အခန်း ၇၆၈
Vol. 52 Ch. 768
အခန်း (၇၆၈) ကော့ဖုန်းကို သတ်ဖြတ်ခြင်း။
"မင်းပါလား..”။
ကော့ဖုန်းသည် ရုတ်တရက် ထွက်ပေါ်လာသော ရုပ်အသွင်ပြင်ကို ကြည့်ရင်း ပြင်းထန်သော အေးစက်မှုတစ်ခုက သူ၏မျက်လုံးထဲတွင် ချက်ချင်း ပျံ့နှံ့လာသည်။
ကော့ဖုန်း၏ စကားကို ကြားသောအခါ ချင်ယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား သည်။
"ခင်ဗျား ကြည့်ရတာ အနက်ရောင်ဝတ် ဘုန်းကြီး အစစ်ပါပဲ။ တကယ်လို့ ငါ့ ခန့်မှန်း ချက်သာ မှန်ကန်ရင်၊ ဒါက မင်းကိုယ်ပွား ဖြစ်သင့်တယ် မဟုတ်လား" ချင်ယွင်သည် ကော့ဖုန်းကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။
ချန်လျှန်သည် မူလက သူသေတော့မည်ဟု ထင်ခဲ့သော်လည်း သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြေလျော့သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်မှာ ချည်နှောင်ထားသော ရေမြွေသည် အမှန်တကယ် ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် သူသည် သူ၏ရှေ့တွင် ပုံရိပ်အရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"အစ်ကို လင်းယွင် ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ?" ချင်လျှန်သည် ချင်ယွင် ပေါ်လာသည်ကို မြင်သောအခါ အံ့သြသွားသော အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
"မင်း အဆင်ပြေရဲ့လား?" ချင်ယွင်က လှည့်ကြည့်လိုက်ပြီး ချန်လျှန်ကို ပြုံးပြလိုက် သည်။
အစောပိုင်းက သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းမှာ ချန်လျှန်၏ အညံ့မခံလိုသည့် မောက်မာမှုကြောင့် သူ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ဤလူသည် အရည်အချင်းကောင်းရှိသူ တစ်ယောက်ဖြစ်ပြီး ဤနေရာမှာ မသေသင့်ဟု သူ ထင်သည်။
"ငါ အဆင်ပြေပါတယ်၊ ငါ ဒဏ်ရာနည်းနည်း ရသွားတာပါ။ အစ်ကို လင်းယွင်၊ မင်း၊ မြန်မြန် ထွက်သွားလိုက်တော့။ ဒီကော့ဖုန်းက အရမ်းကို အစွမ်းထက်တယ်။ မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး။ မင်းအသက်အတွက် အမြန် ထွက်ပြေးရမယ်။ သူက မင်းကို သတ်လိမ့်မယ်။" ချန်လျှန်က ကမန်းကတန်း ပြောလိုက်သည်။
ချင်ယွင်က ပြုံးပြီး "စိတ်မပူပါနဲ့၊ ငါ့မှာ ကိုယ်ပိုင်အကန့်သတ် ရှိပါတယ်။ မင်းရဲ့ ဒဏ်ရာကို အရင်ကုသဖို့ မင်း ဘေးကို သွားသင့်တယ်။ ဒါက မင်းခန္ဓာကိုယ်ထဲက အဆိပ်တွေကို ကုသပေးနိုင်တဲ့ အဆိပ်ဖြေဆေးပဲ" သူသည် နောက်ဆုံးတွင် အဆိပ်ဖြေဆေးကို ချန်လျှန်အား ပေးလိုက်သည်။
မူလက ချန်လျှန်သည် တစ်ခုခု ပြောချင်သော်လည်း ချင်ယွင်၏ ဂရုမစိုက်သည့် အမူအရာကို မြင်လိုက်လျှင်၊ သူလည်း ဘာမှပြန်မပြောနိုင်တော့ပါဘူး။ သူသည် အဆိပ်ဖြေဆေးကို ယူကာ ဘေးတဘက်သို့ ဆုတ်သွားသည်။ သို့သော်လည်း သူသည် အဆိပ်ဖြေဆေးကို ကိုယ်တိုင်မသောက်ဘဲ ယွန်လင်းရှိရာဆီသို့ ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ချန်လျှန်၏ ရည်ရွယ်ချက်ကို သိလိုက်ပြီ။ သူသည် ခေါင်းကို အသာအယာယမ်းကာ လက်ကို ဓားတစ်လက်အဖြစ် အသုံးပြုပြီး၊ ရေအကျဉ်းထောင်ကို ဖြိုခွဲကာ ယွန်လင်းကို လွှတ်ပေးလိုက်သည်။
ကော့ဖုန်းသည် ဤအရာအားလုံးကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူသည် ချင်ယွင်၏ လုပ်ရပ်တွေကို တားဆီးခြင်းမရှိဘဲ၊ ချင်ယွင်ကို ကြည့်နေပြီး၊ သူ၏အကြည့်တွေက အနှိုင်းမဲ့ အလိုလောဘတွေနှင့် ပြည့်နေခဲ့သည်။
"မူလကတော့ ငါ မင်းကို ရှာဖွေချင်ပေမယ့် မင်းကိုယ်တိုင်က ငါ့တံခါးဝကို အလိုလို ရောက်လာမယ်ဖို့ မမျှော်လင့်ထားဘူး။ နိယာမသစ်သီးကို လွှဲပေးလိုက်ပါ…" ကော့ဖုန်းက ချင်ယွင်ကိုကြည့်ပြီး အေးစက်စွာ ပြောသည် ။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ၏ပါးစပ်ထောင့်စွန်းမှ ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ယခုတော့ သူ၏ရှေ့မှ ကော့ဖုန်းသည် အရင်က သူ တွေ့ဖူးသည့် ဘုန်းကြီးနှင့် အတူတူပဲဆိုတာ လုံးဝ သေချာသွားပါပြီ။
ဗုဒ္ဓလမ်းစဉ်နှင့် တာအိုလမ်းစဉ် နှစ်မျိုးလုံးကို ကျင့်ကြံသူသည် ချင်ယွင်၏ လျှပ်စီး စွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည် ကိုယ်ပွားများကဲ့သို့ပင် ကိုယ်ပွားများဖြင့် ကျင့်ကြံခြင်းကို ရည်ညွှန်းပါသည်။
သူ၏ရှေ့မှ ဤကော့ဖုန်းက သူ၏အစစ်အမှန် ခန္ဓာကိုယ်လား၊ ဒါမှမဟုတ် သူ့ကို လိုက်သတ်သည့် အနက်ရောင်ဝတ် ဘုန်းကြီးက သူ၏အစစ်အမှန် ခန္ဓာကိုယ်လား ဆိုသည်ကိုတော့ သူလည်း မသိသေးပါဘူး။ ဒါမှမဟုတ် သူတို့နှစ်ယောက်စလုံးသည် သူ၏ အစစ်အမှန် ခန္ဓာကိုယ် ဟုတ်ကောင်းမှဟုတ်ပါလိမ့်မည်။
"ငါ မပေးဘူးဆိုရင်ရော ဘာဖြစ်မလဲ?" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြော လိုက်သည်။
"ဒါဆို မင်း သေနိုင်ပြီ" ကော့ဖုန်း၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် ချက်ချင်း တောက်ပလာသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်နတ်ဘုရားစွမ်းအားက ပျံ့နှံ့လာသည်နှင့် ချင်ယွင် ၏ မျက်လုံးများတွင် ငွေရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။
"သေလိုက်တော့၊ ရေနဂါးက ပင်လယ်ပြင်မှ ထွက်ခွာခြင်း”
ကော့ဖုန်းသည် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲတွင် အင်မော်တယ်ဓားက ထွက်ပေါ်လာပြီး ချက်ချင်း ခုတ်ပိုင်းလိုက်သည်။ ဧရာမ ရေနဂါးကြီးသည် ချက်ချင်း ခုန်ထွက်လာပြီး ချင်ယွင်ဆီသို့ အရှိန်အဟုန်ဖြင့် ပစ်ဝင်လိုက်သည်။
ချင်ယွင်သည် ကြောက်လန့်သည့် အရိပ်အယောင် တစွန်းတစမျှ ရှိမနေဘဲ ဧရာမ ရေနဂါးကြီးကို ကြည့်လိုက်သည်။ ကောင်းကင်ဘုံနတ်ဘုရားစွမ်းအားက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ချင်ယွင်သည် လက်သီးတစ်ချက် ပစ်ထိုးလိုက်ပြီး၊ ဧရာမ ရေနဂါးကြီး၏ ခေါင်းပေါ်သို့ တိုက်ခိုက်လိုက်သည်။
“ဘုန်း..”
ရေနဂါးကြီးသည် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထုတ်ဖော်ပြီး၊ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ပေါက်ကွဲသွားသည်။
ချန်လျှန် နှင့် ယွန်လင်းတို့သည် ဤမြင်ကွင်းကို အဝေးမှမြင်သောအခါ၊ သူတို့၏ မျက်နှာများသည် ချက်ချင်းပင် နှိုင်းစာ၍မရသည့် အံ့အားသင့်ဖွယ် အမူအရာများကို ပေါ်လွင်စေသည်။ အထူးသဖြင့် ယွန်လင်း၏ မျက်လုံးများက မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။
ယခုလေးတင်၊ သူမနှင့် ချန်လျှန်တို့သည် ဤကော့ဖုန်း၏တိုက်ခိုက်မှုကို တားဆီးရန် အတူတကွ လုပ်ဆောင်ခဲ့ကြသော်လည်း၊ သူတို့သည် ကော့ဖုန်း၏တိုက်ခိုက်မူကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ဤလင်းယွင်သည် လက်သီးတစ်ချက်သာ အသုံးပြုခဲ့သည်။ သူမ မည်သို့ အအံ့သြဘဲ နေနိုင်မည်နည်း?။
ချိုင့်ဝှမ်းအဝင်ပေါက်မှာ သူမသည် ချင်ယွင်ကို လှောင်ပြောင်ပြီး၊ အကယ်၍၊ သူ သူမတို့နောက်ကို လိုက်ခဲ့မည်ဆိုလျှင်၊ သူမတို့ကိုပင် ဆွဲချသလိုဖြစ်နေမည်ဟု ပြောခဲ့မိသည်ကို ပြန်တွေးမိစဉ်၊ ယွန်လင်းသည် သူမကို တစ်စုံတစ်ယောက်က ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သလိုမျိုး ခံစားလိုက်ရပြီး၊ သူမ၏ပါးပြင်တွေပင် ပူလောင်လာသလို ခံစားလိုက်ရပါသည်။
"ဒါဆို သူက အရမ်းအစွမ်းထက်တာပေါ့" ယွန်လင်းသည် သူမကိုယ်သူမ ရေရွတ် လိုက်သော်လည်း သူမ၏ မျက်လုံးများသည် အေးစက်စက်ဖြင့် ပြည့်နှက်နေသည်။
"အစ်ကို လင်းယွင်၊ မင်း အရမ်းကို အစွမ်းထက်တာပဲ" ချန်လျှန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သက်ပြင်းချလိုက်သည်။
"မင်း ငါ့ကို မတွေ့ရတာ ရက်ပိုင်းလောက်ပဲ ရှိဦးမယ်။ မင်းရဲ့ ခွန်အားတွေ အများကြီး တိုးလာတာပဲ။" ချင်ယွင်၏ လက်သီးချက်ကြောင့် ရေနဂါး ပြိုကွဲသွားသည်ကို မြင်သော အခါ၊ ကော့ဖုန်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"တကယ်လား? ခင်ဗျား တကယ်ပဲ ဒီလိုထင်တာလား?" ချင်ယွင်သည် သရော်ဟန်ဖြင့် ပြောလိုက်ပြီး၊ သူ၏ပုံရိပ်က ကော့ဖုန်း၏ရှေ့မှာ ဖျတ်ခနဲ ပေါ်လာသည်။
ချင်ယွင်သည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရတော့ ကော့ဖုန်းသည် အံ့သြသည့် အမူအရာ ပေါ်လာသည်။ သူသည် လက်ထဲမှ အင်မော်တယ် ဓားဖြင့် ချင်ယွင်ဆီသို့ အလျင်အမြန် ခုတ်ပိုင်းလိုက်သည်။
"အရမ်း နှေးလွန်းတယ်။" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက လှောင်ပြောင်သံ ထွက်ပေါ် လာသည်။ သူသည် ချက်ချင်းပင် လက်ဖဝါးကို ဆုပ်လိုက်ပြီး ကောင်းကင်နတ်ဘုရား စွမ်းအားက လှိုင်းလုံးကြီးအဖြစ် ချက်ချင်း ပျံ့နှံ့သွားသည်။
“ဘုန်း…”
ချင်ယွင်သည် ကော့ဖုန်း၏ ရင်ဘတ်ကို အညှာအတာမဲ့စွာ ထိုးလိုက်လေသည်။
ကော့ဖုန်း၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားပြီး သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သူ၏မျက်နှာက ထိတ်လန့်မူအပြည့် ရှိနေသည်။
"ဟမ့်၊ ဒီလက်သီးချက်က ပြီးခဲ့တဲ့အကြိမ်က တိုက်ခိုက်မူအတွက် လက်စားချေတာပဲ။" ချင်ယွင်သည် ပုဇွန်ထုပ်လို ကွေးညွှတ်သွားသော ကော့ဖုန်းကို ကြည့်ရင်း အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
“ဘုန်း..”
ချင်ယွင်သည် ကော့ဖုန်း၏ ဝမ်းဗိုက်ကို နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်စဉ်၊ ကောင်းကင်နတ်ဘုရားစွမ်းအားသည် ကြယ်တစ်လုံးကဲ့သို့ တုန်ခါသွားသည်။
ကော့ဖုန်း၏ နောက်ကျောသည် တိုက်ရိုက် ဖောင်းပွလာပြီး လက်သီးရာကြီး ပေါ်လာ သည်။ သူ၏ပါးစပ်မှ သွေးတွေက ပို၍ပင် ထွက်လာပြီး၊ သူသည် ခံနိုင်ရည်မရှိတော့ဘဲ အရူးအမူး အန်လိုက်ရသည် ။
"ဒီလက်ချက်က ခင်ဗျားက မကောင်းမှုများစွာကို ကျူးလွန်ခဲ့လို့ပဲ။" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ကော့ဖုန်း၏ မျက်လုံးများတွင် ဒေါသသည် မရည်ရွယ်ဘဲ ဖြစ်ပေါ်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ချင်ယွင်၏ လက်သီးတွင်ပါရှိသော စွမ်းအားသည် အလွန် ကြောက်စရာကောင်းသည်။
တစ်ချက်ထိုးလိုက်ရုံဖြင့်၊ ကော့ဖုန်းသည် ခုခံဖို့ အင်အားနည်းနည်းလေးမှ မရှိတော့ သလောက်ပင်။
"ဘန်း….”
ချင်ယွင်၏ လက်သီးသည် ကော့ဖုန်း၏ မေးစေ့ပေါ်သို့ ကျရောက်သွားပြီး၊ သူ၏ မေးစေ့အရိုးနှင့် ဦးခေါင်းခွံတစ်ခုလုံးကိုပင် ကွဲကြေသွားစေသည်။
ကော့ဖုန်းက နောက်ပြန် ဆုတ်သွားပြီး သူ၏ပါးစပ်ထဲမှ သွားတွေ ပြုတ်ကျသွားသည်။
"ဒီလက်သီးချက်က ချန်လျှန်အတွက်ပဲ။" ချင်ယွင်က ရယ်မောပြီး၊ သူ့နောက်သို့ ဆက်လက် လိုက်ပါသွားခဲ့သည်။
“ဘုန်း..”
ချင်ယွင်သည် ကော့ဖုန်း၏ ခေါင်းကို ထိုးလိုက်သည်။
ကော့ဖုန်း၏ ဦးခေါင်းသည် ချက်ချင်းပင် ပေါက်ကွဲသွားပြီး၊ စိတ်ဝိညာဉ်ပုလဲတစ်ခုက လေထဲတွင် ပေါ်လာသည်။
ချင်ယွင်သည် သူ၏လက်ကို ဆန့်တန်းပြီး ဝိညာဉ်ပုလဲကို သူ၏လက်ထဲဖြင့် ကိုင်လိုက်သည်။
“သေချာပါတယ်၊ ဒါက ကိုယ်ပွားတစ်ခုပဲ" ချင်ယွင်၏ မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်လာသည်။
"တကယ်လို့၊ မင်း ငါ့ကိုသတ်ရင် မင်းလည်း ကြောက်မက်ဖွယ် သေခြင်းမျိုးနဲ့ သေရလိမ့်မယ်”။ ကော့ဖုန်း၏ ဟိန်းဟောက်သံသည် စိတ်ဝိညာဉ်ပုလဲအတွင်းမှ ထွက်ပေါ်လာသည်။
"တကယ်လား ဒါဆိုလည်း ငါ စောင့်နေမယ်။" ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏ လက်ထဲမှ စိတ်ဝိညာဉ်ပုလဲကို ချေမွှပစ်ရန် သူ၏လက်ဖဝါးကို အသုံးပြုလိုက်သည်။
“အာ…”
သနားစရာကောင်းသော အော်ဟစ်သံက လေထဲတွင် ထွက်ပေါ်လာပြီးနောက် စိတ်ဝိညာဉ်တစ်ခုလုံး လေထဲတွင် ပျံ့လွင့်သွားသည်။
ချန်လျှန်နှင့် ယွန်လင်းတို့သည် အံသြသွားကြသည်။ ချင်ယွင်သည် ကော့ဖုန်းကို အနိုင်ယူနိုင်လျှင်ပင်၊ တိုက်ကွက်ပေါင်း ရာနှင့်ချီပြီး တိုက်ခိုက်ရန် လိုလောက်သည်ဟု သူတို့ ထင်နေကြသည်။ သို့သော် ချင်ယွင်သည် စုစုပေါင်း လေးချက်သာ ထိုးသတ်ခဲ့ သည်။
ဤလက်သီးလေးချက်ဖြင့် ရေစွမ်းရည် အလုံးစုံလွှမ်းခြုံခြင်း နိယာမနယ်ပယ် ကနဦး ဝင်ရောက်ခြင်းအဆင့်သို့ ဝင်ရောက်ထားသော နှောင်းပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်နိုင်ခဲ့သည်။ ဤလူသည် မည်သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသနည်း?။
ချန်လျှန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ လင်းယွင်၏ ခွန်အားကြောင့် သူ စိတ်လှုပ်ရှားနေသည်မှာ ထင်ရှားသည်။ တစ်ဖက်တွင်မူ၊ ယွန်လင်း ၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်နေခဲ့ပြီး၊ သူမ၏မျက်လုံးများတွင် စူးစမ်း၍မရနိုင်သည့် သတ်ဖြတ်လိုသောဆန္ဒက လင်းလက်သွားသည်။