အခန်း ၇၉၆
Vol. 54 Ch. 796
အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၄)
ဘာသာပြန်သူ နေဇင်။
အခန်း (၇၉၆) အိုးရန်ကျင်း။
အင်မော်တယ်ဖီးနစ်ခန်းမသည် ရန်ကလန်၏ လွှမ်းမိုးမှုနယ်မြေ၏ အနောက် တောင်ဘက်ဒေသရှိ တောင်ထွတ်တစ်ခုပေါ်တွင် တည်ရှိသည်။ ဤတောင်ကို အင်မော်တယ်ဖီးနစ်တောင်ဟု ခေါ်ဆိုကြပြီး၊ အင်မော်တယ်ဖီးနစ်ခန်းမကိုလည်း ထိုတောင်ထိပ်ကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။ ၎င်းသည် ချင်ယွင်တို့ တည်ရှိရာ ဖန်လျှန်တောင်မှ ကီလိုမီတာ ၃၀၀၀၀ ကွာဝေးသည်။
ချွေရှန်း၏ ဦးဆောင်ဖြင့် ချင်ယွင်သည် အင်မော်တယ်ဖီးနစ်ခန်းမဆီသို့ ဦးတည် သွားခဲ့သည်။
ဟုတ်ပါသည်၊ သူတို့နှစ်ယောက်အပြင်၊ နောက်မှ အရှက်မဲ့စွာ လိုက်ပါလာသူ လျူရွှဲ့ လည်း ရှိပါသေးသည်။ ရီယွန်ကတော့ သူမ၏ ကျင့်ကြံမူအခြေခံက အားနည်းလွန်းတာ ကြောင့် အလျင်အမြန် သွားလာရန် မသင့်တော်သည့်အတွက် ချင်ယွင်သည် သူမကို အင်မော်တယ်ဘုရင်၏ စံအိမ်ထဲမှာ ပြန်ထားပေးခဲ့ပါသည်။
ပထမတော့၊ လျူရွှဲ့သည် အဘယ့်ကြောင့် သူ့နောက်ကို အရှက်မဲ့စွာ လိုက်လာခဲ့ရသလဲ ဆိုသည်ကို ချင်ယွင် နားမလည်ခဲ့ပါဘူး။ နောက်ပိုင်းတွင်၊ စိတ်ခံစားချက် လွန်ကဲလွန်းသော ဤလူသည် သူ့အတွက် လိုက်လာခြင်းမဟုတ်ဘဲ သူ၏ဘေးနားရှိ ချွေရှန်းအတွက် လိုက်လာခြင်းဖြစ်ကြောင်း သူ သိလာခဲ့ရသည်။
လျူရွှဲ့သည် ပထမဆုံးအကြည့်တစ်ချက်ဖြင့်ပင်၊ ချွေရှန်းများ၏ တည်ငြိမ်သော စိတ်နေ စိတ်ထားကြောင့် စွဲဆောင်ခံလိုက်ရခြင်းဖြစ်ပြီး၊ လမ်းတစ်လျှောက်လုံး သူမကို အတင်းဝင်ရောတော့သည်။
သို့သော်၊ လျူရွှဲ့သည် တမင်တကာ သိလျှက်နှင့် မဆုတ်မနစ် ကြိုးစားသူ ဖြစ်သည်။ ချွေရှန်းသည် လျူရွှဲ့၏လုပ်ဆောင်ချက်များကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ချင်ယွင်၏ မျက်နှာကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ သူမသည် လျူရွှဲ့ကို လွင့်ထွက်သွား သည်အထိ ပါးရိုက်လွှတ်လိုက်လိမ့်မည်။ သူမအနေဖြင့်၊ သူ့ကို လွင့်ထွက်သွားအောင် ပါးမရိုက်ရဘူးဆိုမှတော့၊ သူမသည် မျက်စိကန်းသလို လျစ်လျူရူထားရတော့သည်။
ချင်ယွင်သည်လည်း လျူရွှဲ့ကို လှောင်ပြောင်ပြောဆိုရန် ဤအခွင့်အရေးကို အရယူပြီး “နှောင်းပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ဖြစ်တဲ့လူက ငန်းသားစားချင်တဲ့ ဖားပြုတ်တစ်ကောင်လို စိတ်ကူးယဉ်ကာ အစောပိုင်းအဆင့် အင်မော်တယ်ဘုရင် နယ်ပယ်ရှိ ချွေရှန်းကို လိုက်ကြောင်နေတယ်” ဟု ဆိုခဲ့သေးသည်။
လျူရွှဲ့သည် အချိန်တိုင်း "ဟမ့်၊ အနှေးနဲ့အမြန်၊ ငါ့ရဲ့ကျင့်ကြံမူအဆင့်က သူမကို အမှီ လိုက်နိုင်လိမ့်မယ်" ဟု မယုံနိုင်လောက်အောင် ပြန်အော်ပြောတတ်သည်။
ချင်ယွင်သည် ပြုံးရုံပြုံးနေခဲ့ပြီး မည်သည့်စကားမှ ပြန်မပြောတော့ချေ။ လျူရွှဲ့သည် ယခုအချိန်တွင် သူ့ထက် နိမ့်ကျနေပုံရပြီး၊ ယင်းက လျူရွှဲ့ကို သွားများ ယားယံသွားစေ သည်အထိ ဒေါသထွက်စေခဲ့သည်။
ဤကဲ့သို့ပင် ဆယ်ရက်ကြာ ခရီးနှင်ပြီးနောက် ချင်ယွင်နှင့် အခြားသူများသည် နောက်ဆုံးတွင် အင်မော်တယ်ဖီးနစ်တောင်သို့ ရောက်ရှိလာခဲ့ကြသည်။
အင်မော်တယ်ဖီးနစ်တောင်သည် ကြီးမားပြီး ပေသုံးထောင် မြင့်မားပါသည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင် အလယ်အလတ်တန်းစား တောင်ထွတ်တစ်ခု ဖြစ်သည်။ အင်မော်တယ်ဖီးနစ်တောင်တစ်ခုလုံးသည် အလွန်ကြီးမားသော အင်မော်တယ်ဖီးနစ် ငှက်ကြီးနှင့်တူသည်။ ထို့ကြောင့် ၎င်းကို အင်မော်တယ်ဖီးနစ်တောင်ဟု အမည် ပေးထားခြင်း ဖြစ်သည်။
အင်မော်တယ်ဖီးနစ်တောင်ခြေသို့ ချင်ယွင် ရောက်ရှိလာသည်နှင့်၊ လေထုကို ထိုးဖောက်လာသည့် ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။ ထို့နောက် ချင်ယွင်၏ ရှေ့တွင် သပ်ရပ်လှပသော ရုပ်အသွင်ပြင်တစ်ခု ပေါ်လာပါသည်။
"လက်အောက်ငယ်သား အိုးရန်ကျင်းက သခင်လေးကို နှုတ်ဆက်ပါတယ်။" အမျိုးသမီး တစ်ဦးသည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည့်အခိုက်မှာပင် သူမသည် ဒူးထောက်ပြီး ချင်ယွင်ကို ဦးညွှတ်လိုက်ပါသည်။
"အစ်မကြီး ကျင်း၊ မြန်မြန်ထပါ။" ချင်ယွင်က စိတ်လှုပ်ရှားစွာဖြင့်၊ ကမန်းကတန်း ကူညီပေးခဲ့လိုက်သည်။
အိုးရန်ကျင်းသည် သွေးသစ္စာခံအဖွဲ့တွင် သူ၏ဝှက်ဖဲဖြစ်သော လုပ်ကြံသတ်ဖြတ်သူ လေးဦးတွင် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည်။ သူမ၏ ရုပ်ရည်အသွင်အပြင် သည် အလွန်လှပပြီး ရှားပါးသော အလှမျိုး ဖြစ်သည်။
ထိုအချိန်တုန်းက ချင်ယွင်သည် သွေးသစ္စာခံအဖွဲ့ကို စတင်တည်ထောင်ချိန်တွင် အသက်ရှစ်နှစ်သာ ရှိသေးပြီး၊ အိုးရန်ကျင်းသည် အသက်တစ်ရာ ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်၊ အိုးရန်ကျင်းသည် ချင်ယွင်အား သူ၏ အစ်မအကြီးတစ်ယောက် ကဲ့သို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး ချင်ယွင်ကိုလည်း သခင်လေးအဖြစ်ပင် ကြင်နာစွာ ပြောဆိုခဲ့သည်။ ထို့ကြောင့် ချင်ယွင်၏ နှလုံးသားထဲတွင် အိုးရန်ကျင်းသည် သူ၏ လက်အောက်ငယ်သား မဟုတ်ဘဲ သူ၏ အစ်မအကြီးနှင့် ပိုတူသည်။
အိုးရန်ကျင်းသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူမသည် မတ်တတ်ထပြီး ချင်ယွင်ကို မော့ကြည့်လိုက်သည်။ ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားနေသော သူမ၏ မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားနေသည့် အမူအရာကို ထုတ်ဖော်လိုက်ပြီး သူမ၏ မျက်လုံးများထဲသို့ပင် စိမ့်ဝင်သွားခဲ့သည်။
“သခင်လေး၊ အဲဒီအချိန်တုန်း သခင်လေးရဲ့ခမည်းတော်က သခင်လေးကို သေမျိုး ကမ္ဘာဆီ ပစ်ချလိုက်တယ်လို့ ကျွန်မ ကြားခဲ့တယ်။ ဒါကြောင့် ကျန်တဲ့ သုံးယောက်က အင်မော်တယ်ကမ္ဘာကြီးရဲ့ နယ်မြေကြီးလေးခုကို ကာကွယ်ပြီး သီးခြားစီခွဲနေဖို့နဲ့၊ သခင်လေး အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာချိန်ကို စောင့်မျှော်နေဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ သခင်လေးကို ပြန်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထား ဘူး။" အိုးရန်ကျင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါ၊ နွေးထွေးမူ ရေစီးကြောင်းက သူ၏ နှလုံးသားထဲတွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။
ထိုအချိန်တုန်းက သူသည် ဤအင်မော်တယ်ဘုရင်လေးပါးကို ကယ်တင်ရန် တော်ဝင် ချင်မင်းဆက်၏ အာဏာကို အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် ဤအင်မော်တယ် ဘုရင်လေးပါးသည် ချင်ယွင်၏နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့လေးဦးသည် သွေးသစ္စာခံအဖွဲ့၏ ဝှက်ဖဲလေးခုလည်း ဖြစ်သည်။
ချင်ယွင်သည် သွေးသစ္စာခံအဖွဲ့၏ ကိစ္စရပ်တိုင်းတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ သူတို့လေးယောက်က တာဝန်ယူ ဦးဆောင်ကြသည်။ နှစ်နှစ်အတွင်းမှာ၊ သွေးသစ္စာခံ အဖွဲ့သည် လူပေါင်း ၁၀၀ ရှိသော အလတ်စား လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်း တစ်ခုသို့ ကြီးထွားလာခဲ့သည်။ အတွင်းရှိ အဖွဲ့ဝင်များအားလုံးတွင် အလွန်အစွမ်းထက် သော လုပ်ကြံသတ်ဖြတ်နိုင်စွမ်းများ ရှိကြသည်။
လွန်ခဲ့သော ဆယ်နှစ်လောက်က ဤကပ်ဘေးဆိုးကို ကြုံတွေ့ပြီးနောက် သွေးသစ္စာခံ အဖွဲ့သည် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်ဟု မူလက ချင်ယွင် ထင်ထားခဲ့သည်။ သို့သော်လည်း ဝှက်ဖဲဖြစ်သည့် လုပ်ကြံသတ်ဖြတ်သူ လေးဦးသည် သူပြန်လာချိန်ကို စောင့်မျှော်နေခဲ့သည်။
"သခင်လေး၊ တောင်ပေါ် အရင်တက်ကြရအောင်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သွေးသစ္စာခံအဖွဲ့ရဲ့ အခြေအနေတွေကို သခင်လေးကို ကျွန်မ တင်ပြမယ်။" အိုးရန်ကျင်းက ချင်ယွင်ကို ပြောသည် ။
ချင်ယွင်က ခေါင်းညိတ်ပြပြီး အိုးရန်ကျင်းနောက်မှ အင်မော်တယ်ဖီးနစ်တောင်ထိပ်သို့ လိုက်ပါသွားခဲ့သည်။
အင်မော်တယ်ဖီးနစ်ခန်းမသို့ ရောက်ရှိပြီးနောက် ချင်ယွင်သည် ရီယွန်ကို အင်မော်တယ်ဘုရင်၏ စံအိမ်ထဲမှ ထုတ်ပေးခဲ့ပြီး ချွေရှန်းထံသို့ လွှဲပြောင်းပေး ပြီးနောက် အိုးရန်ကျင်းနှင့်အတူ အင်မော်တယ်ဖီးနစ်ခန်းမ၏ ပင်မခန်းမဆောင်သို့ လိုက်ပါသွားခဲ့သည်။
ချွေရှန်းလည်း သတိရှိစွာ နောက်ဆုတ်ခွာသွားပြီး ရီယွန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ချွေရှန်းထွက်သွားသည်နှင့် လျူရွှဲ့သည်လည်း ဖင်ပေါက်ကဲ့သို့ သဘာဝအတိုင်း လိုက်ပါသွားခဲ့ရသည်။ (ကြမ်းတမ်းပေမယ့် အရှိတိုင်း ပြန်ဆိုလိုက်ပါသည်) မသကာ အရိပ်ကဲ့သို့ဆိုရင် ပိုပြီးကောင်းပေလိမ့်မည်)။
ချင်ယွင်သည် အိုးရန်ကျင်းနှင့်အတူ ခန်းမထဲသို့ လိုက်သွားပြီးနောက် သူတို့နှစ်ယောက် သည် ခန်းမထဲတွင် ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။
“သခင်လေး၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘာတွေ ဖြစ်ခဲ့တာလဲ?” အိုးရန်ကျင်းက စိုးရိမ်တကြီး မေးသည်။
"အစ်မကြီး ကျင်း၊ စိတ်မပူပါနဲ့။ ငါ့ရဲ့ရှုံးနိမ့်မှုအတွက် သေမျိုးကမ္ဘာကို ပို့ဆောင်ခံရခြင်း က၊ ငါ့အတွက်တော့ ရုပ်ဖျက်ရောက်လာတဲ့ ကောင်းချီးတစ်ခုလို့ ယူဆလို့ရတယ်။ ဒါကြောင့် မင်း ငါ့ကို စိတ်ပူနေစရာ မလိုပါဘူး။ သူတို့ရော ဘယ်လိုနေကြလဲ ငါ့ကို ပြောပြပါ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
အိုးရန်ကျင်းသည် သူ့အတွက် စိတ်ပူနေမှန်း သူသိပြီး၊ သူ၏စိတ်နှလုံးကို လှုပ်ရှားသွားစေသည်။
အိုးရန်ကျင်းသည် ချင်ယွင် ပြောစကားကို ကြားပြီးနောက် '"အဲဒီတုန်းက သခင်လေးရဲ့ ခမည်းတော်က သခင်လေးကို ရိုက်နှက်ခဲ့ပြီးနောက်၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူ တစ်ယောက်က ကျွန်မတို့ သွေးသစ္စာခံအဖွဲ့ကို လိုက်လံရှာဖွေခဲ့တယ်။ တဖက်လူရဲ့ဓားရှည်အောက်မှ ကျွန်မတို့ သွေးသစ္စာခံအဖွဲ့ရဲ့ လုပ်ကြံသတ်ဖြတ်သူ တစ်ရာကျော်ဟာလည်း တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြတယ်။ ကျွန်မတို့ညီအစ်ကိုမောင်နှစ်မ သုံးယောက်ပဲ လွတ်မြောက်ခဲ့ပြီး၊ ဒုတိယညီဖြစ်သူက ကျွန်မကို ကယ်ဖို့အတွက် ဒဏ်ရာအပြင်းအထန် ရရှီခဲ့ပြီး၊ အခုထိ မသက်သာသေးဘူး”။
"လျှို့ဝှက်ဆန်ကြယ်တဲ့ ကျွမ်းကျင်သူလား။ သူက ချင်လန် ဖြစ်ရမယ်။" ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ချင်ယွင်၏ မျက်လုံးထဲသို့ ချက်ချင်း ဝင်လာသည်။
"သခင်လေး၊ အခု သခင်လေး ပြန်ရောက်လာပြီ၊ သွေးသစ္စာခံအဖွဲ့ကို ပြန်လည် တည်ဆောက်ဖို့ ညီအကိုသုံးယောက်ကို ကျွန်မ အကြောင်းကြားလိုက်ရမလား?" အိုးရန်ကျင်းက ပြောသည်။
ချင်ယွင်သည် လေးလေးနက်နက် အတွေးထဲသို့ ရောက်ရှိသွားခဲ့သည်။ နောက်ဆုံးတွင် သူက ခေါင်းယမ်းလိုက်ပြီး "မဟုတ်သေးဘူး၊ အခု သွေးသစ္စာခံအဖွဲ့ကို ငါတို့ ပြန်တည် ဆောက်ရင်တောင် ငါတို့အနေနဲ့ ချင်လန်ကို ဆန့်ကျင်လို့ မရသေးဘူး။ သူက ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို ဝင်နေပြီဆိုတာ ငါ ကြားထားတယ်။ အခု သူ့ရဲ့ခွန်အားက ပိုလို့တောင် အစွမ်းထက်နေလိမ့်မယ်။ သူ့ကို စောစောစီးစီး ဖော်ထုတ်ပြသလို ဖြစ်သွားရင် ငါ့အတွက် မသင့်တော်ဘူး"
အိုးရန်ကျင်းလည်း ခေါင်းညိတ်လိုက်သည်။ ချင်ယွင်၏ စကားများသည် အဓိပ္ပာယ်ရှိလှ သည်ဟု သူမ ခံစားရသည်မှာ ထင်ရှားသည်။
"ဒါဆို သခင်လေး ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။ ကျွန်မရဲ့ အင်မော်တယ် ဖီးနစ်ခန်းမမှာ ဘာလို့ မကျင့်ကြံတာလဲ?။" အိုးရန်ကျင်းက ပြုံးပြီး ပြောသည် ။
"ငါအစ်မကြီးကျင်းရဲ့ အင်မော်တယ်ဖီးနစ်ခန်းမမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံနေဖို့ စီစဉ်ထားပါတယ်၊ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကောင်းကင် လေနတ်ဘုရားအကယ်ဒမီကို သွားဖို့ ငါ စီစဉ်ထားတယ်" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
"ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ… ? ဒါပေမယ့် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီက ဝင်ဖို့ သိပ်ပြီး မလွယ်ကူဘူးလေ..။" အိုးရန်ကျင်းက အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် အင်မော်တယ်ကမ္ဘာတွင် နံပါတ်တစ် အကယ်ဒမီ ဖြစ်သည်။ အင်မော်တယ် မင်းဆက်ကြီးသုံးခုမှ ပါရမီရှင်များ စုစည်းထား သော နေရာတစ်ခုဖြစ်ပြီး၊ အင်မော်တယ်ကမ္ဘာရှိ ပါရမီရှင်များအားလုံး အိပ်မက် မက်ခဲ့ရသော နေရာတစ်ခုလည်း ဖြစ်ပါသည်။ သို့သော် ဝင်ရောက်နိုင်သူများ အားလုံးသည် ကြီးကျယ်ခမ်းနားသော တည်ရှိမှုများ ဖြစ်ကြပါသည်။ သာမာန် ပါရမီရှင်တွေတောင် ဝင်ရောက်နိုင်ခြင်း မရှိပါဘူး။
"စိတ်မပူပါနဲ့၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ တံခါးကိုတောင် မဖွင့်နိုင်ရင် ငါ ချင်လန်ကို ဘယ်လိုခွန်အားမျိုးနဲ့ ရင်ဆိုင်ရမှာလဲ?" ချင်ယွင်က ယုံကြည်မှုအပြည့်ဖြင့်၊ ပြုံးလိုက်သည်။
မှန်ပါသည်၊ ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို သွားပြီး၊ ကျင့်ကြံရန် စီစဉ်နေပါသည်။ ဤသည်မှာ သူ ယခုလေးတင် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။
သူသည် တော်ဝင်ချင်မင်းဆက်သို့ ယခုအချိန် ပြန်သွားမည်ဆိုလျှင်ပင်၊ သူ မည်သည့် အရာကိုမျှ လုပ်နိုင်စွမ်းမရှိသေးဟု ရုတ်တရက် သဘောပေါက်လိုက်သောကြောင့် ဖြစ်သည်။ ယင်းအစား၊ သူသည် ရန်သူတွေ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိရုံသာ ဖြစ်ပါလိမ့်မည်။
အိုးရန်ကျင်းသည် ချင်ယွင်၏ မျက်နှာပေါ်ရှိ ယုံကြည်မှုရှိသော အပြုံးကို ကြည့်လိုက် သည်။ သူမရှေ့တွင်ရှိနေသော ဤသခင်လေးသည် ထိုအချိန်တုန်းက (၁၀)နှစ်သား အရွယ် သခင်လေး မဟုတ်တော့ကြောင်း သူမ ရုတ်တရက် ရိပ်မိသွားသည်။ ယင်းအစား၊ သူသည် ချောမောပြီး အပူပင်ကင်းကာ၊ သူ၏ခန္ဓာကိုယ်အနှံ့ ရင့်ကျက်ပြီး ယုံကြည်မှုရှိကာ ဆွဲဆောင်မှုရှိသော လူငယ်တစ်ဦး ဖြစ်နေပါပြီ။
"ကောင်းပြီ၊ အစ်မကြီးကျင်း၊ ငါ့ရဲ့ စီနီယာဆရာကြီးဖြစ်တဲ့ ယစ်ထုတ်အဘိုးကြီး အကြောင်း သတင်းကြားမိသေးလား?" ချင်ယွင် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး အိုးရန်ကျင်းကို မေးလိုက်သည်။