အခန်း ၇၆၂
Vol. 51 Ch. 762
အခန်း (၇၆၂) ကန့်သတ်ချက်ထိုးဖောက်ခြင်းနိယာမ။
ဝှီး….။
ချင်ယွင်၏ ရုပ်အသွင်ပြင်သည် ပုံရိပ်ယောင်များအဖြစ်သို့ အဆင့်ဆင့် ပြောင်းလဲသွားပြီး အဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင် ပေါ်လာကာ၊ သူသည် အဝေးသို့ ရပ်ကြည့်လိုက် သည်။
"အဆိပ်နဂါးတောင်ကြားက မိုင်တစ်ရာလောက် ဝေးသေးတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သည်။
သူသည် သုံးရက်ကြာအောင် အရှိန်ဟုန် ပြင်းပြင်းဖြင့် ခရီးနှင်ခဲ့သည်။ ဤသုံးရက် အတွင်း သူသည် မြောက်ဘက်အရပ်သို့ ဦးတည်သွားခဲ့ကာ ရန်ကလန်၏ နယ်မြေမှ ထွက်ခွာပြီး ရန်ကလန် နှင့် ကျာ့ကလန်တို့၏ နယ်မြေလမ်းဆုံနေရာသို့ ရောက်လုနီးပါး နေရာတွင် ရှိနေခဲ့သည်။
ဘန်း….
သို့သော် ဤအခိုက်အတန့်တွင် အလွန်မင်း စူးရှသော အလင်းတန်းတစ်ခုသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာလေသည်။
မြူနှင်းချောက်နက်ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်ရင်း ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။
ချွင်….။
ချွန်ထက်သော အလင်းတန်းတစ်ခုသည် လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာ ပြီး ချင်ယွင်၏ မြူနှင်းချောက်နက်ဓား၏ အပြင်းထန် တိုက်ရိုက် တွေ့ဆုံသွားသည်။
ချက်ချင်းဆိုသလို၊ နေရာတိုင်းတွင် မီးတောက်မီးပန်းများ လွင့်ပျံသွားကာ၊ နားထဲ စူးရှသည့် အသံများ ထွက်ပေါ်လာသည်။
ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြူနှင်းချောက်နက်ဓားနှင့်အတူ ချက်ချင်းပင် လွင့်ထွက်သွားကာ မြေပြင်ပေါ်တွင် ရှည်လျားသော စွပ်ကြောင်းတစ်ခု ကျန်ခဲ့သည်။ သူသည် ပေတစ်ထောင်အကွာ လွင့်ထွက်သွားသည်အထိ မရပ်တန့်နိုင်သေးပေ။
"သတ္တုရဲ့ ကန့်သတ်ချက်ထိုးဖောက်ခြင်းနိယာမလား”။ ချင်ယွင်သည် သူ မူလက မတ်တပ်ရပ်နေခဲ့သော တောင်ကုန်းကို လှမ်းကြည့်လိုက်ရင်း၊ သူ၏မျက်လုံးတွေက အလွန် သတိရှိနေခဲ့သည်။
"မင်းရဲ့ တုံ့ပြန်မှုက တော်တော် မြန်တာပဲ။ မင်းက တကယ်ပဲ ဒီပစ်ခတ်တိုက်ခိုက်မူကို ရှောင်နိုင်ခဲ့တယ်။"
အေးစက်စက် ရယ်မောသံက လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ ရွှေလှံ ကိုင်ထားသော လူငယ်တစ်ယောက်သည် လေဟာနယ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့ သည်။
လူငယ်သည် အရပ်ရှည်ပြီး ချောမောသည်။ သူ၏မျက်နှာက မာနကြီးပြီး၊ ကျာ့ဖန်းလျှန် နှင့် ရုပ်ချင်း ခပ်ဆင်ဆင်တူသည်။
"မင်းက ကျာ့ကလန်ကလား?” ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။
"ဟမ့်၊ မှန်တာပေါ့။ ငါက ကျာ့ဖန်းလျှန်ရဲ့ အစ်ကိုကြီး ကျာ့ထန်းလုံပဲ။ မင်းက ငါ့ညီလေးကို သတ်ခဲ့တဲ့ ချင်ယွင်ပဲ မဟုတ်လား?။” ကျာ့ထန်းလုံက အေးစက်ပြီး မောက်မာစွာ ပြောလိုက်သည်။ သူ၏မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေ၏။
"မင်း ငါ့ကို ဘယ်လို ရှာတွေ့တာလဲ?” ချင်ယွင်က သူ၏သံသယတွေကို ထုတ်ဖော် မေးလိုက်သည်။
သူသည် သူ၏ စိတ်ဝိညာဉ်အသွင်ပြောင်း နည်းပညာရပ်ကို အသုံးမပြုထားသော်လည်း ကျာ့ထန်းလုံသည် ဤမျှကျယ်ဝန်းသော ဧရိယာတွင် သူ့ကို အမြန်ရှာတွေ့နိုင်သည်မှာ တိုက်ဆိုင်မှု မဟုတ်နိုင်ပေ။
"မင်းက တော်တော်လေး ဉာဏ်ကောင်းတယ်၊ ဒါပေမယ့် ငါ မင်းကို ပြောပြရင်တောင် အဆင်ပြေပါတယ်။ မင်း ငါ့လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာနေပြီလေ။ ငါ့တို့ကျာ့ကလန်မှာ အဆင့်မြင့်အဆင့် အင်မော်တယ်ပစ္စည်း တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံဆိုတာ ရှိတယ်။ ငါ့တို့ကျာ့ကလန်က အမှတ်အသားတစ်ခု စိုက်ခံထားရတဲ့ ဘယ်သူမဆို၊ အဲဒီအပေါ်မှာ သူတို့ရဲ့ လက်ရှိနေရာကို ပြသနိုင်လိမ့် မယ်။ တကယ်လို့ မင်းထွက်ပြေးသွားရင်တောင် မင်းကို ငါ ရှာတွေ့နိုင်မှာပဲ”။ ကျာ့ထန်းလုံက လှောင်ပြောင်ပြီး ပြောလိုက်သည်။ သူ၏လေသံက အထင်သေးမူ အပြည့်ရှိနေသည်။
"စည်းတံဆိပ်လား..”။ ဘယ်တုန်းက စိုက်လိုက်တာလဲ” ချင်ယွင်သည် သူ၏ အင်မော်တယ် စိတ်အာရုံကို အလျင်အမြန် အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို စူးစမ်းရှာဖွေခဲ့သော်လည်း ကျာ့ထန်းလုံပြောခဲ့သည့် အမှတ်အသားကို သူ မတွေ့ခဲ့ရပေ။
"မင်းရဲ့ အချိန်တွေကို ဖြုန်းတီးမနေပါနဲ့။ ငါ မင်းကိုပြောဖို့ သတ္တိရှိမှတော့၊ မင်း ဒီအမှတ်အသားကို ရှာတွေ့သွားမှာကို ငါ မကြောက်လို့ပေါ့။ ဒီအမှတ်အသားက ငါတို့ ကျာ့ကလန်ရဲ့ အထူးနည်းပညာရပ် တစ်ခုပဲ။ အင်မော်တယ်ဘုရင်တွေတောင်မှ ရှာဖွေ တွေ့ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။” ကျာ့ထန်းလုံက မထီမဲ့မြင်ပြုကာ လှောင်ပြောင် သရော်သည့် အရိပ်အယောင်ကို ထုတ်ဖော်ရင်း ချင်ယွင်ကို စိုက်ကြည့်နေသည်။
"အင်မော်တယ်ဘုရင်တောင်မှလား..?” ချင်ယွင်သည် သက်ပြင်းချလိုက်သည်။
သူသည် မည်သည့်အရာကိုမျှ ရှာဖွေမတွေ့ရှိမှာ အမှန်တကယ် ကြောက်ရွံ့သွားသည်။ ထိုသို့ဆိုလျှင် သူသည် ဒုက္ခများသွားလိမ့်မည်။ သူသည် ကျာ့ကလန်ကို လုံးဝ မသတ်ဖြတ်နိုင်သရွေ့၊ သူသည် ကျာ့ကလန်၏ လိုက်လံဖမ်းဆီးမူကို အမြဲ ရင်ဆိုင် နေရတော့မည်။
ယခုအချိန်တွင်၊ ရှေးဟောင်းတာအိုဆရာသခင် သူ့အနားမှာ ရှိနေသသမျှ၊ သူသည် ဤအမှတ်အသားကို အချိန်မရွေး ဖယ်ရှားနိုင်ပါသည်။ သို့သော်၊ ယခုအရေးကြီးဆုံး အရာက သူသည် ကျာ့ထန်းလုံကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားရန် ဖြစ်သည်။
"မင်းရဲ့ ကျာ့ကလန်က ငါ့ရန်သူ တကယ်ပဲ ဖြစ်ချင်တာလား" ချင်ယွင်သည် ကျာ့ထန်းလုံကို ကြည့်ကာ အေးစက်စွာ ပြောသည်။
"ဟား…၊ ဟား…။ ငါတို့ကျာ့ကလန်က မင်းရဲ့ရန်သူ ဖြစ်ချင်တာလားလို့ မင်းက ဆိုလိုတာလား?။ ဘယ်လိုဟာသမျိုးလဲ။ မင်းကရော ငါတို့ ကျာ့ကလန်ရဲ့ရန်သူ ဖြစ်လိုက်လို့လား? ငါကျာ့ထန်းလုံနဲ့တင် မင်းရဲ့ခေါင်းကို လွယ်လင့်တကူ ယူနိုင်တယ်။" ကျာ့ထန်းလုံက ရယ်မောလိုက်သည်။ သူ၏လက်ထဲမှ ရွှေလှံက စူးရှသော အလင်းရောင် ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
"ကောင်းပြီလေ၊ မင်း ငါ့ကို ဘယ်လို သတ်မလဲ ငါ ကြည့်ချင်မိတယ်" ချင်ယွင်၏ မျက်လုံးများသည် အေးစက်စက်အသွင်ဖြင့် တောက်ပနေသည်။
ကျာ့ဖန်းလျှန်သည် သူ့ကို အရင် ရန်စခဲ့သည်မှာ ထင်ရှားပါသည်။ သို့သော်လည်း၊ ယခု၊ ကျာ့ကလန်သည် ကျာ့ဖန်းလျှန်အတွက် လက်စားချေဖို့ ဆန္ဒရှိနေခဲ့သည်။ ယင်းက ချင်ယွင်ကို ဒေါသတစွန်းတစကို ချက်ချင်း ပေါက်ဖွားစေခဲ့ပါသည်။
သူချင်ယွင်သည် သူအလိုသလို ရိုက်နှက်နိုင်သည့် ရွှံ့ရုပ်မဟုတ်ချေ။ ကျာ့ထန်းလုံ၏ မျက်လုံးများရှိ မောက်မာသော အမူအရာက သူ၏ရင်ထဲ အလွန် မပျော်မရွှင် ဖြစ်စေသည်။
"မတိုက်နဲ့..။ အရိပ်ထဲမှာ ကျွမ်းကျင်သူတွေ ရှိနေတယ်။" သို့သော်လည်း ထိုအချိန်တွင် ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူ၏မျက်ခုံးများကို အနည်းငယ် တွန့်လိုက်မိသည်။ သေချာသည်မှာ၊ ရှေးဟောင်းတာအိုဆရာသခင်၏ စကားများက ကျာ့ထန်းလုံကို အစွမ်းကုန်တိုက်ခိုက်လိုသော သူ၏စိတ်ဆန္ဒကို ချေဖျက် ပစ်လိုက်သည်။
ဘန်း…။
ဤအခိုက်အတန့်တွင် အလွန်ထက်ရှသော အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်လာကာ ပေတစ်ထောင်အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်ပြီး ချင်ယွင်ဆီသို့ ရောက်ရှိလာခဲ့သည်။
ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများပါရှိသော လှံထိပ်ဖျားသည် ချင်ယွင်၏ မျက်ခုံးမွှေးများကြားရှိ နေရာကို တိုက်ရိုက် တိုးဝင်လာသည်။
သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို အမြန်ဆွဲထုတ်လိုက်ရင်း ချင်ယွင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားတယ်။ သူသည် ဓားဖြင့် ချက်ချင်း ခုတ်ပိုင်းရင်း၊ လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို ချက်ခြင်း အသက်ဝင်လာစေခဲ့ သည်။
ချွင်…။
ချင်ယွင်၏ လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ချက်ချင်းဆိုသလို ဓားတစ်ရာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဓားအားလုံးသည် လှံထိပ်ဖျားနှင့် အပြင်းအထန် ထိတွေ့သွားသည်။
လှံထိပ်ဖျားကို နောက်ပြန် တွန်းကန်သွားသော်လည်း၊ တစ်ဖက်လူသည် ကြိုတင် ပြင်ဆင်ထားပုံရသည်။ သူ၏လက်ထဲမှ လှံသည် ထိုးစိုက်ရာမှ ဓားဖြင့်ခုတ်ပိုင်းအသွင် ချက်ချင်း ပြောင်းသွားပြီး ချင်ယွင်ဘက်သို့ ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။
ချင်ယွင်သည် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲပြီး ဘေးတဖက်သို့ ချက်ချင်း ရှောင်ထွက်သွားသည်။
လှံထိပ်တွင်ပါရှိသော စွမ်းအားသည် အဝေးမှာရှိနေသော တောင်ကုန်းကို ဖြတ်ကျော် သွားကာ ပေါက်ကွဲသွားစေသည်။
“လျှပ်တပြက် သတ်ဖြတ်ခြင်း”
နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ ချင်ယွင်က ချက်ချင်း လျှပ်တပြက် သတ်ဖြတ်ခြင်းကို အသုံးပြုလိုက်သည်။
သူ၏ရုပ်အသွင်သည် ချက်ချင်းပင် အဖြူရောင် အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျာ့ထန်းလုံဘေးတွင် ပေါ်လာသည်။ သူ၏လက်ထဲက မြူနှင်းချောက်နက်ဓားသည် အလွန်မင်း အေးစက်သော အလင်းရောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျာ့ထန်းလုံ၏ မျက်နှာသည် ပြောင်းလဲသွားသော်လည်း သူ၏တုံ့ပြန်မှု အလွန်မင်း မြန်ဆန်သည်။ သူသည် အန္တရာယ်ကို ထပ်မံခံစားမိပြီး ပိတ်ဆိုးတားဆီးရန် သူ၏လှံကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။
ချွင်…။
ချင်ယွင်၏ ဓားသည် ကျာ့ထန်းလုံ၏ လှံကို ခုတ်ပိုင်းမိပြီး စူးရှတုန် လှုပ်ခါသံကို ထွက်ပေါ်စေသည်။
"ဟမ့်”။
ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ကို ပြင်းထန်စွာ ကွေးလိုက်သည်။ ချွန်ထက်သော ဓားဖျားသည် ကျာ့ထန်းလုံ၏ လည်ပင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသွားသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကျာ့ထန်းလုံ၏ မျက်လုံးများသည် ဒေါသများဖြင့် ဝင်းလက်တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ရှိ အင်မော်တယ် အနှစ်သာရသည် ရုတ်ခြည်းဆိုသလို တုန်ခါသွားပြီး ချင်ယွင်၏ မြူနှင်းချောက်နက်ဓားကို လှံဖြင့် တန်ပြန် ရိုက်ချလိုက်သည်။
ချင်ယွင်သည် သူ၏တိုက်ခိုက်မှု လွဲချော်သွားသည်နှင့် သူသည် မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
မှန်ပါသည်၊ ချင်ယွင်၏ ပစ်မှတ်က မိုင်တစ်ရာအဝေးမှာရှိသော အဆိပ်နဂါး တောင်ကြား ဖြစ်ပါသည်။
ရှေးဟောင်းတာအိုဆရာသခင် ပြောခဲ့သလိုပင် အမှောင်ရိပ်ထဲမှာ ပုန်းကွယ်နေသော ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေတုန်းဖြစ်သည်။ ယခုအချိန်တွင် ချင်ယွင်သည် ထိုကျွမ်းကျင်ပညာရှင် မလှုပ်ရှားမီအချိန်တွင်းသာ ထွက်ပြေးနိုင်ပါလိမ့်မည်။
"မင်း ဘယ်ကို ထွက်ပြေးနိုင်မှာလဲ?" ချင်ယွင်သည် အမှန်တကယ် ထွက်ပြေးသွားချင် သည်ကို မြင်လိုက်ရလျှင်၊ ကျာ့ထန်းလုံက လှံကိုကိုင်ပြီး သူ၏နောက်ကို လိုက်ပါ သွားသည်။
ချင်ယွင်ကို အံ့အားသင့်စေသည့်အရာက၊ သူလျှပ်တပြက်မိုင်တစ်သောင်း နိယာမကို အသုံးပြုချိန်မှာတောင် ကျာ့ထန်းလုံ၏အမြန်နှုန်းသည် သူ၏အမြန်နှုန်းနှင့် ယှဉ်နိုင် နေခြင်းဖြစ်သည်။
"မင်း မလွတ်မြောက်နိုင်ဘူး။ ဉက္ကာပျံ တိုက်ခိုက်မူ”
ကျာ့ထန်းလုံက ရယ်မောလိုက်သည်။ သူ၏လက်ထဲမှ လှံသည် ချက်ချင်းဆိုသလို ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ကျာ့ထန်းလုံသည် လှံဖြင့်ထိုးလိုက် ပြီးနောက် သူသည် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ချင်ယွင်၏ နောက်မှာ ပြန်ပေါ်လာသည်။
အလွန် ထက်ရှသော လှံထိပ်ဖျားသည် ချင်ယွင်၏ မျက်ခုံးကြားရှိ နေရာကို တည့်တည့် ချိန်ရွယ်ထားသည်။ ထိုမြင်ကွင်းက ထူးဆန်းပြီး မြန်ဆန်လွန်းသည်။
"အယ်..။ ဘာလို့ ရုတ်တရက် မြန်နေရတာလဲ" ချင်ယွင်၏အမူအရာသည် ချက်ချင်း ပြောင်းသွားသည်။ သူသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ၊ ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်းနိယာမ ရုတ်တရက် အသက်သွင်းပြီး သူသည် ဓားနှင့် တိုက်ခိုက်လိုက် သည်။
ချွင်…။
လှံထိပ်ဖျားက ဓားအလင်းနှင့် တွေ့ဆုံမိပြီး ပြင်းထန်သော တုန်ခါမှုကို ဖြစ်ပေါ်စေပါ သည်။
သူသည် ကျာ့ထန်းလုံကို နောက်တစ်ကြိမ် တွန်းထုတ်နိုင်ခဲ့သော်လည်း ချင်ယွင်လည်း အခြေနေမကောင်းခဲ့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အတက်အကျများဖြင့် ပျံသန်းခြင်းကိုလည်း မရပ်တန့်မီ မီတာရာပေါင်းများစွာ ပျံသန်းခဲ့သည်။
"ဟား…၊ ဟား….၊ ငါ့ရဲ့ ကန့်သတ်ချက်ထိုးဖောက်ခြင်းနိယာမက လေဟာနယ်ကို ထိုးဖောက်ပြီး၊ လေဟာနယ်ထဲကနေ ခရီးတိုအကွာဝေးကို ဖြတ်ကျော် သွားလာနိုင်မယ် လို့ မင်း မမျှော်လင့်ထားဘူး မဟုတ်လား?။ မင်း ဘယ်လောက်ပဲ မြန်နေပါစေ ငါ့ရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်း စိတ်ပါလက်ပါနဲ့ အသေသင့်တယ်" ကျာ့ထန်းလုံသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး၊ သူ၏ လေသံက သရော် လှောင်ပြောင်ဟန် အပြည့်ရှိနေသည်။
ချင်ယွင်၏ အကြည့်သည် ရုတ်တရက် လေးနက်လာသည်။