အခန်း ၇၉၉
Vol. 54 Ch. 799
အခန်း (၇၉၉) ပထမအဆင့်နှင့် ယှဉ်ပြိုင်မည့်သူ။
"အကယ်၍၊ အကြီးမြတ်ဆုံးပုဂ္ဂိုလ် ထွက်ပေါ်မလာပါက၊ ပထမအဆင့်အတွက် မည်သူက သူနှင့် တိုက်ခိုက်နိုင်မည်နည်း..?”။
အဖြူရောင်ဝတ် အဘိုးကြီးသည် ကောင်းကင်ပေါ်မှ ရွှေရောင်စကားတွေကို ကြည့်ပြီး ရေရွတ်လိုက်ရင်း၊ သူ၏မျက်နှာက အလွန်တုန်လှုပ်နေသည့် အမူအရာ ပေါ်လာသည်။
ခပ်လှမ်းလှမ်းရှိ အင်မော်တယ်ဖီနစ်ခန်းမ၏ တပည့်များသည်လည်း အံ့အားသင့်နေဟန် အမူအရာများကို ထုတ်ဖော်နေကြသည်။ အကြီးမြတ်ဆုံး ဖြစ်တည်မူ ထွက်ပေါ်မလာပါ က၊ မည်သူက သူနှင့် ယှဉ်နိုင်မည်နည်း?။ ဤသူသည် အနာဂတ်၌ အထွက်ထိပ် ဉသျှောင်နယ်ပယ်သို့ ရောက်ရှိနိုင်လိမ့်မည်လော။
အထွက်ထိပ်ဉသျှောင်နယ်ပယ်ဟူသည့် သဘောတရားကား အဘယ်နည်း?။ ၎င်းသည် အင်မော်တယ်ဧကရာဇ်နယ်ပယ်၏ အထက်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ၎င်းနယ်ပယ်သို့ မည်သူမှ မရောက်ဖူးပါဘူး။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀၀ က ဧကရာဇ် ယူမင်သည်ပင်လျှင်၊ အထွက်ထိပ်ဉသျှောင်နယ်ပယ် တစ်ပိုင်းအဆင့်သာ ရောက်ခဲ့ဖူးသည်။
ဤကောင်လေးနှင့် ပတ်သက်သည့် မှတ်ချက်စကားက မမျော်လင့်ဘဲ၊ “အကြီးမြတ်ဆုံး ပုဂ္ဂိုလ် ထွက်ပေါ်မလာပါက၊ သူနှင့် မည်သူယှဉ်ပြိုင်နိုင်မည်နည်း”ဆိုသည့် စကားမျိုး ဖြစ်နေခဲ့သည်။
ချင်ယွင်သည် ကောင်းကင်ယံတွင်ရှိနေသော ရွှေရောင်စကားလုံးများကို ကြည့်လိုက်ရင်း၊ သူ၏မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေသည်။
အကြီးမြတ်ဆုံးပုဂ္ဂိုလ်လား..? သူ့အတွက်တော့ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခြင်းက အထွတ်အထိပ် ဖြစ်တည်းခြင်းလော?။ အကယ်၍ သူသည် အနာဂတ်တွင် စကြဝဠာကြီးကို ဖွင့်လှစ်ရာမှာ အမှန်တကယ် အောင်မြင်ခဲ့ပါက၊ သူသည် ကောင်းကင်ဘုံတာအိုကဲ့သို့ တည်ရှိမူမျိုးဖြင့် နေနိုင်မည် ဖြစ်သည်။ သူ့အတွက် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခြင်းက ဘာဖြစ်မှာလဲ?။
"အဟမ်း၊ မင်းရဲ့ ပါရမီအရည်အချင်း စမ်းသပ်မူကတော့ အဆင့်တစ်ပဲ" မင်းက ပထမ ကျော့ စမ်းသပ်မူကို အောင်မြင်သွားပြီ။ ဒါပေမယ့် မင်းမှာ ဘယ်လောက်ပဲ ပါရမီ အရည်အချင်းတွေရှိပါစေ၊ သန်မာတဲ့ ခွန်အားမရှိဘူးဆိုရင်၊ အဲဒါက အသုံးမဝင်ဘူး။ ငါတို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှာတော့ စွမ်းအားနဲ့ပတ်သက်လာရင်၊ အလွန်မြင့်မားတဲ့ လိုအပ်ချက်တစ်ခု ရှိတယ်။ တစ်နည်းဆိုပြောရရင်၊ မင်းက မင်းရဲ့အဆင့်ထက် ကျော်လွန်နေတဲ့ တစ်စုံတစ်ယောက်ကို စိန်ခေါ်နိုင်ရမယ်။ ဒါ့အပြင်၊ အဲဒါကလည်း နယ်ပယ်တစ်ခုကို စိန်ခေါ်ခြင်းမျိုး ဖြစ်ရမယ်။ မင်းရဲ့လက်ရှိနယ်ပယ်က အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်မှာ ရှိနေတယ်၊ ဒီတော့၊ မင်းရဲ့ ပြိုင်ဘက်က လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့် ဖြစ်ရမယ်" အဖြူရောင်ဝတ် အဘိုးကြီးက ပြောသည်။
"နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်နဲ့ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့် ကျွမ်းကျင်ပညာရှင်ကို တိုက်ခိုက်ရမယ် ဟုတ်လား?။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ ဒါက နယ်ပယ်ကြီးတစ်ခု ဖြစ်နေပြီ လေ။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီက အရမ်းကာရော တောင်းဆို လွန်းနေ တာ မဟုတ်ဘူးလား?" အင်မော်တယ်ဖီးနစ်ခန်းမမှ တပည့်များသည် ထိတ်လန့်စွာ အော်ဟစ်ခဲ့ကြသည်။
နယ်ပယ်ကြီးမြင့်လေလေ၊ ယင်းက ၎င်းတို့အတွက် ပို၍ မဖြစ်နိုင်လေလေ ဖြစ်သည်။
သို့သော် ချင်ယွင်သည် လုံးဝ ထိတ်လန့်သွားခြင်း မရှိခဲ့ပါ။ ထိုအစား၊ သူ၏နှုတ်ခမ်းပေါ် တွင် အပြုံးမပျက် ရှိနေပါသည်။ ကျင့်ကြံခြင်း နယ်ပယ်တစ်ခု ပိုကြီးလာလေ၊ အခြားလူများအတွက် ပိုခက်ခဲလေ ဖြစ်ပါလိမ့်မည်။ သို့သော် ချင်ယွင်၏ လက်ရှိ ခွန်အားဖြင့် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောပိုင်း အဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်မည်ဟု သူ ယုံကြည်ပါသည်။
နိယာမများကို သေးငယ်သော အောင်မြင်မူအဆင့်ထိ နားလည်ထားသော အစောပိုင်း အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင် များသာလျှင် သူနှင့်တန်းတူ ပြိုင်ဘက်အဖြစ် ရပ်တည်နိုင်ပါလိမ့်မည်။၊ ထို့အပြင်၊ အကယ်၍၊ ချင်ယွင်သာ နဂါးလက်သီးသိုင်းကို အသုံးပြုလိုက်မည်ဆိုလျှင်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အလယ်လတ်အဆင့် ကျွမ်းကျင်သူများသာ သူ၏ပြိုင်ဘက် ဖြစ်နိုင်ပါသည် ။
"စီနီယာ.. ၊ ကျွန်တော့် ပြိုင်ဘက်က ဘယ်မှာလဲဆိုတာ သိနိုင်မလား?။
အဖြူရောင်ဝတ် အဘိုးကြီးသည် ချင်ယွင်၏ မျက်နှာရှိ ယုံကြည်မှုရှိသော အပြုံးကို မြင်လိုက်ရလျှင်၊ သူသည် အနည်းငယ် မှင်သက်မိသွာသည်။ ပါရမီရှင် တော်တော် များများသည် ဤဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်စွမ်း မရှိကြပေ။ အဆုံးမှာတော့၊ မြင့်မားသောနယ်ပယ်ကြီးတစ်ခုကို စိန်ခေါ်ရန်မှာ အလွန်ခက်ခဲပါသည်။
"သူ အသက်ရှင်သန်နိုင်မယ်လို့ တကယ်ကို ယုံကြည်မူ ရှိနေတာလား?။ မေ့လိုက်ပါ၊ ငါ စောင့်ကြည့်ဦးမယ်။" အဖြူရောင်ဝတ်အဘိုးကြီးသည် သူ့ကိုယ်သူ တွေးလိုက်သည်။
ဘန်း…။
ထွားကျိုင်းသန်မာသော ရုပ်အသွင်အပြင်တစ်ခုသည် လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။ ဤလူပေါ်လာသည်နှင့် တပြိုင်နက်၊ သူသည် တနေကုန် အော်ဟစ် ဟိန်းဟောက်ခြင်းနှင့် တူသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို သယ်ဆောင်လာသည်။
"ဒီလူက ငါတို့ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ အကျဉ်းသားတစ်ဦးပဲ။ သူက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာ ရှိနေတယ်။ သူက သတ်ဖြတ်ခြင်း နတ်ဆိုးတစ်ယောက်ပဲ။ အခုအချိန်မှာတော့ သူ့ရဲ့အသိစိတ်က ထိန်းချုပ်ခံထားပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေးဗီဇကတော့ ရှိနေတုန်းပဲ။ မင်းရဲ့ စမ်းသပ်မှု ကတော့ တစ်ဖက်လူ လုံးဝသေသွားသည်အထိ သူ့ကို တိုက်ခိုက်ပါ။" အဖြူရောင်ဝတ် အဘိုးအိုက ပြောသည်။
"အား.... " ထွားကြိုင်းသန်မာသောလူသည် တစ်နေ့လုံးအော်ဟစ် ဟိန်းဟောက်သံနှင့် တူသော အော်ဟစ်သံကို ထုတ်လွှတ်လိုက်ပြီး၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်၏ အစောပိုင်းအဆင့် အငွေ့အသက်က ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ အင်မော်တယ်ဖီးနစ်ခန်းမ၏ တပည့်များသည် ကြောက်ရွံ့သည့် အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများကို မဆိုထားနှင့်၊ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်ရှိ ကျွမ်းကျင်သူများပင်လျှင် ထွားကြိုင်းသန်မာသော ထိုလူကို မြင်သောအခါတွင် သူတို့၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု မခံစားရဘဲ မနေနိုင်ပါချေ။
"ဒီချင်ယွင်က ဒီတစ်ခါတော့ သေချာပေါက် သေတော့မှာပဲ” လူအုပ်ထဲမှ တစ်စုံတစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်မိသည်။
"ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ စမ်းသပ်မူတွေက ဘာမှ မကောင်းဘူးလို့ ငါ ပြောဖူးပါတယ်။ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်က လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်တစ်ယောက်ကို တိုက်ခိုက်ရမယ်။ ပြီးတော့ တဖက်လူက သတ်ဖြတ်ခြင်း နတ်ဆိုးတစ်ယောက်လည်း ဖြစ်နေသေးတယ်။ သူ့ကို ဘယ်လိုလုပ် တိုက်ခိုက်ရမှာလဲ?။ ဒါက သေခြင်းတရားကို တောင်းခံနေတာ မဟုတ်ဘူးလား..?" တစ်စုံတစ်ယောက်က ချက်ချင်း ပဲ့တင်ထပ်အောင် ပြောလိုက်သည်။
ချင်ယွင်ဆီသို့ ကြည့်နေကြသည့် အင်မော်တယ်ဖီးနစ်ခန်းမ၏ တပည့်များ၏ အကြည့်များသည် ချက်ချင်းပင် သနားသည့် အမူအရာများ ဖြစ်သွားကြသည်။
ထိုအချိန်တွင်၊ ချင်ယွင်၏ မျက်နှာသည် လုံးဝ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ သူ၏ မျက်နှာပေါ်တွင် ရိုးရှင်းသော အပြုံးတစ်ခုပင် ရှိနေသေးသည်။ ထွားကျိုင်းသန်မာသော ဤလူ၏ အငွေ့အသက်သည် ရန်ကျန်းချန် အထွက်အထိပ် အခြေနေတွင် ရှိနေစဉ်က နှင့် တူညီလောက်သည်ဟု သူခံစားမိသော်လည်း ချင်ယွင်သည် ယုံကြည်မှု အပြည့် ရှိနေဆဲ ဖြစ်သည်။
အဖြူရောင်ဝတ်အဘိုးအိုသည် စမ်းသပ်မူတစ်ခုအတွက် အကျဉ်းသားတစ်ဦးကို အမှန်တကယ် ခေါ်ထုတ်လာသည်ကို မြင်သောအခါတွင် ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိသေးပေ။ ယင်းက သူ၏စိတ်ထဲတွင် အလွန်မင်း အံ့သြသွားရ သည်။
"ကောင်းပြီလေ၊ စမ်းသပ်ပွဲကို စလိုက်ကြရအောင်။" အဖြူရောင်ဝတ်အဘိုးကြီးသည် သိပ်ပြီး မစဉ်းစားတော့ဘဲ တိုက်ရိုက် ကြေငြာလိုက်သည်။
ကြေငြာချက်အပြီးတွင် ထွားကျိုင်းသန်မာသောလူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ခရမ်းရောင် လျှပ်စီးများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပြင်းထန်သော အငွေ့အသက် တစ်ခုက ချက်ချင်း ပျံ့နှံ့သွားသည်။
"လျှပ်စီးစွမ်းရည် ပေါက်ကွဲခြင်းနိယာမလား? စိတ်ဝင်စားစရာပဲ။" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။ ဤလူထွားကြီးသည် နိယာမတစ်ခု၏ စွမ်းအားကို အမှန်တကယ် ဖမ်းဆုပ်ထားနိုင်လိမ့်မည်ဟု သူ မမျှော်လင့် ခဲ့ပေ။ ၎င်းသည် ကနဦးဝင်ရောက်ခြင်း အဆင့်တွင်သာ ရှိသေးသော်လည်း နိယာမ၏ စွမ်းအားကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါသည်။
သာမန် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူများ အတွက်မူ၊ ဤတိုက်ပွဲသည် အနိုင်ရရန် မဖြစ်နိုင်ပေ။ ထိုနက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ပညာရှင်များသည် နိယာမနယ်ပယ်၏ ကြီးမြတ်သော အောင်မြင်မူအဆင့်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိထားပါက၊ ကြီးမားသောစွမ်းအား ကွာဟချက်ကြောင့် ဤတိုက်ပွဲကို အနိုင်ယူရန် အလွန် ခက်ခဲပေလိမ့်မည်။
"ဒီချင်ယွင်ကတော့ အဆုံးသတ် သွားလောက်ပါပြီ" အင်မော်တယ် ဖီးနစ်ခန်းမမှ တပည့်များသည် ထွားကျိုင်းသန်မာသော လူသည် နိယာမ၏ စွမ်းအားကို အမှန်တကယ် အသုံးပြုနိုင်ကြောင်း သိမြင်သောအခါ၊ ချင်ယွင်သည် ဤတိုက်ပွဲကို အနိုင်ယူနိုင်မည်ဟု မျှော်လင့်ထားခြင်း မရှိတော့ပါ။
ကြီးမားသော နယ်ပယ်ကြီးတစ်ခု ခြားနားမှု ရှိနေသည့်အပြင်၊ ပြိုင်ဘက်သည် နိယာမတစ်ခု၏စွမ်းအား ထိန်းချုပ်ထားနိုင်သည်။ အကယ်၍၊ သူကို အနိုင်ယူချင်သည် ဆိုလျှင်၊ အံ့ဖွယ်အခြေနေမျိုးကို ရင်ဆိုင်ကြုံတွေ့မှ ဖြစ်လိမ့်မည်။
ချင်ယွင်သည် သူတိုမျက်လုံးများတွင် ဖြစ်ပေါ်နေသော သနားကရုဏာသက်ခြင်းကို လျစ်လျူရှုလိုက်သည်။ ယင်းအစား၊ သူသည် အဝေးကနေ ပြေးဝင်လာသည့် ထွားကျိုင်းသန်မာသော လူကို ကြည့်လိုက်သည်။ ရုတ်တရက် သူ၏ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခု ကွဲထွက်သွားသည်။
ထို့နောက်မှာတော့၊ လူအားလုံးသည် လေထုထဲသို့ အစိမ်းပြာရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်ကိုသာ တွေ့လိုက်ရသည်။ ထို့နောက် တဟုန်ထိုး ပြေးဝင်လာသော လူထွားကြီးသည် လေထဲတွင် မလှုပ်ရှားဘဲ ရပ်တန့်နေကာ ချင်ယွင်၏ ရုပ်အသွင်ပြင်လည်း မည်သည့်အခါမှ မရွေ့လျားခဲ့သည့်အလား ရပ်တန်နေ သည်။
"အယ်? ဘာဖြစ်သွားတာလဲ.. ?" အင်မော်တယ်ဖီးနစ်ခန်းမ၏ အဝေးမှ တပည့်များ အားလုံးသည် ပဟေဠိဆန်သော အမူအရာများကို ဖြစ်ပေါ်နေကြသည်။ သူတို့သည် အဖြစ်ပျက်တွေကို နားမလည်နိုင် ဖြစ်နေကြသည်။ ဤလူထွားကြီးသည် အဘယ့်ကြောင့် ရုတ်တရက် မလှုပ်ရှားနိုင် ဖြစ်သွားရသနည်း။
သို့သော်လည်း အဖြူရောင်ဝတ်အဘိုးကြီး၏ မျက်လုံးများသည် ပြူးကျယ်သွားကာ အံ့သြမဆုံးနိုင်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။
"ဖူး..”။
ထိုအချိန်မှာပင်၊ သွေးပန်းထွက်သံ ထွက်ပေါ်လာသည်။ လူထွားကြီး၏ အလောင်းသည် ရုတ်တရက် ပစ်လဲကျသွားပြီး၊ လည်ပင်းမှ သွေးများ အဆက်မပြတ် ထွက်ကျလာသည်။
"ဒါ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူက အဲဒီနေရာမှာ မလှုပ်မရှားဘဲ ရပ်နေတာ မဟုတ်လား? ဒီလျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူကို ဘယ်လိုလုပ် သတ်လိုက်တာလဲ?" အဝေးမှ အင်မော်တယ် ဖီးနစ်ခန်းမ ၏ တပည့်များသည် မျက်လုံးများ ပြူးကျယ်သွားရင်း၊ ချက်ချင်းပင် ထိတ်လန့်သွား ကြသည်။
အဖြူရောင်ဝတ် အဘိုးကြီးလည်း အလွန်တုန်လှုပ်သွားသည်။ ဤ အင်မော်တယ် ဖီးနစ်ခန်းမ၏ တပည့်များသည် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသော်လည်း အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင် ကျွမ်းကျင်သူတစ်ဦး အနေဖြင့်၊ သူသည် ချင်ယွင်၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ယခုလေးတင်၊ ချင်ယွင်သည် အလွန်မင်း လျင်မြန်သော အရှိန်ဟုန်ဖြင့် ထွားကျိုင်း သန်မာသော လူဆီသို့ ပျံသန်းသွားခဲ့သည်။ ထို့နောက်၊ သူသည် ထွားကျိုင်းသန်မာသော ထိုလူကြီး၏ အနားမှာ ချက်ချင်း ပေါ်လာသည်။ သူသည် သူ၏လက်ကို ဓားတစ်လက်အဖြစ် အသုံးပြုကာ ထွားကျိုင်းသန်မာသော အမျိုးသား၏ လည်ပင်းကို တိုက်ရိုက် လှီးဖြတ်ခဲ့သည်။ ထို့နောက် သူ၏ မူလနေရာသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြန်သွားခဲ့သည်။
သူ၏အရှိန်ဟုန်က မြန်ဆန်လွန်းသည့်အတွက် နောက်ဆက်တွဲ ပုံရိပ်ယောင်တွေ ပျောက်ကွယ်မသွားခင်မှာ၊ သူ၏ခန္ဓာကိုယ်အစစ်က သူ၏နေရာကို ပြန်ရောက် သွားခဲ့ပြီ။
"လေစွမ်းရည်နိယာမ လျှပ်တပြက်မိုင်တစ်သောင်းရဲ့ သေးငယ်သော အောင်မြင်မူ အဆင့်လား? ဒီထက်ပိုနေမှာတောင် ငါ စိုးရိမ်မိတယ်။" အဖြူရောင်ဝတ် အဘိုးကြီး သည် ချင်ယွင်အပေါ် အထင်ကြီးစိတ် စဝင်လာရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။