အခန်း ၈၂၀
Vol. 55 Ch. 820
အခန်း (၈၂၀) ကျိုးထန်နှင့်ရင်ဆိုင်ခြင်း။
"သားရဲကောင်သေးသေးလေ၊ ကြည့်ရတာ မင်း ဒီနေ့ ပြဿနာရှာရသေးပုံ မပေါ်ဘူး၊ ဟုတ်တယ်မလား?။" ချင်ယွင်က မထီမဲ့မြင် ပြုမူဆက်ဆံလိုက်သည်။
ထိုစကားတွေ ပြောပြီးသည်နှင့် ပရိသတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဤအောင်းဖန်သည်လည်း ကောင်းကင်လေနတ်ဘုရား အကယ်ဒမီတွင် အလွန် ကျော်ကြားသူ ဖြစ်ပါသည်။ ကောင်းကင်အဆင့်တွင် သူ၏ အဆင့်သတ်မှတ်ချက်သည် နိမ့်ကျခြင်း မရှိပါချေ။ နဂါးမျိုးနွယ် တော်ဝင်မိသားစုဝင် တစ်ဦးအနေဖြင့်၊ သူ၏ အဆင့်အတန်းဖြင့်ပင်၊ သူသည် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီတွင် အလွန် လေးစားခံရဆဲ ဖြစ်သည်။
သူ၏ရှေ့မှာပင် ချင်ယွင်ဟုခေါ်သော ဤလူသည် အောင်းဖန်ကို သားရဲသေးသေးလေဟု ခေါ်လိုက်သည်။ ဤအရာက သိပ်ကို အတင့်ရဲလွန်းနေသည် မဟုတ်ပါလား?
သေချာပါသည်၊ အောင်းဖန်သည် ထိုစကားကို ကြားသောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏မျက်လုံးထဲတွင် ထွက်ပေါ်လာပြီး၊ သူ၏စိတ်နှလုံးထဲမှ အမျက်ဒေါသများ ထွက်ပေါ်လာသည်။
"ငါ မင်းကို သတ်မယ်။" အောင်းဖန်သည် အရူးအမူး ဟိန်းဟောက်လိုက်ပြီး၊ သူ၏ ဆံပင်တွေက အဆက်မပြတ် လွင့်ပျံနေသည်။
"အစ်ကိုအောင်း၊ စိတ်အေးအေး ထားပါ။ သူက မင်းကို တမင် ဒေါသထွက်အောင် လုပ်နေတာ။ တကယ်လို့ မင်း သူ့ကို တိုက်ခိုက်လိုက်ရင်၊ မင်းကို နတ်ဘုရား အကယ်ဒမီက အပြစ်ပေးလိမ့်မယ်" အောင်းဖန် ရူးသွပ်မလို ဖြစ်တော့မည်ကို မြင်လျှင်၊ ကျူးယဲ့သည် ချက်ချင်း ထရပ်လိုက်ပြီး အောင်းဖန်ကို ပြောလိုက်သည်။
အောင်းဖန်သည် ကျူးယဲ့၏ စကားကို ကြားသောအခါ၊ သူ၏မျက်လုံးများသည် တည်ငြိမ်သွားခဲ့သည်။ သို့သော်လည်း၊ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသေးသည်။
"မင်းရဲ့အသက်က ပါးစပ်လို မာကြောနိုင်မလား ငါ ကြည့်ချင်မိတယ်" အောင်းဖန်က သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး အေးစက်စွာ အော်ပြောလိုက်သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ခုနက သူပြောခဲ့သည့် စကားတွေက အောင်းဖန် ကို ဒေါသပေါက်ကွဲထွက်လာစေရန် အမှန်တကယ် ရည်ရွယ်ခဲ့တာဖြစ်ပြီး တခြား မည်သည့် ရည်ရွယ်ချက်မှ မရှိပါဘူး။ ယင်းကလည်း ရိုင်းစိုင်းသော အောင်းဖန်ကြောင့် ဖြစ်ပါသည်။
သို့သော်လည်း အောင်းဖန်၏ဘေးနားမှ လူပုလေးက သူ့ကို စကားလေးတစ်ခွန်းတည်းဖြင့် သူ၏အမျက်ဒေါသကို အလွယ်တကူ လွင့်ပျယ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ချင်ယွင်၏အကြည့်တွေက အရပ်မြင့် အောင်းဖန်၏ ဦးခေါင်းနီးနီး ရောက်လုနီးပါးဖြစ်သော ကျူးယဲ့ပေါ်သို့ ကျရောက်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင် သတိထားသည့် အရိပ်မြွက် တစ်ခု ပေါ်လာသည်။ ဤလူသည် အရပ်ပုသော်လည်း၊ ၎င်းသည် ချင်ယွင်ကို အလွန် အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းသည်။
ချင်ယွင်၏ အကြည့်ကို အာရုံခံစားမိပုံရပြီး၊ ကျူးယဲ့သည်လည်း ချင်ယွင်ဆီသို့ လှည့်ကြည့် လိုက်ရင်း၊ သူ၏ပါးစပ်ထောင့်စွန်းသည် အလေးနက်မထားဘဲ ဆော့ကစားလိုဟန် အပြုံးမျိုးဖြင့် တွန့်ကွေးသွားလေသည်။
ချင်ယွင်သည် ကျိုးထန်၏အပြုံးကို မြင်သောအခါတွင် ဆိုးရွားသော ကြိုတင် သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ဤလူကို အန္တရာယ်စာရင်းတွင် ချက်ချင်း ထည့်သွင်းလိုက်သည်။
"ချင်ယွင်၊ မင်း ဒီကို ရောက်လာပြီဆိုမှတော့ စလိုက်ကြရအောင်" ကျိုးထန်က အေးစက်စွာ ပြောသည်။ သူပြောပြီးသည်နှင့်၊ သူ၏ရုပ်အသွင်သည် အောက်ဘက်ရှိ ကြီးမားသော လေ့ထောင့်ကွင်းကြီးဆီသို့ တိုက်ရိုက် လွင့်မျောသွားသည်။
ချင်ယွင်သည် ပြုံးလိုက်ပြီး၊ ရင်ပြင်ပေါ်သို့ ဆင်းသွားရင်း လေပြေလေညင်းအဖြစ် ပြောင်းလဲသွားသည်။
ချင်ယွင်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ရင်ပြင်ပေါ်ရှိ မြေပြင်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ရေလှိုင်းများကဲ့သို့ အလင်းအကာအကွယ် အတားအဆီးများသည် ရင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်လေရင်ပြင်အတွင်းမှာ အကာကွယ် အစီအရင် ဝင်္ကပါတစ်ခု အမှန်တကယ် ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤအစီအရင် ဝင်္ကပါ၏ ကြံ့ခိုင်မှုကို အကဲဖြတ်ကြည့်ပါက၊ ၎င်းသည် အဆင့် ၁၂ အစီအရင် ဝင်္ကပါ ဖြစ်သင့်သည်။ အထွတ်အထိပ်အဆင့် အင်မော်တယ်ဘုရင်များ တိုက်ခိုက်မှုများပင်လျှင် ၎င်းကို မချိုးဖျက် နိုင်ပေ။
"ဒါက ကောင်းကင်လေ ရင်ပြင်မှာရှိတဲ့ ကောင်းကင်လေ တော်ဝင်အစီအရင်ဝင်္ကပါတစ်ခု ဖြစ်ပဲ။ စိန်ခေါ်သူများ ရင်ပြင်ထဲကို ဝင်ရောက်တာနဲ့ အစီအရင် ဝင်္ကပါက အလိုအလျောက် အသက်ဝင်လာလိမ့်မယ်။ တိုက်ပွဲ ပြီးဆုံးသွားမှသာ အစီအရင် ဝင်္ကပါကလည်း ပျောက်သွားလိမ့်မယ်။ မဟုတ်ရင် စိန်ခေါ်သူတွေဟာ ရင်ပြင်ထဲကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။" ကျိုးထန်က ရှင်းပြပြီး လှောင်ပြောင်နေသလိုမျိုး အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက လှောင်ပြောင်သရော်ဟန် ထွက်ပေါ်လာသည်။ ကျိုးထန်၏ စကားများတွင် ပါဝင်နေသော အဓိပ္ပါယ်သက်ရောက်သည်ကို သူ ကြားနိုင်ပါ သည်။ “မင်းချင်ယွင်၊ ဒီနေ့ တိုက်ပွဲမှာ မသေဘူးဆိုရင် မင်း ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး”ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
"မင်း ငါ့ကိုသတ်နိုင်မယ်လို့ တကယ် ယုံကြည်နေတာလား?" ချင်ယွင်က တဟားဟား ရယ်ရင်း မေးလိုက်သည်။
ကျိုးထန်သည် ချင်ယွင်၏စကားကို ပြန်မဖြေသော်လည်း၊ သူ၏မျက်လုံးများတွင် အေးတိအေးစက် အမူအရာ ပေါ်လာသည်။ ထို့နောက် အထွတ်အထိပ်အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အငွေ့အသက်တစ်ခုက ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဖိအားပေးလိုက်သည်။
ချင်ယွင်၏ နှုတ်ခမ်းများက နတ်ဘုရားအပ်တစ်ချောင်း နေရာတွင် ထောင်မတ်နေသကဲ့သို့ အပြုံးတစ်ခုအဖြစ်သို့ ကွေးညွှတ်သွားသည်။ ကြီးမားသောဖိအားက သူ့ကို အနည်းငယ် မျှပင် မထိခိုက်စေနိုင်ပါ။
"ဘန်ုး…”
ကျိုးထန်၏ ခန္ဓာကိုယ်မှ အေးခဲသော အငွေ့အသက်များ ရုတ်တရက် ထွက်လာသည်။ ရုတ်တရက် စတုရန်းမီတာ ၁၀၀၀၀၀ သိန်းရှိ ဤကြီးမားသော လေးထောင့်ရင်ပြင်အတွင်း ရှိ အပူချိန်သည် ရုတ်တရက် လွန်ကဲစွာ ကျဆင်းသွားခဲ့သည်။ ရင်ပြင်တစ်ခုလုံးသည် ရေခဲနှင့်နှင်းနယ်မြေအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး၊ ဖြူဖွေးနေသော နှင်းများက ကောင်းကင်ယံမှ တဖွဲဖွဲ လွင့်ပျံကျဆင်းလာခဲ့သည်။
"အယ်၊ ဒါက ရေခဲနဲ့နှင်းကောင်းကင်စည်းတံဆိပ်ခတ်ခြင်းနိယာမပါလား" ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်မှ အလွန်မင်း အေးစက်မှုကို ခံစားလိုက်ရပြီး သူ၏မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"မင်းက လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို ဆုပ်ကိုင်ထားတယ်ဆိုတာ ငါ သိထားတယ်။ ဒါပေမယ့်၊ အဲဒါက အသုံးမဝင်ဘူး။ ငါ့ရဲ့ ရေခဲနဲ့နှင်းနယ်မြေထဲမှာ မင်းဘယ်လောက်ပဲ မြန်နေပါစေ၊ မင်းရဲ့အမြန်နှုန်းက အသုံးမဝင်ဘူး။" ကျိုးထန်က အေးစက်စွာ ပြောလိုက်သည်။
"သူက တိုက်ပွဲစတာနဲ့ ရေခဲနဲ့နှင်းနယ်မြေကို တကယ်ပဲ အသုံးပြုလိုက်ပဲ။ ကျိုးထန်က သူ့ကို သတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။" လွင့်မျောစင်မြင့်ပေါ်ရှိ တစ်စုံတစ်ယောက် က အံ့သြဟန်ဖြင့် မေးခွန်းထုတ်သည်။
"မှန်တယ်။ ဒီချင်ယွင်က ကျိုးထန်ရဲ့ညီလေး ကျိုးဖန်ကို သတ်ပစ်ခဲ့တာလို့ ပြောနေကြတာ ပဲ။ ကျိုးထန်နဲ့ သူ့ညီလေးတို့က အမြဲတမ်း တစ်ယောက်နဲ့ တစ်ယောက် နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။ ပုံမှန်အားဖြင့်၊ ကျိုးထန်အနေနဲ့ သူ့ကို အလွတ်ပေးဖို့က မဖြစ်နိုင်ပါဘူး။" အတွင်းပိုင်းဇာတ်လမ်းကို သိရှိထားသူ တစ်ဦးက ပြောလိုက်သည်။
အမှန်တရားကို မသိရှိကြသေးသော အနီးနားရှိ တပည့်များအားလုံးသည် ရုတ်တရတ် ဤအကြောင်းကို သိရှိသွားကြပြီး၊ ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေမှာလည်း သနားသည့်အမူအရာ ဖြစ်လာကြသည်။
ချင်ယွင်သည် နှင်းများဖုံးလွှမ်းနေသော ဤကမ္ဘာကြီးကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
ကျိုးထန် ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင်၊ သူ၏ ရေခဲနှင့်နှင်း ကောင်းကင် စည်းတံဆိပ်ခတ်ခြင်းနိယာမသည် သူ၏ လျှပ်တပြက်မိုင်တစ်သောင်း နိယာမအပေါ် ကန့်သတ်ချုပ်ချယ်မှုတစ်ခုအဖြစ် သက်ရောက်မူရှိနေပါသည်။
"သေလိုက်တော့.." ကျိုးထန်က ချင်ယွင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားရင်း အေးစက်စွာ အော်ဟစ်လိုက်သည်။ သူသည် ချက်ချင်းပင် ပေတစ်ရာကျော်အကွာရှိ ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည်။
သူသည် ချင်ယွင်ကို မည်သို့မည်ပုံ အပြင်းအထန် ရိုက်နှက်မည်ဟု တွေးတောရင်း၊ ပြင်းထန်သော ရေခဲအငွေ့အသက်များကို သယ်ဆောင်လာခဲ့ပါသည်။
တိုက်ပွဲဆန္ဒသည် ချင်ယွင်၏ မျက်လုံးများမှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နတ်ဘုရားစွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး၊ သူကိုယ်တိုင် လည်း အလားတူ လက်ဖဝါးတစ်ချက် ရိုက်ထုတ်ကာ၊ ကျိုးထန်၏ လက်ဖဝါးနှင့် အပြင်းအထန် ရင်ဆိုင်လိုက်သည်။
"ဘုန်း…."
ရင်ပြင်ထဲမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ သူတို့၏ ခြေထောက်အောက်ရှိ နှင်းများဖြင့် ထူထပ်သော မြေပြင်သည်လည်း ပြင်းထန်လှသော အငွေ့အသက်ကြောင့် တုန်ခါသွားကာ၊ ကြီးမားသော နေရာအလွတ်ကြီးတစ်ခု ဖြစ်ပေါ် လာခဲ့သည်။
"အယ်…?" ဤအခိုက်အတန့်တွင် သူ၏လက်ဖဝါးသည် ကျိုးထန်၏ လက်ဖဝါးတွင် ကပ်နေပုံရသည်ကို တွေ့ရှိလိုက်ရသဖြင့် ချင်ယွင်သည် အံ့အားသင့်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော ရေခဲလှိုင်းလုံးကြီးသည် သူ၏လက်ဖဝါးမှတဆင့် လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာခဲ့သည်။
သူ၏လက်မောင်းသည် ရေခဲများဖြင့် ဖုံးလွှမ်းနေသဖြင့် သူ၏လက်တစ်ခုလုံး မလှုပ်ရှားနိုင်တော့ပေ။
အကယ်၍ ရေခဲများသာ ဆက်လက်ပြန့်နှံ့သွားနေပါက၊ သုံးစက္ကန့်မပြည့်မီတွင် သူသည် ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
သို့သော်၊ ချင်ယွင်သည် ရေခဲများကို ဖြိုခွဲရန် သူ၏ ကောင်းကင်နတ်ဘုရားစွမ်းအားကို စုစည်းလိုက်သောအခါတွင်၊ သူ၏လက်တစ်ခုလုံးသည် အပေါ်ယံ မျက်နှာပြင်ပေါ်တွင် အေးခဲနေရုံသာမက၊ သူ၏လက်မောင်းထဲရှိ ဆဲလ်တိုင်းသည်ပင် ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ တွေ့ရှိလိုက်ရသည်။ သူ၏ ကောင်းကင်နတ်ဘုရား စွမ်းအား သည် ရေခဲများကို လုံးဝ မခွဲထုတ်နိုင်တော့ပါ။ ပို၍ ကြောက်စရာကောင်းသည်က ရေခဲတွေ ပြန့်နှံ့လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ထဲမှ ကောင်းကင်နတ်ဘုရားစွမ်းအားသည်ပင် အေးခဲသွားပုံရပြီး အလွန် နှေးကွေးသွားခြင်းပင် ဖြစ်ပါသည်။
"ဒါက အသုံးမဝင်ဘူး။ ဒါက ငါ နားလည်သဘောပေါက်ထားတဲ့ ကန့်သတ်ရေခဲလက်ဝါးပဲ၊ တကယ်လို့၊ အင်မော်တယ်ဘုရင်နယ်ပယ်မှာ ရှိမနေဘူးဆိုရင်၊ ငါ့ရဲ့ ရေခဲစွမ်းအားကို ဘယ်သူမှ အရည်ဖျော်နိုင်မှာ မဟုတ်ဘူး။ ခဏကြာတာနဲ့ ရေခဲရုပ်အဖြစ် ပြောင်းလဲ သွားလိမ့်မယ်။" ကျိုးထန်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏မျက်လုံးတွေက ခက်ထန်သော အေးစက်မှုနှင့်အတူ ဝင်းလက်တောက်ပနေသည်။
ထိုစကားကြားတော့ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် တုန့်ဆိုင်းမနေဘဲ၊ လုံးလုံးလျားလျား ရေခဲအဖြစ်သို့ ပြောင်းလဲသွားသော လက်မောင်းကို ဖြိုခွဲပစ်ရန် လှုပ်ရှားနိုင်သော အခြားလက်မောင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။
သူ၏လက်မောင်းသည် ရေခဲအဖြစ်သို့ ပြောင်းသွားပြီး သွေးတစ်စက်မျှပင် ထွက်မလာဘဲ၊ အပိုင်းပိုင်း ကွဲအက်ကာ မြေပေါ်သို့ ပြုတ်ကျသွားသည်။
ကျိုးထန်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင်၊ သူ၏မျက်လုံးများတွင် အံ့ဩသွားသည့် အမူအရာမျိုး လုံးဝ ရှိမနေပါချေ။ သူ၏ အကန့်သတ်ရေခဲလက်ဝါး ထိမှန်ခံရသော မည်သူမဆို ကိုယ့်ကိုယ်ကို ကယ်တင်ရန် နည်းလမ်းတစ်ခုသာရှိပြီး၊ ယင်းကလည်း အေးခဲနေသော ခန္ဓာကိုယ်အစိတ်အပိုင်းကို အစိတ်စိတ်မွှာမွှာ ဖြိုခွဲပစ်ခြင်း ဖြစ်ပါသည်။ သို့သော် ဤနည်းလမ်းသည် ရန်သူ၏ အင်အားကို များစွာ ပျက်စီးသွား ပေလိမ့်မည်။
လွှင့်မျော်စင်မြင့်ပေါ်မှ လူအုပ်ကြီးသည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင်၊ သူတို့အားလုံး အံ့အားသင့်သွားသည့် အမူအရာများကို ထုတ်ဖော်နေကြသည်။
တိုက်ပွဲက အခုမှစဆဲဖြစ်ပြီး၊ ချင်ယွင်သည် လက်မောင်းတစ်ဖက် ဆုံးရှုံးနေရပြီ။ နောက်ပိုင်း၊ သူ မည်သို့ တိုက်ခိုက်နိုင်တော့မည်နည်း?။