အခန်း ၄၅၄
Vol. 46 Ch. 454
အခန်း (၄၅၄) ခရီးစဉ် သုံးခု
ချန်ချင်း၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ဖန်ဖန်နှင့် ဆင်တူသော တစ်ပိုင်းဖောက်ထွင်းမြင်ရသည့် အတုအယောင် ထိန်းချုပ်မှု မျက်နှာပြင်တစ်ခုက သူ၏ရှေ့တွင် ဖြန့်ကျက်လာခဲ့သည်။
သူက စာရင်းများကို စူးစမ်းချင်စိတ်ဖြင့် ဖတ်ကြည့်လိုက်ရာ မကြာမီ အဆက်အသွယ်များစာရင်းထဲရှိ နာမည်နှစ်ခုကို သတိပြုမိသွားသည်။ အွန်လိုင်းဟု ပြသထားသော ဖန်ဖန်နှင့် တာဝန်ခံဟု မှတ်ချက်ရေးထားသော ကျန်းယဲ့တို့ပင်။
ချန်ချင်းက ဘေးရှိ ဖန်ဖန်ကို ကြည့်ကာ နောက်ပြောင်လိုက်၏။ "ရဲဘော် ဖန်ဖန်... အခုကစပြီး ငါက ဝန်ထမ်းသစ် ဖြစ်သွားပြီ... ဝန်ထမ်းဟောင်းဖြစ်တဲ့ မင်းက ငါ့ကို သေချာ ဂရုစိုက်ရမယ်နော်..."
ထိုစကားကို ကြားသောအခါ ဖန်ဖန်က သူမ၏ ရင်ဘတ်လေးကို ကော့လိုက်ပြီး အဘွားအိုကြီးတစ်ယောက်လို အသံထွက်ကာ ရယ်မောလိုက်ပြီး ချန်ချင်း၏ ပခုံးကို ပုတ်လိုက်သည်။ "ပြဿနာမရှိပါဘူး... ပြဿနာမရှိပါဘူး... ရှောင်ချန်... အခုကစပြီး မမဖန်နောက်ကိုသာ လိုက်ခဲ့... မင်း ကောင်းကောင်း စားရသောက်ရမယ်လို့ အာမခံတယ်..."
နောက်ပြောင်ပြီးနောက် ချန်ချင်းက သူ၏ နဖူးကို ရုတ်တရက် ရိုက်လိုက်ပြီး ဒုက္ခပါပဲဟူသော အမူအရာမျိုး ဖြစ်သွားရသည်။
"ကျစ်... ပျော်လွန်းလို့ အရေးကြီးတဲ့ ကိစ္စကို မေ့နေတာပဲ... ငါ အထက်လူကြီးတွေကို အရင် သတင်းပို့ရဦးမယ်..."
သူက ကျန်းယဲ့ဘက်သို့ လှည့်ကာ တောင်းဆိုသည့် လေသံဖြင့် မေးလိုက်၏။ "ဒါရိုက်တာကျန်း... ကျွန်တော် ခရီးသွားအေဂျင်စီမှာ အလုပ်ဝင်မယ့်ကိစ္စကို... အထက်လူကြီးတွေကို ဘယ်လို ပြောပြရမလဲဟင်..."
ကျန်းယဲ့က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်၏။ "ခင်ဗျား တိုက်ရိုက် ပြောပြလိုက်လို့ ရပါတယ်... ဘာမှ လျှို့ဝှက်ထားစရာ မလိုပါဘူး..."
ဝန်ထမ်းများ ခန့်အပ်ခြင်းဆိုသည်မှာ အစောဖြစ်စေ အနှောင်းဖြစ်စေ လူသိသွားမည့် ကိစ္စဖြစ်ရာ လျှို့ဝှက်ထားရန် မလိုအပ်ချေ။ လျှို့ဝှက်ထားရမည့်အရာမှာ ခရီးသွားအေဂျင်စီ၏ အတွင်းရေးကိစ္စအချို့သာ ဖြစ်သည်။
"အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှာ လွှဲပြောင်းပေးရမယ့် ကိစ္စတွေကို အရင်သွားလုပ်လိုက်ပါ... အားလုံး အဆင်ပြေသွားပြီဆိုရင် ခရီးသွားအေဂျင်စီမှာ တရားဝင် လာပြီး သတင်းပို့လို့ ရပါပြီ..." ကျန်းယဲ့က ညွှန်ကြားလိုက်သည်။
"နားလည်ပါပြီ... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်..."
ချန်ချင်းက မတုံ့ဆိုင်းတော့ဘဲ ချက်ချင်း ထရပ်ကာ လှည့်ပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် အောက်ထပ်သို့ ဆင်းသွားလိာက်သည်။ သူ၏ ကျောပြင်က လေထဲတွင် လမ်းလျှောက်နေသည့်အလား ပေါ့ပါးနေ၏။
"ဟီးဟီး... ဒီအကြောင်းကို လင်ရှောင်သာ သိသွားမယ်ဆိုရင် သွေးအန်မတတ် မနာလိုဖြစ်သွားလောက်တယ်...."
မနေ့ညကသာ သူ ဒီမှာ ညစောင့်တာဝန်ကျခဲ့မယ်ဆိုရင် ဒီထီပေါက်တဲ့ ကိစ္စက သူ့ခေါင်းပေါ်ကို ကျလာနိုင်တယ်လေ..
ဘာပဲဖြစ်ဖြစ် အဲဒီကောင်ရဲ့ ခွန်အားနဲ့ အရည်အချင်းက သူ့ထက် လုံးဝ မနိမ့်ကျချေ။
ထိုသို့ တွေးမိသောအခါ ဤသည်က ကောင်းကင်ဘုံက ချပေးသည့် ကောင်းချီးတစ်ခုဟု ချန်ချင်း ခံစားလိုက်ရသည်။
သူက ဘဝင်မြင့်သည့် မျက်နှာပေးဖြင့် အသံမထွက်သော သီချင်းလေးတစ်ပုဒ်ကို ညည်းရင်း ကားပေါ်သို့ တက်ကာ အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုဆီသို့ အလျင်အမြန် မောင်းနှင်သွားတော့သည်။
ချန်ချင်း ထွက်သွားပြီးနောက် ကျန်းယဲ့က ဖန်ဖန်အား အချို့ကိစ္စများကို ရှင်းပြရန် ပြင်လိုက်ချိန်တွင် စနစ်၏ အသိပေးသံက သူ၏ စိတ်ထဲ၌ အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။
【ဒင်... လက်ခံသူသည် အချိန်ပြည့် ဝန်ထမ်းနှစ်ဦး ခန့်အပ်ခြင်းကို ပြီးစီးသွားပြီဖြစ်ကြောင်း ထောက်လှမ်းသိရှိရပြီး အခြေခံအဖွဲ့အစည်း တည်ဆောက်မှု ပြီးပြည့်စုံသွားပါပြီ...】
【ကနဦး အဖွဲ့အစည်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် လက်ခံသူကို ဂုဏ်ပြုပါသည်။ စကြဝဠာပေါင်းစုံ ခရီးသွားအေဂျင်စီ၏ လည်ပတ်မှု အစိတ်အပိုင်းကို နောက်ထပ် ဖွင့်လှစ်ပေးလိုက်ပါပြီ...】
【ခရီးသွား အခွင့်အရေးအသစ်တစ်ရပ်ကို ယခု ရရှိနိုင်ပါပြီ... လက်ခံသူနှင့် အဖွဲ့သားများအနေဖြင့် စီးပွားရေးကို တက်ကြွစွာ တိုးချဲ့ရန် အကြံပြုအပ်ပါသည်...】
အသိပေးသံနှင့်အတူ ရှင်းလင်းပြတ်သားသော တာဝန်စာရင်း မျက်နှာပြင်တစ်ခုက သူ၏ စိတ်ထဲတွင် ဖြန့်ကျက်လာလေသည်။
တာဝန် ၁။ ကပ်ဘေးကြီး၏ ငိုကြွေးသံ - မင်မင်းဆက်၏ ငိုချင်း
【ခရီးစဉ်】 - မင်မင်းဆက် ကပ်ဘေးကာလကို တွေ့ကြုံခံစားရန်နှင့် သမိုင်း၏ အချိုးအကွေ့ကို ခံစားသိရှိနိုင်ရန် ခရီးသွားများကို ချုံကျန်းနန်းသက် ၅ နှစ် အေဒီ ၁၆၃၂သို့ ခေါ်ဆောင်သွားပါ။
【ခေါ်ယူရမည့် လူဦးရေ】 - ၃၀ ဦး
【ခရီးစဉ် ကြာမြင့်ချိန်】 - ၇ ရက်
【စျေးနှုန်း】 - လူတစ်ဦးလျှင် ယွမ် ၅၀,၀၀၀
【အမှာစာ လက်ခံမည့်အချိန်】 - ဤတနင်္ဂနွေနေ့ နေ့လယ် ၁၂:၀၀ နာရီတွင် အတိအကျ ဖွင့်လှစ်မည်။
【တာဝန် ဆုလာဘ်】 - သက်တမ်း +၃၀ ရက်၊ အမှတ် ၁,၀၀၀။
တာဝန် ၂။ ပိုးလမ်းမကြီး၏ ရတနာ - ချိုးချီ၏ ရှေးဟောင်းအလှ
【ခရီးစဉ်】 - အေဒီ ၇၉၂ ခုနှစ် ခူချာရှေးဟောင်းမြို့တော်သို့ သွားရောက်ပြီး ရှေးခေတ် ခရီးသွား ၃၀ ဦးကို ခေါ်ယူကာ ခေတ်မီကမ္ဘာမြေပေါ်ရှိ လုံးဝ ကွဲပြားခြားနားသော ယဉ်ကျေးမှုတစ်ခုကို တွေ့ကြုံခံစားစေပါ။
【ခေါ်ယူရမည့် လူဦးရေ】 - ၃၀ ဦး (ရှေးခေတ်မှ)
【ခရီးစဉ် ကြာမြင့်ချိန်】 - ၃ ရက်
【စျေးနှုန်း】 - လူတစ်ဦးလျှင် ရွှေ ၁၀ တေး
【ခေါ်ယူရမည့် ကာလ】 - ခုနစ်ရက်
【တာဝန် ဆုလာဘ်】 - သက်တမ်း +၃၀ ရက်၊ အမှတ် ၁,၀၀၀။
တာဝန် ၃။ တောရိုင်း၏ ခေါ်သံ - သားရဲကမ္ဘာ၏ အံ့ဖွယ်များ
【ခရီးစဉ်】 - ခရီးသွားများကို တခြားကမ္ဘာတစ်ခုဖြစ်သည့် သားရဲကမ္ဘာသို့ ဆွဲဆောင်ပြီး ထူးခြားသော သားရဲလူသား ယဉ်ကျေးမှုနှင့် ရှေးဦး သဘာဝရှုခင်းများကို လည်ပတ်စေပါ။
【ခေါ်ယူရမည့် လူဦးရေ】 - ၃၀ ဦး
【ခရီးစဉ် ကြာမြင့်ချိန်】 - ၇ ရက်
【စျေးနှုန်း】 - လူတစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀
【အမှာစာ လက်ခံမည့်အချိန်】 - ဤတနင်္ဂနွေနေ့ နေ့လယ် ၁၂:၀၀ နာရီတွင် အတိအကျ ဖွင့်လှစ်မည်။
【တာဝန် ဆုလာဘ်】 - သက်တမ်း +၃၀၀ ရက်၊ အမှတ် ၁၀,၀၀၀၊ ကံစမ်းမဲ လှည့်ခွင့် တစ်ကြိမ်။
ဟန်ပန်၊ အခက်အခဲနှင့် ဆုလာဘ်များ လုံးဝ ကွဲပြားခြားနားသော တာဝန်အသစ်သုံးခုကို မြင်လိုက်ရသည့်အခါ ကျန်းယဲ့၏ စိတ်များ လန်းဆန်းတက်ကြွသွားရသည်။
'ဘုရားရေ... စနစ်က ဒီတစ်ခါတော့ တကယ်ကို အနားမပေးတော့ဘူး... တစ်ပြိုင်နက်တည်း သုံးခုတောင် ချပေးလိုက်တာပဲ...'
ကျန်းယဲ့က အသစ်ချပေးလိုက်သော ခရီးသွားတာဝန် သုံးခုကို သေချာစွာ ဖတ်ရှုလိုက်ပြီး အလျင်အမြန်ပင် ဆုံးဖြတ်ချက်ချလိုက်၏။
ပထမတစ်ခုဖြစ်သော ချုံကျန်းနန်းသက် ၅ နှစ်နှင့် ဒုတိယတစ်ခုဖြစ်သော ခူချာရှေးဟောင်းမြို့တော်တို့မှာ ယခင်က စူးစမ်းရှာဖွေပြီးဖြစ်သော ရင်းနှီးကျွမ်းဝင်သည့် ကမ္ဘာများ ဖြစ်ကြသည်။
ချုံကျန်းနန်းသက် ၅ နှစ်သည် ရှုပ်ထွေးလှသော နှောင်းပိုင်းမင်မင်းဆက် ကာလတွင် ဖြစ်သော်လည်း ထိုနေရာရှိ လူများမှာ ရင်းနှီးပြီးသား မျက်နှာများဖြစ်ရာ အန္တရာယ်က ထိန်းချုပ်နိုင်သည့် အနေအထားတွင် ရှိချေသည်။
ခူချာရှေးဟောင်းမြို့တော်ကမူ အန္တရာယ် ပိုကင်းသည်။ အန်းရှီး တပ်မတော်ရော ခူချာက လူတွေကပါ သူတို့ကို အရမ်း ကောင်းကောင်း ဆက်ဆံကြလေသည်။
ဤတာဝန်နှစ်ခုက စနစ်က ဝန်ထမ်းသစ် နှစ်ဦးဖြစ်သော ချန်ချင်းနှင့် ဖန်ဖန်တို့အတွက် ပေးထားသည့် အသစ်များအတွက် အကျိုးခံစားခွင့်ဖြစ်ကြောင်း ထင်ရှားချေသည်။ ခရီးစဉ်များက ရင်းနှီးပြီးသားဖြစ်ကာ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကလည်း အတော်လေး ရိုးရှင်းသဖြင့် သူတို့ လေ့ကျင့်ရန်နှင့် စီးပွားရေး လုပ်ငန်းစဉ်များကို ရင်းနှီးကျွမ်းဝင်စေရန်အတွက် အလွန် သင့်လျော်လှသည်။
တတိယမြောက် သားရဲကမ္ဘာမှာမူ လုံးဝ အမည်မသိနှင့် အသစ်စက်စက်ကမ္ဘာတစ်ခု ဖြစ်၏။
စနစ်၏ ပုံမှန်အကျင့်အရ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို မသိရသေးသည့် ဤကဲ့သို့ ရှေ့ဆောင် စူးစမ်းရှာဖွေရမည့် တာဝန်အများစုကို သူဌေးကိုယ်တိုင်သာ ကိုင်တွယ်ရလေ့ရှိသည်။
"သားရဲလူသားတွေရဲ့ ကမ္ဘာတဲ့လား..."
ကျန်းယဲ့က စိတ်ထဲတွင် စဉ်းစားနေခဲ့သည်။
'အစိမ်းစားပြီး သွေးသောက်တဲ့ ရှေးဦးလူရိုင်း မျိုးနွယ်စုလား... ဒါမှမဟုတ် ထူးခြားတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖန်တီးထားပြီး အထူးစွမ်းအားတွေ ဒါမှမဟုတ် နည်းပညာတွေတောင် ပိုင်ဆိုင်ထားတဲ့ ကမ္ဘာမျိုးလား...'
သူက ဒုတိယ ဖြစ်နိုင်ခြေကို ပို၍ ယိမ်းယိုင်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက အတွေ့အကြုံရှိသူ တစ်ယောက်ဖြစ်နေပြီမို့ စနစ်က သူ့ကို လွယ်ကူတဲ့ တာဝန်မျိုး ပေးမှာ မဟုတ်ဘူးလေ....
သူ၏ အတွေးများကို စုစည်းပြီးနောက် ကျန်းယဲ့က စနစ် မျက်နှာပြင်ကို ပိတ်လိုက်ပြီး သူ့ရှေ့ရှိ ဝန်ထမ်းသစ်ဖြစ်သော ဖန်ဖန်ဆီသို့ အကြည့်လွှဲလိုက်သည်။
ထို့နောက် သူ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာပြီး မေးလိုက်၏။ "ရှောင်ဖန်... ငါတို့ဆီမှာ ခရီးသွား တာဝန်နှစ်ခု ရှိတယ်... တစ်ခုက ငါတို့ကမ္ဘာက ခရီးသွားတွေကို ချုံကျန်းနန်းသက် ၅ နှစ်က မင်မင်းဆက်ဆီကို ခေါ်သွားပြီး ခုနစ်ရက်တာ ခရီးစဉ်ကို လမ်းညွှန်ပေးရမှာ..."
"နောက်တစ်ခုက အေဒီ ၇၉၂ ခုနှစ်က ခူချာရှေးဟောင်းမြို့တော်ဆီ သွားပြီး သမိုင်းဝင် ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီး ငါတို့ရဲ့ ကမ္ဘာမြေကို ခေါ်လာပြီး ၃ ရက်တာ လည်ပတ်ခိုင်းရမှာ..."
"မင်း ကိုယ်တိုင်က ဒီတာဝန်နှစ်ခုထဲက ဘယ်တစ်ခုကို ပိုစိတ်ဝင်စားလဲ..."
သူဌေး၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် သူမ မကြာမီ ကိုယ်တိုင်ဦးဆောင်ရမည့် တာဝန်တစ်ခုကို ရွေးချယ်ခိုင်းနေခြင်းဖြစ်ကြောင်း ဖန်ဖန် သိလိုက်၏။
သူမက ချက်ချင်းပင် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အမူအရာက လေးနက်သွားကာ လုံးဝ ကွဲပြားခြားနားသော ခရီးစဉ် နှစ်ခုကို သေချာစွာ စတင် သုံးသပ်လေတော့သည်။
အန်းရှီး တပ်မတော်ကို ကမ္ဘာမြေသို့ ခေါ်ဆောင်လာရမည့် ရည်ရွယ်ချက်က ရှင်းလင်းသည်။ အဓိက တာဝန်များမှာ ဧည့်ခံခြင်း နှင့် ပြသခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က စစ်သည်များကို ခေတ်မီ ကြီးပွားချမ်းသာမှုများကို တွေ့ကြုံခံစားခွင့် ပေးရမည် ဖြစ်၏။
၎င်း၏ အဓိပ္ပာယ်က အလွန် ကြီးမားကြောင်း ထင်ရှားပြီး ပါဝင်ခွင့်ရခြင်းကလည်း ကြီးမားသော ဂုဏ်ကျက်သရေ တစ်ခုဖြစ်သည်။ ထို့အပြင် အဓိက လှုပ်ရှားရမည့် နေရာနှင့် ဘေးကင်းလုံခြုံရေး အခြေအနေများမှာလည်း ကိုယ့်ပိုင်နက်တွင် ဖြစ်သဖြင့် အတော်လေး ထိန်းချုပ်နိုင်ချေသည်။
ချုံကျန်းနန်းသက် ၅ နှစ်သို့ သွားရမည်ဆိုလျှင်တော့...
၎င်းက ပရမ်းပတာဖြစ်နေပြီး စစ်ပွဲများနှင့် ကပ်ဘေးများ ထူပြောနေသည့် နှောင်းပိုင်းမင်မင်းဆက်ကာလ၌ အချိန် ၇ ရက် အပြည့် နေထိုင်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူဌေးက ထိုကမ္ဘာသို့ ချိတ်ဆက်ပြီးဖြစ်သော်လည်း အန္တရာယ်များ ရှိနေသေးပြီး မသေချာမရေရာမှုများက ပထမတစ်ခုထက် များစွာ ပိုမို မြင့်မားချေသည်။
ဖန်ဖန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူမ၏ လက်ချောင်းများက ဆံပင်စွန်းများကို သတိလွတ်စွာဖြင့် လိမ်ကစားနေကာ ပြင်းပြင်းထန်ထန် စဉ်းစားချိန်ဆနေခဲ့သည်။
ခေတ္တကြာပြီးနောက် သူမက ခေါင်းမော့လာပြီး အဖြေပေးလိုက်၏။
"သူဌေး... ကျွန်မက ခူချာကိုသွားပြီး အန်းရှီး တပ်မတော်ကို ပြန်ခေါ်လာမယ့် တာဝန်ကို ရွေးချယ်ပါတယ်..."
"ကျွန်မ ဒီတာဝန်ကို ရွေးချယ်တာက အတော်လေး ဘေးကင်းလို့ သက်သက် မဟုတ်ပါဘူး..."
"ပိုအရေးကြီးတာက... ကျွန်မ သူတို့ကို လေးစားကြည်ညိုတယ်... ဆံပင်တွေ ဖြူနေကြပေမယ့် သေတဲ့အထိ ဓားကို မချခဲ့ကြတဲ့ အန်းရှီး သံမဏိတပ်မတော်ရဲ့ စစ်သည်တွေကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ချင်တယ်... ပြီးတော့ သူတို့ကို ပင်ပန်းခဲ့ကြပြီလို့ ကိုယ်တိုင်ကိုယ်ကျ ပြောချင်တယ်..."
သူမက သူတို့ကို ကောင်းကောင်း ဧည့်ခံချင်ပြီး သူတို့ အသက်စွန့် ကာကွယ်ခဲ့သော မြေပြင်က နှစ်ပေါင်း တစ်ထောင်ကျော် ကြာပြီးနောက်တွင် မည်မျှ ကြီးပွားချမ်းသာကာ တိုးတက်နေပြီဖြစ်ကြောင်းကို ပြသချင်လေသည်။
သူတို့က ဒီအရာအားလုံးကို မြင်တွေ့ခွင့် ရသင့်ချေသည်။
သူမ၏ ရွေးချယ်မှုမှာ အန္တရာယ်ကို ရှောင်ရှားလိုခြင်းကြောင့် မဟုတ်ဘဲ ဝေးကွာသော နယ်စွန်နယ်ဖျားတွင် အထီးကျန်စွာဖြင့် နောက်ဆုံးအချိန်အထိ ခုခံကာကွယ်ခဲ့သော တပ်မတော်အပေါ် အနက်ရှိုင်းဆုံး လေးစားမှုနှင့် သူရဲကောင်းများကို ကောင်းကောင်း ဧည့်ခံချင်သော ဆန္ဒတို့မှ မြစ်ဖျားခံလာခြင်း ဖြစ်၏။
သူမက သူတို့ အသက်ပေး ကာကွယ်ခဲ့သော ယဉ်ကျေးမှုက နောက်ဆုံးတွင် မည်မျှ တောက်ပခမ်းနားနေပြီ ဖြစ်ကြောင်းကို အထီးကျန်နေသော ထိုသစ္စာရှိဝိညာဉ်များ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်စေရန် အချိန်နှင့် ဟင်းလင်းပြင်ကို ဆက်သွယ်ပေးသည့် တံတားလေးတစ်ခု ဖြစ်ချင်နေမိသည်။
အခန်း ၄၅၄ပြီး၏။