← Chapters

အခန်း ၄၅၃

Vol. 46 Ch. 453

အခန်း ၄၅၃

Vol. 46 Ch. 453

အခန်း (၄၅၃) အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်

​သူတို့နှစ်ဦးက နောက်သို့လှည့်ကာ ပြန်လျှောက်သွားကြပြီး ဖန်ဖန်က သူတို့၏နောက်မှ လိမ္မာပါးနပ်စွာဖြင့် လိုက်ပါလာကာ ခရီးသွားအေဂျင်စီ၏ ဒုတိယထပ်သို့ ပြန်လာခဲ့ကြသည်။

​အပေါ်ထပ် ဧည့်ခန်းသို့ ရောက်သောအခါ ဖန်ဖန်က အတွေ့အကြုံရှိ ဝန်ထမ်းကောင်းပီသစွာဖြင့် ကျန်းယဲ့နှင့် ချန်ချင်းတို့အတွက် ရေနွေးကြမ်း တစ်ခွက်စီ အလျင်အမြန် ဖျော်ပေးလိုက်ပြီး ဘေးသို့ တိတ်တဆိတ် ဖယ်ပေးလိုက်သည်။

​ချန်ချင်းက ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်ကာ မျက်နှာချင်းဆိုင်ရှိ ကျန်းယဲ့ကို စူးစိုက်ကြည့်နေပြီး သူ၏အမူအရာက ယခင်ကထက် များစွာ ပို၍ လေးနက်တည်ကြည်နေချေသည်။

​"ကျန်းယဲ့... စောစောက မင်းပြောတာ တကယ်လား..."

​ကျန်းယဲ့ကလည်း သူ့ကို လေးနက်စွာ ပြန်ကြည့်လိုက်ပြီး သူ၏ လေသံက ပြတ်သားနေ၏။ "ဒါပေါ့ တကယ်ပြောတာ... ကျွန်တော်က ဒီလိုကိစ္စမျိုးကို နောက်ပြောင်မယ့်သူနဲ့ တူနေလို့လား..."

​အတည်ပြုချက်ကို ရရှိလိုက်သည်နှင့် ချန်ချင်း၏ ရင်ခုန်သံများက အလိုအလျောက် မြန်ဆန်လာရသည်။

​သူက မထိန်းနိုင်တော့ဘဲ အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ဆေးလိပ်ဘူးကို ဆွဲထုတ်လိုက်ပြီး ဆေးလိပ်တစ်လိပ်ကို လက်ချောင်းများကြားတွင် ညှပ်ထားလိုက်သော်လည်း မီးမညှိခဲ့ချေ။ သူ၏ အလွန်အမင်း စိတ်လှုပ်ရှားနေသော အတွေးများကို ဤအကျင့်ပါနေသော လုပ်ရပ်ဖြင့် တည်ငြိမ်စေရန် ကြိုးစားနေသည့်အလား လက်ချောင်းများကြားတွင် သတိလွတ်စွာဖြင့် လှည့်ကစားနေမိသည်။

​"မင်းရဲ့ ခရီးသွားအေဂျင်စီမှာ ငါလုပ်ရမယ့် အလုပ်က ဘယ်လိုမျိုးလဲ..." ချန်ချင်းက စကားလုံးများကို သေချာ ရွေးချယ်ကာ မေးလိုက်၏။ "မင်းလိုမျိုး... ငါကော အဲဒီ... နေရာတွေကို သွားခွင့်ရမှာလား... ဒါမှမဟုတ် ဘလူးစတားပေါ်က ဧည့်ကြိုနဲ့ ထောက်ပံ့ရေး အပိုင်းလောက်ပဲ တာဝန်ယူပေးရမှာလား..."

​ကျန်းယဲ့က မည်သူ့ကိုမျှ အချိန်ဆွဲမနေတော့ဘဲ အဓိက အဖြေကို တိုက်ရိုက်ပင် ပေးလိုက်၏။

​"ခရီးသွားအေဂျင်စီရဲ့ အချိန်ပြည့်ဝန်ထမ်းတစ်ယောက် ဖြစ်လာပြီးရင် အဓိကအလုပ်က ခရီးသွားတွေကို လမ်းညွှန်ပေးရမှာပဲ... ခရီးသွားတွေကို မတူညီတဲ့ တခြားကမ္ဘာတွေကို သွားလည်ဖို့ လမ်းပြပေးရမယ်... ဒါမှမဟုတ် တခြားကမ္ဘာက ခရီးသွားတွေကို ဘလူးစတားကို လည်ပတ်ဖို့ ခေါ်လာပေးရမယ်..."

​"ရိုးရိုးလေး ပြောရရင် အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တစ်ယောက် ဖြစ်လာဖို့ပါပဲ..."

​"အချိန်နှင့် ဟင်းလင်းပြင်... ခရီးသွားလမ်းညွှန်..." ချန်ချင်းက ထိုစကားလုံးများကို ထပ်ခါတလဲလဲ တီးတိုးရေရွတ်ရင်း သူ၏ လက်ချောင်းများကြားရှိ ဆေးလိပ်ကို အနည်းငယ် ပုံပျက်သွားသည်အထိ သတိလွတ်စွာဖြင့် ဖိညှစ်လိုက်မိသည်။

​ဒီအလုပ်က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတာပဲ....

​ဒါက အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်း ခရီးသွားရတာလေ....

​လက်ရှိအချိန်တွင် ကမ္ဘာမြေ တစ်ခုလုံး၌ ကျန်းယဲ့ တစ်ဦးတည်းသာ ဤအခွင့်ထူးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

​ယခုအခါ သူလည်း ထိုအခွင့်ထူးကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကို ရရှိနေပြီ ဖြစ်၏။

​ကျန်းယဲ့က ချန်ချင်းကို အဖြေပေးရန် အလျင်စလို ဖိအားမပေးခဲ့ချေ။ ထို့အစား သူက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖြည်းညင်းစွာ သောက်လိုက်သည်။

​ချန်ချင်းနှင့် ဖန်ဖန်တို့က မတူညီကြောင်း သူ သိထားလေသည်။

​ဖန်ဖန်က အခြေခံအားဖြင့် မည်သည့် ချည်နှောင်မှု၊ စိုးရိမ်ပူပန်မှုမျှမရှိသော လွတ်လပ်သူ တစ်ဦးဖြစ်၏။

​ချန်ချင်းကမူ အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရို၏ အပြစ်ဆိုဖွယ်မရှိသော နောက်ခံနှင့် တည်ငြိမ်သော အလုပ်တစ်ခု၊ မွန်မြတ်သော ရည်မှန်းချက်တစ်ခုနှင့် ရှုပ်ထွေးသော လူမှုဆက်ဆံရေးများ ရှိနေသည့် နိုင်ငံတော် ဝန်ထမ်းတစ်ဦး ဖြစ်သည်။

​လူတိုင်း၏ လိုလားချက်များ၊ စိုးရိမ်ပူပန်မှုများနှင့် ကန့်သတ်ချက်များက မတူညီကြချေ။

​သူသာ အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်ခေါ်ယူမည်ဟု ကြေညာလိုက်ပါက ကမ္ဘာတစ်ဝန်းမှ ရေတွက်မရနိုင်သော ထိပ်တန်း အရည်အချင်းရှိသူများ လျှောက်ထားရန် စိတ်အားထက်သန်လာကြမည်ကို ကျန်းယဲ့ ကောင်းစွာ သိရှိထားလေသည်။

​သို့သော် ၎င်းက လူတိုင်းဟာ မိမိတို့ ပိုင်ဆိုင်ထားသမျှကို စွန့်လွှတ်ကာ ဤအမည်မသိနှင့် အန္တရာယ်များလှသော ကြိုးပမ်းမှုထဲသို့ ဝင်ရောက်လာရန် ဆန္ဒရှိမည်ဟု ဆိုလိုခြင်း မဟုတ်ချေ။

​ထို့ကြောင့် သူ ကမ်းလှမ်းလိုက်သည်နှင့် တစ်ဖက်လူက ကျေးဇူးတင်စွာဖြင့် အလျင်အမြန် ပြေးလာလိမ့်မည်ဟု သူက လွယ်လွယ်ကူကူ မမှတ်ယူထားခဲ့ချေ။

​သူက ချန်ချင်းကို တွေးတောချိန်ဆရန်အတွက် လုံလောက်သော အချိန်ပေးထားလိုက်သည်။

​ချန်ချင်းက ချက်ချင်း သဘောမတူသည်ကို မြင်သောအခါ ဖန်ဖန်က အနည်းငယ် အံ့သြသွားသော်လည်း ချန်ချင်း၏ နောက်ခံက သူမထက် များစွာ ပိုမိုရှုပ်ထွေးကြောင်း တွေးမိလိုက်သောအခါ သူမက သက်သာရာရသွားပြီး ဘေးတွင် တိတ်ဆိတ်စွာဖြင့်သာ စောင့်နေလိုက်သည်။

​ချန်ချင်းက ခေါင်းငုံ့ထားပြီး သူ၏ လက်ချောင်းများက မီးမညှိရသေးသော ဆေးလိပ်ကို သတိလွတ်စွာဖြင့် ဆော့ကစားနေဆဲဖြစ်ကာ မိနစ်ဝက်ခန့် တိတ်ဆိတ်နေချေသည်။

​ထို့နောက် သူက ရုတ်တရက် ခေါင်းမော့လာပြီး သူ၏ အကြည့်များက ကျန်းယဲ့ကို စူးရှစွာ ကြည့်လိုက်၏။ "မင်း ငါ့ကို ဘာလို့ ရွေးတာလဲ..."

​သူက သူ့ကိုယ်သူ အတော်လေး အရည်အချင်းရှိသည်ဟု ယုံကြည်သော်လည်း အစားထိုး၍ မရနိုင်သော သူတစ်ယောက် မဟုတ်ကြောင်း သိထားပေသည်။

​အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုအတွင်းနှင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပင် သူ့ထက် ပိုမိုထူးချွန်ပြီး နောက်ခံပိုသန့်ရှင်းကာ ဤအခွင့်အရေးအတွက် ပိုမို စိတ်အားထက်သန်နေမည့်သူ အများအပြား ရှိနေချေသည်။

​စနစ်အတွင်းမှ လူတစ်ယောက်ဖြစ်သော သူ့ကို ကျန်းယဲ့က အဘယ်ကြောင့် အထူးတလည် ကမ်းလှမ်းရသနည်း။

​ကျန်းယဲ့က သူ၏ မျက်ဝန်းထဲမှ လေးနက်မှုနှင့် စူးစမ်းလိုစိတ်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီး တည်ငြိမ်သော်လည်း ပြတ်သားစွာဖြင့် စကားလုံးတစ်ခွန်းတည်းကိုသာ ပြောလိုက်သည်။

​"ယုံကြည်လို့..."

​ချန်ချင်း၏ ရင်ထဲတွင် တစ်ချက်ခုန်သွားရသည်။

​ကျန်းယဲ့က တည်ငြိမ်သော်လည်း ငြင်းပယ်၍မရနိုင်သော လေးနက်သည့် လေသံဖြင့် ဆက်ပြောလိုက်ပြန်သည်။ "ခရီးသွားအေဂျင်စီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီဆိုရင် မင်းက သာမန်လူတွေ စိတ်ကူးယဉ်နိုင်တာထက် အများကြီး ပိုလွန်ကဲတဲ့ လျှို့ဝှက်ချက်တွေ၊ စွမ်းအားတွေနဲ့ ထိတွေ့ရတော့မယ်ဆိုတဲ့ သဘောပဲ..."

​"အရေးကြီးဆုံးက ကိုယ့်ရဲ့ အရည်အချင်းတွေ ဘယ်လောက် အင်အားကြီးလဲဆိုတာ မဟုတ်ဘူး... ပါးစပ်လုံဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့.... ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူးဆိုတာကို သိဖို့.... မတူညီတဲ့ ကမ္ဘာတွေက လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာကို သိဖို့နဲ့ ကိုယ့်ပခုံးပေါ်က တာဝန်တွေကို နားလည်ဖို့က အရေးကြီးဆုံးပဲ..."

​"အစ်ကိုချန်... ကျွန်တော်တို့ သိလာတာ အရမ်းကြီး မကြာသေးဘူးဆိုပေမယ့် အတူတူ ဖြေရှင်းခဲ့ရတဲ့ ပြဿနာတွေ အများကြီးရှိခဲ့တယ်... ကျွန်တော် ခင်ဗျားရဲ့ စရိုက်ကို ယုံကြည်သလို ခင်ဗျားရဲ့ အရည်အချင်းနဲ့ ဆင်ခြင်တုံတရား ရှိမှုကိုလည်း အသိအမှတ်ပြုတယ်..."

​ထိုစကားများကို ကြားလိုက်ရချိန်တွင် ချန်ချင်း၏ ပုံမှန် ပြုံးစိစိမျက်နှာပေးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အမှန်တကယ် ယုံကြည်ခံရသည့် ခံစားချက်နှင့်အတူ အနည်းငယ် ရှက်ရွံ့မှုများက အစားထိုး ဝင်ရောက်လာရသည်။

​သူက ရှားရှားပါးပါး အနည်းငယ် ရှက်သွားသည့်ဟန်ဖြင့် သူ၏ နှာခေါင်းကို ပွတ်သပ်ကာ ရယ်မောလိုက်လေသည်။ "ဒါရိုက်တာကျန်းက ငါ့အပေါ် ဒီလောက်ထိ အထင်ကြီးနေမယ်လို့ မထင်ထားဘူး..."

​"အစ်ကိုချန်... ဒီကိစ္စက အလျင်စလို မလိုပါဘူး... ခင်ဗျား အိမ်ပြန်ပြီး သေချာပြန်စဉ်းစားလို့ရတယ်... မိသားစုနဲ့ တိုင်ပင်တာပဲဖြစ်ဖြစ်... အထက်လူကြီးတွေနဲ့ ဆွေးနွေးတာပဲဖြစ်ဖြစ် လုပ်လို့ရတယ်... မနက်ဖြန်ကျမှ အဖြေပြန်ပေးပါ..."

​ဒါက ချန်ချင်းအတွက် ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုဆိုတာကို သူ နားလည်ထားလေသည်။

​သို့သော် ချန်ချင်းက ပြုံးကာ ခေါင်းယမ်းလိုက်ပြီး သူ၏ မျက်ဝန်းများက ထူးထူးခြားခြား ပြတ်သားသွားခဲ့သည်။

​စောစောက တုံ့ဆိုင်းနေမှုများက ယုံကြည်လို့ဟူသော စကားလုံးရှေ့တွင် လုံးဝ ပျောက်ကွယ်သွားပုံရသည်။

​"ဒါရိုက်တာကျန်း... မင်းက ငါ့ကို ဒီလောက်တောင် ယုံကြည်ပြီး ဒီလိုတွေ ပြောလာမှတော့ ငါ ချန်ချင်းကများ တွေဝေတုံ့ဆိုင်းနေမယ်.... ရှက်ပြုံးလေး ပြုံးနေမယ်ဆိုရင် ငါက ယောက်ျားတစ်ယောက် ဟုတ်ပါတော့မလား..."

​"ထပ်စဉ်းစားနေစရာ မလိုတော့ဘူး.. ငါ လုပ်မယ်... ရီယဲ့ ခရီးသွားအေဂျင်စီကို ဝင်ပြီး အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန်တစ်ယောက် ဖြစ်ဖို့ ငါ ဆန္ဒရှိတယ်..."

​ချန်ချင်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ ဖန်ဖန်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာရသည်။

​'ဒီလောက် ကြီးမားတဲ့ သွေးဆောင်မှုကို ဘယ်သူမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူးလေ...'

​အချိန်နှင့် ဟင်းလင်းပြင်ခရီးသွားလမ်းညွှန် တစ်ယောက် ဖြစ်လာခြင်းဆိုသည်မှာ အဆုံးအစမဲ့သော ကမ္ဘာကြီးကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းလေ့လာနိုင်ပြီး စိတ်ကူးမယဉ်နိုင်လောက်သော အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်သည်။ ဓနဥစ္စာ၊ အဆင့်အတန်းနှင့် သာမန်ထက်လွန်ကဲသော စွမ်းအားများနှင့် ဗဟုသုတများအားလုံးကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်၏။

​ဒါက အလုပ်ပြောင်းရုံသက်သက် မဟုတ်ချေ... ဒါက လုံးဝ ဘဝသစ်တစ်ခုကို စတင်လိုက်ခြင်းပင်။

​ဤကဲ့သို့သော အခွင့်အရေးမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းကို ငြင်းပယ်မည့် လူမိုက်မျိုး ကမ္ဘာပေါ်တွင် အလွန် နည်းပါးလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

​ချန်ချင်းက ထိုသို့သော လူမိုက်မျိုး မဟုတ်ကြောင်း ထင်ရှားနေခဲ့သည်။

​ချန်ချင်းက အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သောအခါ ကျန်းယဲ့ကလည်း မတုံ့ဆိုင်းတော့ချေ။ သူက စိတ်ထဲမှ တွေးလိုက်ပြီး ဖန်ဖန်အား ပေးခဲ့သကဲ့သို့ပင် မှိန်ဖျော့ဖျော့အလင်းရောင်များ ထွက်ပေါ်နေသော ဝန်ထမ်း လက်စွဲစာအုပ် နှင့် ခရီးသွားလမ်းညွှန် ကျင့်ဝတ်စည်းကမ်းတို့ကို ချန်ချင်းထံသို့ ကမ်းပေးလိုက်သည်။

​"အစ်ကိုချန်... ထုံးစံအတိုင်းပဲ... ဒါကို အရင် သေချာဖတ်ကြည့်လိုက်ဦး... ဖတ်ပြီးသွားလို့ အထဲမှာ ပါတဲ့အချက်တိုင်းကို လိုက်နာနိုင်တယ်လို့ ခံစားရရင် ကျွန်တော်တို့ စာချုပ် လက်မှတ်ထိုးကြတာပေါ့..." ဟု ကျန်းယဲ့က လေးနက်စွာ ပြောလိုက်သည်။

​ချန်ချင်းက စာအုပ်ကို ယူလိုက်ပြီး သူ၏ နောက်ပြောင်နေသည့် အမူအရာများ ပျောက်ကွယ်သွားကာ စကားလုံးတစ်လုံးချင်းစီကို ဖြည်းညင်းစွာနှင့် သေချာစွာ ဖတ်ရှုလိုက်သည်။

​ဤပါးလွှာသော စာရွက်အနည်းငယ်က အနာဂတ်တွင် သူ ရင်ဆိုင်ရမည့် ထူးခြားဆန်းကြယ်သော အခွင့်အရေးများနှင့် ကြီးမားလှသော အန္တရာယ်များကို ကန့်သတ်ထားမည်ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထား၏။

​ခေတ္တကြာပြီးနောက် သူက ခေါင်းမော့လာပြီး ကျန်းယဲ့ကို ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "ဒါရိုက်တာကျန်း... ဖတ်လို့ ပြီးသွားပြီ... အပေါ်က စည်းကမ်းချက်တွေကို ငါ အပြည့်အဝ နားလည်တယ်... ပြီးတော့ အဲဒါတွေကို လိုက်နာနိုင်တယ်လို့လည်း အာမခံတယ်..."

​"ကောင်းပြီ..."

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ထပ်မပြောတော့ဘဲ အချိန်နှင့် ဟင်းလင်းပြင်ဥပဒေသ၏ စွမ်းအားများ ပါဝင်နေသော အလုပ်ခန့်ထားမှု စာချုပ်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

​သူတို့နှစ်ဦးက အလင်းရောင် ကလောင်တံများကို ကိုယ်စီ ယူလိုက်ကြပြီး ပါတီ-က နှင့် ပါတီ-ခ အတွက် သတ်မှတ်ထားသော နေရာများတွင် လေးနက်စွာ လက်မှတ်ရေးထိုးကာ လက်ဗွေ နှိပ်လိုက်ကြ၏။

​ထို့နောက် အလင်းရောင်များ လည်ပတ်သွားပြီး စာချုပ်ဖြစ်ပေါ်လာသည်နှင့်တပြိုင်နက် အလင်းတန်း နှစ်ခုက သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ အသီးသီး ဝင်ရောက်သွားလေတော့သည်။

အခန်း ၄၅၃ပြီး၏။

All Chapters