အခန်း ၇၆၅
Vol. 51 Ch. 765
အခန်း (၇၆၅)။ ခြကောင်များ။
ပျံသန်းနိုင်သော ခြကောင်များ။
၎င်းသည် အင်မော်တယ်ကမ္ဘာ၏ ထူးခြားသော သတ္တဝါတစ်မျိုး ဖြစ်သည်။ ၎င်းသည် အလွန်သေးငယ်၏။ ၎င်းသည် အရွယ်ရောက်ပြီးသူ၏ လက်ညိုး၏ အရှည်သာသာ ရှိသော်လည်း ၎င်းသည် ကြောက်စရာကောင်းသော သတ္တဝါတစ်မျိုး ဖြစ်သည်။
ပျံသန်းနိုင်သော ခြကောင်များသည် အလွန်သန်မာခြင်း မရှိပါဘူး။ သူတို့၏ အရှိန်ဟုန်ကတော့ အရမ်းကို မြန်ဆန်ပါသည်။ သို့သော် ၎င်းတို့သည် လူသားအဖြစ်သို့ ပြောင်းလဲရန် ဉာဏ်ရည် မမီခဲ့ပေ။
ထိုခြကောင်များ အလွန်ကြောက်စရာကောင်းသည့် အကြောင်းရင်းမှာ ၎င်းတို့သည် တစ်နေရာတည်းတွင် မည်သည့်အခါမျှ တစ်ကောင်တည်း ပေါ်မလာသောကြောင့် ဖြစ်ပါသည်။ တစ်ကောင် ပေါ်လာသည်နှင့် သူတို့ပတ်ဝန်းကျင်မှာ ခြကောင်အုပ်တွေ ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ချင်ယွင်သည် သူ၏ဓားချက်ကြောင့် တစ်ပိုင်းပြတ်သွားသော မြေပြင်ပေါ်ရှိ ခြကောင်ကို ကြည့်ရင်း သူ၏မျက်ခုံးများက ချက်ချင်း တွန့်သွားပါသည်။
ယခုအခါတွင်၊ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျင့်ကြံသူ သုံးဦးသည် အဘယ်ကြောင့် အရိုးတစ်ပုံမျှသာ ကြွင်းကျန်ခဲ့ကြောင်း နောက်ဆုံး သူ နားလည်သွား ပါပြီ။
ပျံသန်းနိုင်သော ခြကောင်များ ထွက်ပေါ်လာသည်နှင့်၊ အင်မော်တယ်ကမ္ဘာ၏ စစ်တပ်ကြီးသည်ပင် ချက်ခြင်း လုံးလုံး ဝါးမြိုခံရလိမ့်မည်။ ဤသည်မှာ ပျံသန်းနိုင်သော ခြကောင်များ၏ ကြောက်စရာကောင်းသည့် အချက်ဖြစ်ပါသည်။
အင်မော်တယ်အဆင့် အကာကွယ် ပစ္စည်းများသည်ပင် ခြကောင်များအတွက် အသုံးမဝင်ပေ။ အကြောင်းမှာ ၎င်းတို့သည် ၎င်းတို့၏ ပါးစပ်ထဲတွင် အလွန်မင်း ပြင်းထန်သော တိုက်စားခြင်း အရည်များကို လျှို့ဝှက်သိမ်းဆည်းထားနိုင်သောကြောင့် ၎င်းအကာကွယ်ပစ္စည်းများသည် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိတော့ချေ။
ဝှီး…။
ထိုအချိန်တွင် လေဟာနယ်ကို ထိုးဖောက်လာသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး..”
ချင်ယွင်၏ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်။
သူသည် အဖြူရောင် မြူခိုးများထဲတွင် မြင်ကွင်းများကို မမြင်နိုင်သော်လည်း၊ လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမ၏ ကနဦးဝင်ရောက်ခြင်းအဆင့်ကို နားလည်ထားသည်။ ထို့ကြောင့်၊ သူသည် ပတ်ဝန်းကျင်လေထု၏ စီးဆင်းမှုအပေါ် အလွန် အာရုံခံစားမူကောင်းမွန်သောကြောင့် အလွန်ကြီးမားသော အုပ်စုကြီးတစ်စု သည် အလွန်မင်း မြင့်မားသော အရှိန်ဟုန်ဖြင့် သူ့ထံ ချဉ်းကပ်လာနေကြောင်း သူ လျင်မြန်စွာ ဆုံးဖြတ်နိုင်ခဲ့သည်။
ဘန်း…။
သေချာပါသည်၊ ချင်ယွင်၏ ထိတ်လန့်တကြား ရေရွတ်သံ ထွက်ပေါ်ပြီးသည်နှင့်၊ အဖြူရောင် အဆိပ်စွမ်းအင် အတားအဆီးများက စတင် စီးဆင်းလာပြီး၊ သေးငယ်သော အဖြူရောင် အလင်းတန်းတွေက ချင်ယွင်ဆီသို့ ပျံသန်းလာကြသည်။
၎င်းသည် လူတစ်ယောက်၏ ဦးရေပြားကို ထုံကျင်လာစေသည်အထိ အလွန်မင်း ထူထပ် သိပ်သည်းလွန်းသည်။
"လွှမ်းမောခြင်းက ဓားအမျှင်တန်း ဖြစ်လာတယ်”။
အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချင်ယွင်သည် သူ၏ လွှမ်းမောခြင်းဓားအမျှင်တန်း ဓားသိုင်းပညာရပ်ကို အလျင်အမြန် အသက်သွင်းလိုက်သည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက ချက်ချင်းဆိုသလို ကောင်းကင်ဘုံကိုပင် လွှမ်းခြုံထားသော ဓားရိပ်ကြီးအဖြစ် ပြောင်းလဲသွားပါသည်။ ဓားအလင်းသည် အလွန် ထူထပ် သိပ်သည်း သောဓားချီနှင့်အတူ ဇကာကွက်ပုံစံ လင်းလက်သွားပြီး ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားသည်။
“ချွင်….။ ချွင်….။
ပြည့်ကျပ်နေသော ခြကောင်များသည် ချင်ယွင်၏ ဓားရိပ်ကြီးထဲသို့ အရူးအမူး ပြေးဝင်ကြကာ၊ တုန်တုန်ယင်ယင် အသံများ ထွက်ပေါ်လာသည်။
အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်၏ ခြေဖဝါးအောက်မှ မြေပြင်သည် ခြကောင်အလောင်း တို့ဖြင့် ထူထပ်စွာဖြင့် ဖုံးလွှမ်းသွားသည်။ သို့သော် ချင်ယွင်ကို တိုက်ခိုက်လာသည့် ခြကောင်အရေအတွက်သည် လျော့ကျသွားသည့် အရိပ်အယောင်များ မပြခဲ့ဘဲ၊ ပို၍ပင် များပြားလာသည်။
ချင်ယွင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ ကို အဆက်မပြတ် သုံးစွဲနေပြီး ဓားပုံရိပ်ကြီးနှင့် အပြင်းထန် တိုက်မိနေသော စွမ်းအားမှာလည်း အဆက်မပြတ် တိုးလာနေသည်။
"ဒါက နည်းလမ်း မဟုတ်ဘူး။ အနှေးနဲ့အမြန်ဆိုသလို ငါ့ရဲ့ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရတွေဟာ ဒီပျံသန်းနေတဲ့ ခြကောင်တွေကြောင့် လုံးလုံးလျားလျား ကုန်ဆုံး သွားလိမ့်မယ်။" ချင်ယွင်သည် သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ဆက်လက် ဝှေ့ယမ်းရင်း လက်ရှိအကျပ်အတည်းကို မည်သို့ ဖြေရှင်းရမည်ကို သူ၏စိတ်ထဲတွင် စဉ်းစားနေခဲ့သည်။
ယခုလို ပျံသန်းနေသော ခြကောင်တွေ အားလုံးကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခြကောင်များ၏ မျိုးပွားနိုင်စွမ်းသည် အလွန်အားကောင်းသည်။ အနှစ်တစ်ထောင်ကြာ အောင် မျိုးပွားပြီးနောက်မှာ ပျံသန်းနိုင်သော ခြကောင်အရေအတွက်သည် ဧရာမ တောင်ကြီး နှစ်ခုစာလောက်ပင် ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့်၊ သူသည် ပျံသန်းနိုင်သော ခြကောင်များကို သတ်ပစ်ရန် သုံးရက်နှင့် သုံးည အချိန်ယူရပေလိမ့် မည်။
သို့သော်လည်း၊ ယခုအချိန်တွင်၊ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ဝင်ရောက်ရန်မှတပါး အခြားနည်းလမ်း မရှိပေ။ အကယ်၍ သူသာ ဤကဲ့သို့ စွမ်းအင်များကို ဖြုန်းတီးနေပါက၊ ချင်ယွင်သည် အမှန်တကယ် သေခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
"မေ့လိုက်ပါ၊ အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ထဲ ဝင်ပြီး ပုန်းအောင်းရမယ်”။ ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် ပိုးမွှားများကို ရှောင်ရှားရန်အတွက် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ဝင်ရောက်ကာ၊ ပျံသန်းနိုင်သော ခြကောင်များ ထွက်သွားပြီး အုပ်စုခွဲသွားသည်အထိ စောင့်ဆိုင်းရန် စီစဉ်လိုက်သည်။
"ကောင်စုတ်လေး၊ ဒါက မင်းရဲ့ခန္ဓာကိုယ်ကို တွန်းအားပေးပြီး လျှို့ဝှက်ဆန်းကြယ် အဝါရောင် နတ်ဆိုးပညာရပ်ရဲ့ ပဉ္စမအဆင့်ကို ဖြတ်ကျော်ဖို့ အခွင့်အရေးကောင်းပဲ။ မင်းက အခုလိုပဲ အရှုံးပေးချင်တယ်လို့တော့ မပြောနဲ့နော်”။
သို့သော်လည်း ယခုအချိန်တွင်၊ ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင် ၏ နားထဲတွင် ထွက်ပေါ်လာသည်။
"ခန္ဓာကိုယ်ကို တွန်းအားပေးဖို့လား?။ ဘယ်လိုလုပ်ရမှာလဲ?" ချင်ယွင်သည် သူ နားကြားမှားနေသည်ဟု ထင်ပြီး အသံဖြင့်ပို့ဆောင်ရင်း အဆောတလျင် ပြန်မေးလိုက် သည်။
"သေချာတာပေါ့၊ ဒီပျံသန်းနိုင် ခြကောင်တွေရဲ့ ပြင်းထန်တဲ့ အဆိပ်စွမ်းအားနဲ့ပေါ့။" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။
ချင်ယွင်သည် ပြောစရာစကား ရှာမရဖြစ်သွားခဲ့သည်။ "ကျွန်တော် ဘာလုပ်ရမှာလဲ?။ ဖြစ်နိုင်တာက ကျွန်တော် မတ်တပ်ရပ်နေရင်းနဲ့ သူတို့စားတာ ခံရမှာလား?"
"မှန်တာပေါ့၊” ရှေးဟောင်းတာအိုဆရာသခင်က မဆိုင်းမတွ ပြန်ဖြေသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အရောင်ဖျော့သွားရသည်။ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေသော ခြကောင်တွေအကြောင်း တွေးပြီး သူ၏အသွေးအသား တွေကို ကိုက်စားနေသည့် ခြကောင်တွေကို ကြည့်ရင်း၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးဖျန်းဖျန်း ထသွားပါသည်။
သူသည် နောက်ဆုံးအကြိမ် အဖြူရောင်လူပုံကြယ်တွင် လေ့ကျင့်ခဲ့စဉ်က၊ ချင်ယွင်သည် တစ်ဝက်သေဆုံးသည်အထိ နှိပ်စက်ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင်၊ ရှေးဟောင်းတာအို ဆရာသခင်၏ ဤအကြံအစည်သည် သူ့ကို အသေသတ်နေသည်။
"ဟမ့်၊ မင်းရဲ့ လျှို့ဝှက်ဆန်းကြယ် အဝါရောင် နတ်ဆိုးပညာရပ်က မသေမျိုးနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ချိုးဖြတ်ဝင်ရောက်ပြီးသွားပြီ။ အရိုးဖြူတွေ ကျန်တဲ့အထိ ဝါးမျိုးခံရတာကို အသာထား၊ သွေးတစ်စက်ကတောင်မှ ပြန်လည် ရှင်သန်နိုင်နေပြီ။ မင်းအနေနဲ့ ဒီနာကျင်မှုလေးကိုတောင် တောင့်မခံနိုင်ရင်တော့၊ ငါ ဘာမှ မပြောခဲ့ဘူးလို့ ဟန်ဆောင်နေလိုက်ပါ" ရှေးဟောင်းတာအိုဆရာသခင်က အေးစက်စွာ ပြောလိုက် သည်။
ချင်ယွင်၏ အမူအရာသည်လည်း လေးနက်လာသည်။ ကျာ့ကလန်မှ ကျွမ်းကျင် ပညာရှင်များ၏ လိုက်လံရှာဖွေခြင်းကို ခံခဲ့ရသော မြင်ကွင်းကို သူ သတိရမိသည်။ ရှေးဟောင်းတာအိုဆရာသခင်ကြောင့် မဟုတ်ရင် သူ သတ်ခံရလိမ့်မည်။ ထို့အပြင်၊ အနက်ရောင်ဝတ် ဘုန်းကြီးလည်း ရှိနေသေးသည်။ အကယ်၍၊ မုရုံကျင်းရှန်၏ တိုက်ခိုက်မူကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ သူသည် ထိုဘုန်းကြီး၏ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။
သူ့မှာ လုပ်စရာတွေ အများကြီး ရှိသေးသည်။ သူ၏လက်ရှိ ခွန်အားဖြင့်၊ မည်သည့် အရာကိုမျှ မတတ်နိုင်သေးချေ။ သူ၏ခွန်အားကို တတ်နိုင်သမျှ တိုးမြှင့်ဖို့ လိုအပ်နေ သည်။
ယခုတွင် သူ၏ ခွန်အားကို မြှင့်တင်ရန် အခွင့်အလမ်း ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်၊ သူသည် ကြောက်စိတ်ကြောင့် ၎င်းအခွင့်ရေးကို စွန့်လွှတ်လိုက်လျှင်၊ ချင်ယွင်သည် သူ့ကိုယ်သူ အထင်သေးမိလိမ့်မည် ။
"ကောင်းပြီ၊ ပျံသန်းနိုင်တဲ့ ခြကောင်တွေရဲ့ အကိုက်ခံရုံပဲ မဟုတ်လား။ ငါချင်ယွင်က သေဖို့တောင် မကြောက်ခဲ့တာ။ ဒီပျံသန်းနိုင်တဲ့ ခြကောင်သေးသေးလေးကို ကြောက်နေတုန်းလား?” ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏ အမူအရာသည် အလွန် ခိုင်မာလာသည်။
ဘန်း….။
ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို စုစည်းလိုက်ပြီး၊ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို မရုပ်သိမ်းမီ သူ၏ အင်မော်တယ် စိတ်ဝိညာဉ်ကို လွှမ်းခြုံထားလိုက်သည်။
ချင်ယွင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ဓားအလင်းသည် ချက်ချင်း ပျောက်ကွယ် သွားပြီး၊ ပတ်ဝန်းကျင်ရှိ ပျံသန်းနေသော ခြကောင်များသည် ပိတ်ဆိုးထားသော ဓားအလင်း ပျောက်ကွယ်သွားသည်နှင့်၊ ချက်ချင်းဆိုသလိုပင် ချင်ယွင်၏ ခန္ဓာကိုယ် ပေါ်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင်၊ ချင်ယွင်၏ခန္ဓာကိုယ်သည် ထူထပ်သိပ်သည်းသော ပျံသန်းနိုင် သည့် ခြကောင်များဖြင့် ဖုံးလွှမ်းသွားလေသည်။ ၎င်းတို့သည် အကောင်ရေတစ်သန်း ထက် ရှိပြီး၊ ချင်ယွင်၏အသားရေပေါ်တွင် တစ်လက်မအထူနီးပါး ဖုံးလွှမ်းသွာသည်။
“အား….”
ချင်ယွင်၏ သနားစဖွယ် အော်ဟစ်သံက ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ၀တ်ရုံသည် တစ်စက္ကန့်မျှ မကြာခင်မှာ လုံးလုံးလျားလျား တိုက်စား သွားခဲ့သည်။ သူ၏အသွေးအသားတွေလည်း သာမန်မျက်စိဖြင့် မြင်သာသောအမြန်နှုန်း ဖြင့် ပျောက်ကွယ်သွားသည်။
ချင်ယွင်သည် သူ၏အသွေးအသားပေါ်တွင် ခြကောင်များ ကိုက်ဖြတ်နေသည့် ကိုက်ဖြတ်သံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူတို့၏ပါးစပ်မှ တိုက်စားခြင်း အဆိပ်အရည်များက ချင်ယွင်၏ နှလုံးကို ညှစ်ထုတ်လိုက်သည့်အလား နာကျင်စေ သည်။
အင်းဆက်ပိုးကောင်များသည် သူ၏ခန္ဓာကိုယ်ကို ဝါးမြိုပြီး၊ ဖြစ်ပေါ်လာသော နာကျင်မှု သည် ချင်ယွင်၏ အရိုးများကိုပင် နာကျင်စေသည်။
များမကြာမီပင်၊ ၎င်းတို့သည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ဝက်ကျော်ကို စားသုံးလိုက်ကြ သည်။ အကြောင်းမှာ ချင်ယွင်၏ အသွေးအသားသည် အလွန်ထူထပ်သောကြောင့် ဖြစ်သည်။ အကယ်၍၊ သာမန် အင်မော်တယ် ကျွမ်းကျင်သူများဆိုလျှင်၊ မျက်စိတစ်မှိတ် အတွင်းမှာပင်၊ လုံးဝ ကုန်ဆုံးသွားသည်အထိ စားမျိုးခံရနိုင်သည်။
“ကောင်စုတ်လေး၊ မင်းရဲ့စိတ်နှလုံးကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး မင်းရဲ့ခန္ဓာကိုယ်ကို ပြန်လည် ကုစားဖို့အတွက် လျှို့ဝှက်ဆန်းကြယ် အဝါရောင် နတ်ဆိုးပညာရပ်ကို စတင် လှည့်ပတ်လိုက်တော့။ မင်းရဲ့ အင်မော်တယ် စိတ်ဝိညာဉ် အရင်းမြစ်ကိုတော့ အစိမ်းရောင် ကြာပန်းစည်းတံဆိပ်က ကာကွယ်ပေးထားတယ်။ ဒီပျံသန်းနိုင်တဲ့ အဖြူရောင် ခြကောင်တွေက မင်းရဲ့ အင်မော်တယ် စိတ်ဝိညာဉ်ကို မထိခိုက်စေနိုင် ပါဘူး။ အခု မင်းလုပ်ရမှာက လျှို့ဝှက်ဆန်းကြယ် အဝါရောင် နတ်ဆိုးပညာရပ်ကို လှည့်ပတ်ရာမှာ အာရုံစိုက်ထားဖို့ပဲ" ရှေးဟောင်းတာအိုဆရာသခင်ရဲ့ အသံက ချင်ယွင် စိတ်ထဲမှာ ထပ်ပြီး ထွက်ပေါ်လာတယ်။
"ကောင်းပါပြီ..” ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး၊ ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက် သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ယခုအချိန် ဤနေရာတွင် ရှိနေပါက၊ အံ့သြဖွယ် ကောင်းသော မြင်ကွင်းကို မြင်တွေ့ရမည်မှာ သေချာပါသည်။
အရေပြားနှင့် အသားအနည်းငယ်သာ ကျန်ရှိတော့သည့် အဖြူရောင် အရိုးစုကြီးတစ်ခု သည် အမှန်တကယ်ပင် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် အရိုးများသည် စိန်များကဲ့သို့ ဝင်းလက်တောက်ပ သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
စာစဉ် (၅၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။