အခန်း ၈၃၁
Vol. 56 Ch. 831
အခန်း (၈၃၁) ယုဒီအာ။
ကျောက်စိမ်းသစ်တောမြို့၌ ယုကလန်၏ အင်မော်တယ်နန်းတော်၏ ဧည့်ခန်းထဲတွင် လောလောဆယ် လူနှစ်ယောက် ထိုင်နေပါသည်။
ယုကလန်၏ ကလန်ခေါင်းဆောင်သည် ဘေးထိုင်ခုံတွင် ထိုင်နေပါသည်။ သူ၏မျက်နှာက ချိုမြိန်သည့်အမူအရာ အပြည့်ရှိနေသော်လည်း သူ၏စိတ်နှလုံးကတော့ စိတ်မသက်သာမှု တွေနှင့် ပြည့်နေခဲ့ပါသည်။
သူ့သမီး၏ မင်္ဂလာဆောင်က ဤမျှကြီးမားသည့် အနှောက်အယှက်ကြီးနှင့် ကြုံတွေ့ရလိမ့် မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။ ထို့အပြင်၊ ကောင်းကင်ဘုံဂိုဏ်း၏ တပည့်တွေ ပါ ပါဝင်လာလိမ့်မည်ဟု သူ မထင်မိခဲ့ပါဘူး။
မူလက သူ၏သမီးသည် ဟောင်ခွန်ဟုခေါ်သော လူငယ်နှင့် ချစ်ခင်စုံမက်နေကြောင်း သူ မြင်ခဲ့သည်။ ထို့အပြင်၊ ဟောင်ခွန်သည် ငယ်ရွယ်ပြီး အရည်အချင်းလည်း ရှိသောကြောင့် သူသည် ဤအိမ်ထောင်ရေးကို အလွယ်တကူ သဘောတူပေးခဲ့သည်။ သို့သော်၊ မင်္ဂလာဆောင်သည့်နေ့တွင် ကောင်းကင်ဘုံဂိုဏ်းမှ ထိပ်တန်းတပည့်တစ်ဦးသည် သူ့ကို ရှာဖွေရန် ရောက်ရှိလာခဲ့သည်။ ထိုတပည့်သည် သူ၏သားမက်ကိုတောင် ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်ခဲ့ပြီး၊ သူ၏သမီးကိုလည်း သူနှင့် အတင်းအကြပ် လက်ထပ် ခိုင်းခဲ့သည်။
သူ၏စိတ်ထဲတွင် မကျေမနပ် ဖြစ်လှသော်လည်း သူ့ပြိုင်ဘက်၏ နောက်ခံက အရမ်းကို ကြီးမားသည်ဟု သူ ခံစားမိနေတုန်းပင်။ ထိုလူတွင် အင်မော်တယ် ဘုရင်အဆင့် ဆရာ တစ်ဦး ရှိနေသည်ကို မဆိုထားနှင့်၊ သူ့ကိုယ်ပိုင် ကျင့်ကြံမှုအခြေခံကပင် လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ယင်းက သူယုလင်းယွန်ပင်လျှင် သူ့အတွက် ပြိုင်ဘက်မဟုတ်သေးပေ။
ကူကယ်ရာမဲ့စွာဖြင့် သူသည် အိမ်ထောင်ရေးကို သဘောတူရုံသာ တတ်နိုင်ခဲ့ပါသည်။ သို့သော်၊ သူ၏သမီးဖြစ်သူက သဘောတူရန် ငြင်းဆိုခဲ့သည်။
ယခုလို မင်္ဂလာဆောင်ရက် နီးကပ်လာချိန်မှာ၊ အကယ်၍၊ သူသည် သူ၏သမီးကို လက်ခံလာအောင် မစွမ်းနိုင်ဘူးဆိုလျှင်၊ သူသည် ကောင်းကင်ဘုံဂိုဏ်း၏ ထိုထိပ်တန်း တပည့်ကို ဒေါသထွက်အောင် လုပ်မိသွားနိုင်သည်။ ထိုအချိန်ရောက်လျှင်၊ သူ၏ယုကလန် တစ်ခုလုံး အကြီးအကျယ် ခံစားရလိမ့်မည်။
ဤအကြောင်းကို စဉ်းစားရင်း ယုလင်းယွန်သည် အနည်းငယ် တုန်လှုပ်သွားသည်။
ကျောက်ဝူကျင်းသည် သူ၏ ကျောက်စိမ်းနှင့်တူသော မျက်နှာပေါ်တွင် အပြုံးမပျက်ဟန် ဖြင့် ပင်မထိုင်ခုံတွင် ထိုင်နေသည်။ သူက စိုးထိတ်နေသော ယုလင်းယွန်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောသည် "ခေါင်းဆောင်ယု၊ ငါ့ရဲ့ဆရာ အင်မော်တယ်ဘုရင် ယွန်လုံက လည်း ငါလက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြားတာနဲ့ သုံးရက်အတွင်း ကောင်းကင်ဘုံ ဂိုဏ်းကနေ အပြေးလွှား ပြေးလာလိမ့်မယ်"
ကျောက်ဝူကျင်း၏ စကားကိုကြားတော့ ယုလင်းယွန်သည် ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်မိသည်။ ကျောက်ဝူကျင်းက သူ့ကို ရည်ရွယ်ချက်ရှိရှိ ဖိအားပေးနေကြောင်း သူ သိပါသည်။
သို့သော် အသုံးမဝင်ခဲ့ပါ။ ဤအင်မော်တယ်ဘုရင်ယွန်လုံ အကြောင်းကို သူ အရင်က ကြားဖူးပါသည်။ ယွန်လုံသည် အစောပိုင်း အင်မော်တယ်ဘုရင် ကျွမ်းကျင်သူ တစ်ဦးမျှသာ ဖြစ်သော်လည်း၊ အဆုံးတွင်၊ အစောပိုင်း အင်မော်တယ်ဘုရင်သည်လည်း အင်မော်တယ် ဘုရင် ဖြစ်နေဆဲပင် ဖြစ်သည်။ ဤသည်မှာ သူတို့ယုကလန် ဆန့်ကျင်သည့် အရာမဟုတ်ပေ။
"ဒါဆို အင်မော်တယ်ဘုရင်ယွန်လုံလည်း ရောက်လာမှာပေါ့။ ဒါက ကျွန်တော်တို့ ယုကလန်အတွက် ဂုဏ်ယူစရာပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ယုကလန်က အင်မော်တယ်ဘုရင်ယွန်လုံကို သေချာပေါက် ကောင်းကောင်း ဧည့်ခံပါ့မယ်" ယုလင်းယွန်က ပြောသည်။
ကျောက်ဝူကျင်း၏ ပါးစပ်ထောင့်က နောက်တစ်ကြိမ် ရိုက်နှက်လိုက်ပြန်သည် “ယုကလန် ခေါင်းဆောင်၊ ဒီသုံးရက်အတွင်းမှာတော့ ကျုပ် ခင်ဗျားကို ယောက္ခထီးလို့ ခေါ်ပါ့မယ်။ သခင်မလေးယုနဲ့ လက်ထပ်ခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပဲလေ။ အချိန်ရောက် တာနဲ့၊ ကျုပ်က သခင်မလေးယုကို ကျုပ်နဲ့အတူတူ ကျင့်ကြံဖို့ ကောင်းကင်ဘုံဂိုဏ်းကို ခေါ်ဆောင်သွားမယ်။ ယောက္ခထီးက ကျုပ်တို့နဲ့ခွဲခွာဖို့ ဆန္ဒရှိလားလို့ ကျုပ် တွေးမိတယ်။”
"ကျွန်တော် ဆန္ဒရှိပါတယ်။ သေချာပေါက် ကျွန်တော် ဆန္ဒ ရှိပါတယ်။ တကယ်လို့၊ သူမက ဆန္ဒမရှိဘူးဆိုရင်တောင်၊ ကျွန်တော်က သူမကို အတင်းအကြပ် သွားခိုင်းမှာပါ။” ယုလင်းယွန်က ပြုံးပြီး ပြောသည် ။
"စိတ်မပူပါနဲ့ ယောက္ခထီး၊ ကျုပ်က သခင်မလေးယုကို ကောင်းကောင်း ဆက်ဆံပါ့မယ်။" ကျောက်ဝူကျင်းက အပြုံးလေး ပြောလိုက်သော်လည်း၊ သူ၏အပြုံးတွင် ကောက်ကျစ်သည့် ရနံ့က ရှိနေပါသေးသည်။
ယုဒီအာကို သူ အမှန်တကယ် ကြိုက်သည်ဟု ပြောဖို့က မဖြစ်နိုင်ပါဘူး။ သူ ယခုလို လုပ်ရသည့် အကြောင်းရင်းက၊ သူသည် ဟောင်ခွန်ကို တမင်တကာ ရန်စဖို့ သက်သက် ဖြစ်သည်။ ဟောင်ခွန် သူ၏တစ်သက်တာလုံး သူလိုချင်သည့်အရာကို ဘယ်တော့မှ သူ့ကို မရရှိစေချင်ပါဘူး။
ဟုတ်ပါသည်၊ အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေခဲ့ပါသည်။ ယင်းက ယုဒီအာသည် ဂျိဝမ်အာနှင့် အရမ်းကို ဆင်တူလွန်းပါသည်။ သူမသည် အမှန်တကယ် တပုံစံတည်း ထွင်းထုထားသလိုပင်။ သူသည် ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး၊ ယုဒီအာသည် ဂျိဝမ်အာ၏ လူဝင်စားခြင်းဟုပင် သံသယဖြစ်မိသည်။ ထို့ကြောင့်၊ ယုဒီအာကို လက်ထပ်လိုသော သူ၏ ရက်စက်ကြမ်းကြုတ်သော ဆန္ဒသည် ဂျိဝမ်အာကို လက်စားချေခြင်း၏ အငွေ့အသက်ကို သယ်ဆောင်လာခဲ့သည်။
ထိုအချိန်တုန်းက သူသည် ဂျိဝမ်အာ၏ ခန္ဓာကိုယ်ကို ရရှိခဲ့သော်လည်း၊ ဂျိဝမ်အာ၏ စိတ်နှလုံးကိုတော့ မရရှိခဲ့ပေ။ ယခုဘဝမှာပင်၊ သူသည် ယုဒီအာနှင့် ဟောင်ခွန်တို့ကို အတူတူရှိနေတာမျိုးကို သေချာပေါက် မမြင်တွေ့လိုပါဘူး။
ကျောက်ဝူကျင်း နှင့် ယုလင်းယွန်တို့သည် ခန်းမထဲတွင် စကားပြောနေကြစဉ်၊ ချင်ယွင်၏ ပုံရိပ်သည် လေပြေလေညင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ယုကလန်ထဲသို့ ပြေးဝင် လာခဲ့သည်။
ယုကလန်၏ စံအိမ်ကြီးအထက်တွင် အကာကွယ် အစီအရင်ဝင်္ကပါများဖြင့် ဖွဲ့စည်းထား သော်လည်း၊ ချင်ယွင်အတွက်တော့ အခြေခံအားဖြင့် ဘာမှမရှိသလိုပင်။
ချင်ယွင်၏ရုပ်အသွင်သည် ယုကလန်၏စံအိမ်ကြီးသို့ ရောက်သွားသည်နှင့်တပြိုင်နက် ယုဒီအာကို ရှာဖွေရန် သူ၏ အင်မော်တယ်စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။
ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံကို အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ဖြင့် ပြုစု ပျိုးထောင်ထားသည်။ သူနှင့် ကနဦးစကြဝဠာကြားရှိ ဆက်ဆံရေးကိုပါ ထည့်သွင်းလိုက် လျှင်၊ အင်မော်တယ်ဘုရင်အောက်ရှိ မည်သူမျှ သူ၏ အင်မော်တယ်စိတ်အာရုံကို ရှာဖွေ ဖော်ထုတ်နိုင်မည် မဟုတ်ပေ။
ချင်ယွင်သည် ခန်းမထဲတွင် ထိုင်နေသော ကျောက်ဝူကျင်းနှင့် ယုလင်းယွန်ကို ချက်ချင်း သတိပြုမိသည်။ ချင်ယွင်သည် ကျောက်ဝူကျင်း၏ စိတ်ဝိညာဉ်အမျှင်တန်းပုံရိပ်ကို ယခင်က ဂူထဲတွင် မြင်ဖူးထားသောကြောင့်၊ ချင်ယွင်သည် သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။
ယုလင်းယွန်နှင့် ကျောက်ဝူကျင်းတို့၏ ပြောစကားတွေကို နားထောင်ပြီးနောက်၊ ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အထူးသဖြင့်၊ ကျောက်ဝူကျင်း၏ အပြုံးအတုကို မြင်သောအခါ၊ ချင်ယွင်သည် စက်ဆုပ်ရွံရှာချင်သလိုပင် ခံစားရလေသည်။
ကျောက်ဝူကျင်းသည် တကယ့် ကြောင်သူတော်တစ်ယောက်ဖြစ်သည်မှာ သေချာပါသည်။ ထိုသို့မဟုတ်လျှင်၊ ဟောင်ခွန်သည် သူ့ကြောင့် ယခုလို ကြေကွဲဖွယ်ရာအဖြစ်ပျက်မျိုးကို ခံစားရမှာ မဟုတ်ပါဘူး။
သို့သော်၊ ချင်ယွင်သည် သူ့ကိုယ်သူ ထုတ်ဖော်ပြပြီး အကြင်နာကင်းမဲ့စွာ ပြဿနာရှာဖွေရန် အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ သူ၏အမြင်အရဆို၊ သူသည် ကျောက်ဝူကျင်းကို အကြင်နာကင်းမဲ့စွာ အချိန်မရွေး သတ်ပစ်နိုင်သည်။ သို့သော်၊ သူ့ကို သူကိုယ်တိုင် သတ်ပစ်လိုက်တောရော မည်သို့ အသုံးဝင်မည်နည်း?။ အဓိကသော့ချက်က ဟောင်ခွန်၏ စိတ်နှလုံးထဲက အရိပ်မည်းကို လုံးလုံးလျားလျား ဖယ်ရှားပစ်ရန် ဖြစ်ပါသည်။
ယခုအချိန်မှာ အရေးကြီးဆုံးက ယုဒီအာကို ခေါ်ထုတ်သွားဖို့ ဖြစ်သည်။ ဒါမှသာ၊ ဟောင်ခွန်သည် လုံးလုံးလျားလျား ပျော်ရွှင်နိုင်လိမ့်မည်။
ထို့ကြောင့်၊ ချင်ယွင်သည် သူ၏ အင်မော်တယ်စိတ်အာရုံကို ဆက်လက်ဖော်ထုတ်ပြီး ယုဒီအာကို စတင် ရှာဖွေလိုက်သည်။ နောက်ဆုံးတွင်၊ ချင်ယွင်သည် ယုကလန်၊ စံအိမ်ကြီး ၏ အနက်ရှိုင်းဆုံးနေရာတွင် သူမကို တွေ့ရှိခဲ့သည်။
ယုကလန် စံအိမ်ကြီးထဲရှိ အနက်ရှိုင်းဆုံး ခြံဝင်းတစ်ခုထဲတွင် နူးညံ့သိမ်မွေ့ပြီး၊ သက်ဝင် လှုပ်ရှားနေသော အမျိုးသမီးတစ်ယောက်သည် ခြံဝင်းထဲမှာ ကြောင်တက်တက် အမူအရာ ဖြင့် ထိုင်နေပါသည်။ သူမ၏ ကျက်သရေရှိသော မျက်နှာသည် ဝမ်းနည်းကြေကွဲခြင်း များဖြင့် နက်နက်ရှိုင်းရှိုင်း ပြည့်နှက်နေပြီး၊ သူမ၏ မျက်လုံးထောင့်များစွန်းများက အေးစက်မှု အရိပ်အယောင်များ ရှိနေသည်။ သူမသည် အလွန်မင်း ဝမ်းနည်းပူဆွေးခဲ့ရ သည်မှာ ထင်ရှားသည်။ သူမ၏ ကျင့်ကြံမှုအခြေခံသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ နှောင်းပိုင်းအဆင့်၌သာ ရှိပါသေးသည်။
ထိုအမျိုးသမီး၏ နောက်တွင် အစေခံအမျိုးသမီးတစ်ယောက် ရပ်နေသည်။ ဤကျွန်မ၏ ကျင့်ကြံမူ အခြေခံက မနိမ့်ကျပေ။ သူမသည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယုကလန်၏ ကလန်ခေါင်းဆောင်က သူမ အနားမှာ နေပြီး သူမကိုစောင့်ကြည့်ဖို့ တမင်တကာ စီစဉ်ထားသည်မှာ ထင်ရှားပါသည်။
"သခင်မလေး၊ ဟောင်ခွန်အကြောင်း တွေးနေသေးတာလား?။" အစေခံအမျိုးသမီးသည် အထင်သေးသောလေသံဖြင့် ပြောလိုက်သည်။
ယုဒီအာသည် ထိုအစေခံအမျိုးသမီး၏ စကားကို ပြန်လည်မတုန့်မပေ။
'"တကယ်လို့ သခင်မလေးသာ ကျွန်မကို မေးခဲ့မယ်ဆိုရင်၊ ဟောင်ခွန်က အရည်အချင်း အများကြီး မရှိဘူးလို့ ပြောရမှာပဲ။ အခုပဲကြည့်လေ၊ ဦးရီးတော်ကျောက်ကြောင့် သူက ဒုက္ခိတ ဖြစ်သွားရပြီ။ သူ့အကြောင်း ဘာလို့ တွေးနေသေးလဲ?။ ဦးရီးတော် ကျောက်ဝူကျင်း က ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက်ချောကြောင်း၊ ဘယ်လောက် အစွမ်းထက်ကြောင်း ဘာလို့ ကျွန်မကို မပြောပြတာလဲ?။ သူက ဟောင်ခွန်ထက် အဆပေါင်း ရာထောင်ချီ ပိုအစွမ်းထက်ပါတယ်” အစေခံအမျိုးသမီးက ပြောသည်။
ဤစကားလုံးအချို့ကို ယုကလန်၏ ကလန်ခေါင်းဆောင်မှ ညွှန်ကြားထားခြင်း ဖြစ်သော်လည်း၊ ထိုစကားများသည် သူမ၏စိတ်နှလုံးသားမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ဟမ့်၊ မင်းက အရမ်းကောင်းတယ်လို့ ထင်နေရင်၊ မင်း သူ့ကို လက်ထပ်လို့ ရတယ်။ ပြီးတော့၊ ဟောင်ခွန်က ဒုက္ခိတလို့ မင်း ပြောပိုင်ခွင့် မရှိဘူး" နူးညံ့သိမ်မွေ့သော အမျိုးသမီး က ဒေါသတကြီး ချက်ချင်း တုန့်ပြန်ပြောသည်။ သူမ၏လေသံတွင် ပြင်းထန်သော အမျက်ဒေါသတွေ ပြည့်နေခဲ့သည်။
ချင်ယွင်သည် အရိပ်ထဲတွင် ရပ်နေပြီး ထိုစကားကို ကြားသောအခါ သဘောကျစွာ ခေါင်းညိတ်လိုက်မိသည်။
အကယ်၍၊ ယုဒီအာသည် ဟောင်ခွန်အပေါ် အမှန်တကယ် ခံစားချက်မျိုး မရှိခဲ့ပါက၊ ချင်ယွင်၏ ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဟောင်ခွန်ကို နောက်တစ်ကြိမ် မနာကျင်စေလို သောကြောင့် သူမကို ခေါ်ဆောင်သွားခြင်းမဟုတ်ဘဲ သတ်ပစ်ရန် ဖြစ်သည်။
အစေခံအမျိုးသမီးက လက်မခံနိုင်ဟန်ဖြင့် "ကျွန်မ ပြောခဲ့တာတွေက အမှန်တွေပဲလေ။ အခု သူက သေမျိုးတစ်ယောက် ဖြစ်သွားတဲ့အပြင် ဒုက္ခိတတစ်ယောက်လည်း ဖြစ်သွားပြီလေ" လို့ အစေခံအမျိုးသမီးက တီးတိုးရေရွတ်လိုက်သည်။
သို့သော် သူမစကား မဆုံးခင်မှာပင် သူမ၏ ခေါင်းသည် မြေပြင်ပေါ်သို့ တိတ်တဆိတ် ပြုတ်ကျသွားခဲ့သည်။
"နင် ပြောနေသေးတာလား?" နူးညံ့သိမ်မွေ့သော အမျိုးသမီးသည် ဟောင်ခွန်အကြောင်း မကောင်းပြောနေသေးသော အစေခံအမျိုးသမီး၏ စကားတွေကို မူလကတော့ ကြားနေ ပါသေးသည်။ သူမသည် အစေခံအမျိုးသမီးကို အပြစ်တင်ကြိမ်းမောင်းရင်း၊ နောက်ပြန် လှည့်ကြည့်လိုက်စဉ်၊ အစေခံအမျိုးသမီး၏ ဦးခေါင်းသည် မြေပြင်ပေါ် ပြုတ်ကျနေသည်ကို တွေ့မြင်လိုက်ရတော့ အရမ်းကို ကြောက်လန့်သွားပြီး၊ ကျယ်လောင်စွာ အော်ဟစ် မိလုနီးပါး ဖြစ်သွားရသည်။
ဤအခိုက်အတန့်တွင်၊ သူမနှင့် ရင်းနှီးမူမရှိသော လူငယ်တစ်ဦးသည် သူမအား တိတ်တိတ်နေရန် လက်ဟန်အမူအရာ ပြနေသည်ကို သူမတွေ့လိုက်ရပြီး၊ သူမလည်း နာခံမှုရှိစွာဖြင့် အော်ဟစ်ဖို့က စွန့်လွှတ်လိုက်သည်။