အခန်း ၇၅၈
Vol. 51 Ch. 758
အခန်း (၇၅၈) ပေါက်ကွဲလက်သီးသုံးဆင့်။
ချင်ယွင်၏ အမူအရာသည် မှုန်မှိုင်းသွားသည်။ ဤကျာ့ဖန်းလျှန်သည် သေကို သေရမည်။
ဘန်း…။
ချင်ယွင်သည် “လျှပ်တပြက်သတ်ဖြတ်ခြင်း”ကို ထပ်မံအသုံးပြုလိုက်ပြီး၊ သူ၏ ရုပ်အသွင်သည် လေပြင်းအဖြစ်သို့ ပြောင်းလဲသွားကာ ကျာ့ဖန်းလျှန်ဆီသို့ တိုက်ရိုက် ပျံထွက်သွားခဲ့သည်။
ကျာ့ဖန်းလျှန်သည် ချင်ယွင် ရုတ်တရက် သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်သောအခါ သူ၏အမူအရာသည် ကြီးကြီးမားမား ပြောင်းလဲသွားသည်။ သူသည် အလောတကြီး အော်ပြောလိုက်သည် "ကျာ့ယု၊ ငါ့ကိုကယ်ပါ”။
အဝေးမှာရှိနေသော ကျာ့ယုသည် ချင်ယွင်က ကျာ့ဖန်းလျှန်ဆီသို့ အမှန်တကယ် တဟုန်ထိုး ပြေးသွားသည်ကို မြင်လိုက်ရသည်။ သူသည် သူ၏လက်ထဲမှ အနက်ရောင် ဓားကြီးကို ဝှေ့ယမ်းလိုက်ရင်း၊ သူ၏မျက်လုံးထဲမှာ အေးစက်သည့် အလင်းရောင်တစ်ခု လင်းလက်လာသည်။
ဓားကို ခုတ်ချလိုက်ချိန်မှာ၊ ထူထဲသော ဓားချီသည် ချက်ချင်းပင် ပေထောင်ပေါင်းများ စွာအထိ ပျံ့နှံ့သွားခဲ့သည်။
ချင်ယွင်သည် ကျာ့ဖန်းလျှန် အနား မကပ်နိုင်ခင်မှာ၊ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် စစ်သည်တော်၏ ဓားဖြင့် တားဆီးပိတ်ဆို့ခြင်းကို ခံလိုက်သည်။ ချင်ယွင်သည် သူ့ကိုယ်သူ ရပ်တန့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ကျာ့ဖန်းလျှန်သည် ကျာ့ယု၏ နောက်သို့ ပြေးသွားပြီး၊ ချင်ယွင်ကို လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည် ။
"ဟား…၊ ဟား…၊ ကျာ့ယု ဒီမှာရှိနေမှတော့၊ မင်း ငါ့ကို သတ်ချင်သေးတာလား?။ အိပ်မက်မက်လိုက်ဦး" ကျာ့ဖန်းလျှန်သည် ချင်ယွင်ကို ရိုင်းစိုင်းစွာ လှောင်ပြောင်သည်။
ချင်ယွင်သည် သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ၏မျက်နှာက အေးစက်နေ သည်။ သူသည် ကျာ့ဖန်းလျှန်အား ပြင်းထန်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြည့်နေ၏။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ အမူအရာသည် အေးစက်နေဆဲ ဖြစ်ပြီး၊ သူသည် ကျာ့ဖန်းလျှန်၏ ရုပ်အသွင်ကို လုံးလုံးလျားလျား တားဆီးပိတ်ဆို့ထားသည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ၊ ကျာ့ယုကိုကျော်ပြီး ကျာ့ဖန်းလျှန်ကို သတ်ပစ်ရန် မဖြစ်နိုင်ကြောင်း သူ သိလိုက်သည်။ အကယ်၍၊ သူသည် ကျာ့ဖန်းလျှန်ကို သတ်ချင်သည်ဆိုလျှင်၊ ကျာ့ယုကို အရင်သတ်ရမည်။
"မျိုးမစစ်ကောင်၊ မင်း ဒီအတွက်ကြောင့်ပဲ ငါ့ကို သတ်ဖို့ လာခဲ့တာ မဟုတ်လား?"။
သို့သော်လည်း၊ ထိုအချိန်တွင် ကျာ့ဖန်းလျှန်သည် ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။ သူ၏လက်ထဲတွင် သုံးရောင်ခြယ် သိမ်မွေ့နက်နဲသောအလင်းများ လင်းလက်တောက် ပနေသော အင်မော်တယ်ဆေးလုံးတစ်လုံး ပေါ်လာပါသည်။
"စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး” ချင်ယွင်၏ သူငယ်အိမ်များသည် ရုတ်တရက် ကျယ်လောင်လာသည်။
"ဟား၊ ဟား…၊ ဒါဆို တကယ်ပဲ ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကြောင့်ပဲပေါ့။ ဒီ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးက မင်းအတွက် အရမ်းကို အရေးပါပုံရတယ်” ကျာ့ဖန်းလျှန်၏ မျက်နှာပေါ်တွင် ကစားလိုသော အပြုံးတစ်ခု ပေါ်လာပြီးနောက်၊ သူ၏ အပြုံးသည် အလွန် ရက်စက်ကြမ်းကြုတ်လာခဲ့သည်။
"မဟုတ်ဘူး...ရပ်..” ချင်ယွင်သည် ကျာ့ဖန်းလျှန် လုပ်ချင်သည့်အရာကို မှန်းဆမိပြီး ကမန်းကတန်း အော်ပြောလိုက်သည်။
"ဟမ့်၊ မင်း ငါ့ဆီကနေ ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို တစ်သက်လုံး ရရှိနိုင်မှာ မဟုတ်ဘူး။" ကျာ့ဖန်းလျှန်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်မြွက် ပေါ်လာသည်။ အဆုံးတွင်၊ သူသည် ချင်ယွင်၏ ထိတ်လန့်တုန်လှုပ်သော အကြည့်အောက်တွင် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို အသေသတ်ပစ်သည့်အလား၊ အမှုန့်ဖြစ်သည်အထိ ချေမွပစ်ကာ လေထဲတွင် မှုတ်ထုတ်လိုက်လေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ချင်ယွင်၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ မကြုံစဖူးသော ဒေါသလှိုင်းကြီးသည် သူ၏နှလုံးသားမှ ထွက်ပေါ်လာသည်။
သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ရရှိရန် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သည် မဟုတ်ပါလော။ ဤကျာ့ဖန်းလျှန်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို တကယ် ချေမွပစ်ခဲ့သည်။
"ခွင့်မလွှတ်ဘူး”
ချင်ယွင်၏ မျက်လုံးများသည် နီမြန်းလာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခု ပေါက်ကွဲထွက်ချင်နေသော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။ သွေးတွေက အလျင်မြန် ဆူပွတ်နေပြီး၊ သူ၏ မျက်နှာအရေပြားသည် သွေးကဲ့သို့ နီမြန်းလျက် ရှိနေသည်။
“ဘုန်း”
ချင်ယွင်၏ ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံလို ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
သူသည် အမှန်တကယ် အဆင့်ချိုးဖြတ်သွားခဲ့သည်။
သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာရပ်သည် ဤအခိုက်အတန့် တွင် အမှန်တကယ် အဆင့်ချိုးဖြတ်ပြီး မသေမျိုးနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော် ဝင်ရောက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်သည် အဆုံးမရှိဟု ခံစားရပြီး သူ၏ခန္ဓာကိုယ်သည် အဆုံးမဲ့ စွမ်းအင်များဖြင့် ပြည့်နေပုံရသည်။
"မင်းက ငါ့ကို အတင်းကြပ် တွန်းအားပေးခဲ့တယ်။"
ချင်ယွင်သည် သူ၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားကို ဖယ်ရှားလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်မှ လျှက်စီးအလင်းတန်းက လျှံထွက်လာခဲ့သည်။
အနက်ရောင် လျှပ်စီးကြောင်းသည် သူ၏ပတ်ပတ်လည်တွင် အဆက်မပြတ် တောက်ပ နေပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
"လျှပ်စီးစွမ်းရည် ပေါက်ကွဲခြင်းနိယာမလား?" ကျာ့ဖန်းလျှန်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏ရှေ့မှ ဤလူသည် ဒုတိယမြောက် နိယာမတစ်ခုကို နားလည်ထားမည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
ယခင်က၊ ချင်ယွင်သည် လျှပ်တပြက်မိုင်တစ်သောင်း နိယာမကို အသုံးပြုခြင်းကပင် သူ့ကို မရိုးရှင်းဟု ခံစားမိပြီးသား ဖြစ်သည်။ သို့ရာတွင်၊ သူသည် ဒုတိယမြောက် နိယာမကို ယခုအချိန်တွင် အမှန်တကယ် နားလည်သဘောပေါက်နေမည်ဟု သူတို့ မမျှော်လင့်ထားပေ။ ထို့အပြင်၊ ထိုနိယာမသည် ဆန့်ကျင်ဘက်နိယာမတစ်ခုလည်း ဖြစ်နေသည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူသည် သူ၏မျက်ခုံးတွန့်ကာ သူ၏နောက်မှ ကျာ့ဖန်းလျှန်အား "သခင်လေး,, သတိထားပါ" ဟု ပြောလိုက်ပါသည်။
ကျာ့ဖန်းလျှန်လည်း ခေါင်းညိတ်လိုက်သည်။ သူတို့သည် မည်သည့်မွန်းစတာမျိုးကို ရန်စမိခဲ့လဲဆိုသည်ကို သူလည်း သိသည်။
သူ၏ ကျင့်ကြံမှုအခြေခံသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်၌ သာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထို့အပြင်၊ သူသည် နိယာမ အမျိုးအစား နှစ်မျိုးကိုလည်း နားလည်ထားသည်။ ဤလူက မွန်းစတားတစ်ယောက် မဖြစ်နိုင်ဘူးလား?။
ထိုအကြောင်းကို တွေးတောရင်း ကျာ့ဖန်းလျှန်သည် သူ၏ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သူသည် ခပ်ဝေးဝေးမှ ဒေါသပေါက်ကွဲခြင်း အခြေအနေသို့ ဝင်ရောက်သွားသော ထိုအကောင်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင်၊ ကြောက်ရွံ့မှုက ပြင်းထန်စွာ ထွက်ပေါ်လာသည်။
"မဟုတ်ဘူး၊ ငါက ကလန်ကို သတင်းပို့ရမယ်။" ကျာ့ဖန်းလျှန်သည် သူ၏စိတ်ထဲမှာ တွေးနေမိသည်။ သူသည် စိတ်ဝိညာဉ်လွှဲပြောင်းခြင်းအဆောင်ကို အမြန်ထုတ်ပြီး ဤအခြေအနေအား သူ၏မျိုးနွယ်ထံ သတင်းပြန်ပို့လိုက်သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်၊ ကျာ့ဖန်းလျှန်သည် ပို၍ သက်တောင့် သက်သာ ရှိလာသည်။ မျိုးနွယ်စုသည် သူ၏သတင်းစကားကို လက်ခံရရှိသောအခါတွင် သူ့ကို ကူညီထောက်ပံ့ရန် လူများ ချက်ချင်းစေလွှတ်မည်ဟု သူ ယုံကြည်သည်။
ယခုအချိန်တွင် ချင်ယွင်သည် လုံးဝကို ရူးသွပ်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် လျှပ်စီးကြောင်းသည် မိုးကြိုးမြွေပုံသဏ္ဍာန် မဟုတ်တော့ပေ။ ယင်းအစား၊ ၎င်းသည် ရေလှိုင်းပုံစံဖြင့် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။
ချင်ယွင်၏ အနက်ရောင် ဆံပင်များသည် ဆက်လက် ကခုန်နေသည်။ ပြင်းထန်သော အင်အားသည် ကြီးမားသော လျှပ်စီးနဂါးကြီးကဲ့သို့ ဟိန်းဟောက်နေ၏။ သူ၏ ခြေဖဝါးအောက်ရှိ မြေဆီလွှာသည် ဤပြင်းထန်သော မိုးခြိမ်းသံအောက်တွင် ကြာရှည်စွာ အရည်ပျော်သွားသည်။
ဘန်း…။
ချင်ယွင်က ရုတ်တရက် ခေါင်းမော့လာပြီး၊ အဆုံးမဲ့ ဒေါသတွေ ပြည့်နှက်နေသော သူ၏ မျက်လုံးတစ်စုံက ကျာ့ယုနှင့် ကျာ့ဖန်းလျှန်ကို ချက်ချင်း ကြည့်လိုက်သည်.
“သတ်..”
ချင်ယွင်သည် ဤစကားလုံးကို အော်ပြောလိုက်သည်။ ထိုစကားလုံးကသာ သူ၏နှလုံးသားထဲမှ အမျက်ဒေါသတွေကို ထုတ်ဖော်ပြသနိုင်ပါသည်။
“ဘုန်း..”
ချင်ယွင် ခြေနင်းလိုက်သည့်အခိုက်၊ မိုးခြိမ်းသံလို ပေါက်ကွဲသံတစ်ချက်က လေဟာနယ် အတွင်း ထွက်ပေါ်လာသည်။ ထို့အပြင်၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် ချင်ယွင် သူ့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသောအခါ၊ သူ၏လက်ထဲမှ အနက်ရောင် ဓားကြီးကို ဆုပ်ကိုင်လိုက်ရင်း သူ၏မျက်လုံးတွေမှ ပြင်းထန်သော အလင်းတန်းများ ဝင်းတောက်ပလာသည်။
"စစ်သည်တစ်ထောင် ခုတ်ပိုင်းခြင်း”။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် အသံတိုးညှင်းစွာ အော်ငေါက်လိုက်သည် နှင့် သူ၏လက်ထဲရှိ ဧရာမဓားကြီးသည် ချက်ချင်းကြီး ကျယ်ပြန့်လာပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းသွားသော ဓားရှည်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟစ်အော်လိုက်ရင်း၊ ချင်ယွင်၏ မျက်လုံးများတွင် ရန်လိုမှု အရိပ်အယောင် ပေါ်လာသည်။
"ပေါက်ကွဲလက်သီး”
ဟိန်းဟောက်သံက မိုးခြိမ်းလိုက်သလိုပဲ။
ချင်ယွင်၏ ညာလက်မောင်းသည် အမှန်တကယ်ပင် အနက်ရောင်လျှပ်စီး စက်ဝိုင်းအသွင် ဖြစ်ပေါ်လာသည်။
“ဘန်း”
ချင်ယွင်၏ လက်သီးချက်က ဧရာမ ဓားသဏ္ဍာန်အပေါ်ကို အညှာအတာမဲ့စွာ တရစပ် တိုက်ခိုက်လိုက်လေသည်။
ထို့နောက်တွင်၊ ကျာ့ဖန်းလျှန်သည် ချင်ယွင်၏ လက်သီးအောက်တွင် ကြီးမားသော ဓားသဏ္ဍာန်ကြီး အစိပ်စိပ်မွှာမွှာ ကွဲကြေသွားသည်ကို တွေ့လိုက်ရသည်။
"ဒုတိယမြောက် ပေါက်ကွဲလက်သီး”
ချင်ယွင်သည် နောက်တကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။ သူသည် မည်သည့်အတားအဆီးမှ မရှိဘဲ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူဆီသို့ ဆက်လက် ပြေးဝင်သွားခဲ့သည်။
သူ၏ ညာလက်မောင်းတွင် လျှပ်စီးစက်ဝိုင်း အလင်းအသွင်က ထပ်မံ ဖြစ်ပေါ်လာပြန် သူသည်။ ယခင်တစ်ခုအပြင်၊ စုစုပေါင်း လျှပ်စီးအလင်းစက်ဝိုင်းနှစ်ခု ရှိနေခဲ့သည်။ လျှပ်စီးအလင်းစက်ဝိုင်း ထွက်ပေါ်လာသည်နှင့် ချင်ယွင်၏ လက်သီးပေါ်မှ အငွေ့အသက်သည် ကြောက်စရာကောင်းသည့် အတိုင်းအတာတစ်ခုအထိ ပေါက်ကွဲသွားခဲ့သည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူသည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ဓားဖြင့် အလျင်အမြန် ပိတ်ဆို့လိုက်သည်။
ချင်ယွင်၏ လက်သီးက အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူ၏ ဧရာမ ဓားကြီးအပေါ် အညှာတာကင်းမဲ့စွာ တရစပ် တိုက်ခိုက်ခဲ့သည်။
“ဖျစ်…”
လူတိုင်း၏ နားထဲတွင် အက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
"ဘာလဲ” အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူသည် အံ့အားသင့်စွာ အော်ဟစ်လိုက် ပြီးနောက်၊ လေးလံသော ဧရာမ ဓားကြီးသည် သူ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင် ကွဲအက်သွားလေသည်။
"တတိယမြောက် ပေါက်ကွဲလက်သီး”
ချင်ယွင်သည် ရပ်တန့်ရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိပေ။ အနက်ရောင် လျှပ်စီး အလင်းစက်ဝိုင်းသည် သူ၏ညာဘက်လက်ပေါ်တွင် ပေါ်လာသည်။ ချင်ယွင်၏ လက်သီးတွင် ပါရှိသော စွမ်းအားသည် မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား သည်။ သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ရန် သူ၏ အင်မော်တယ် ချပ်ဝတ်တန်ဆာကို အလျင်အမြန် လှုံ့ဆော်လိုက်သည်။
“ဘုန်း..”
ချင်ယွင်၏ လက်သီးသည် သူ၏ရင်ဘတ်ထဲသို့ အညှာတာကင်းမဲ့စွာ ထိုးထွင်း ဝင်ရောက်သွားပြီး အင်မော်တယ် ချပ်ဝတ်တန်ဆာသည် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးများအောက်တွင် လုံးဝကွဲအက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
အနှိုင်းမဲ့ ပြင်းထန်သော လျှပ်စီးစွမ်းအားသည် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စိမ့်ဝင်သွားသည်။
“ဘုန်း”
အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး သူ၏ အသွေးအသားများသည် နေရာအနှံ့ ပျံ့လွင့်သွားသည်။
မလှမ်းမကမ်း နေရာတွင်ရှိနေသော ကျာ့ဖန်းလျှန်သည် ဤမြင်ကွင်းကို မြင်လိုက်ရ လျှင်၊ သူ၏လက်ထဲမှ သတင်းပို့အဆောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူသည် မှင်သက်အံ့ဩနေ၏။
ချင်ယွင်သည် ကမ္ဘာကြီးကို လွှမ်းမိုးထားသော ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေသည်။