အခန်း ၄၅၉
Vol. 46 Ch. 459
အခန်း (၄၅၉) သားရဲလူသားများ ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းများ
နောက်ဆုံးတွင် သူက အချုပ်အနေဖြင့် ပြောလိုက်သည်။ "ရိုးရိုးလေးပြောရရင် ဒီမျိုးဗီဇလက်ကောက်ကို ဒီကမ္ဘာက အဆင့်အမြင့်ဆုံး စမတ်ဖုန်းတစ်လုံးလို့ မှတ်ယူလို့ရတယ်... ခင်ဗျားတို့ ဖုန်းတွေမှာပါတဲ့ လုပ်ဆောင်ချက်တွေ အားလုံးနီးပါး ပါဝင်တဲ့အပြင် ပိုပြီးစွမ်းအားကြီးတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်သေးတယ်... ကဲ... အခု အားလုံးပဲ လက်ကောက်ရဲ့ အခြေခံ အသုံးပြုပုံလေးကို ရင်းနှီးသွားအောင် စမ်းသုံးကြည့်လိုက်ကြပါဦး... ခဏလောက် နားပြီးရင် ကျွန်တော်တို့ ခရီးဆက်ကြတာပေါ့..."
ထိုရှင်းပြချက်ကို ကြားပြီးနောက် ခရီးသွားများက ခေါင်းငုံ့ကာ သူတို့၏ လက်ကောက်ဝတ်များပေါ်ရှိ မျိုးဗီဇ လက်ကောက်ကို စူးစမ်းချင်စိတ်ဖြင့် နှိပ်၍ အသက်သွင်းလိုက်ကြ၏။
မှိန်ဖျော့ဖျော့ အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာပြီး လက်ကောက်ဝတ်အထက်တွင် သေးငယ်သော ဟိုလိုဂရမ် မျက်နှာပြင်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းပေါ်တွင် ဆက်သွယ်ရေး၊ ဓာတ်ပုံရိုက်ခြင်း၊ မြေပုံနှင့် ဘာသာပြန်ခြင်းစသည့် အိုင်ကွန်အမျိုးမျိုးကို ပြသထားပြီး မြင့်မားသော နည်းပညာအငွေ့အသက်ကို ပေးစွမ်းနေလေသည်။
ဖုန်းထုတ်တော့မည့်သူများမှာ သူတို့၏ လက်များကို တိတ်တဆိတ် ရုပ်သိမ်းလိုက်ကြပြီး ဤဆန်းသစ်ကာ စွမ်းအားကြီးမားလှသော ဒေသခံ ကိရိယာကိုသာ စိတ်ဝင်တစားဖြင့် စတင်လေ့လာနေကြတော့သည်။
ကျန်းယဲ့က လက်ကောက်များကို လေ့လာရာတွင် နစ်မြုပ်နေကြသော ခရီးသွားများကို ပတ်ဝန်းကျင်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး သီးသန့်လိုင်းမှတစ်ဆင့် မေးလိုက်၏။ "ဘယ်လိုလဲ... အားလုံးပဲ ရင်းနှီးသွားပြီလား... အသုံးပြုရတာ အခက်အခဲ ရှိသေးလား..."
"အားလုံး အဆင်ပြေပါတယ် ဒါရိုက်တာကျန်း..." လျိုလင်းလင်းက ပထမဆုံး ခေါင်းမော့လာပြီး ရှင်းလင်းပြတ်သားစွာ တုံ့ပြန်လိုက်ရာ သူမက အခြေခံများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီဖြစ်ကြောင်း ထင်ရှားချေသည်။
ကောင်းဝမ်ဖေးက ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "အရမ်း ရိုးရှင်းပါတယ်... လမ်းညွှန်စာအုပ်က အရမ်းကို ရှင်းရှင်းလင်းလင်း ရှင်းပြထားတော့ စသုံးရတာ မခက်ပါဘူး..."
သြစတြေးလျမှ အယ်လန်ကလည်း ထိုအတိုင်းပင် လိုက်လုပ်ကာ အိုကေလက်ဟန်ပြပြီး ပြဿနာမရှိကြောင်း ပြုံးဖြီးဖြီးဖြင့် အချက်ပြလိုက်သည်။
နောက်ဆုံးတွင် အမေရိကန်မှ ဒေးဗစ်က ခေါင်းမော့လာပြီး ပြောလိုက်၏။ "လုံလောက်ပါပြီ မစ္စတာကျန်း..."
"ကောင်းပြီ... ဒါဆိုရင် ကျွန်တော်တို့ ထွက်ကြတာပေါ့..."
လူတိုင်း အဆင်သင့်ဖြစ်နေပြီကို မြင်သောအခါ ကျန်းယဲ့က အချိန်ထပ်မဆွဲတော့ချေ။ သူက ရှေ့ဆုံးမှ ဦးဆောင်ကာ စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော အဖွဲ့ကို အတော်လေး တိတ်ဆိတ်သည့် လမ်းကြားလေးထဲမှ ခေါ်ဆောင်သွားလိုက်သည်။
သူတို့က ကျယ်ဝန်းသော လမ်းမကြီးပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် ကန့်လန့်ကာ နောက်ကွယ်မှနေ၍ မီးမောင်းထိုးထားသည့် စင်မြင့်ပေါ်သို့ ရုတ်တရက် ရောက်ရှိသွားသည့်အလား ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်လှသော ဤသားရဲကမ္ဘာကြီးထဲသို့ အမှန်တကယ် နစ်မြုပ်သွားကြရသည်။
သူတို့၏ အကြည့်များက လမ်းမပေါ်ရှိ အမျိုးမျိုးသော လမ်းသွားလမ်းလာများအပေါ်သို့ ချက်ချင်း ကျရောက်သွားပြီး အကြည့်မလွှဲနိုင်အောင် ဖြစ်သွားကြတော့သည်။
လမ်းမထက်တွင် ပုံပန်းသဏ္ဌာန် ထူးဆန်းလှသော လူမျိုးစုံက စည်ကားစွာ သွားလာနေခဲ့ကြသည်။
အချို့လူများ၏ ခေါင်းပေါ်တွင် ကွေးညွတ်ကာ အင်အားကြီးမားပုံရသော ဦးချိုများရှိနေပြီး သူတို့၏ ခြေလှမ်းများနှင့်အတူ အနည်းငယ် ယိမ်းနွဲ့နေကြသည်။ အချို့က ယုန်မျိုးနွယ်စုနှင့် တူသော အမွေးထူထူ နားရွက်ရှည်များရှိကြပြီး ပတ်ဝန်းကျင်မှ အသံများကို နားစွင့်ရန် နားရွက်များကို သတိကြီးစွာဖြင့် လှည့်နေကြ၏။ အချို့မှာမူ နူးညံ့ပျော့ပျောင်းသော ကြောင်မြီးများ အနောက်တွင် တွဲလောင်းကျနေပြီး ခေါင်းပေါ်တွင် တြိဂံပုံကြောင်နားရွက်တစ်စုံ ရှိနေကာ သူတို့၏ အသွင်အပြင်က ကစားချင်စိတ်များပြီး လျှို့ဝှက်ဆန်းကြယ်သည့်ပုံ ပေါက်နေချေသည်။
အချို့လူများ၏ အကာအကွယ်မဲ့နေသော လက်မောင်းများ၊ ပါးပြင်များ သို့မဟုတ် လည်ပင်းဘေးဘက်များတွင်မူ သေးငယ်ပြီး တောက်ပနေသော အကြေးခွံများ ဖုံးလွှမ်းနေကာ နီယွန်မီးရောင်အောက်တွင် မှိန်ဖျော့ဖျော့ အလင်းရောင်ကို ရောင်ပြန်ဟပ်နေခဲ့သည်။
ဤကဲ့သို့ ထင်ရှားသော တိရစ္ဆာန်လက္ခဏာများကို ထိန်းသိမ်းထားသည့် သားရဲလူသားများအပြင် လမ်းပေါ်ရှိ လမ်းသွားလမ်းလာ အများအပြားမှာ ဘလူးစတားမှ လူသားများနှင့် မည်သို့မျှ ကွာခြားခြင်းမရှိဘဲ တိရစ္ဆာန် လက္ခဏာလုံးဝ မရှိသူများလည်း ပါဝင်လေသည်။
သူတို့က သားရဲတစ်ပိုင်းလက္ခဏာများ ရှိသူများနှင့်အတူ ယှဉ်တွဲလမ်းလျှောက်နေကြပြီး ၎င်းက အလွန် သဘာဝကျသည့်ကိစ္စ တစ်ခုအလား သာမန်အတိုင်းပင် ဆက်ဆံပြောဆိုနေကြသည်။
"ဒါက မယုံနိုင်စရာပဲ..." ကျိုးယွီမော့က သူမ၏ မျက်မှန်ကို ပင့်တင်လိုက်ရာ သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး တီးတိုး ရေရွတ်လိုက်၏။ "ဒါက သားရဲလူသားတွေဆိုတာပဲ... ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ... ဘယ်လောက်တောင် ထူးခြားလိုက်လဲ... သူတို့က တကယ်ကြီး ရှိနေတာပဲ..."
ကျိန်းကွေ့ဟုန်သည်လည်း မယုံနိုင်မှုများ ပြည့်နှက်နေပြီး ရေရွတ်လိုက်သည်။ "ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲက မြင်ကွင်းတွေက တစ်နေ့ကျရင် လက်တွေ့ဘဝထဲက သားရဲလူသားတွေအဖြစ် တကယ် ပြောင်းလဲလာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး..."
ဆိုဖီယာ၏ အကြည့်များက အလွန်ကြီးမားခန့်ညားသော ခန္ဓာကိုယ်နှင့် ခေါင်းပေါ်တွင် နက်မှောင်ကွေးညွတ်နေသော ဦးချိုတစ်စုံရှိသည့် နွားမျိုးနွယ်စုမှ တောင့်တင်းကြံ့ခိုင်သော အမျိုးသားတစ်ဦးထံသို့ ဆွဲဆောင်ခံလိုက်ရသည်။
သူမက ပါးစပ်ကို အုပ်လိုက်ပြီး မျက်လုံးများ လင်းလက်သွားကာ သီးသန့်လိုင်းမှတစ်ဆင့် မထိန်းနိုင်ဘဲ အာမေဍိတ်သံ ပြုလိုက်၏။ "အို... ဟိုကိုကြည့်ပါဦး... သူ့ရဲ့ ဦးချိုတွေက... ပြီးတော့ အဲဒီ ခြေတံတွေ... အရမ်း အင်အားကြီးပုံပေါ်တာပဲ... အရမ်း... အရမ်းကို ယောက်ျားပီသတာပဲ"
ဒေးဗစ်၏ အကြည့်များကမူ မလှမ်းမကမ်းရှိ ဓာတ်တိုင်ကို မှီနေသော ကြောင်မလေးတစ်ဦးဆီသို့ အလိုအလျောက် ရောက်သွားချေသည်။
သူမ၏ အနည်းငယ်သော လှုပ်ရှားမှုလေးများနှင့်အတူ တစ်ခါတစ်ရံ တွန့်သွားတတ်သည့် အမွေးထူထူ နားရွက်များနှင့် အနောက်တွင် ပျင်းရိစွာ ယိမ်းနွဲ့နေသည့် ရှည်လျားသေးသွယ်သော အမြီးလေးတို့က တစ်စုံတစ်ရာသော မှော်အစွမ်းတစ်ခုကို ပိုင်ဆိုင်ထားသည့်အလားပင်။
'သူမရဲ့ နားရွက်တွေနဲ့ အမြီးကို ကိုင်ကြည့်ရတဲ့ ခံစားချက်က ဘယ်လိုများနေမလဲ...' သိချင်စိတ်များက ဒေးဗစ်၏ ရင်ထဲတွင် ပြင်းပြစွာ ဖြစ်ပေါ်လာရသည်။
'အရမ်း နူးညံ့နေမှာပဲ...'
သူက အနည်းငယ် ရိုင်းစိုင်းသော ထိုအတွေးကို ဖိနှိပ်ရန် ခေါင်းကို အမြန်ခါယမ်းလိုက်သော်လည်း သူ၏ အကြည့်များက ထိုအရပ်မျက်နှာဆီသို့ အလိုအလျောက် ရောက်သွားနေဆဲပင်။
သူတို့ရှေ့မှောက်ရှိ သားရဲကမ္ဘာ၏ လက်တွေ့ကျကာ ရှင်သန်တက်ကြွလှသော မြင်ကွင်းက ခရီးသွားတိုင်းကို ကြီးမားလှသော အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်သွားစေခဲ့သည်။
ခရီးသွားများက လမ်းပေါ်ရှိ အမျိုးမျိုးသော သားရဲလူသားများကို အာရုံစိုက်ကာ မီးမောင်းများကဲ့သို့ စူးစိုက်ကြည့်ရှုနေကြချိန်တွင် ကျန်းယဲ့၏ တည်ငြိမ်သော အသံက သတိပေးချက်တစ်ခုနှင့်အတူ လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"အားလုံးပဲ ဂရုစိုက်ကြပါ..."
"သားရဲလူသားတွေက အကြည့်ခံရတာကို အရမ်း အာရုံခံစားလွယ်တယ်... သူတို့ကို အရမ်းတိုက်ရိုက်ကြီး စိုက်ကြည့်နေမယ်ဆိုရင် သူတို့ရဲ့ မကျေနပ်မှုနဲ့ သတိထားမှုကို လွယ်လွယ်ကူကူပဲ ဆွပေးသလို ဖြစ်သွားလိမ့်မယ်... ကျေးဇူးပြုပြီး မျက်ထောင့်ကနေပဲ လေ့လာကြည့်ရှုပေးပါ... ဒါမှမဟုတ် သဘာဝကျကျနဲ့ အဝေးကို လှမ်းကြည့်တဲ့ပုံစံမျိုး လုပ်ပါ... ဘယ်သားရဲလူသားကိုမှ အချိန်အကြာကြီး စူးစိုက်မကြည့်ပါနဲ့..."
ထိုစကားကို ကြားသောအခါ ခရီးသွားများက ဆရာခေါ်လိုက်သော မူလတန်းကျောင်းသားများကဲ့သို့ သူတို့၏ သိသိသာသာ စူးစမ်းချင်နေသော အကြည့်များကို ချက်ချင်း ဖိနှိပ်လိုက်ကြပြီး အကြည့်လွှဲလိုက်ကာ မတော်တဆ ကြည့်မိသွားသည့်အလား အကဲခတ်သည့်ပုံစံသို့ ပြောင်းလဲလိုက်ကြသည်။ သို့သော်လည်း သူတို့၏ မျက်ထောင့်များက အမွေးထူထူ နားရွက်များ သို့မဟုတ် တောက်ပနေသော အကြေးခွံများပေါ်သို့ မသိမသာ ရောက်သွားနေဆဲပင်။
ဘယ်လိုမှ တားလို့မရဘူးလေ... ဒီမြင်ကွင်းက အရမ်းကို ဆန်းသစ်လွန်းပြီး ရိုက်ခတ်မှုက အရမ်းကို အားကောင်းနေတာကိုးဟ....
ရှင်းဟွေ့ရှန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒါရိုက်တာကျန်း... သူတို့ကမ္ဘာက လူတွေက မွေးကတည်းက ဒီလိုပုံစံမျိုးလားဟင်..."
ကျန်းယဲ့က ပြုံးကာ ပြောလိုက်၏။ "ဒါ မေးခွန်းကောင်းပဲ...."
ထို့နောက် ကျန်းယဲ့က ဤလူသစ်များကို ဤကမ္ဘာ၏ နောက်ခံသမိုင်းကြောင်းအကြောင်း ပညာပေးရန်အတွက် သီးသန့် အသံလိုင်းကို စတင် အသုံးပြုလေသည်။
"တကယ်တော့ သူတို့က မူလက အဆင့်မြင့် နည်းပညာယဉ်ကျေးမှုရှိတဲ့ ကမ္ဘာတစ်ခုပါပဲ... ဒီသားရဲကမ္ဘာ ဖြစ်ပေါ်လာရတာက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက စကြဝဠာထဲက ဂြိုဟ်သား ညစ်ညမ်းမှု တစ်ခုကြောင့်ပေါ့..."
"အဲဒီ အမည်မသိအရာဝတ္ထုက ဗိုင်းရပ်စ်တစ်ခုလို ကမ္ဘာမြေတစ်ခုလုံးကို ဖြတ်သန်းသွားပြီး ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်နဲ့ ဇီဝဗီဇတွေကို ပြောင်းလဲပစ်ခဲ့တယ်..."
"ညစ်ညမ်းမှုပေါက်ကွဲတဲ့ အစောပိုင်းအဆင့်တွေမှာ ဒီမျိုးဗီဇ ပြောင်းလဲမှုကို ခံနိုင်ရည်မရှိတဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ အပင်တွေက တိုက်ရိုက် သေဆုံးသွားကြတယ်... ဒါမှမဟုတ် ညစ်ညမ်းပစ္စည်းတွေရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ဖျက်ဆီးချင်တဲ့ ဗီဇတစ်ခုတည်းသာ ကျန်တော့တဲ့ ညစ်ညမ်းကိုယ်ထည်တွေ အဖြစ်ကို ပြောင်းလဲသွားကြတယ်... ဒါကို ဒီကမ္ဘာက လူတွေက မွန်းစတားတွေလို့ အများအားဖြင့် ခေါ်ဝေါ်ကြတယ်..."
"ညစ်ညမ်းမှုရဲ့ ကနဦး ရိုက်ခတ်မှုကနေ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူတွေကတော့ ပြန်လည်ပြင်ဆင်လို့ မရနိုင်တဲ့ မျိုးဗီဇဆင့်ကဲပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရပြီး တချို့က တိရစ္ဆာန်မျိုးဗီဇ လက္ခဏာတွေနဲ့ ပေါင်းစပ်သွားပြီး သားရဲလူသားတွေ ဖြစ်လာကြတယ်..."
"ပုံမှန် အခြေအနေတွေမှာ သားရဲလူသားတွေက လူသားနဲ့ တူညီတဲ့ ပုံစံကို ထိန်းသိမ်းထားနိုင်ပေမယ့် တိုက်ပွဲဝင်အခြေနေကို ဝင်ရောက်သွားတာနဲ့ သူတို့ကိုယ်သူတို့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အပြည့်အဝ သားရဲအသွင်ပြောင်းနိုင်ကြပြီး စွမ်းအားကြီးတဲ့ သားရဲပုံစံတွေအဖြစ် ပြောင်းလဲသွားကြတယ်... သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအား၊ အမြန်နှုန်း၊ ခံနိုင်ရည်နဲ့ တခြား စွမ်းရည်တွေ အားလုံးက အဆမတန် မြင့်တက်သွားတယ်..."
"သူတို့က ညစ်ညမ်းကိုယ်ထည်တွေကို တိုက်ခိုက်ပြီး မြို့တော်ကို ကာကွယ်ပေးတဲ့ ဒီကမ္ဘာကြီးရဲ့ အဓိက အင်အားစုတွေပဲ..."
"ဒါပေမဲ့ သားရဲလူသားတွေက ကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပေမယ့် အသက်အန္တရာယ်ရှိတဲ့ အားနည်းချက်တစ်ခုကိုလည်း သယ်ဆောင်ထားရပြန်တယ်..."
"သူတို့က တစ်ခါတစ်ရံမှာ ရူးသွပ်ခြင်းကာလတစ်ခုကို ဖြတ်သန်းရတတ်တယ်..."
"ရူးသွပ်နေတဲ့ အခြေအနေမှာရှိတဲ့ သားရဲလူသားတွေက အရမ်းကို အန္တရာယ်များတယ်... သူတို့ရဲ့ အထဲမှာ ပွက်လောရိုက်နေတဲ့ ရိုင်းစိုင်းမှုနဲ့ စွမ်းအားတွေကို မဖိနှိပ်နိုင်ဘူးဆိုရင် သူတို့က အသိစိတ်လုံးဝလွတ်သွားပြီး သတ်ဖြတ်ဖို့ပဲသိတဲ့ သားရဲတိရစ္ဆာန်တွေ အဖြစ်ကို ပြောင်းသွားတတ်တယ်..."
"ဒါကြောင့် ဒီကမ္ဘာမှာ ဒုတိယမြောက် အထူးလူစုတစ်စု ပေါ်ထွက်လာရတာပဲ... အဲဒါက ငြိမ်းချမ်းစေသူတွေပေါ့..."
အခန်း ၄၅၉ပြီး၏။