အခန်း ၇၈၀
Vol. 52 Ch. 780
အခန်း (၇၈၀) အလွန်ကြီးမားသော အင်မော်တယ်ကျောက်စိမ်းကြောကြီး။
လျူရွှဲ့သည် နတ်ဘုရားသူခိုးဖြစ်သည်ကို သူ သိလာကတည်းက လျူရွှဲ့သည် သာမန်ထက် ထူးခြားသူဖြစ်သည်ဟု ချင်ယွင် ခံစားမိသည်။
သူ၏ရှေ့တွင် လူတိုင်း၏ သိုလှောင်လက်စွပ်ပေါ်ရှိ အင်မော်တယ်စိတ်အာရုံများသည် အသုံးမဝင်ဟု ထင်ရသည်။
သူသည် မီတာတစ်ထောင် အချင်းဝက်အတွင်းရှိ လူများ၏ သိုလှောင်လက်စွပ်များနှင့် အနီးကပ်နိုင်သရွေ့၊ ၎င်းတို့ကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကာ တိတ်တဆိတ် ပြန်လည် ထုတ်ယူနိုင်မည် ဖြစ်သည်။
သို့သော်လည်း ဤသူသည် အခြားသူများ၏ သိုလှောင်လက်စွပ်များကို လုယူခြင်း မျိုးတော့ မလုပ်ပေ။ သူစိတ်ဝင်စားသည့် ပစ္စည်းတစ်ခု သို့မဟုတ် နှစ်ခုကိုသာ ရွေးချယ်ယူခဲ့သည်။
ချင်ယွင်သည် လျူရွှဲ့ မည်ကဲ့သို့ လုပ်ဆောင်သည်ကို အမြဲတမ်း နားမလည်နိုင်ခဲ့ပေ။ လျူရွှဲ့သည်လည်း သူ့ကို ပြောပြရန် ငြင်းဆိုသည်။
အဆုံး၌၊ ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်ကို မေးရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် သူရလာသော အဖြေက ချင်ယွင်သည် လျူရွှဲ့အား ပါးထရိုက်ချင်သည်အထိ တွန်းအားဖြစ်စေခဲ့သည်။
ကြည့်ရသည်မှာ လျူရွှဲ့သည် လေဟာနယ် တွန့်ခေါက်ခြင်းနိယာမကို နားလည် သဘောပေါက်သူ ဖြစ်လိမ့်မည်။ လေဟာနယ်တွန့်ခေါက်ခြင်းနိယာမမှ တဆင့် သူသည် အခြားလူများ၏ သိုလှောင်လက်စွပ်များနှင့် ချိတ်ဆက်နိုင်သောကြောင့်၊ သူသည် အခြားလူများ၏ သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းများကို သူ၏ကိုယ်ပိုင် သိုလှောင် လက်စွပ်အတွင်းသို့ ယူဆောင်နိုင်ခြင်း ဖြစ်သည်။
ချင်ယွင် သူ့ကို ပါးရိုက်သတ်ချင်ရသည့် အကြောင်းရင်းကတော့၊ ခိုးယူရန်အတွက် လေဟာနယ်တွန့်ခေါက်ခြင်းနိယာမကို အသုံးပြုနေသည့် တစ်စုံတစ်ယောက်ကို သူ ပထမဆုံး တွေ့မြင်ဖူးသောကြောင့် ဖြစ်ပါသည်။ ထို့အပြင်၊ ဤကောင်၏ လေဟာနယ် တွန့်ခေါက်ခြင်းနိယာမအပေါ် နားလည်နိုင်စွမ်းသည် အနည်းဆုံးတော့ သေးငယ်သော အောင်မြင်မူအဆင့်အထက် မနိမ့်ကျပေ။ မဟုတ်ပါက၊ သူသည် ဤမျှ ချောမွေ့ မြန်ဆန်စွာ ခိုးယူနိုင်လိမ့်မည် မဟုတ်ပေ။
ချင်ယွင်နှင့် လျှူရွှဲ့တို့သည် ဖန်လျှန်တောင်တန်းအနီးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြ သော်လည်း ယခုအချိန်တွင် ဖန်လျှန်တောင်တန်းသည် အလွန် အသက်ဝင်လှုပ်ရှားနေ သည်။
အင်မော်တယ် ကျောက်စိမ်းမိုးတွင်း၏ ဘေးသို့ကွဲထွက်နေသော အကိုင်းအခက်များရှိ အင်မော်တယ် ကျောက်စိမ်းများကိုတော့ လုယူသွားခဲ့ကြပြီ ဖြစ်သည်။ ပင်မကျောက်စိမ်းသတ္တုကြော တည်ရှိနေသည့်နေရာကို မည်သူမျှ မတွေ့ရှိသေးပေ။
ထို့ကြောင့်၊ ပတ်ဝန်းကျင်ရှိ တကိုယ်တော် ကျင့်ကြံသူများသည် ဖန်လျှန်တောင်တန်း တဝိုက်တွင် နေ့စဉ် သွားလာ၍ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကို ရှာဖွေရန် ပြင်ဆင်နေကြသည်။ ထိုသို့မဟုတ်လျှင်၊ အင်အားစုကြီးများ၏ ကျွမ်းကျင် ပညာရှင်တွေ ရောက်ရှိလာချိန်မှာ၊ သူတို့အတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။
ချင်ယွင်သည် ဖန်လျှန်တောင်တန်းကို နှစ်ရက်ကြာ လိုက်လံရှာဖွေခဲ့သော်လည်း ပင်မသတ္တုရိုင်းကြော၏ တည်နေရာကို မတွေ့ရသေးပေ။
ယုတ္တိဗေဒအရ ပြောရလျှင်၊ အကိုင်းအခက် သတ္တုရိုင်းကြော၏ ဘေးတွင် ပင်မ သတ္တုရိုင်းကြောတစ်ခု ရှိနေသင့်ပါသည်။ သို့သော်၊ ဖန်လျှန်တောင်တန်းတစ်ခုလုံး မမြှောက်လုနီးပါး ရှာဖွေနေကြသော်လည်း၊ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်း ကြော၏ အဓိကပင်မကြောကို မတွေ့နိုင်သေးပေ။
နောက်ဆုံးတွင်၊ ချင်ယွင်သည် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းမိုင်းတွင် ပင်မကြော ရှိမရှိ၊ သို့မဟုတ် ထိုပင်မကြောသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက တူးဖော်သွားခြင်းမျိုး ရှိမရှိ စတင်တွေးတောလာသည်။
သို့သော်လည်း၊ လျူရွဲ့သည် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်း၏ အဓိက ကြောသည် ဖန်လျှန်တောင်အနီးတွင် တည်ရှိကြောင်း အခိုင်အမာ ပြောဆိုသည်။ ၎င်းသည် ဒဏ္ဍာရီလာ လျှို့ဝှက်ပုန်းကွယ်နေသည့် ကျောက်စိမ်းသတ္တုရိုင်းကြောပင် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
ချင်ယွင်သည် လျူရွှဲ့ အဘယ်ကြောင့် ဤမျှ သေချာရမည်ဟု နားမလည်သော်လည်း အဆုံးတွင်၊ သူသည် ဤလျူရွှဲ့ကို ယုံကြည်ရန် ရွေးချယ်လိုက်ပါသေးသည်။
“ဝှီး..”
ချင်ယွင်သည် ဖန်လျှန်တောင်တန်းသို့ ရောက်ပြီးနောက် ဒုတိယနေ့တွင်၊ ရန်ကလန် သည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
ရောက်ရှိလာသည့် လူတွေကတော့ ရန်ကလန်၏ တော်ဝင်အကြီးအကဲ ရန်ကျန်းချန်နှင့် ရန်ကလန်၏ နံပါတ်တစ်လူငယ် ရန်ဖေးပင်တို့ပင် ဖြစ်ပါသည်။ ဖန်လျှန်တောင်ကို ရောက်ရောက်ချင်း၊ သူတို့ ပထမဆုံးလုပ်သည့်အရာက ဖန်လျှန်တောင်တစ်ခုလုံးကို ပိတ်လှောင်ပြီး၊ တကိုယ်တော် ကျင့်ကြံသူတွေကို မောင်းထုတ်ပစ်ခြင်း ဖြစ်ပါသည်။ ပြဿနာရှာသော တကိုယ်တော် ကျင့်ကြံသူအချို့ဆိုလျှင်၊ သတ်ဖြတ်ခြင်းပင် ခံကြရ သည်။
ရလာဒ်အနေဖြင့်၊ ဖန်လျှန်တောင်တစ်ခုလုံးကို ရန်ကလန်မှ သိမ်းပိုက်သွားခဲ့သည်။ ချင်ယွင်နှင့် လျူရွှဲ့တို့သည် တကိုယ်တော် ကျင့်ကြံသူများနှင့် သဘာဝအတိုင်း ရောနှောနေခဲ့ရပြီး၊ သူတို့သည် သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြသရန် အလျင်စလို မဖြစ်ခဲ့ကြပေ။
ယခုအချိန်မှာ၊ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်း၏ အဓိကပင်မကြောကို ရှာမတွေ့သေးပေ။ ထို့ကြောင့်၊ သူတို့သည် သူတို့ကိုယ်သူတို့ အလောတကြီး ထုတ်ဖော်ပြမိလျှင်၊ အလျင်အမြန် ဖော်ထုတ်ခံရဖို့ လွယ်ကူသွားပါလိမ့်မည်။
"လူဆိုး၊ အခု ငါတို့ ဘာလုပ်ကြမလဲ" ချင်ယွင်က လျူရွှဲ့ကို မေးသည်။
ဤရက်အနည်းငယ်အတွင်း အတူပူးပေါင်းပြီးနောက်၊ လျူရွှဲ့သည် ပေါက်တက်ကရ အတွေးခေါ်များနှင့် ပြည့်နှက်နေသည်ကို သိလိုက်ရသောကြောင့်၊ ဤအချိန်တွင် လျူရွှဲ့ မည်သည့်အရာလုပ်မည်ကို ချင်ယွင်သည် အလွန်သိချင်လာသည်။
"စောင့်.." လျူရွှဲ့သည် မျက်လုံးများကို မှေးကျဉ်းရင်း ပြုံးနေခဲ့သည်။
“စောင့်ရဦးမယ်။ ခဏကြာရင် ရှောင်ကလန် ၊ ကျာ့ကလန်နဲ့ အင်မော်တယ်တာအိုဂိုဏ်း က လူတွေတွေတောင် ဒီကို ရောက်လာတော့မယ်။ သူတို့ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကို ရှာတွေ့တဲ့အခါ၊ ငါတို့အနေနဲ့ ဘယ်လိုလုပ် အောင်မြင်ဖို့ အခွင့်အလမ်း ရှိတော့မှလာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
ဤသည်မှာ သူ အဓိကစဉ်းစားနေသည့် မေးခွန်း အတိအကျပင် ဖြစ်ပါသည်။ အင်အားစုပေါင်း များစွာ၏နှာခေါင်းအောက်တွင်၊ သူတို့သည် ဤအင်မော်တယ် ကျောက်စိမ်းကြောကြီးကို မည်သို့ သိမ်းပိုက်နိုင်တော့မည်နည်း?။
အဆုံးမှာတော့၊ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးသည် အရမ်းကို ကြီးမားအတွက် တိုက်ရိုက်ဖယ်ထုတ်ရန် လွယ်ကူသည့်အလုပ် မဟုတ်ပါဘူး။
"ဘာကို တွေးကြောက်နေတာလဲ?။ သူတို့ အင်မော်တယ် ကျောက်စိမ်းမိုင်းရဲ့ အဓိကပင်မကြောကို ရှာတွေ့တာနဲ့၊ အဲဒါကို ဘယ်လို ခွဲဝေမလဲဆိုတာ သေချာပေါက် သူတို့ ဆွေးနွေးကြလိမ့်မယ်။ အချိန်ကျတာနဲ့၊ ငါတို့က အဲဒီအထဲကို ခိုးဝင်ပြီး လုယက် ယူငင်လိုက်ရုံပဲ။ ငါတို့အနေနဲ့ သေချာပေါက် အများကြီးရမှာပါ။ သူတို့ သဘောတူညီမူ ရရှိခဲ့ရင်တောင်မှ၊ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာနဲ့ သူတို့ရဲ့ အာရုံကလည်း သဘာဝအတိုင်း ပြောင်းလဲသွားကြပါလိမ့်မယ်။” လျူရွှဲ့သည် ဆိုးသွမ်းစွာ ပြုံးရင်း ပြောလိုက်သည်။
လျူရွှဲ့၏ ဆိုးသွမ်းသော အပြုံးကို မြင်လိုက်ရလျှင်၊ ချင်ယွင်သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပါသည်။
ဤသည်မှာ အမှန်ပင် ကောင်းမွန်သော နည်းလမ်းဖြစ်ပြီး၊ ချင်ယွင်သည် အမှောင် အရိပ်ထဲတွင် ပုန်းကွယ်နေသော အင်အားစုအချို့ ရှိနေရမည်ဟု အမြဲ ခံစားခဲ့ရသည်။ အချိန်ရောက်လျှင်၊ တိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်ပါဘူး။
သို့သော်လည်း၊ အင်အားစုကြီးများစွာ၏ မျက်စိအောက်တွင် ခိုးဝင်ပြီး အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးကို ခိုးယူရန် လွယ်ကူမည် မဟုတ်ပေ။
သေချာသည်မှာ၊ ချင်ယွင်နှင့် လျူရွှဲ့တို့ကရော သာမန်လူတွေ မည်သို့ ဖြစ်နိုင်ပါမည် နည်း?။
မကြာမီတွင် ချင်ယွင် မျှော်လင့်ထားသည့်အတိုင်း ရှောင်ကလန်နှင့် ကျာ့ကလန်တို့ ရောက်ရှိလာသည်။ ရှောင်ကလန်မှ လူသုံးဦး ရောက်ရှိလာခဲ့ပြီး၊ နှစ်ဦးသည် ချင်ယွင် ယခင်က မြင်တွေ့ဖူးပြီးသား ဖြစ်သည်။ သူတို့သည် ရှောင်ကလန်မှ ရှောင်လန်နှင့် သူမဘေးမှ ဆံပင်ဖြူ အဘိုးကြီးတို့ ဖြစ်ပါသည်။ နောက်တစ်ယောက်ကတော့ အေးစက်သည့် အမူအရာနှင့်အတူ စူးရှသော မျက်လုံးတစ်စုံနှင့် အသက်လတ်ပိုင်း အရွယ်လူတစ်ယောက် ဖြစ်ပါသည်။
ကျာ့ကလန်ဘက်ကမူ၊ ကျာ့ထန်းလုံနှင့် အရိပ်ထဲတွင် ပုန်းအောင်းနေခဲ့ဖူးသော ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး၊ ထိုပညာရှင်၏ လက်သည် ပြန်လည်ကြီးထွားနေပြီ ဖြစ်ပါသည်။
ရှောင်ကလန်နှင့် ကျာ့ကလန် ရောက်ရှိလာသည်နှင့် တပြိုင်နက် ၎င်းတို့သည် ရန်ကလန်နှင့် စတင်အငြင်းပွားကြတော့သည်။
သို့သော်၊ အလွန်လျင်မြန်စွာ၊ အင်မော်တယ်တာအိုဂိုဏ်းမှ ကျွမ်းကျင်သူများ ရောက်ရှိ လာသဖြင့် တိုက်ပွဲလည်း ရပ်တန့်သွားကြသည်။
အင်မော်တယ်တာအိုဂိုဏ်းမှ လူများသည် ပိန်ပိန်ပါးပါး အဘိုးကြီး၊ နိုင်းယွန်နှင့်အတူ ထိုနေ့တုန်းက အဆိပ်နဂါးတောင်ကြားတွင် ချင်ယွင် မြင်တွေ့ခဲ့ဖူးသော ယွန်လင်းတို့ ဖြစ်သည်။
အင်မော်တယ်တာအို ဂိုဏ်းရောက်လာသည်နှင့် တပြိုင်နက် မျိုးနွယ်စုကြီး သုံးခုတို့သည် တိုက်ပွဲများ ရပ်သွားကြသည်။ နောက်ဆုံးတွင်၊ အင်မော်တယ်တာအို၏ ဖျန်ဖြေမှုအောက်တွင် ၎င်းတို့သည် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကို ပြန်လည် ခွဲဝေရန် ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံးတွင်၊ မျိုးနွယ်စုကြီး သုံးခုသည် သဘောတူညီမူတစ်ခု ရရှိသွားကြပြီး၊ အင်မော်တယ် ကျောက်စိမ်း သတ္တုမိုင်း၏ အဓိကပင်မကြောကို ရှာဖွေရန် ၎င်းတို့၏ လူများကို စတင် စုစည်းပြီး စေလွှတ်လိုက်ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် အချိန်သုံးရက် ကုန်ဆုံးသွားခဲ့ပြီး၊ ဖန်လျှန် တောင်တန်းကို ထပ်မံ ရှာဖွေကြပြန်သည်။ သို့သော်လည်း အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်း၏ အဓိကပင်မကြောကို မည်သူမျှ ရှာမတွေ့ခဲ့ပေ။
"တွေ့ပြီ…"
နောက်ဆုံး ပဉ္စမမြောက်နေ့တွင် စိတ်လှုပ်ရှားနေသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အသံထွက်ပေါ်လာရာအရပ်ဆီသို့ လှည့်ကြည့်ကြပြီး၊ ထိုလူညွှန်ပြသော လမ်းကြောင်းဆီကို ကြည့်ရင်း၊ ထိုလူ၏အနားမှာ ပေါ်လာကြသည်။
တောင်ပေါ်ရှိ အက်ကွဲကြောင်းများတွင် လေဟာနယ်လှိုင်းများ အလွှာလိုက် ဖြစ်ပေါ် လျှက် ရှိနေသည်။ ထိုလေဟာနယ် လှိုင်းများအောက်တွင် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းများ အများအပြား ရှိနေသည်။
"သေချာတယ်၊ ဒါက ပုန်းကွယ်နေတဲ့ အဓိကပင်မကြောတစ်ခုပဲ!"
အားလုံးသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အမူအရာများ ဖြစ်ပေါ်နေကြပါသည်။ ငါးရက်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် သူတို့သည် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်း၏ အဓိကကြောကို တွေ့ရှိခဲ့သည်။
ဖုံးကွယ်နေသော သတ္တုရိုင်းပင်မကြောဟုခေါ်သည့် အရာသည် ဤတောင်ပေါ်ရှိ လေဟာနယ် အက်ကြောင်းအချို့ထဲတွင် ရှိနေပါလိမ့်မည်။ အမှန်တကယ်လည်း၊ ထို အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောသည် ထိုလေဟာနယ်အက်ကြောင်းတွေ ထဲမှာ ရှိနေခဲ့ပါသည်။ ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပါသည်။ တောင်တန်းကြီးကို မှောင်လှန်ကြည့်လျှင်ပင် ထိုပင်မကြောကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့်၊ ကံကိုသာ အားကိုးနိုင်ပါသည်။
"ဒီပင်မကြောကြီးက အရမ်းကြီးလွန်းတယ်။ ဆယ်မိုင်လောက် ရှည်ပုံရတယ်။ အဲဒါက အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးဆိုတဲ့ အတိုင်းအတာကို ကျော်ပြီး အလွန်ကြီးမားတဲ့ အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောကြီးဆိုတဲ့ အဆင့်ကို ရောက်ရှိနေခဲ့ ပြီ။" နိုင်းယွန်က စိတ်လှုပ်ရှားစွာ ပြောသည်။
ရန်ကလန်၊ ရှောင်ကလန်နှင့် ကျာ့ကလန်တို့မှ လူတိုင်းသည် စိတ်လှုပ်နေသည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။
ချင်ယွင်သည် အပြင်ဘက်ရှိ တကိုယ်တော်ကျင့်ကြံသူများရှိနေသည့် လူအုပ်တွင် ရပ်နေ သော်လည်း၊ သူသည် သူတို့၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
"အရမ်းကိုကြီးမားတဲ့ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီး၊ အဲဒီမှာ အင်မော်တယ်စိတ်ဝိညာဉ်တစ်ခု မွေးဖွားနေမှာတောင် ငါ စိုးရိမ်မိတယ်။" ချင်ယွင်၏ မျက်လုံးများမှတဆင့် အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာပြီးနောက်၊ တောက်ပသော အလင်းရောင်တစ်ခု ပွင့်လန်းသွားခဲ့သည်။
စာစဉ် (၅၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။