အခန်း ၇၇၀
Vol. 52 Ch. 770
အခန်း (၇၇၀) အင်မော်တယ်အဆိပ်နဂါး။
“ဝေါ……”
ချင်ယွင်သည် ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လျှောက်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် ရေစီးသံနှင့်အတူ တဟုန်ထိုးမြည်သံကို ကြားလိုက်ရပါသည်။
"အဆိပ်နဂါးချိုင့်ဝှမ်းရဲ့ နက်ရှိုင်းတဲ့အရပ်မှာ ရေတံခွန်တစ်ခု ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ?”။ ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။
ခြကောင်များသည် ယေဘုယျအားဖြင့် ရေကိုကြောက်သောကြောင့် ၎င်းတို့ ပေါ်လာသော နေရာအများစုသည် အလွန်ခြောက်သွေ့ပါသည်။ ဤနေရာမှာ ရေတံခွန်တွေရှိနေသည့်အပြင်၊ ယင်ကောင်တွေလည်း အမှန်တကယ် ရှိနေခဲ့သည်။ ဤအရာက ချင်ယွင်အတွက် အရမ်းထူးဆန်းသည့် ကိစ္စဖြစ်နေပါသည်။
"မင်း ဒီကိုရောက်လာပြီဆိုမှတော့ ဝင်လာခဲ့ပါ"
သို့သော် ထိုအချိန်တွင် ချင်ယွင်သည် ပြင်းထန်သော အသံကို ကြားလိုက်ရသည်။
ချင်ယွင်၏ မျက်နှာသည် နိုးကြားသတိထားသည့် အရိပ်အယောင်ကို ချက်ချင်း ပြသလိုက်သော်လည်း သူသည် အသံထွက်ရာလမ်းကြောင်းဆီသို့ ပြေးသွားနေဆဲ ဖြစ်သည်။
လျင်မြန်စွာပင်၊ ချင်ယွင်၏ အမြင်အာရုံထဲတွင် အဖြူရောင်ရေတံခွန်တစ်ခု ပေါ်လာ သည်။ ရေတံခွန်၏အောက်ခြေဘေးမှာ ပျဉ်ထောင်အိမ်တစ်လုံးနှင့် ရေကန်တစ်ခု ရှိနေသည်။
ထိုအချိန်တွင် ခရမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် ရေကန် ပေါ်ရှိ ကျောက်တုံးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ရေတံခွန်ကို မျက်နှာမူပြီး၊ နောက်ကျောပေးကာ ထိုင်နေသည်။ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။
"ဂျူနီယာချင်ယွင်က စီနီယာအဆိပ်နဂါးကို နှုတ်ဆက်ပါတယ်။" ချင်ယွင်က လေးလေး စားစား ပြောလိုက်ပါသည်။ အကယ်၍၊ သူ ခန့်မှန်းတာမမှားလျှင်၊ သူ၏ရှေ့မှ ဤလူသည် သူရှာဖွေနေသော တာအိုရောင်းရင်း အဆိပ်နဂါးဖြစ်လိမ့်မည်။
"မင်း ငါ့ကို ဘာလို့ ရှာနေတာလဲ" အင်မော်တယ်အဆိပ်နဂါးက ချင်ယွင်နှင့် ရင်းနှီးရန် စိတ်ကူးမရှိဟန်ဖြင့် အေးစက်စွာ ပြောလိုက်ပါသည်။
"ဒီဂျူနီယာက စီနီယာဆီမှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး ရှိတယ်လို့ ကြားထားပါ တယ်။ ဒါကြောင့် ဒီဂျူနီယာက အဲဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ဒီဂျူနီယာကို ပေးကမ်းပေးဖို့ စီနီယာကို တောင်းဆိုချင်ပါတယ်။" ချင်ယွင်က ရိုးရိုးသားသား ပြောသည်။
"မင်း ပြန်သွားလို့ရပြီ။ ငါ့မှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး မရှိဘူး" အင်မော်တယ် အဆိပ်နဂါးက အေးစက်စွာ ပြောသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို လွန်ခဲ့သော ဆယ်နှစ်က အင်မော်တယ်အဆိပ်နဂါးက ယူဆောင်သွားခဲ့ကြောင်း မုရုံကျင်းချန်က ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ယခုအခါတွင် အင်မော်တယ် အဆိပ်နဂါးသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး မရှိတော့ကြောင်း သူ့အား ပြောလာခဲသည်။ သူ လိမ်နေသည်မှာ ထင်ရှားပါသည်။ ယင်းကြောင့် ဤခရီးစဉ်သည် သူစိတ်ကူးထားသည့်အတိုင်း ချောမွေ့မည် မဟုတ်ကြောင်း ချင်ယွင်ကို ရုတ်တရက် ခံစားရစေသည်။
"မင်း ဘာလို့ မထွက်သွားသေးတာလဲ?။ မင်း ငါ့ကို ကိုယ်တိုင် လိုက်ပို့စေချင်လား?" ချင်ယွင်သည် ထိုနေရာတွင် ရပ်နေသေးသည်ကို မြင်သောအခါ အင်မော်တယ် အဆိပ်နဂါးသည် အေးစက်စွာ ဟစ်အော်လိုက်သည်။
"စီနီယာ၊ အဲဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးက ဒီဂျူနီယာအတွက် တကယ်ကို အသုံးလိုနေလို့ပါ။ ဒီဂျူနီယာက အဲဒီအတွက် ဘာပစ္စည်းနဲ့မဆို လဲလှယ်ဖို့ ဆန္ဒရှိနေ တယ်။" ချင်ယွင်က ထပ်ပြောသည်။
"ဒီတော့၊ ဘာမဆိုပေါ့၊ ဟုတ်ပြီလေ၊ ဒါဆို မင်းက အဆင့်ကိုး အင်မော်တယ်ဆေးလုံး တစ်လုံးနဲ့ အရောင်းအဝယ် လုပ်လို့ရတယ်။" အင်မော်တယ်အဆိပ်နဂါးက ဆိုသည်။
ချင်ယွင်၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာသည် ပို၍ပင် ပြင်းထန်လာသည်။ အင်မော်တယ်အဆိပ်နဂါးသည် စကားပြောရခက်သည်ကို သူတွေ့ရှိခဲ့သည်။
အဆင့်ကိုး အင်မော်တယ်ဆေးများသည် အလွန်အဖိုးတန်သည်။ ချင်ယွင်ကို မပြောနှင့်။ ဤလူသား အင်မော်တယ်ကမ္ဘာကြီး တစ်ခုလုံးမှာပင် အဆင့်ကိုး အင်မော်တယ်ဆေး များ အမှန်တကယ် ရှိမည်မဟုတ်ပေ။ ဤအင်မော်တယ်အဆိပ်နဂါးသည် သူ့အတွက် ခက်ခဲသော အရာများကို ပြုလုပ်နေသည်မှာ ထင်ရှားသည်။
"ဟမ့်၊ မင်းမှာ မရှိဘူးရင် လစ်လိုက်တော့ကွာ။ ဒီမှာ ငါ့အချိန်တွေကို လာမဖြုန်းပါနဲ့" အင်မော်တယ်အဆိပ်နဂါးက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့လေသံမှာ ဒေါသနှင့် ပြည့်နေသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအင်မော်တယ်အဆိပ်နဂါးသည် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို လွှဲပြောင်းမပေးရန် ဆုံးဖြတ်ထားပုံရသည်။
"ငါ ဘာလုပ်ရမလဲ၊ ငါ ဘာလုပ်ရမလဲ၊ ငါ သူ့ဆီကနေ လုယက်သင့်လား" ချင်ယွင်က စိုးရိမ်တကြီးနှင့် ပြောလိုက်ပါသည်။
သို့သော်လည်း သူသည် ဤဆုံးဖြတ်ချက်ကို အလျင်အမြန် ပယ်ချလိုက်သည်။ ဤအင်မော်တယ်အဆိပ်နဂါး၏ အငွေ့အသက်သည် အလွန်အားကောင်းပြီး၊ သူသည် မုရုံကျင်းချန်၏ စီနီယာအစ်ကိုလည်း ဖြစ်သည်။ သူ၏ခွန်အားသည် အလွန် အစွမ်းထက်သော အဆင့်သို့ ရောက်ရှိနေရမည် ဖြစ်သည်။ အကယ်၍၊ သူဆီကနေ လုယူဖို့ကြိုးစားမည်ဆိုလျှင်၊ သေခြင်းတရားကို တောင်းခံခြင်းနှင့် အတူတူ ဖြစ်လိမ့် မည်။
"ကောင်စုတ်လေး..။ ဒီကောင်ရဲ့ ခန္ဓာကိုယ်ကို အတွင်းမှာ စိတ်ဝိညာဉ် သတ်ဖြတ် ရစ်ပတ်ခြင်းကျိန်စာနဲ့ ဖုံးအုပ်ခံထားရတယ်။" ထိုအချိန်မှာပင်၊ ရှေးဟောင်းတာအို ဆရာသခင်က ရုတ်တရက် ပြောလိုက်သည်။
"စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာလား..?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်း ပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
သို့သော် အလွန်လျင်မြန်စွာ၊ ချင်ယွင်၏ မျက်လုံးများသည် တောက်ပလာသည်။
"ဟမ့်၊ မင်း မထွက်သေးဘူးလား?။ မင်းက တကယ်ပဲ ကန်ထုတ်ခံချင်တာလား?" အင်မော်တယ်အဆိပ်နဂါးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏အသံက ပြင်းထန်သော ဒေါသနှင့် ပြည့်နေခဲ့သည်။
ချင်ယွင်သည် အင်မော်တယ်အဆိပ်နဂါး၏ စကားကိုကြားသောအခါ သူ၏မျက်နှာတွင် ဒေါသအနည်းငယ်ပင် ရှိမနေဘဲ သူက ပြုံးပြီး ပြောလိုက်သည် "စီနီယာ၊ စီနီယာရဲ့ ခန္ဓာကိုယ်ပေါ်က စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ကျွန်တော် ဖြေနိုင်ရင် အဲဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ဒီဂျူနီယာကို ပေးနိုင်မလား”။
ဝှီး…။
အင်မော်တယ်အဆိပ်နဂါး ခရမ်းရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူက ချင်ယွင်၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး သူ၏မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ကာ ပြောလိုက်သည် "မင်း ဘာပြောလိုက်တယ်... မင်းက စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ပြန်ဖြေနိုင်လို့လား?"
ချင်ယွင်သည် သူ၏ဘေးနားသို့ အင်မော်တယ်အဆိပ်နဂါး ရုတ်တရက် ရောက်ရှိလာ ခြင်းကြောင့် တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ယခုအချိန်၌ လှုပ်ရှားမှု တစ်ခုခုလုပ်ဖို့ မရွေးချယ်မိသည့်အတွက် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းမြောက် နေခဲ့သည်။ မဟုတ်ရင် သူ မည်သို့ သေသွားမှန်းတောင် မသိလောက်ပေ။
"ဟုတ်တယ်၊ ဒါပေမယ့် ဒီဂျူနီယာက… " ချင်ယွင်က ပြောလိုက်သည်။
"ကောင်းပြီ၊ မင်း ငါ့ရဲ့ စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ပြန်ဖြေနိုင်တာနဲ့ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို မပြောနဲ့။ မင်း ငါ့ဆီကနေ အကုန်ယူနိုင်တယ်" အင်မော်တယ်အဆိပ်နဂါးက ကမန်းကတန်း ပြောလိုက်ပြီး သူ၏လေသံက ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
သူသည် စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာ၏ နှိပ်စက်ခြင်းကို အနှစ်တစ်ရာ ခံစားခဲ့ရသည်။ ဤအနှစ်တစ်ရာအတွင်းမှာ သူသည် အမြဲတမ်း စိတ်ဝိညာဉ် သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ပယ်ဖျက်ချင်ခဲ့သည်။ သို့သော် ၎င်းနှင့်ပတ်သက်ပြီး သူလည်း ဘာမှမလုပ်နိုင်ခဲ့ပါ။ ယင်းအစား၊ သူ၏စိတ်ဝိညာဉ်အရင်းမြစ်သည် စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာ၏ ဝါးမြိုမှုအောက်တွင် အားနည်းသထက် အားနည်းလာခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်က သူသည် အသက်ပိုရှည်စေရန် သူ၏ အင်မော်တယ် စိတ်ဝိညာဉ် ပြိုလဲလုနီးချိန်တွင် စားသုံးနိုင်ရန်စီစဉ်ထားသည့်အနေဖြင့်၊ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို ဝယ်ယူခဲ့သည်။ ထို့ကြောင့်၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး အတွက် ချင်ယွင်ရောက်လာသောအခါ၊ အင်မော်တယ်အဆိပ်နဂါးသည် ၎င်းကို မည်သို့ လွှဲပြောင်းပေးရန် ဆန္ဒရှိနိုင်မည်နည်း?။ ၎င်းသည် သူ၏ဒုတိယဘဝနှင့် ညီမျှပါသည်။
သို့သော် ယခုတော့ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာ ကို ဖယ်ရှားနိုင်သည်ဟု သူ၏ရှေ့မှ ဤလူငယ်က ပြောသည်ကို ကြားလိုက်ရသော ကြောင့်၊ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို အဘယ်ကြောင့် လိုအပ်တော့မည် နည်း?။
"ဒီဂျူနီယာက စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးပဲ လိုချင်ပါတယ်။" ချင်ယွင်က ပြတ်ပြတ် သားသား ပြန်ပြောသည်။
"ကောင်းပြီလေ၊ ကောင်းပြီ၊ ကောင်းပြီ။ ငါ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ စိတ်ဝိညာဉ် သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို မင်း ပယ်ဖျက်နိုင်တာနဲ့ ငါ မင်းကို စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို ချက်ချင်း ပေးမယ်။" အင်မော်တယ်အဆိပ်နဂါးက ပြောလိုက် သည်။
"ဒါက သဘောတူညီချက်ပဲ။" ချင်ယွင်က ကမန်းကတန်း ပြုံးပြီး ပြောလိုက်သည်။ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို အချိန်အကြာကြီး ရှာဖွေခဲ့သော်လည်း ယခု နောက်ဆုံးတွင် ၎င်းကို ထပ်မံ ရရှိတော့မည် ဖြစ်သည်။
"ခဏနေစမ်းပါဦး ကောင်လေး၊ မင်းက ငါ့ကို လိမ်နေတာရော မဖြစ်နိုင်ဘူးလား?။ မင်းက ငါ့ရဲ့ စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာ ပယ်ဖျက်နိုင်တယ်ဆိုတိုင်း ငါက ဘာလို့ယုံရမှာလဲ?။ ငါ့ရဲ့စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ကုသမယ် ပြောပြီး ငါ့ကို သတ်ချင်နေရင် ဘယ်လိုလုပ်မလဲ။" အင်မော်တယ်အဆိပ်နဂါးက ရုတ်တရက် သတိပေးလိုက်သည်။
စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာသည် သူ၏ စိတ်ဝိညာဉ်အနှစ်သာရနှင့် ယှယ်တွဲ နေပါသည်။ အကယ်၍ သူသည် အခြားလူတစ်ဦးထံမှ ကုသမှုကို ခံယူလိုပါက ထိုလူ၏ရှေ့မှောက်တွင် သူ၏ အင်မော်တယ်စိတ်ဝိညာဉ်အနှစ်သာရကို အပြည့်အဝ ပြသရမည် ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက သူ့ကိုသတ်ဖို့ ဤအခွင့်အရေးကို အခွင့်ကောင်းယူချင်သည်ဆိုလျှင်၊ အလွန်လွယ်ကူလွန်းသည်ဟု ပြောလို့ရပါသည်။
ချင်ယွင်သည် အင်မော်တယ်အဆိပ်နဂါး၏ စိုးရိမ်ပူပန်မှုကို သိရှိသွားပြီး ကောင်းကင်ဘုံ ကို ကျိန်ဆိုလိုက် " ငါချင်ယွင်၊ ကောင်းကင်ဘုံကို ကျိန်ဆိုပါတယ်။ တကယ်လို့၊ ငါက အင်မော်တယ်အဆိပ်နဂါးကို ကုသမူကို အခွင့်အရေးအဖြစ် အသုံးချခဲ့မည်ဆိုရင်၊ ငါ ဘယ်တော့မှ ပြန်လည်မွေးဖွားနိုင်ခြင်း မရှိပါစေနဲ့။ ငါ့ရဲ့စိတ်ဝိညာဉ်လည်း ပျက်စီးပါစေ”။
ချင်ယွင်၏ ကျိန်ဆိုသံကို ကြားသောအခါ အင်မော်တယ်အဆိပ်နဂါးသည် ယုံကြည်မှုရှိ သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
လူသားတို့သည် ကောင်းကင်ဘုံသို့ ကျိန်ဆိုကြ၏။ သို့သော်၊ အင်မော်တယ်သားရဲ များနှင့် ကျင့်ကြံသူများသည် ကောင်းကင်ဘုံကို ကျိန်ဆိုသည်နှင့် တပြိုင်နက် ၎င်းတို့သည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်း ခံရလိမ့်မည်။ ထိုကျိန်ဆိုချက် ချိုးဖောက်ခဲ့ရင် ကောင်းကင်ဘုံက ပြစ်ဒဏ်ခတ်မှုကို ဆွဲဆောင်ခံရမှာ သေချာပါသည်။
ငါတို့ ဘယ်တော့စမှာလဲ၊ မင်းမှာ တခြား ဘာတွေလိုသေးလဲ?" အင်မော်တယ် အဆိပ်နဂါးက စိတ်လှုပ်ရှားစွာ မေးလိုက်ရင်း သူ၏မျက်လုံးများက တောက်ပလာ ပြန်သည်။
ချင်ယွင်သည် ကောင်းကင်ဘုံကို ကျိန်ဆိုခဲ့ပြီး ဖြစ်သည်။ သူ မယုံနိုင်စရာ အကြောင်း မရှိတော့ပါဘူး။
"ဘာမှ ပြင်ဆင်စရာ မလိုဘူး။ ကျွန်တော်တို့ အခု စလို့ရပါပြီ" ချင်ယွင်က ပြောသည်။
"ဒါဆိုလည်း မြန်မြန် လုပ်တော့လေ” အင်မော်တယ်အဆိပ်နဂါးက ကမန်းကတန်း ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်၊ သူသည် ချင်ယွင်ကို ရေကန်အလယ်ရှိ ကျောက်တုံးကြီးပေါ်သို့ ပျံသန်းကာ ဆွဲခေါ်သွားပြီး၊ စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ကူညီ ဖြေရှင်းပေးရန် ချင်ယွင်ကို အချက်ပြလိုက်သည်။