အခန်း ၇၉၅
Vol. 53 Ch. 795
အခန်း (၇၉၅) ထွက်ခွာခြင်း။
"အရှင်သခင်၊ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ?" အနက်ရောင်ဝတ် ဘုန်းကြီးကို တွန်းလှန်တိုက်ခိုက်ပြီးနောက်၊ ချွေရှန်းသည် ချင်ယွင်ဆီသို့ ပြန်သွားပြီး သူ့ကို လေးလေးစားစား ကြည့်နေလေသည်။
ယခုအချိန်တွင် ချင်ယွင်၏ ဒဏ်ရာများသည် သက်သာလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ မတ်တပ်ထရပ်ကာ စကားစပြောလု ဆဲဆဲမှာပင် အဝေးမှ လေဟာနယ်ကို ထိုးဖောက် လာသည့် အသံသုံးခုကို ကြားလိုက်ရသည်။
ချင်ယွင်သည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ ရှောင်ကလန်မှ ရှောင်လန်သည် ဆံပင်ဖြူ အဘိုးအို၊ အေးစက်စက် အမျိုးသားတို့နှင့်အတူ သူတို့ဆီသို့ ပျံသန်းလာသည် ကို တွေ့လိုက်ရသည်။
ချင်ယွင်သည် ရှောင်လန်၏ ရည်ရွယ်ချက်များကို ချက်ချင်း မြင်လိုက်သည်။ လေလံပွဲမှာ သူ့ကို မလေးမစား လုပ်မိသည့်အတွက် ရှောင်လန်သည် သူ့ကို တောင်းပန်ဖို့ လာခဲ့သည်မှာ ထင်ရှားပါသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်လန်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် တပြိုင်နက် သူမသည် ချင်ယွင်ကို အရိုအသေပြုပြီး ပြောသည် "သခင်ကြီး၊ ကျွန်မကို ခွင့်လွှတ်ပေးပါ။ အဲဒီနေ့က ကျွန်မဟာ ထိုက်တောင်ကြီးကို မမြင်တွေ့နိုင်ခဲ့ပါဘူး။ သခင်ကြီးက ကျွန်မကို ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။"
"မိန်းကလေးရှောင် မင်း ဘာပြောနေတာလဲ?။ တကယ်လို့ အဲဒီနေ့က မင်းသာ VIP ကတ်ကို မပေးခဲ့ဘူးဆိုရင်၊ ငါ လေလံရုံထဲကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး။ မင်းကိုတောင် ကျေးဇူးတင်ရဦးမယ်။" ချင်ယွင်က ဘာမှမထူးခြားသော အပြုံးဖြင့် ပြောသည်။
သူလည်း လူကောင်းတစ်ယောက် မဟုတ်ပေ။ ဤရှောင်လန်သည် သူ့ကို သိပ်ပြီး အနှောက်အယှက် မပေးခဲ့သည့်အတွက် ချင်ယွင်က သူမနှင့်ပတ်သက်ပြီး ပြဿနာရှာဖို့ မလိုအပ်သလို ရှောင်ကလန်ကိုလည်း သူ၏ဒေါသကို ပေါက်ကွဲမှာ မဟုတ်ပါဘူး။
သို့သော်လည်း ရှောင်လန်သည် ချင်ယွင်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်မူ လွဲနေသေး၏။ သူမက ကြောက်ရွှံ့သော မျက်နှာအမူအရာဖြင့် အလောတကြီး ပြောလိုက်သည် "အရှင်သခင်၊ အရှင်သခင်က နားလည်မှု လွဲနေတာပါ။ အဲဒီနေ့တုန်းက မိန်းကလေး ချွေရှန်းက ကြီးမြတ်တဲ့အရှင်သခင်ကို အဲဒီ VIP ကတ်ကို ပေးခိုင်းခဲ့တါပါ။ ဒီမိန်းကလေးက သူ့မကိုယ်စား လွှဲပြောင်းပေးခဲ့တာပါ"
"အရှင်သခင်၊ အဲဒီ VIP ကတ်ကို ကျွန်မရဲ့လက်အောက်ခံ မိန်းကလေးရှောင်ကနေ တဆင့် ကြီးမြတ်တဲ့အရှင်သခင်ထံ လွှဲပြောင်းပေးခိုင်းခဲ့တာပါ။ မူလက သခင်ကို မိန်းကလေးရှောင်နဲ့ ရင်းနှီးစေချင်ပေမယ့်၊ အခုတော့ သခင်က မိန်းကလေးရှောင်နဲ့ ဒီလို ကံကြမ္မာမျိုး ရှိပုံမရဘူး" ချွေရှန်းက ပြုံးပြီး ပြောသည် ။
ချင်ယွင်သည် ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းလိုက်မိသည်။ ဤချွေရှန်းသည် ယခုလို အကြံအစည်မျိုး အမှန်တကယ်ပင် ရှိနေခဲ့သည်။ သူမ၏ လက်အောက်ငယ်သားများ သည် သူ့အတွက် တကယ်ကို စိတ်ပူနေကြသည်.
ဘေးမှာရှိနေသော ရှောင်လန်သည် သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့သော အမူအရာ ရှိနေသည်။ သို့သော်၊ သူမသည် အလွန်လျင်မြန်စွာ ဝမ်းနည်းပူဆွေးမှုက သူမ၏ စိတ်နှလုံးထဲသို့ တိုးဝင်လာခဲ့သည်။
ပါရမီအရည်အချင်းအရဖြစ်စေ၊ ခွန်အားအရဖြစ်စေ၊ အဆင့်အတန်းအရ ဖြစ်စေ၊ ချင်ယွင်သည် မျိုးဆက်သစ်လူငယ်များကြားတွင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ရိုးရိုးသားသား ပြောရရင်၊ ရှောင်လန်သည် ချင်ယွင် ကပ်ဘေးဒုက္ခ ဖြတ်ကျော်နေစဉ်မှာ သူ၏ သူရဲကောင်းဆန်သည့် ဟန်ပန်အမူအရာကြောင့် စိတ်လှုပ်ရှားခဲ့ရပါသည်။
ထို့ကြောင့် ချွေရှန်း ထိုစကားမျိုး ပြောလာသည်ကို သူမ ကြားလိုက်သောအခါတွင်၊ သူမ၏ နှလုံးသားထဲတွင် နောင်တရသောခံစားချက်များ ချက်ချင်း ဖြစ်ပေါ်လာသည်။ ထိုနေ့တုန်းက၊ သူမသည် သူ့အပေါ် ပိုမိုစိတ်အားထက်သန်မူမျိုး ပြသခဲ့ပါ၊ သူမသည် ချင်ယွင်ကို အမှန်တကယ် စိတ်လှုပ်ရှားအောင် လုပ်နိုင်မည်လားဟုပင် သူမ တွေးနေမိ သည်။ နောက်ဆုံးမှာတော့ သူမ၏ အလှပကလည်း မဆိုးပါဘူး။
သို့သော် မကြာခင်မှဦ သူမ မှားသွားကြောင်း သိလိုက်ရသည်။ ချင်ယွင်၏ရှေ့မှာ သူမ၏ ရုပ်ရည်အသွင်အပြင်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ယုံကြည်မှုက လျင်မြန်စွာ ပြိုကွဲသွားရသည်။
ဘန်း..။
လေဟာနယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် လှပပြီး သက်ဝင်လှုပ်ရှား လွန်းသည်။ သူမသည် ရီယွန်မှလွဲ၍ အခြားလူမဟုတ်ပေ။
ရီယွန်၏ ရုပ်ရည်သည် လျူရန်ယွင်နှင့် မယှဉ်နိုင်သော်လည်း၊ သူမ၏ အလှပသည် ရန်ကလန်မှ ရန်ရှာနှင့် အဆင့်တူညီသည်။ ရှောင်လန်သည်ပင် သူမထက် အနည်းငယ် နိမ့်ကျနေသေးသည်။ ထို့အပြင်၊ ရီယွန်၏ခန္ဓာကိုယ်အချိုးစားသည် လျူရန်ယွင်နှင့် နှိုင်းယှဉ်နိုင်သည်။ ဤကဏ္ဍတွင်၊ ရန်ရှာသည်ပင် သူမထက် နိမ့်ကျသွားလိမ့်မည်။ ထို့ကြောင့် ရီယွန် ထွက်ပေါ်လာသောအခါ ရှောင်လန်သည် ရှက်ရွံ့သည့်အမူအရာ ပေါ်လာသည်။
တကယ်ဆို၊ ချင်ယွင်၏ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲမှာ လှပသည့် အမျိုးသမီး လေးယောက် ပုန်းကွယ်နေသေးသည်ကို သူမ မသိခဲ့ပါဘူး။ အကယ်၍၊ သူမသိသွားမည် ဆိုလျှင်၊ သူမသည် သူမကိုယ်သူမ လုံးဝ ရှက်ရွှံ့နေမှာ မဟုတ်တော့ပါဘူး။
ချင်ယွင်သည် ရှောင်လန်နှင့် အခြားသူများကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူသည် ရီယွန်ဘက်ကို လှည့်ပြီး ပြောလိုက်သည် "ရီယွန် ငါ ဒီနေရာကနေ ထွက်သွားဖို့ ရည်ရွယ်ထားတယ်။ ငါ ပေးထားတဲ့ ကတိအတိုင်း ရန်ကလန်ကို မင်းအတွက် အလုပ်လုပ်ပေးဖို့ ငါ အပြည့်အဝ လုပ်ပေးခဲ့မယ်။ မင်း ရန်ကလန်ကို အခုပဲ ငါနဲ့ လိုက်ခဲ့ပါ။"
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ချွေရှန်းဘက်သို့ လှည့်ကာ "ချွေရှန်း၊ ဒီကိစ္စ အဆင်ပြေရဲ့လား?” ဟု မေးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒီကိစ္စအတွက် ခန်းမသခင်ကိုယ်တိုင် လှုပ်ရှားစရာ မလိုပါဘူး။ ချွေရှန်း က ဒါကို လုပ်နိုင်မှာပါ" ချွေရှန်းက လေးလေးစားစား ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူ၏အမြင်အရဆို၊ ရန်ကလန်၏ ကလန် ခေါင်းဆောင်သည် အစွမ်းထက်ဆုံး ဖြစ်ပြီး၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်ထက် မပိုနိုင်ချေ။ ယင်းကြောင့်၊ ချွေရှန်းအနေဖြင့်၊ ပြဿနာ မရှိသင့်ပါဘူး။
"မလိုတော့ပါဘူး၊ ငါ ဒီနေရာကနေ ထွက်သွားဖို့ စီစဉ်ထားတယ်။" သို့သော် ထိုအချိန်တွင် ရီယွန်သည် ရုတ်တရက် ငြင်းဆန်စကား ဆိုလာခဲ့သည်။
"အယ်..? ဒီနေရာကနေ ထွက်သွားတော့မှာလား?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဘယ်နေရာကိုတော့ မသိသေးပါဘူး။ အချိန်တိုင်း ခြေတစ်လှမ်းချင်း လှမ်းရမှာပဲ။" ရီယွန်သည် သူမ၏ လေသံတွင် ဝမ်းနည်းမှု အရိပ်အယောင်ဖြင့် ပြန်ပြောသည် ။
သူမသည် မြင့်မားသော စွမ်းအားနှင့် အဆင့်အတန်းကို အမှန်တကယ် ရယူချင်ခဲ့ သော်လည်း၊ ယခုအခါတွင် ထိုအရာများသည် လူတစ်ဦး၏ စစ်မှန်သော နှလုံးသားကို ရရှိခြင်းထက်စာရင်၊ တိမ်စိုင်တိမ်ခိုးများကဲ့သို့ပင် ခံစားလာရသည်။ ထို့ကြောင့်၊ သူမသည် မတူညီသော ဘဝတစ်ခုအတွက် ဤနေရာမှ ထွက်ခွာသွားချင်ခဲ့သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပါသည်။ ရီယွန်၏ အင်မော်တယ် ကမ္ဘာအတွင်းမှာ စွန့်စားသွားလာခြင်းသည် အလွန် အန္တရာယ်များပါသည်။ သူမသည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့သော အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့သော်လည်း၊ သူမသည် အင်မော်တယ်ကမ္ဘာတွင် အဆင့်နိမ့်ပုဂ္ဂိုလ်အဖြစ် သာ ရှိနေပါသေးသည်။ သူ ဤနေရာဒေသကနေ မထွက်ခွာခင်မှာ၊ သူမသည် မျှော်လင့်မထားသော အဖြစ်အပျက်တွေ ကြုံတွေ့ရမည်ကို သူ စိုးရိမ်ပါသည်။ ချင်ယွင်သည် သူမကို လက်ခံရန် ရည်ရွယ်ချက်မရှိသော်လည်း သူမ မတော်တဆမှု တစ်ခုခုဖြစ်သွားသည်ကို သူ မမြင်ချင်သေးပါ။
"အရှင်သခင်၊ ဒီလိုဆို ဘယ်လိုလဲ။ မိန်းကလေးရီအတွက် စီစဉ်ပေးဖို့ ကျွန်မတာဝန် ထားလိုက်ပါ။ အခုအချိန်မှာ၊ ကျွန်မတို့ရဲ့ အင်မော်တယ်ဖီးနစ်ခန်းမက အမြဲတမ်း လူအင်အား နည်းပါးနေပါတယ်။" ချွေရှန်းသည် ရီယွန်နှင့်ပတ်သက်ပြီး၊ ချင်ယွင်၏ ဆက်ဆံရေးနှင့် ချင်ယွင်၏ စိုးရိမ်ပူပန်မှုတွေကို ချက်ချင်း သတိပြုမိသောကြောင့်၊ သူမက ပြုံးပြီး ပြောလိုက်ပါသည်။
ချင်ယွင်သည် ခဏလောက်စဉ်းစားပြီးနောက် ယခုနည်းလမ်းက ဖြစ်နိုင်ချေရှိသည်ဟု သူ ခံစားရသည်။ သူမတစ်ယောက်တည်း အပြင်ထွက်သွားခြင်းထက် ရီယွန်ကို အင်မော်တယ်ဖီးနစ်ခန်းမမှာ ထားခဲ့ခြင်းက ပိုကောင်းပါသည်။ ထို့ကြောင့် ချင်ယွင်က ရီယွန်ဘက်သို့ လှည့်ကာ သူမ၏သဘောထားထင်မြင်ချက်ကို တောင်းခံလိုက်သည်။
"ဒါဆိုလည်း ကျွန်မက သခင်မချွေရှန်းကိုပဲ ဒုက္ခပေးရတော့မယ်။" ရီယွန်သည် ချွေရှန်း ကို ဦးညွှတ်လိုက်သည်။
“မိန်းကလေးရီ၊ မင်းက အရှင်သခင်ရဲ့ မိတ်ဆွေတစ်ဦးပဲလေ။ ငါ မင်းကို ကူညီပေးရ မှာပေါ့။ ငါက မင်းထက် အသက်ကြီးတယ်။ ဒီတော့၊ မင်းက ငါ့ကို အစ်မ ချွေရှန်းလို့ ဘာလို့ မခေါ်တာလဲ?။" ချွေရှန်းက ပြုံးပြီး ပြောလိုက်သည်။
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အစ်မချွေရှန်း" ရီယွန်က ခေါင်းညိတ်ပြီး ပြောလိုက် သည်။
ချင်ယွင်သည် ဤကိစ္စပြေလည်သွားကြောင်း သိမြင်ပြီးနောက် ထွက်ခွာရန် စီစဉ်လိုက် သည်။ သူသည် ချွေရှန်းနှင့်အတူ အင်မော်တယ်ဖီးနစ်ခန်းမ၏ ဌာနချုပ်သို့ လိုက်ပါလာ ခဲ့သည်။
မထွက်ခွာမီတွင် ချွေရှန်းသည် ရှောင်ကလန်ကို ရန်ကလန်၊ ကျာ့ကလန်တို့နှင့် ဆက်ဆံရာတွင် ကူညီပေးနိုင်ရန် မုရုံကျင်းချန်နှင့် မုရုံကျင်းဟိုင်တို့ကို ထားခဲ့လေသည်။
ထိုစကားကို ကြားလိုက်သည်နှင့် ရှောင်လန်၏မျက်နှာက စိတ်လှုပ်ရှားနေသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။ စီနီယာ မုရုံညီအစ်ကို နှစ်ယောက်၏ အကူအညီဖြင့် သူတို့၏ ရှောင်ကလန်သည် ရန်ကလန်နှင့် ကျာ့ကလန်တို့ကိုပင် ပေါင်းစည်းနိုင်ပြီး၊ ဤပတ်ဝန်းကျင်နယ်မြေတွင် နံပါတ်တစ် အင်အားစုတစ်ခု ဖြစ်လာနိုင်သည်။ ယင်းက လုံးဝ သေချာသည့် ကိစ္စတစ်ခု ဖြစ်သည်။
ထို့ကြောင့် ရှောင်လန်သည် ချင်ယွင်နှင့် ချွေရှန်းတို့ကို အမြန်ကျေးဇူးတင်ခဲ့ပြီး၊ သူမတို့၏ ရှောင်ကလန်သည် အင်မော်တယ်ဖီးနစ်ခန်းမကို အပ်နှံပြီး၊ သေသည်အထိ သစ္စာစောင့်သိမည့်ကြောင်း ကတိပြု ကြေညာလိုက်သည်။
ရှောင်လန်၏ ကြေငြာချက်ကို ကြားလျှင်၊ ချင်ယွင်သည် ချွေရှန်းကို မကြည့်ဘဲ မနေနိုင်တော့။
ချွေရှန်းသည် ရှောင်ကလန်ကို မုရုံကျင်းချန်နှင့် မုရုံကျင်းဟိုင်တို့ကို ထားခဲ့ကာ၊ ကူညီပေးခိုင်းခဲ့သည်။ သူမတို့အတွက် အကြောင်းပြချက်မရှိဘဲ ကူညီပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။ ထုံးစံအတိုင်း၊ သူတို့သည် ရှောင်ကလန်မှ တစ်စုံတစ်ခု ထုတ်ယူရန် တောင်းဆိုနိုင်သည်။
ရှောင်လန်ကတော့ အရမ်းကို ဉာဏ်ကောင်းလွန်းသည်။ သူမ၏ သစ္စာစောင့်သိမှုနှင့် နာခံမှုထက် အင်မော်တယ်ဖီးနစ်ခန်းမကို ကျေနပ်စေမည့်အရာ မည်သည့်အရာမှ မရှိသည်ကို သူမ ကောင်းကောင်းသိသည်။
ဤနည်းအားဖြင့်၊ အင်မော်တယ်ဖီးနစ်ခန်းမသည် မျိုးနွယ်စုကြီးသုံးခုလုံးကို ၎င်းတို့၏ အိတ်ကပ်ထဲသို့ ချက်ချင်း ထည့်ပြီးသား ဖြစ်သွားမည် ဖြစ်သည်။ ဤသည်မှာ ချွေရှန်း ဤနေရာကို ရောက်လာရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ချင်ယွင်ကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိပါဘူး။ ချွေရှန်း စီစဉ်နေချိန်တွင် သူသည် သူမလုပ်သမျှကို စောင့်ကြည့်နေခဲ့သည်။ ထို့အပြင်၊ သူမသည် ပြုလုပ်သော အစီအစဉ်များကို သူ အလွန်ကျေနပ်ခဲ့သည်။
ရှောင်ကလန်၏ အရေးကိစ္စများကို ကိုင်တွယ်ပြီးနောက်၊ ချွေရှန်းသည် ချင်ယွင်နှင့် ထွက်ခွာရန် စီစဉ်လိုက်သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် အဝေးရှိ တကိုယ်တော်ကျင့်ကြံသူများကြားမှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ညီအစ်ကိုချင် ငါ့ကိုစောင့်ပါဦး။ မင်းနဲ့အတူ ငါ့ကိုလည်း ခေါ်သွားစမ်းပါ။"
ထိုအသံကို ကြားတော့ ချင်ယွင်သည် ချက်ချင်းဆိုသလို ကူကယ်ရာမဲ့ ပြုံးလိုက်မိပါ သည်။ ဤအသံပိုင်ရှင်သည် လျူရွဲ့မှလွဲ၍ အခြားမည်သူ ဖြစ်နိုင်တော့မည်နည်း?။
စာစဉ် (၅၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။