← Chapters

အခန်း ၄၅၈

Vol. 46 Ch. 458

အခန်း ၄၅၈

Vol. 46 Ch. 458

အခန်း (၄၅၈) မျိုးဗီဇ လက်ကောက်

​နောက်ခဏ၌ အချိန်ခရီးသွား ဘတ်စ်ကားက အနည်းငယ် တုန်ခါသွားပြီး တိတ်ဆိတ်သော လမ်းမတစ်ခုဘေးတွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။

​ကားထဲရှိ ခရီးသွားများက ပြတင်းပေါက်အပြင်ဘက်သို့ စိတ်အားထက်သန်စွာ ကြည့်လိုက်ကြရာ သူတို့ရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်း အသက်ရှူမှားသွားကြရသည်။

​သံမဏိ၊ ကွန်ကရစ်များနှင့် နီယွန်မီးရောင်များဖြင့် တည်ဆောက်ထားသော သစ်တောအုပ်ကြီးထဲသို့ ရောက်နေသကဲ့သို့ သူတို့ ခံစားလိုက်ကြရသည်။

​မြင့်မားလှသော အဆောက်အအုံကြီးများက တစ်ခုနှင့်တစ်ခု ယှဉ်တွဲရပ်တည်နေကြပြီး သူတို့၏ ဗိသုကာဟန်က ကြမ်းတမ်းမှုနှင့် ရှုပ်ထွေးမှုတို့ ရောယှက်နေကာ ပန့်ခ်စတိုင်ကို သတိရစေ၏။

​သားရဲကြီးတစ်ကောင်၏ သွေးကြောများကဲ့သို့ ဧရာမ သတ္တုပိုက်လုံးကြီးများက အဆောက်အအုံ၏ မျက်နှာပြင်များပေါ်တွင် အကာအကွယ်မဲ့စွာဖြင့် ကွေ့ကောက်ယှက်နွယ်နေကြသည်။ သံမှိုစွဲထားသော ဖွဲ့စည်းပုံများကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး စက်မှုခေတ်၏ ကြမ်းတမ်းသော အလှတရားတစ်ခုကို ဖော်ပြနေချေသည်။

​မတူညီသော အမြင့်များရှိသည့် အဆောက်အအုံများကြားတွင်တော့ ရေတွက်မရနိုင်သော ဟိုလိုဂရမ်ကြော်ငြာဘုတ်များက လင်းလက်နေပြီး တက်ကြွစွာ ပြောင်းလဲနေသော အရောင်အသွေးစုံလင်သည့် ပုံစံများနှင့် စာသားများကို ထုတ်လွှင့်ပြသနေခဲ့သည်။ ၎င်းတို့ထဲတွင် တိရစ္ဆာန်ပုံစံ လက္ခဏာများ ပါဝင်သော လိုဂိုများ သို့မဟုတ် ပုံရိပ်အချို့လည်း ပါဝင်လေသည်။

​တစ်ခါတစ်ရံတွင် အလင်းတန်းများ ချန်ရစ်ခဲ့သော ပုံစံထူးဆန်းသည့် လေယာဉ်များက အဆောက်အအုံ တောအုပ်ကြီးထဲ၌ တိတ်ဆိတ်စွာ ဖြတ်သန်း ပျံသန်းသွားကြသည်။

​ပတ်ဝန်းကျင်တစ်ခုလုံးက နည်းပညာပိုင်းအရ အဆင့်မြင့်နေသလို ရိုင်းစိုင်းပြီး မယဉ်ကျေးသေးသည့် ရှေးဦးဆန်သော အငွေ့အသက်များကိုလည်း ထုတ်လွှင့်နေခဲ့သည်။

​"အားလုံးပဲ... အံ့သြဖွယ်ကောင်းတဲ့ သားရဲကမ္ဘာကနေ ကြိုဆိုပါတယ်..." ကျန်းယဲ့၏ အသံက လူတိုင်းကို မှင်တက်နေမှုထဲမှ ဆွဲထုတ်လိုက်၏။

​ကားပေါ်ရှိ ခရီးသွားများ နောက်ဆုံးတွင် သတိပြန်ဝင်လာကြပြီး အံ့သြတုန်လှုပ်သည့် အာမေဍိတ်သံများ ဆက်တိုက် ထွက်ပေါ်လာကြတော့သည်။

​"ဝိုး... ဒီအဆောက်အအုံ ဒီဇိုင်းတွေက အရမ်းမိုက်တာပဲဟ.."

​"ဘုရားရေ... ဒါက သားရဲကမ္ဘာလား... ငါ စိတ်ကူးယဉ်ထားတာထက်တောင် ပိုပြီး ဆိုက်ဘာပန့်ခ်ဆန်နေသေးတယ်...."

​"ဟို ဟိုလိုဂရမ် ပုံရိပ်တွေက ဝံပုလွေတွေနဲ့ လင်းယုန်တွေရဲ့ ပုံတွေလား..."

​ထိုအချိန်မှာပင် ကျန်းယဲ့၏ စိတ်ထဲ၌ စနစ် မျက်နှာပြင်က အလိုအလျောက် ပွင့်လာပြီး သားရဲကမ္ဘာ၏ အသေးစိတ် အချက်အလက်များ ပါဝင်သော အိုင်ကွန်တစ်ခုက လင်းလက်လာခဲ့သည်။

​သူက စိတ်ထဲမှတွေးကာ ထိုအိုင်ကွန်ကို နှိပ်လိုက်ရာ ဤသားရဲကမ္ဘာနှင့် ပတ်သက်သော လူမှုရေး ဖွဲ့စည်းပုံ၊ အဓိကမျိုးနွယ်စုများ၊ အာဏာ ခွဲဝေမှုနှင့် အရေးအကြီးဆုံးဖြစ်သော မျိုးဗီဇ လက်ကောက်၏ ဖော်ပြချက်အပါအဝင် အခြေခံအချက်အလက် အများအပြားက သူ၏ စိတ်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။

​အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ကျန်းယဲ့က အတုအယောင် စနစ် မျက်နှာပြင်ပေါ်ရှိ ဖြန့်ကြက်မှုကို အတည်ပြုပါကို နှိပ်လိုက်၏။

​ထို့နောက် သတိမထားမိလောက်သော အလင်းတန်းလေးတစ်ချက် လင်းလက်သွားပြီးနောက် ရိုးရှင်းကာ သတ္တုနှင့်ပြုလုပ်ထားပုံရသော လက်ကောက်တစ်ကွင်းက သူ၏ဘယ်ဘက်လက်ကောက်ဝတ်ပေါ်တွင် ကိုယ်ထည် ပေါ်လာလေသည်။

​တစ်ချိန်တည်းမှာပင် ကားခန်းလေးထဲတွင် ခပ်တိုးတိုး "ဝီ" ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး ခရီးသွား သုံးဆယ်စလုံး၏ လက်ကောက်ဝတ်များပေါ်တွင်လည်း ထပ်တူညီသော လက်ကောက်များ ပေါ်လာကြသည်။

​"ဟင်..." ရှေ့ဆုံးတန်းတွင် ထိုင်နေသော လီကျန့်လင်းက ပထမဆုံး သတိပြုမိသွားရသည်။ သူက လက်ကောက်ဝတ်ကို မြှောက်ကာ အံ့သြစွာ မေးလိုက်၏။ "ဒါရိုက်တာကျန်း... ရုတ်တရက် ပေါ်လာတဲ့ ဒီလက်ကောက်က ဘာကြီးလဲ..."

​သူ စကားပြောလိုက်သည်နှင့် လူတိုင်း၏ အာရုံများက ပြတင်းပေါက်မှ ပြန်လည်ရောက်ရှိလာပြီး သူတို့၏ လက်ကောက်ဝတ်များနှင့် လီကျန့်လင်း၏ လက်ကောက်ဝတ်ကို ကြည့်လိုက်ကြသည်။

​"ငါ့ဆီမှာလည်း တစ်ခုရှိတယ်.."

​"ငါ့လက်ထဲမှာလည်း အပိုတစ်ခု ရောက်နေပြီ..."

​"ဒါရိုက်တာကျန်း... ဒါက ဘာကြီးလဲ..."

​ခရီးသွားများထံမှ ဆက်တိုက် ထွက်ပေါ်လာသော မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့က လက်ကောက်ဝတ်ဆင်ထားသော သူ၏ လက်ကို မြှောက်လိုက်ပြီး အချိန်နှင့် ဟင်းလင်းပြင် ခရီးသွားလမ်းညွှန် တစ်ယောက်၏ တာဝန်များကို စတင်ထမ်းဆောင်လေတော့သည်။

​"အားလုံးပဲ... ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ... အခု ခင်ဗျားတို့ရဲ့ လက်ကောက်ဝတ်တွေပေါ်မှာ မြင်တွေ့နေရတဲ့အရာက ဒီသားရဲကမ္ဘာက ခေါ်တဲ့ မျိုးဗီဇလက်ကောက်ဆိုတာပါပဲ..."

​သူက ရှင်းလင်းပြတ်သားစွာ ပြောလိုက်ရာ လူတိုင်း သူ့အသံကို ကြားနိုင်စေရန် သေချာစေခဲ့သည်။

​"ဒီကမ္ဘာမှာဆိုရင် အသိဉာဏ်ရှိတဲ့ လူသားဆန်တဲ့ သက်ရှိအားလုံးက မွေးဖွားပြီးတာနဲ့ ဒီလက်ကောက်ကို ဝတ်ဆင်ကြတယ်... ဒါက သက်သေခံ အထောက်အထား၊ ဆက်သွယ်ရေးနဲ့ ငွေပေးချေမှုစတဲ့ လုပ်ဆောင်ချက်အများအပြားကို ပေါင်းစပ်ပေးထားတယ်... သေချာတာပေါ့... ကျွန်တော်တို့က ဒီကမ္ဘာကလူတွေ မဟုတ်တဲ့အတွက် စနစ်က ကျွန်တော်တို့ကို အတုတစ်ခု ဖန်တီးပေးထားတာပါ..."

​သူက ခေတ္တရပ်လိုက်ပြီးနောက် အလေးအနက် ပြောလိုက်ပြန်သည်။ "ဒီလက်ကောက်ရဲ့ ကျွန်တော်တို့ ပြင်ပလူတွေအတွက် အရေးအကြီးဆုံး လုပ်ဆောင်ချက်ကတော့... ကာကွယ်ရေး ဒိုင်းလွှားပဲ..."

​"ကာကွယ်ရေး ဒိုင်းလွှား..." လူတိုင်း၏ မျက်လုံးများ လင်းလက်သွားကြရသည်။

​"ဟုတ်ပါတယ်..." ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားတို့ ဒီကမ္ဘာက သတ္တဝါတွေရဲ့ တိုက်ခိုက်တာကို ခံရတဲ့အခါ လက်ကောက်က အလိုအလျောက် အသက်ဝင်လာပြီး ခင်ဗျားတို့ကို အန္တရာယ်ကနေ ကာကွယ်ပေးဖို့ စွမ်းအင် အတားအဆီးတစ်ခု ဖန်တီးပေးလိမ့်မယ်... ဒါပေမဲ့..."

​ထို့နောက် သူက စကားလမ်းကြောင်းပြောင်းလိုက်ပြီး သူ၏ လေသံက လေးနက်သွားရသည်။ "သတိပြုပါ... အကယ်၍ ခင်ဗျားတို့က တခြားသူတွေကို အရင်စပြီး ရန်စမယ်ဆိုရင်... ဒါမှမဟုတ် မတော်တဆမှုတွေ တမင်တကာ ဖန်တီးပြ တခြားသူတွေကို ရန်စတာမျိုးလို အခွင့်ကောင်းယူတဲ့ အပြုအမူတွေအတွက် လက်ကောက်ရဲ့ ကာကွယ်ရေးယန္တရားကို အသုံးချဖို့ ကြိုးစားမယ်ဆိုရင်... လက်ကောက်ရဲ့ ကာကွယ်ရေး လုပ်ဆောင်ချက်က အလိုအလျောက် ပျက်ပြားသွားလိမ့်မယ်... ဒါက စည်းကမ်းပဲ... ဘာကွက်လပ်မှ မရှိဘူး..."

​ကျန်းယဲ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ခရီးသွားများက သဘောပေါက်သွားသည့် အမူအရာနှင့် ဝမ်းသာသည့် အမူအရာများကို ပြသကာ သူတို့၏ လက်ကောက်ဝတ်များပေါ်ရှိ လက်ကောက်သစ်များကို ပွတ်သပ်လိုက်ကြသည်။

​ဒီအရာက ဒီသူစိမ်းကမ္ဘာမှာ လက်တွေ့အားဖြင့် အသက်ကယ်ကိရိယာပင်။

​ကျန်းယဲ့က နိဂုံးချုပ်အနေဖြင့် လေးနက်စွာ သတိပေးလိုက်၏။ "အားလုံးပဲ... ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ လက်ကောက်တွေကို သေချာ သိမ်းထားပါ... မပျောက်စေနဲ့.. မပျက်စီးစေနဲ့... အကယ်၍ လက်ကောက် ပျောက်သွားမယ်ဆိုရင် ခင်ဗျားတို့ ကမ္ဘာမြေကို ဘေးကင်းကင်းနဲ့ ပြန်ရောက်နိုင်ဖို့ ကျွန်တော် အာမမခံနိုင်ဘူး... ဒါကို သေချာ မှတ်ထားပါ...."

​"ရှင်းပါတယ်..."

​"စိတ်မပူပါနဲ့ ဒါရိုက်တာကျန်း... ဒါကို ကျွန်တော့်အသက်ထက်တောင် ပိုပြီး တန်ဖိုးထားပါ့မယ်..."

​"လုံးဝ မပျောက်စေရပါဘူး..."

​ခရီးသွားများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ လက်ကောက်များကို ပိုမို ဂရုတစိုက် ကျပ်လိုက်ကြရာ သားရဲကမ္ဘာခရီးစဉ်အတွက် မျှော်လင့်ချက်များအပြင် လုံခြုံမှု ခံစားချက်တစ်ခုကိုပါ ခံစားလိုက်ကြရသည်။

​လက်ကောက်၏ အရေးကြီးပုံကို လူတိုင်း နားလည်သွားပြီဖြစ်ကြောင်း မြင်သောအခါ ကျန်းယဲ့က ထပ်မပြောတော့ဘဲ တံခါးဖွင့်သည့် ခလုတ်ကို နှိပ်လိုက်လေသည်။

​ထို့နောက် သူက ကားပေါ်မှ အရင်ဆုံး ဆင်းလိုက်ရာ သူ၏ခြေထောက်များက သားရဲကမ္ဘာလမ်းမ၏ သတ္တုဆန်ဆန် မြေပြင်ပေါ်သို့ ခိုင်မာစွာ ကျရောက်သွားသည်။

​အင်ဂျင်ဝိုင်၊ အမည်မသိ ဟင်းခတ်အမွှေးအကြိုင်များနှင့် မှိန်ဖျော့ဖျော့ ရိုင်းစိုင်းသည့် အနံ့တို့ ရောနှောနေသော လေညင်းလေးတစ်ခုက သူ့ထံသို့ တိုက်ခတ်လာရာ ကားထဲရှိ အဲယားကွန်း လေအေးများနှင့် လုံးဝ ခြားနားသော ခံစားချက်ကို ပေးစွမ်းနေချေသည်။

​စိတ်လှုပ်ရှားမှုနှင့် စူးစမ်းချင်စိတ်များ ပြည့်နှက်နေသော ခရီးသွားများက ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြသည်။

​သူတို့အားလုံး ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ငွေဖြူရောင် အချိန်ခရီးသွားဘတ်စ်ကားကြီးမှာ အစကတည်းက ရှိမနေခဲ့သည့်အလား အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြရပြန်သည်။

​ပန့်ခ်စတိုင်များနှင့် ရိုင်းစိုင်းသော ဆွဲဆောင်မှုများ အပြည့်ရှိသည့် အခြားကမ္ဘာမှ ဤလမ်းမကြီးပေါ်တွင် ရပ်နေရချိန်၌ ကားပေါ်မှ ဆင်းလာသော လူတစ်စုမှာ သူတို့၏ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ချေ။ သူတို့၏ အကြည့်များက အံ့သြမှုများနှင့် လေးစားအားကျမှုများ ပြည့်နှက်နေစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေကြပြီး မည်မျှကြည့်ကြည့် အားမရနိုင်သလို ခံစားနေကြရသည်။

​အချို့လူများက ဤအသက်ရှူမှားလောက်ဖွယ် မြင်ကွင်းကို မှတ်တမ်းတင်ထားချင်သဖြင့် သူတို့၏ အိတ်ကပ်ထဲရှိ ဖုန်းများကို အလိုအလျောက် လှမ်းနှိုက်လိုက်ကြသည်။

​ထိုအချိန်မှာပင် ရှင်းလင်းပြတ်သားသော အသံတစ်ခုက ခရီးသွားအားလုံး၏ စိတ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာလေသည်။

​"အားလုံးပဲ... ကျွန်တော့်အသံကို ကြားရလား..."

​'ဒါ... ဒါရိုက်တာကျန်းရဲ့ အသံပဲ....'

​ခရီးသွားများက အစပိုင်းတွင် အံ့သြသွားပြီး နားဖြင့် ကြားလိုက်ရသည်ဟု အလိုအလျောက် ထင်မှတ်သွားကြသော်လည်း ကျန်းယဲ့၏ နှုတ်ခမ်းများ ပွင့်ဟမလာကြောင်း၊ ပတ်ဝန်းကျင် လမ်းမများမှ ဆူညံသံများက ရှိနေဆဲဖြစ်သော်လည်း အသံက သူတို့၏ ခေါင်းထဲတွင် တိုက်ရိုက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကို သဘောပေါက်သွားကြရသည်။

​"သံသယဖြစ်စရာ မလိုပါဘူး... ခင်ဗျားတို့ အခု ကြားနေရတာက မျိုးဗီဇလက်ကောက်ကနေတစ်ဆင့် တည်ဆောက်ထားတဲ့ အတွင်းပိုင်း သီးသန့်လိုင်းကနေ လာတဲ့ အသံပါ..."

​ကျန်းယဲ့၏ အသံက လူတိုင်း၏ စိတ်ထဲတွင် ဆက်လက် ပဲ့တင်ထပ်နေပြီး သက်သောင့်သက်သာဖြစ်စေသော လေသံမျိုး ပါဝင်နေချေသည်။

​"ဒီအသံကို ကျွန်တော်တို့ ပြင်ပလူတွေပဲ ကြားနိုင်တယ်... ဒေသခံတွေက မကြားနိုင်ဘူး... ဒါက ကျွန်တော်တို့ကို ဆက်သွယ်ဖို့ ပိုလွယ်ကူစေတယ်... အထူးသဖြင့် လူစည်ကားတဲ့ နေရာတွေမှာပေါ့..."

​ထို့နောက် သူက ဆက်လက် ရှင်းပြလိုက်၏။ "ဒီသီးသန့်လိုင်းကို ဆက်သွယ်ရေးအတွက် အသုံးပြုလို့ရတယ်... ဒါပေမဲ့ သတိပြုရမှာက တစ်ယောက်နဲ့ တစ်ယောက် အကွာအဝေးက သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုထက် ကျော်လွန်သွားမယ်ဆိုရင်တော့ ဆက်သွယ်ရေးပြတ်တောက်သွားနိုင်တယ်... ဒါ့အပြင် ဒီလိုင်းက အရမ်း ဆူညံနေတယ်လို့ ခံစားရရင် ကိုယ့်ဘာသာကိုယ် အသံပိတ်ထားတာ ဒါမှမဟုတ် ပိတ်ဆို့ထားတာမျိုး ရွေးချယ်လို့ရတယ်..."

​"ကိရိယာကို ဘယ်လို အသုံးပြုရမလဲဆိုတဲ့ အတိအကျ ညွှန်ကြားချက်တွေနဲ့ မျိုးဗီဇလက်ကောက်ရဲ့ တခြားလုပ်ဆောင်ချက်တွေအတွက် လက်ကောက်ကို ဖွင့်ကြည့်လို့ရပါတယ်... အဲဒီအပေါ်မှာ အသုံးပြုသူ လမ်းညွှန်နဲ့ ညွှန်ကြားချက် အသေးစိတ်တွေ ပါရှိပါတယ်..." ကျန်းယဲ့က ခေတ္တရပ်လိုက်ပြီး သူ၏အသံတွင် သတိပေးမှု တစ်ခု ပါဝင်လာပြန်သည်။ "ပြီးတော့... ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်းတွေကို အပြင်မထုတ်ပါနဲ့..."

​"အကယ်၍ ဓာတ်ပုံရိုက်ချင်တာ၊ ဗီဒီယိုရိုက်ချင်တာမျိုးဆိုရင် မျိုးဗီဇလက်ကောက် ကိုယ်တိုင်မှာပဲ အဲဒီ လုပ်ဆောင်ချက်တွေ ပါရှိပါတယ်... အဲဒါက ပိုပြီး သိုသိုသိပ်သိပ်ဖြစ်ပြီး အဆင်ပြေပါတယ်... အိမ်ပြန်ရောက်တဲ့အခါ လက်ကောက်က မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အားလုံးကို ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် ဖုန်းတွေထဲကို ဘာမှမပျက်စီးစေဘဲ ပြန်လည် ကူးယူလို့ရပါတယ်..."

အခန်း ၄၅၈ပြီး၏။

All Chapters