အခန်း ၈၃၃
Vol. 56 Ch. 833
အခန်း (၈၃၃) အင်မော်တယ် သတ်ဖြတ်ခြင်းဆူးသုံးချောင်း။
ယုလင်ယွန်လည်း သူ၏မျက်လုံးများကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ဤအင်မော် တယ်သတ်ဖြတ်ခြင်းဆူးချောင်းတွင် ပါဝင်နေသော စွမ်းအားကို သူပင် ကြောက်ရွှံ့ရသည်။
သို့သော်၊ သူ၏ရှေ့တွင်ရှိသော ဤလူသည် အင်မော်တယ် သတ်ဖြတ်ခြင်းဆူးချောင်းကို ပိတ်ဆို့ရန် လက်ချောင်းတစ်ချောင်းကိုသာ အသုံးပြုခဲ့သည်။ ဤအရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့ မည်မျှ အစွမ်းထက်နေရမည်နည်း?။
ကျောက်ဝူကျင်းလည်း မျက်လုံးများကို ပြူးကျယ်စွာဖွင့်ကာ စကားပင် မပြောနိုင်တော့ပေ။ ဤအင်မော်တယ်သတ်ဖြတ်ခြင်းဆူးများသည် သူ၏ဆရာက ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရန်အတွက် သူ့ကို ပေးထားသည့်အရာများ ဖြစ်သည်။
အထွတ်အထိပ်အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ ပင်လျှင် ဤအရာကို ကြောက်ရွံ့ကြလိမ့်မည်။ သို့သော် ယခုအခါတွင်၊ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ၎င်းကို လက်ချောင်း တစ်ချောင်းတည်းဖြင့် လုံး၀ ပိတ်ဆို့ထားသည်။
"သူဟာ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် သေချာပေါက် မဖြစ်နိုင်ဘူး။ သူ့ရဲ့ခွန်အားက အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နေသင့်တယ်။ သူက ငါ့ကို တမင် လှည့်စားနေတာ ဖြစ်ရမယ်။" ကျောက်ဝူကျင်းက သူ့ကိုယ်သူ တွေးနေမိသည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်နှင့် ပတ်သက်ပြီး ပြင်းထန်သော ကြောက်ရွံ့ခြင်း အာရုံ ခံစားမူက သူ၏စိတ်နှလုံးထဲတွင် ထွက်ပေါ်လာသည်။ အကယ်၍၊ သူ မထွက်ပြေးဘူးဆို ရင်၊ နောက်ရလာဒ်က အရမ်းကို ဝမ်းနည်းကြေကွဲဖွယ်ကောင်းလိမ့်မည်ဆိုသည်ကို သူ သိလိုက်ပြီ။
ထို့ကြောင့်၊ ကျောက်ဝူကျင်းသည် ယုလင်းယွန်အား ချက်ချင်း အော်လိုက်သည် "ယုကလန် ခေါင်းဆောင်၊ တကယ်လို့ ခင်ဗျား မလှုပ်ရှားဘူးဆိုရင်၊ ငါ့ဆရာက မင်းရဲ့ ယုကလန်ကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား?"
ယုကလန်၏ ကလန်ခေါင်းဆောင်သည် သူ့ကို သေသည်အထိ ရိုက်နှက်ပစ်ရန်ပင် စိတ်ဆန္ဒ ရှိနေလေပြီ။ သောက်ကောင်၊ ဒီလူငယ်လေးရဲ့ အစွမ်းက ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလဲဆိုတာ မင်း မမြင်ဘူးလား။ မင်းက ငါ့ကို သေအောင် သတ်ပစ် ချင်နေတာလား?။
သို့သော်၊ အင်မော်တယ်ဘုရင်ဖြစ်သည့် ကျောက်ဝူကျင်း၏ ဆရာသခင်ကို တွေးမိလိုက် သည့်အခါ၊ ယုလင်းယွန်၏ ဦးခေါင်းသည် ချက်ချင်း ပိုကြီးလာသည်။ အဆုံးမှာတော့ ယုလင်းယွန်သည် လှုပ်ရှားရန် ဆုံးဖြတ်လိုက်ရပါသည်။
သို့သော်၊ ယုလင်းယွန်သည် ချင်ယွင်ကို တိုက်ခိုက်ရန် စတင်တော့မည့်အချိန်တွင်၊ ကျောက်ဝူကျင်းသည် ချက်ချင်းပင် အဝေးသို့ ထွက်ပြေးရန် လျှပ်တပြက်မိုင်တစ်သောင်း နိယာမကို အသုံးပြုလိုက်သည်ကို သူ တွေ့လိုက်ရသည်။
ယုလင်းယွန်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါ ပြောစရာစကားပင် မဲ့သွားရသည့် ခံစားချက်တစ်ခုက သူ၏နှလုံးသားထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။
ဒီမြေနိုးကောင်က သူ့ကို ယောက်ခထီးဟု ခေါ်ခဲ့သော်လည်း၊ တစ်ယောက်တည်း ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့သည်။ ဒီယောက်ခထီးနှင့်ပတ်သက်ပြီး သူ ဘာတွေးများ တွေးထားပါလဲ?။
ချင်ယွင်သည် သူ၏ဘေးမှာ ရပ်နေသော ယုလင်းယွန်ကို ဂရုမစိုက်ပါဘူး။ ယင်းအစား၊ သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးဖြင့် အဝေးသို့ ထွက်ပြေးသွားသော ကျောက်ဝူကျင်းကို ကြည့်လိုက်သည်။
"သွား..”
ချင်ယွင်သည် တိုးညှင်းစွာ အော်လိုက်ပြီး၊ သူ၏ရှေ့မှာ လွင့်မျောနေသော အင်မော်တယ် သတ်ဖြတ်ခြင်းဆူးသုံးချောင်းထဲမှ တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူသည် သူ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်နှင့်၊ အင်မော်တယ် သတ်ဖြတ်ခြင်းဆူးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဟုန်ဖြင့် ပစ်လွင့်သွားလေသည်။
"အား…”။
အဝေးမှ အလွန်သနားစရာကောင်းသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။
ထိုအသံကို ကြားတော့ ချင်ယွင်က ပြုံးလိုက်ပြီး ဒုတိယမြောက် အင်မော်တယ် သတ်ဖြတ်ခြင်းဆူးကို ဆက်ပြီး ပစ်ထုတ်လိုက်ပြန်သည်။
"အား…" ဝံပုလွေအော်သံကဲ့သို့ နောက်ထပ် အော်သံတစ်ချက် ထွက်ပေါ်လာပြန်သည်။
ယုလင်းယွန်သည် ဤအော်သံကို ကြားသောအခါ၊ သူ၏မျက်နှာသည် အလွန် ဖျော့တော့သွားခဲ့သည်။ ယခုလေးတင်၊ သူ မလှုပ်မရှား ဖြစ်လိုက်သည့်အတွက်၊ သူ၏ စိတ်ထဲ တိတ်တဆိတ် ကြည်နူးနေမိသည်။
ခြံဝင်းတံခါးဝမှာ ရပ်နေသော ယုဒီအာသည်လည်း ထိတ်လန့်လွန်းသဖြင့်၊ ပါးစပ်ကို ပိတ်ပြီး စကားမပြောနိုင်ဘဲ မတ်တပ်ရပ်နေသည်။
ချင်ယွင်သည် သူ၏လုပ်ရပ်တွေကို ရပ်တန့်လိုက်ခြင်း မရှိပါဘူး။ ဒုတိယအကြိမ် ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက်၊ သူသည် တတိယမြောက် အင်မော်တယ် သတ်ဖြတ်ခြင်းဆူးကို ဆက်လက် ထုတ်ယူလိုက်သည်။
ချင်ယွင်သည် သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အင်မော်တယ် သတ်ဖြတ်ခြင်း ဆူးကို ပစ်လွှတ်လိုက်သည်။ သို့သော်၊ ယခုတကြိမ်မှတော့ ယခင်ကနှင့် မတူတော့ပါဘူး။ ချင်ယွင်သည် ၎င်းပေါ်တွင် လျှပ်တပြက် မိုင်တစ်သောင်းနိယာမကို အသုံးပြုထားရုံ သာမကဘဲ၊ ရှေးဟောင်း ဖရိုဖရဲ စုတ်ဖြဲခြင်းနိယာမကိုလည်း ထည့်သွင်းခဲ့သည်။
ဝှီး….။
အင်မော်တယ် သတ်ဖြတ်ခြင်းဆူးသည် ပစ်လွှတ်သွားပြီးနောက်၊ ၎င်းသည် လေဟာနယ် ထဲသို့ တိုက်ရိုက် ပျောက်ကွယ်သွားပြီး၊ ကောင်းကင်ယံ တုန်လှုပ်သွားလောက်သည့် အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။
ဆယ်မိုင်အကွာ နံရံတံတိုင်းပေါ်တွင်၊ ကျောက်ဝူကျင်းသည် ဆူးချွန်သုံးချောင်းဖြင့် နံရံတွင် ချိတ်ဆွဲခံထားရသည်။
သို့သော်လည်း လမ်းသွားလမ်းလာများသည် ထိုမြင်ကွင်းကို မြင်သောအခါတွင်၊ သူတို့သည် သူ့ကို လက်ညှိုးထိုးပြီး ဟက်ဟက်ပက်ပက် ရယ်မောကြသည်။
အဘယ်ကြောင့်ဆိုသော် ဤအင်မော်တယ်သတ်ဖြတ်ခြင်း ဆူးသုံးချောင်းစလုံးသည် သူ၏ ပေါင်ခြံခွကြားကို တွဲ၍ ထိုးဖောက်ဝင်ရောက်နေသောကြောင့် ဖြစ်သည်။
ယခုအချိန်တွင်၊ ကျောက်ဝူကျင်းသည် သေချင်နေမိသည်။ အင်မော်တယ် သတ်ဖြတ်ခြင်း ဆူးများကြောင့် ပျက်စီးသွားသော ဒဏ်ရာများသည် ပြန်လည်ကုစား၍ မရနိုင်တော့ပါဘူး။ တစ်နည်းဆိုရသော်၊ သူသည် ဤဘဝတစ်သက်တာလုံး မိန်းမစိုးတစ်ယောက် ဖြစ်လာပါ တော့မည်။
ထိုအကြောင်းကို တွေးတောရင်း၊ ကျောက်ဝူကျင်းသည် သွေးအန်ပြီး မူးမေ့သွားခဲ့သည်။
ချင်ယွင်သည် ကျောက်ဝူကျင်းတစ်ယောက် မူးမေ့လဲသွားသည်ကို မြင်သောအခါ၊ သူ၏ မျက်လုံးများသည် ဖျတ်ခနဲ အပြုံးရိပ်တစ်ချက် ပေါ်လာပါသည်။
သူသည် ကျောက်ဝူကျင်းကို မသတ်ခဲ့သလို ကျောက်ဝူကျင်း၏ ကျင့်ကြံမှုအခြေခံကိုလည်း သုံးစားမရဖြစ်အောင် မလုပ်ခဲ့ပါဘူး။ သူသည် ကျောက်ဝူကျင်း၏ ခန္ဓာကိုယ်အောက်ပိုင်းကို သာ သုံးစားမရဖြစ်အောင် လုပ်ခဲ့ခြင်းဖြစ်ပါသည်။ သူ့အတွက် ယခုမှအချိန်မှစပြီး ယောက်ျားတစ်ယောက်ပြန်ဖြစ်လာဖို့ မဖြစ်နိုင်တော့ပါဘူး။
သူ ယခုလိုလုပ်ရသည့် အကြောင်းရင်းက ဟောင်ခွန်ကို ရင်ဆိုင်ခိုင်းရန်အတွက် ဤကျောက်ဝူကျင်းကို ချန်ထားခဲ့ခြင်း ဖြစ်ပါသည်။
အကယ်၍၊ ချင်ယွင်သည် ကျောက်ဝူကျင်းကို သတ်ခဲ့ပါက၊ ဟောင်ခွန်သည် သူ၏ ကျင့်ကြံမှုကို တိုးမြှင့်စေရန် စေ့ဆော်မှုပါ ဆုံးရှုံးသွားမည် ဖြစ်သည်။ ဤအရာသည် ချင်ယွင် လိုချင်သည့်အရာ မဟုတ်ပါဘူး။
ကျောက်ဝူကျင်းနှင့် ရင်ဆိုင်ပြီးနောက်၊ ချင်ယွင်သည် ယုလင်းယွန်ဘက်သို့ လှည့်ကြည့် လိုက်သည်။
ယုလင်းယွန်သည် ချင်ယွင် သူ့ဆီသို့ လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပါသည်။
တံခါးနားမှာရပ်နေသော ယုဒီအာက အလောတကြီး အော်ပြောလိုက်သည် "ငါ့အဖေကို မထိခိုက်ပါစေနဲ့”။
ချင်ယွင်က ပြုံးလိုက်ပြီး ယုလင်းယွန်ဆီသို့ လမ်းလျှောက်မသွားခင် ယုဒီအာကို စိတ်ချ လက်ချနေပါဟူသော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ခေါင်းဆောင်ယု၊ ကျုပ် ဘယ်သူလဲဆိုတာနဲ့ ဘာအတွက် ဒီနေရာကို ရောက်လာလဲဆိုတာ ခင်ဗျား သိသင့်ပါတယ်၊ ဟုတ်တယ်မဟုတ်လား?။ ဆိုတော့၊ ဟောင်ခွန်က ကျုပ်ရဲ့ အစ်ကိုကြီးဖြစ်သလို၊ ယုဒီအာကလည်း ကျုပ်ရဲ့ခယ်မပဲ။ တကယ်လို့၊ ခင်ဗျားဘက်က သဘောတူရင်၊ ကျုပ်တို့က မိတ်ဆွေကောင်းတွေ ဖြစ်လာလိမ့်မယ်။ ခင်ဗျားဘက်က သဘောမတူဘူးဆိုရင်တော့ ကျုပ်တို့ စကားကောင်းကောင်းပြောဖို့ လိုလာလိမ့်မယ်။" ချင်ယွင်သည် ယုလင်းယွန်၏ နံဘေးသို့ လျှောက်သွားကာ အနှိုင်းမဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော လေသံဖြင့် ပြောလိုက်သည်။
"သဘောတူတယ်၊ သဘောတူပါတယ်။ ဒီအာနဲ့ ဟောင်ခွန်တို့က ချစ်နေပြီးသားဆိုမှတော့ ဘယ်လိုလုပ် ငါ သဘောမတူဘဲ နေမလဲ။" ယုလင်းယွန်က ကမန်းကတန်း ပြောလိုက်ပြီး၊ အေးစက်သော ချွေးများက သူ၏နဖူးပေါ်တွင် စိုရွှဲနေသည်။
"ခေါင်းဆောင်ယု၊ ခင်ဗျားက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ဒါဆိုလည်း ကျုပ်ရဲ့ခယ်မ ကို ကျုပ်အစ်ကိုကြီးနဲ့ တွေ့ဖို့ ခေါ်သွားလို့ရမလား?” ချင်ယွင်က ပြုံးပြုံးရွှင်ရွှင် အမူအရာဖြင့် ပြောနေသော်လည်း၊ သူ၏အပြုံးက ယုလင်းယွန်၏ မျက်လုံးထဲတွင် ယာမဘုရင်၏ဒေါသထက်ပင် ပိုကြောက်စရာကောင်းနေပါသည်။
"သေချာပေါက်၊ ရတာပေါ့။ ကျေးဇူးပြုပြီး ခေါ်သွားလိုက်ပါ”။ ယုလင်းယွန်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။
ချင်ယွင်က ညင်သာစွာ ပြုံးလိုက်သည်။ ဤယုလင်းယွန်သည် အခက်အခဲများကို ကြောက်ရွံ့ပြီး အနိုင်ကျင့်ခံလိုသူ ဖြစ်သည်။ သူ့အတွက် ဤကဲ့သို့လူမျိုးကို ခြိမ်းခြောက်လို့ မရဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
ယုဒီအာသည် ဟောင်ခွန်ကို သွားတွေ့ရန် သူမ၏အဖေက သဘောတူကြောင်းကို ကြားလိုက်ရသောအခါ ၊သူမသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြေးလာသည်။
ချင်ယွင်က သူမ၏အဖေကို သဘောတူပေးရန် ခြိမ်းခြောက်ခဲ့သည်ကို သူမ သိသော်လည်း၊ ဟောင်ခွန်ကို တွေ့မြင်နိုင်သရွေ့၊ သူ မည်သည့်နည်းလမ်းမျိုး အသုံးလဲဆိုသည်ကို သူမအနေဖြင့် ဂရုမစိုက်နိုင်တော့ပါဘူး။
"ခယ်မ၊ ဒါဆိုလည်း သွားရအောင်" ချင်ယွင်က ယုဒီအာကို ပြောလိုက်သည် ။
ယုဒီအာသည် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ အထူးသဖြင့်၊ ချင်ယွင်သည် သူမကို သူ၏ ခယ်မအဖြစ် ခေါ်သံကြားသောအခါတွင်၊ သူမ၏ နှလုံးသားသည် ရင်ခုန်သံများဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်က ပြုံးလိုက်ရင်း၊ ယုဒီအာ၏ ပတ်ပတ်လည်တွင် အစွမ်းထက်သော ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရဖြင့် ရစ်ပတ်ရန် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်း လိုက်ပါသည်။ ထို့နောက် သူတို့နှစ်ဦးသည် ယုလင်းယွန်၏ အကြည့်များအောက်မှာပင် ပျောက်ကွယ်သွားခဲ့သည်။
"မြန်လိုက်တာ။ သူက ဘယ်လို ခွန်အားမျိုးတွေ ပိုင်ဆိုင်ထားတာလဲ?။" ယုလင်းယွန်က ချင်ယွင် ထွက်သွားသည့် လမ်းကြောင်းကို ကြည့်လိုက်ပြီး သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ရေရွတ်လိုက်မိပါသည်။
သို့သော် ချင်ယွင်၏ ရက်စက်သော နည်းလမ်းများကို ပြန်သတိရသောအခါတွင်၊ သူသည် ကျောရိုးအောက်ခြေအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ ချင်ယွင်သည် ကျောက်ဝူကျင်း၏ဆရာ အင်မော်တယ်ဘုရင် ယွန်လုံထက်ပင် ပို၍ ကြောက်စရာ ကောင်းသည်ဟု သူခံစားမိသည်။
"မှန်တယ်၊ ကျောက်ဝူကျင်းရော…"
ယုလင်းယွန်သည် ဤအကြောင်းကို တွေးမိလျှင်၊ သူ၏မျက်နှာက ချက်ချင်း ဖြူဖျော့ သွားသည်။
ထို့ကြောင့်၊ ယုလင်းယွန်သည် အလင်းတန်းတစ်ခုအဖြစ်သို့ အလျင်အမြန် ပြောင်းလဲကာ၊ ကျောက်ဝူကျင်းရှိရာ အရပ်ဆီသို့ ဦးတည်သွားခဲ့သည်။ သို့သော်၊ နံရံပေါ်တွင် ကျောက်ဝူကျင်း သံမှိုဖြင့်ရိုက်သလို စွဲကပ်ရိုက်ခံထားရသည့်အပိုင်းကို သူ မြင်သောအခါ၊ တံတွေးတစ်လုတ် မျိုချလိုက်ရပြီး၊ အထိန်းနိုင်ဘဲ သူ၏ ဘောင်းဘီရှည်ထဲတွင် အေးစက် သွားသည်ကိုပါ ခံစားလိုက်ရသည်။
ထိုအချိန်တွင်၊ ကျောက်ဝူကျင်းသည် အလွန်မင်း ဒေါသထွက်နေပြီ ဖြစ်သည်။ ဟုတ်ပါသည်။ သူသည် မူးမေ့၍သတိလစ်သွားခြင်း မရှိခဲ့ပါဘူး။ သူသည် သေဘေးမှ လွတ်မြောက်လိုသည့်အတွက် သတိလစ်သွားသလို ဟန်ဆောင်လိုက်ခြင်းသာ ဖြစ်ပါ သည်။ သို့သော်လည်း၊ ချင်ယွင်က သူ့ကို အမှန်တကယ် မသတ်ဟု သူ မျှော်လင့်မထားခဲ့ ပေ။
"ဟမ့်၊ ချင်ယွင်၊ မင်း ဒီနေ့ ငါ့ကို မသတ်ခဲ့မိဘူး။ ဒီအတွက် နောင်အနာဂတ်မှာ မင်း သေချာပေါက် နောင်တရလိမ့်မယ်။ ငါကျောက်ဝူကျင်းကို အရှက်ရစေတဲ့ အကျိုးဆက် တွေကို မင်းကို ငါပြောပြမယ်။" ကျောက်ဝူကျင်းသည် သူ၏စိတ်နှလုံးထဲတွင် ဟိန်းဟောက်ပြီး၊ သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုသည့်ဆန္ဒက စုစည်းလားခဲ့သည်။