← Chapters

အခန်း ၇၇၆

Vol. 52 Ch. 776

အခန်း ၇၇၆

Vol. 52 Ch. 776

အခန်း (၇၇၆) စိတ်ဝိညာဉ် ပေါင်းစပ်ခြင်း။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ?" နိုင်းယွန် သည် အံ့သြစွာ မေးလိုက်သည်။

သူ၏ လေဟာနယ်လှောင်အိမ်သည် လေဟာနယ်တစ်ခုလုံးကို လုံး၀ ပိတ်ဆို့ထားသည်။ တစ်ယောက်ယောက်သည် လေဟာနယ်နိယာမကို သူ့ထက် ပိုမိုမြင့်မားစွာ နားမလည် ထားဘူးဆိုရင်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အောက်ရှိ မည်သူ တစ်ဦး တစ်ယောက်မှ သူ၏လေဟာနယ်လှောင်အိမ်ကို ချိုးဖောက်ရန်ဆိုသည်မှာ မဖြစ်နိုင်ပါ ဘူး။

သို့သော် ချင်ယွင်သည် အချိန်တိုင်းဆိုသလို သူ၏လေဟာနယ်လှောင်အိမ်ထဲမှ အလွယ်တကူ ရှောင်ထွက်သွားခဲ့သည်။ အထူးဆန်းဆုံးကတော့၊ ချင်ယွင် မည်သို့ ပျောက်ကွယ်သွားသည်ကို သူသည် မခံစားနိုင်သေးပါဘူး။

"မဖြစ်နိုင်တာ ဘာမှ မရှိဘူး။ ဒါက မင်း မမျှော်လင့်ထားတဲ့ အရာတစ်ခုပဲ" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

သူသည် နိုင်းယွန်၏ လေဟာနယ်လှောင်အိမ်၏ ချုံ့ခြင်းကို ရှောင်နိုင်ရခြင်း၏ အကြောင်းရင်းမှာ၊ ကနဦးစကြဝဠာအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခြင်းကြောင့် ဖြစ်သည်။

လေဟာနယ် လှောင်အိမ်သည် ဤလက်ရှိစကြဝဠာ၏ လေဟာနယ်ကိုသာ ပိတ်ဆို့ ထားနိုင်ပါသည်။ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ဝင်ရောက်ခဲ့လျှင်ပင်၊ ကနဦးစကြာဝဠာအပေါ် လုံးဝ ထိခိုက်ခြင်း မရှိတော့ပေ။

ချင်ယွင်သည် လေဟာနယ်လှောင်အိမ် ပျောက်ကွယ်သွားသည်ကို စောင့်ဆိုင်းနေခဲ့ပြီးမှ သူသည် ကနဦးစကြဝဠာထဲမှ ပြန်ထွက်လာခြင်း ဖြစ်ပြီး၊ လေဟာနယ်လှောင်အိမ်၏ ပိတ်ဆို့ခြင်းမှ သဘာဝအတိုင်း အလွယ်တကူ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ဤသည်ကို နိုင်းယွန် နားမလည်နိုင်သည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ အမှန်တကယ်လည်း ချင်ယွင်သည် တခြားစကြာဝဠာတစ်ခုနှင့် ချိတ်ဆက်နိုင်လိမ့်မည် ဟု ဘယ်သူကရော ထင်ထားမည်နည်း?။

နိုင်းယွန်သည် ချင်ယွင်၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်သောအခါတွင် ပြင်းထန်သော မလိုလားလားသည့် စိတ်ဆန္ဒက သူ၏မျက်လုံးများထဲသို့ ချက်ချင်း ပျံ့နှံ့လာခဲ့သည်။

သို့သော်၊ သူ၏ လေဟာနယ်ချုံ့ခြင်း နိယာမကို နားလည်ထားခြင်းသည် အပေါ်ယံမျှ သာ ဖြစ်ပါသေးသည်။ သူသည် လေဟာနယ်လှောင်အိမ် သိုင်းကွက်တစ်မျိုးကိုသာ သိပါသည်။ မူလက၊ သူသည် ဤသိုင်းကွက်သည် သူ၏ရှေ့မှ ဤလူကို ကိုင်တွယ်ရန် လုံလောက်သည်ဟု ထင်ထားခဲ့သည်။ သို့သော် အခြားတဖက်က ၎င်းကို အလွယ်တကူ ချေဖျက်ရန် ထူးဆန်းသော နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအချက်က သူ၏မျက်နှာကို ချက်ချင်း ဖြတ်ရိုက်ခံရသလို ခံစားရစေသည်။

"အကြီးအကဲကျိ သွားရအောင်.."

နိုင်းယွန်သည် ကောင်းကင်သို့ အော်မပြောမီ တစ်ခဏမျှ လွန်ဆွဲနေသေးသည်။

သူသည် သူ၏ သိုင်းကွက်အားလုံးကို အသုံးချပြီးနောက်၊ ချင်ယွင်ကို ဘာမှ မလုပ်နိုင်ခဲ့ သည့်အတွက်၊ သူသည် အဘယ့်ကြောင့် ဤနေရာတွင် ဆက်ပြီး နေတော့မည်နည်း?။

ဝှီး….။

အင်မော်တယ်အဆိပ်နဂါးနှင့် ဆန့်ကျင်တိုက်ခိုက်နေသော ပိန်ပိန်ပါးပါး အဘိုးကြီး သည် ထိုစကားကို ကြားပြီးနောက် အင်မော်တယ်အဆိပ်နဂါးဆီမှ ချက်ချင်း ဆုတ်ခွာပြီး၊ နိုင်းယွန်အနားတွင် အလင်းတန်းတစ်ခုအဖြစ် ပေါ်လာပါသည်။ အင်မော်တယ်အဆိပ်နဂါးလည်း ချင်ယွင်၏အနားတွင် ခရမ်းရောင်အလင်းတန်းများ အဖြစ် ထွက်ပေါ်လာသည်။

"ကောင်လေး၊ ဒီတစ်ခါတော့ ငါ မင်းကို လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ ပြန်တွေ့ရင်၊ ငါဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ အရှက်တရားအားလုံးအတွက် သေချာပေါက် ပြန်ပေးရမယ်။ မင်း ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့။ မင်း ဒီကမ္ဘာမြေကြီးရဲ့ အစွန်းထိ ထွက်ပြေးရင်တောင်၊ ငါ မင်းကိုရှာပြီး သတ်ပစ်မယ်။" နိုင်းယွန်က ချင်ယွင်ကို အေးစက်စွာ ပြောလိုက်သည်။

"ငါ စောင့်နေမယ်။" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

"ဟမ့်၊ သွားရအောင်…" ချင်ယွင်ကို အပြင်းအထန် စိုက်ကြည့်ပြီးနောက် နိုင်းယွန်သည် ပိန်ပိန်ပါးပါး အဖိုးအိုနှင့် ယွန်လင်းတို့ကို ဦးဆောင်ကာ ချိုင့်ဝှမ်းထဲမှ ထွက်လာခဲ့သည်။

သူမထွက်သွားသောအခါ၊ ယွန်လင်းသည်လည်း နောက်ပြန် လှည့်ကြည့်ကာ ချင်ယွင် ကို အေးတိအေးစက် မျက်လုံးများဖြင့် စိုက်ကြည့်သွားသေးသည်။

သူတို့သုံးယောက် ထွက်သွားသည်ကို ကြည့်နေရင်း၊ ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အနည်းငယ် တွန့်ကွေးသွား၏။

နိုင်းယွန်ကို သတ်ရန် သူ့အတွက် အလွန်ခက်ခဲမည်ဟု ခံစားမိသောကြောင့်၊ သူသည် နိုင်းယွန်နောက်သို့ လိုက်ပါသွားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ယခင်က ချင်ယွင်သည် နိုင်းယွန်ကို သတ်ရန် အနက်ရောင် လျှပ်စီးနဂါးကို အသုံးပြုခါနီးတွင်၊ နိုင်းယွန်၏ ခန္ဓာကိုယ်အတွင်းမှာ ဖုံးကွယ်ထားသော ရတနာတစ်ခု ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်အတွင်း စည်းတံဆိပ် ခတ်ထားပုံရပြီး အစွမ်းထက်သော စွမ်းအားများ ရှိနေသည်။

နိုင်းယွန်သည် စည်းတံဆိပ်ကို ဖြုတ်လိုက်သည်နှင့်၊ သူသည် တုနှိုင်းမရလောက်အောင် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားဖြင့် ပေါက်ကွဲသွားပေလိမ့်မည်။ ထိုအချိန်တွင်၊ သေဆုံးရမည့်လူမှာ သူချင်ယွင်ပင် ဖြစ်သွားပေလိမ့်မည်။

သူ့ကို မသတ်နိုင်သေးဘူးဆိုမှတော့ သူ့ကို ထွက်ခွာခွင့်ပေးလိုက်ခြင်းက ပိုကောင်းပါ သည်။

နောက်တစ်ကြိမ် ထပ်တွေ့ခဲ့လျှင်၊ ဘယ်သူ သေဆုံးရမလဲဆိုတာ မသေချာသေးပါဘူး။

"အင်မော်တယ်တာအိုဂိုဏ်းရဲ့ လက်ရွေးစင် တပည့်ကတောင် မင်းကို ဘာမှ မလုပ်နိုင်ဘူးဆိုတော့၊ ညီငယ်ချင်ရဲ့ စွမ်းအားက ထူးထူးခြားခြား ဖြစ်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး။" အင်မော်တယ်အဆိပ်နဂါး ချင်ယွင်အား ပြုံးပြသည်။

"အစ်ကိုကြီးမုရုံက ကျွန်တော့်ကို မြှောက်ပင့်နေတာပါ။ အစောပိုင်းက အစ်ကိုမုရုံရဲ့ တိုက်ပွဲကမှ မြေကြီးတုန်ခါလောက်ပါတယ်။ အဲဒါကို မြင်လိုက်တာနဲ့ ဒီညီငယ်တောင် အံသြသွားရတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"ဟား..၊ ဟား..၊ မင်းက ဘယ်လိုပြောရမလဲဆိုတာ တကယ်သိတာပဲ။ စောစောက ကျိကျန်းဖန်နဲ့ ငါက တစ်ယောက်နဲ့ တစ်ယောက် ထိန်းထားရုံ တိုက်ခိုက်နေကြတာပါ။ ငါတို့က တကယ်တိုက်ခိုက်တာ မဟုတ်ပါဘူး။ မဟုတ်ရင် ငါ့ရဲ့ အဆိပ်နဂါးတောင်ကြား ဟာ လုံးဝ ပျက်စီးသွားနိုင်တယ်။" အင်မော်တယ်အဆိပ်နဂါးက ပြုံးပြီး ပြောသည် ။

ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ဤအရာသည် အင်မော်တယ် အဆိပ်နဂါး ပြောခဲ့သည့်အတိုင်း အမှန်ပင် ဖြစ်ပါသည်။ သူသည် ပိန်ပိန်ပါးပါး အဘိုးအိုအား အစွမ်းကုန် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ နိယာမတရားများကိုပင် အသုံးမချခဲ့ပေ။ သို့သော်လည်း သူတို့၏ ယခုလေးတင် တိုက်ပွဲကြောင့် ဖြစ်ပေါ်လာ သော မငြိမ်မသက်မှုများသည် သေးငယ်သည် မဟုတ်ပေ။

ထို့နောက် ချင်ယွင်သည် အင်မော်တယ်အဆိပ်နဂါးနှင့် စကားအနည်းငယ်ပြောပြီး နောက်၊ သူသည် အလျင်အမြန် ထွက်ခွာခဲ့သည်။ ယခု သူတွေးနေသည့်အရာမှာ ကျန်းရွှန်ရှင်းကို ကယ်တင်ရန် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို အသုံးပြုရန် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် အဆိပ်နဂါးတောင်ကြားမှ ထွက်ခွာပြီးသည်နှင့် တပြိုင်နက် သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ဝင်ရောက်ခဲ့သည်။

အင်မော်တယ်ဘုရင်စံအိမ်၏ သီးခြားနေရာတစ်ခုတွင်၊ သူသည် ကျန်းရွှန်ရှင်း၏ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ပုလဲကို ဤနေရာတွင် သိမ်းဆည်းထားသည်။

ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ နံဘေးသို့ လျှောက်သွားပြီး နက်နဲသိမ်မွေ့ ရေခဲခေါင်းထဲ တွင် လဲလျောင်းနေသည့် တည်ငြိမ်အေးချမ်းသော မျက်နှာလေးကို ကြည့်လိုက်သည်။ ချင်ယွင်၏ မျက်လုံးများတွင် နူးညံ့မှုအရိပ်အယောင် ချက်ချင်း ပေါ်လာသည်။

"ရွှန်ရှင်း ၊ စိတ်မပူနဲ့၊ ငါ မင်းကို မကြာခင် ကယ်နိုင်တော့မယ်။" ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ ပါးပြင်ကို ပွတ်သပ်ပြီး ညင်သာစွာ ပြောလိုက်သည်။

ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ရုပ်ခန္ဓာကိုယ်ကို အသက်သစ်ပင်၏ အသက်အရည်ဖြင့် အမြဲတမ်း ထိန်းသိမ်းထားသောကြောင့် သူမခန္ဓာကိုယ်သည် အနည်းငယ် အေးနေသည်မှ လွဲ၍၊ သက်ရှိလူများနှင့် မခြားနားပေ။

ဝှီး…။ ရှေးဟောင်းတာအိုဆရာသခင်၏ ရုပ်အသွင်ပြင်သည် ချင်ယွင်၏ အနားတွင် ပေါ်လာသည်။

"ဆရာ၊ ကျွန်တော် ဘာဆက်လုပ်ရမလဲ?" ချင်ယွင်က ရှေးဟောင်းတာအိုဆရာသခင်ကို ပြောသည် ။

"ဒီကလေးမလေးရဲ့ စိတ်ဝိညာဉ်အနှစ်သာရက အားနည်းလွန်းတယ်။ ဝိညာဉ်ပုလဲကနေ ထွက်ခွာပြီးပြီးချင်း သူမရဲ့စိတ်ဝိညာဉ်အနှစ်သာရက ပျောက်သွားမှာကို ငါ စိုးရိမ်မိ တယ်။ ဒါကြောင့်၊ သူမရဲ့စိတ်ဝိညာဉ် မူလအသွင်အပြင်အတိုင်း ပြန်ဖြစ်လာအောင် မလုပ်ခင်၊ သူမရဲ့ စိတ်ဝိညာဉ်အနှစ်သာရကို ခိုင်မာအောင်လုပ်ဖို့ မင်းအနေနဲ့ ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို အရင် အသုံးပြုရမယ်။” ရှေးဟောင်းတာအို ဆရာသခင်က ပြောလိုက်သည်။

"ဒါဆို ကျွန်တော် ဘာဆက်လုပ်ရမှာလဲ" ချင်ယွင်က အလျင်အမြန် မေးလိုက်သည်။

"စိတ်ဝိညာဉ်ပေါင်းစပ်ခြင်း။" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။

"စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းလား..? ဒါက မကောင်းဘူး မဟုတ်လား.." ချင်ယွင်က ရှက်ရွံ့သွားဟန်ဖြင့် ကိုးရိုးကားယား ပြောလိုက်သည် ။

"ဟင့်၊ မင်းက ဒီကောင်မလေးကို တခါမှ မထိတွေ့ဖူးသလိုမျိုး လာလုပ်မနေစမ်းပါနဲ့။ မင်းက ဟန်ဆောင်နေရအောင် ဘယ်လိုကောင်စားမျိုးမိုလို့လဲ?" ရှေးဟောင်းတာအို ဆရာသခင်က ဒေါသတကြီး ကြိမ်းမောင်းသည်။

"ဒါဆိုလည်း ဆရာကြီး၊ ဆရာကြီးက လူကြီးဆိုတော့ ရှောင်ပေးစေချင်တယ်” ချင်ယွင် က ပြုံးပြုံးလေး ပြောလိုက်သည် ။

"ကောင်စုတ်လေး၊ မင်း ဟိုမိန်းမနဲ့ တွေ့တုန်းက ငါ ဘယ်ရောက်နေမှန်း မင်း မသိဘူး လား။" ရှေးဟောင်းတာအိုဆရာသခင်က ဒေါသတကြီး ပြောလိုက်သော်လည်း ချင်ယွင်၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲရှိ လေဟာနယ်ထဲသို့ ပျံသန်းသွားဆဲ ဖြစ်သည်။

ရှေးဟောင်းတာအိုဆရာသခင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ လေဟာနယ် ထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ချင်ယွင်သည် စိတ်သက်သာရာ ရသွား သည်။

အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏နေရာကို သူ ထိန်းချုပ်ထားသည်။ အတွင်းမှ လူတွေကို ပြင်ပကမ္ဘာကို မတွေ့စေချင်ဘူးဆိုလျှင်၊ ရှေးဟောင်းတာအိုဆရာသခင် တောင် တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။

ချင်ယွင်သည် လေထဲတွင် လွင့်မျောနေသော ဝိညာဉ်ပုလဲကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက နူးညံ့သိမ်မွေ့မှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။

စိတ်ဝိညာဉ်ပေါင်းစပ်သည် အလွန်ထူးခြားသော စိတ်ဝိညာဉ်ကုထုံး နည်းလမ်းတစ်မျိုး ဖြစ်သည်။ ထို့အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လိုအပ်သည်။ ဆိုလိုသည် မှာ၊ ကိုယ့်ကိုယ်ကို ကုသခြင်း၏ ရည်မှန်းချက်ကို အောင်မြင်စေရန်အတွက် အမျိုးသား နှင့် အမျိုးသမီးတို့၏ စိတ်ဝိညာဉ်များသည် အချင်းချင်း အပြန်အလှန် ကူးလူး ဆက်ဆံ ကြရသည်ကို ဆိုလိုပါသည်။

သို့သော်၊ စိတ်ဝိညာဉ်ပေါင်းစပ်မှုမှာ နှစ်ယောက်စလုံး၏ ရည်ရွယ်ချက်များသည် အလွန် သဟဇာတဖြစ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်လျှင်၊ နှစ်ယောက်စလုံး အန္တရာယ်ရှိ လိမ့်မည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် ကျန်းရွှန်ရှင်း ဆေးဖက်ဝင်သော အာနိသင်များကို စုပ်ယူ နိုင်စေရန် သူ၏ စိတ်ဝိညာဉ်ဖြင့် ပေါင်းစပ်ခြင်းကို အသုံးပြုရန် ဖြစ်သည်။

ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို ထုတ်ပြီး သူ၏ပါးစပ်ထဲကို ထည့်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး၏ ဆေးဖက်ဝင် စွမ်းအားများ အားလုံးကို ထုတ်ယူရန်အတွက် သူ၏အင်မော်တယ်စိတ်အာရုံကို စုစည်းလိုက်ပြီး ၎င်းကို သူ၏ အင်မော်တယ်စိတ်အာရုံဖြင့် ရစ်ပတ်ထားလိုက်သည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် ခုနှစ်ရောင်ခြယ် သက်တံရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဝိညာဉ်ပုလဲထဲသို့ ပျံသန်းသွားခဲ့သည်။

ဝိညာဉ်ပုလဲသည် မူလကတည်းက နီဝမ်နန်းတော်နှင့် ဆင်တူသော ရတနာတစ်ခု ဖြစ်သောကြောင့် ဝိညာဉ်ပုလဲအတွင်းရှိ နေရာသည် နီဝမ်နန်းတော်နှင့် အားလုံးနီးပါး တူညီကြပါသည်။

ချင်ယွင်၏ ရုပ်အသွင်ပြင်သည် ဝိညာဉ်ပုလဲ၏ လေဟာနယ် နေရာအလွတ်ထဲတွင် ပေါ်လာသည်။ အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်သည် ဝိညာဉ်ပုလဲ၏ အလယ်ဗဟိုတွင် ပြာလဲ့နေသော အလင်းတန်းလေး တစ်လုံးကို မြင်လိုက်ရပါသည်။

All Chapters