျန်းယဲ့ အနည်းငယ် နေရခက်သွားရသည်။

​သူက ချန်ချင်းကို လက်ပြလိုက်၏။

​၎င်းကို မြင်သောအခါ ချန်ချင်းက အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် ချက်ချင်း ပြေးလာလေသည်။

​"အစ်ကိုချန်..." ကျန်းယဲ့က သူ၏ မျက်လုံးကို လက်ညှိုးထိုးပြကာ လေးနက်စွာ မေးလိုက်သည်။ "ခင်ဗျားရဲ့ မျက်လုံးတွေ အဆင်မပြေဖြစ်နေလို့လား... ကြွက်တက်နေတာလား... ဆရာဝန် သွားပြသင့်တယ်နော်..."

​အစပိုင်းတွင် ချန်ချင်းက အံ့သြသွားသော်လည်း ကျန်းယဲ့က သူ၏ စောစောက အကြည့်ကို နောက်ပြောင်နေမှန်း သဘောပေါက်သွားသည်။

​သူက စိတ်ဆိုးမည့်အစား ပိုမိုနီးကပ်စွာ တိုးလာပြီး မျက်စိတစ်ဖက် မှိတ်ပြကာ အဓိပ္ပာယ်ပါပါဖြင့် လေသံကို နှိမ့်လိုက်၏။ "ဟီးဟီး... ဒါရိုက်တာကျန်း... မနေ့ညက... တော်တော်လေး ကောင်းကောင်း အိပ်ပျော်ခဲ့တယ် မဟုတ်လား..."

​ချန်ချင်း၏ နှာဘူးကျကျ အမူအရာကို ကြည့်ပြီး သူ၏ ဦးနှောက်ထဲတွင် ညစ်ညမ်းသော အတွေးများ အပြည့်အဝ ရှိနေကာ ကျန်းယဲ့နှင့် ဖန်ဖန်တို့အကြောင်းကို တွေးတောနေမှန်း ကျန်းယဲ့ သိလိုက်လေသည်။

​သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ "အစ်ကိုချန်... ကျွန်တော့်စကားကို နားထောင်ပါ... ဂျပန်အပြာကားတွေကို လျှော့ကြည့်ပါ... အဲဒါတွေက ကျန်းမာရေးကို ထိခိုက်စေပြီး လူကိုလည်း တုံးအသွားစေတယ်လေ..."

​ချန်ချင်းက သူ၏ ဆေးလိပ်တိုကို အမှိုက်ပုံးထဲသို့ တိကျစွာ ပစ်ထည့်လိုက်ပြီး ရယ်မောကာ ဆက်လက် မေးခွန်းထုတ်လိုက်ပြန်သည်။ "မင်း တကယ်ပဲ ငါ မှားနေတယ်လို့ ထင်နေတာလား... ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် တစ်ညလုံး အခန်းထဲမှာ အတူတူ ရှိနေတာကို..."

​ကျန်းယဲ့က သူ့ကို မျက်လုံးလှန်ပြလိုက်ပြီး ရှင်းပြရန်ပင် ပျင်းရိသွားသဖြင့် ခင်ဗျားဘာသာ စဉ်းစားကြည့်ပါဟူသော အကြည့်ဖြင့်သာ ကြည့်လိုက်သည်။

​ရုတ်တရက် ကျန်းယဲ့၏ အကြည့်က ချန်ချင်းအပေါ်သို့ ကျရောက်သွားပြီး သူ့ကို ခေါင်းအစ ခြေအဆုံး စူးစမ်းလေ့လာလိုက်ပြန်သည်။

​'ဒီလူက အရမ်း အရည်အချင်းရှိပြီး ထက်မြက်တယ်... ပြီးတော့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းရေး စွမ်းရည်တွေမှာလည်း ထိပ်တန်းအဆင့်ပဲ။ ဘာပဲဖြစ်ဖြစ် သူက ကျောင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုရဲ့ တာဝန်ခံပဲလေ....'

​သူနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးတော့ သူ ဘယ်လောက်အထိ ကျွမ်းကျင်လဲဆိုတာ အတိအကျတော့ မသိချေ။

​သူ၏ စူးစမ်းနေသော အကြည့်ကြောင့် ချန်ချင်းက ချက်ချင်း နေရခက်သွားပြီး သူ၏ ပခုံးများကို မသက်မသာ ရွှေ့လိုက်၏။ "ဘာ... ဘာဖြစ်လို့လဲ... ဒါရိုက်တာကျန်း... ကျွန်တော့်မှာ တစ်ခုခု မှားနေလို့လား... ဒါမှမဟုတ် ကျွန်တော့် မျက်နှာမှာ တစ်ခုခု ပေနေလို့လား..."

​ကျန်းယဲ့က သူ၏ မေးစေ့ကို ပွတ်သပ်ကာ မေးလိုက်သည်။ "အစ်ကိုချန်... ကျွန်တော် ခင်ဗျားကို တစ်ခုလောက် မေးလို့ရမလား... အစ်ကိုက အရင်တုန်းက စစ်တပ်က အငြိမ်းစားယူလာတာ မဟုတ်လား..."

​၎င်းကိုကြားသောအခါ ချန်ချင်းက ချက်ချင်း ခါးကို မတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ ပြည့်နှက်သွားရသည်။ "ဒါပေါ့... ဟိုကောင်လေး စန်းလုံတောင် တစ်ချိန်တုန်းက ငါ့ရဲ့ စစ်သားဖြစ်ခဲ့ဖူးတာကွ... သူ ငါ့ကိုမြင်ရင် အသင်းခေါင်းဆောင်ဟောင်းလို့တောင် ရိုရိုသေသေ ခေါ်ရသေးတယ်..."

​ထိုစကားကို ကြားသည်နှင့် ရတနာသိုက်တစ်ခုကို ရှာတွေ့လိုက်သကဲ့သို့ ကျန်းယဲ့၏ မျက်လုံးများက ချက်ချင်း လင်းလက်သွားရတော့သည်။

​သူက ရှေ့သို့ ကိုင်းညွှတ်ကာ ပြုံးပြီး ပြောလိုက်၏။ "အစ်ကိုချန်... ခင်ဗျား အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုကနေ ထွက်ပြီး တခြားအလုပ်တစ်ခု ရှာဖို့ စဉ်းစားဖူးလား..."

​သူ၏ စကားကြောင့် ချန်ချင်း အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ ကျန်းယဲ့အား နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ စကားများနောက်ကွယ်ရှိ နက်ရှိုင်းသော အဓိပ္ပာယ်ကို ချက်ချင်း သဘောမပေါက်ခဲ့ချေ။

​သူ အဓိကအချက်ကို နားမလည်မီမှာပင် ဖန်ဖန်က ခရီးသွားအေဂျင်စီထဲမှ စိတ်လှုပ်ရှားစွာ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။

​သူမက ကျန်းယဲ့၏ အလုပ်ခန့်ထားရန် စမ်းသပ်မေးမြန်းနေသော စကားများကို မတော်တဆ ကြားသွားခဲ့ခြင်း ဖြစ်သည်။

​အဖွဲ့ခေါင်းဆောင် ချန်ချင်းက သူဌေး၏ ဒုတိယမြောက် ရွေးချယ်ခံရမည့် ဝန်ထမ်း ဖြစ်ပုံရသည်။

​သူမက ချန်ချင်းကို မျက်လုံးပြူးပြကာ သစ်တောက်ငှက်တစ်ကောင်လို ခေါင်းကို အဆက်မပြတ် ညိတ်ပြနေပြီး "သဘောတူလိုက်... သဘောတူလိုက်... ဒါက အရမ်းမိုက်တာ..." ဟု တိတ်တဆိတ် သတင်းစကား ပါးနေလေသည်။

​ချန်ချင်းက အလွန်အမင်း စိတ်လှုပ်ရှားနေသော ဖန်ဖန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ပြောင်နေသည့်ပုံ မပေါ်ဘဲ လေးနက်နေသော ကျန်းယဲ့ကို ကြည့်လိုက်ရာ ရယ်စရာကောင်းသော်လည်း ရင်ခုန်စရာကောင်းသော အတွေးတစ်ခု သူ၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာရသည်။

​'ဘုရားရေ...ကျန်းယဲ့က သူ့ကို ကမ်းလှမ်းနေတာလား... သူ့ကို အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုကနေ ထွက်ပြီး ရီယဲ့ခရီးသွားအေဂျင်စီမှာ အလုပ်လုပ်ဖို့ ခေါ်နေတာလား...'

​ချန်ချင်းက သက်ပြင်းပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ အသံကို တည်ငြိမ်အောင် ကြိုးစားလိုက်သော်လည်း အသံအဆုံးရှိ အနည်းငယ် တုန်ယင်နေမှုက သူ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေဆဲပင်။ "မင်းရဲ့... မင်းရဲ့ ခရီးသွားအေဂျင်စီမှာ လာအလုပ်လုပ်ရမှာလား..."

​ကျန်းယဲ့က အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်..."

​သူက အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်သော်လည်း ကျန်းယဲ့ ကိုယ်တိုင် အတည်ပြုလိုက်သည်ကို သူ၏ နားဖြင့် ကြားလိုက်ရချိန်တွင် ချန်ချင်း၏ ရင်ထဲသို့ လေးလံသော ရိုက်ချက်တစ်ခု ဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး အနည်းငယ် မှင်တက်သွားရသည်။

​သူက အလိုအလျောက် တံတွေးမြိုချလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အသံကို နှိမ့်၍ ပြောလိုက်၏။ "သွား... သွားရအောင်... ဒီနေရာက စကားပြောဖို့ မကောင်းဘူး... အထဲပြန်ဝင်ပြီး ဒီအကြောင်းကို သေချာ ဆွေးနွေးကြတာပေါ့..."

အခန်း ၄၅၂ပြီး၏။

All Chapters