အခန်း ၈၃၇
Vol. 56 Ch. 837
အခန်း (၈၃၇) စိန်လေး အစွမ်းပြခြင်း။
"အယ်၊ ဒါက ရုပ်သေးတစ်ရုပ်လား?။"
အဝေးမှ အင်မော်တယ်ဘုရင် ယွန်လုံနှင့် ရှန်ကွမ်းဘိုင်တို့သည် အံ့အားသင့်သော အမူအရာ များကို ထုတ်ဖော်ထားကြပြီး၊ ချင်ယွင်သည် အဘယ်ကြောင့် ရုပ်သေးတစ်ရုပ်ကို ရုတ်တရက် ခေါ်ထုတ်လာရသည်ကို သူတို့ နားမနိုင်လည်ကြပေ။
ဘေးတဘက်တွင်၊ ဝမ်မိုနှင့် အခြားလူများသည်လည်း ချင်ယွင်ကို အံ့သြစွာ ကြည့်နေကြ သည်။
"ဆရာ၊ မင်း ငါ့ကို ရှာနေတာလား?" စိန်လေးသည် ချင်ယွင်၏အနားမှာ ပေါ်လာပြီး ကြောင်တက်တက် အမူအရာဖြင့် မေးလိုက်သည်။
"အင်း၊ စိန်လေး၊ ဒီအဘိုးကြီးကို သတ်ဖို့ ကူညီပေးပါ" ချင်ယွင်သည် အဝေးမှ အင်မော်တယ်ဘုရင်ယွန်လုံကို ညွှန်ပြပြီး ပြောလိုက်သည်။
အင်မော်တယ်ဘုရင်ယွန်လုံသည် ထိုစကားကို ကြားသောအခါ သူသည် တခဏမျှ မှင်သက်သွားသည်။ ထို့နောက်၊ သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဒီချင်ယွင်က အမှန်တကယ်ပင် သူ့ကို သတ်ပေးဖို့ ရုပ်သေးတစ်ရုပ်ကို ပြောနေခဲ့သည်။ ရုပ်သေးတစ်ရုပ် က အင်မော်တယ်ဘုရင်တစ်ယောက်ကို သတ်နိုင်မည်ဟု သူ ထင်နေပါသလား?။
ရှန်ကွမ်းဘိုင်သည် မျက်မှောင်ကြုတ်ဘဲ မနေနိုင်တော့ပြီ။ သူက ချင်ယွင်ကို စိတ်ရှုပ်ထွေး စွာ ကြည့်လိုက်သည်။ ရုပ်သေးတစ်ရုပ်သည် အင်မော်တယ်ဘုရင် တစ်ယောက်ကို သတ်နိုင်မည်ဟု သူ မထင်ပေ။
"ကောင်းပါပြီ ဆရာ" စိန်လေးက ချက်ချင်း သဘောတူလိုက်ပြီး၊ ကြိုးစားချင်စိတ် ပြင်းပြနေသည့်အလား၊ သူ၏မျက်လုံးတွေက ဝင်းလက်တောက်ပနေသည်။
စိန်လေးသည် တိုက်ခိုက်လိုစိတ် ပြင်းပြသူဖြစ်ကြောင်း ချင်ယွင် သိထားသည်။ စိန်လေး၏ မျက်လုံးများတွင် တိုက်ခိုက်လိုသည့်စိတ်ဆန္ဒကို မြင်လိုက်ရတော့၊ စိန်လေးသည် မည်သို့သော ခွန်အားမျိုးကို ပြသနိုင်မည်နည်းဆိုသည်ကို သူလည်း သိချင်လာမိသည်။
စိန်လေးသည် အင်မော်တယ်ဘုရင်ယွန်လုံကို တိုက်ခိုက်ရန် အသင့်ဖြစ်နေသကဲ့သို့ သူ၏ခေါင်းကို လှည့်ကြည့်လိုက်သည်။
"ဟမ့်၊ ရုပ်သေးတစ်ရုပ်က ငါ့ကို သတ်ချင်နေတယ်။ တကယ်ကို အိပ်မက်မက်နေတာပဲ။ ငါ မင်းကို အပိုင်းပိုင်း ခွဲပစ်မှာကို စောင့်ကြည့်နေလိုက်"။ အင်မော်တယ်ဘုရင်ယွန်လုံသည် စိန်လေး လှုပ်ရှားတော့မည်ကို မြင်သောအခါ၊ သူ၏မျက်လုံးထဲတွင် ရှုံ့ချသောအကြည့်က ပေါ်လာသည်။
ဝှီး…။
သို့သော်လည်း ဤအခိုက်အတန့်တွင်၊ အင်မော်တယ်ဘုရင်ယွန်လုံ၏ ရှေ့မှာ ကောင်းကင်ယံမှ ပုံရိပ်တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။
"ဘာလဲဟ..?" အင်မော်တယ်ဘုရင်ယွန်လုံသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ရှင်းရှင်းပြောရရင်၊ ဤရုပ်သေးရုပ်သည် ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သို့သော် သူ့ကို အံ့အားသင့်စေမည့်အရာက ဆက်ရှိနေသေးသည်။
"မင်းဦးလေးရဲ့လက်သီးကို ခံယူလိုက်စမ်း”။
စိန်လေးက ကျယ်လောင်စွာ အော်လိုက်သည်။ စိန်လေးထံမှ မာကျောလှသော စိန်လက်သီးက အင်မော်တယ်ဘုရင်ယွန်လုံ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် တိုးဝင်သွား ခဲ့သည်။ ထိုလက်သီးချက်တွင် မနှိုင်းယှဉ်နိုင်အောင် ပြင်းထန်သည့် စွမ်းအင်အတက်အကျ လှိုင်းများ ပါရှိနေသည်။
အင်မော်တယ်ဘုရင်ယွန်လုံသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူသည် သူ၏ အင်မော်တယ် အနှစ်သာရကို စုစည်းပြီး စိန်လေးထံမှ ထွက်ပေါ်လာသော ထိုလက်သီးချက်ကို ပိတ်ဆို့တားဆီးလိုဟန်ဖြင့် လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
"ဖျစ်…."
ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော အသံနှင့်အတူ၊ အင်မော်တယ်ဘုရင် ယွန်လုံ၏ လက်မောင်းရိုးတစ်ခုလုံး ကွဲအက်သွားသည်။
"ဘာလဲ?"
အဝေးက လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အရမ်းကို အံ့သြသွားကြပါပြီ။
အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် ရုပ်သေးတစ်ရုပ်ကြောင့် ကွဲကြေသွားရပြီလား?။
ချင်ယွင်ကတော့ ဤအရာကို လုံးဝ မအံ့သြပါဘူး။ စိန်လေး၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သူ့ထက်ပင် မြင့်မားပြီး၊ အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းတစ်ခုနှင့် ပင် ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ သူ၏ခန္ဓာကိုယ်အတွင်း၌ အဆုံးမရှိသော စွမ်းအားများကို ဖြည့်ပေးနိုင်စွမ်းသည့် အစွမ်းထက် ဝိညာဉ်အနှစ်သာရလည်း ရှိနေပါ သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အစီအရင်ဖွဲ့စည်းမူ ပုံစံများဖြင့် ဆိုလျှင်၊ ချင်ယွင်သည်ပင် စိန်လေးကို အနိုင်ယူနိုင်သည်ဟု မပြောဝံ့ခဲ့ပေ။
စိန်လေးသည် နာကျင်မှု လုံးဝ မခံစားရဘူးဆိုသည်ကို သိထားရလိမ့်မည်။ သူသည် ပြီးပြည့်စုံသော လူသတ်စက် ဖြစ်သည်။
အင်မော်တယ်ဘုရင်ယွန်လုံသည် စိန်လေးကို ထိတ်လန့်စွာ ကြည့်ရင်း နာကျင်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ဘန်း…။
စိန်လေးသည် ထိုနေရာတွင် ရပ်တန့်မနေပါ။ သူသည် လျှပ်စီးလက်သကဲ့သို့ ထပ်မံ၍ လက်သီးတစ်ချက်ကို ထိုးလိုက်ပြန်ပြီး၊ အင်မော်တယ်ဘုရင်ယွန်လုံကို ပြင်းပြင်းထန်ထန် ထုချေလိုက်သည်။ တောက်ပသော ခုနစ်ရောင်ခြယ် နတ်ဘုရားအလင်းတန်းသည် သူ၏လက်သီးပေါ်တွင် လင်းလက်သွားပြီး သူ၏အစွမ်းသည် ကြီးမားလှသည်။
အင်မော်တယ်ဘုရင် ယွန်လုံသည် စိန်လေး၏ ကြောက်စရာကောင်းသော စွမ်းအားကို ခံစားလိုက်ရသည်။ ယခုတစ်ခါတော့၊ သူသည် စိန်လေးကို ထိပ်တိုက် ရင်မဆိုင်ရဲတော့ပါ ဘူး။ ယင်းအစား၊ သူသည် ဓားရှည်တစ်ချောင်းကို ထုတ်လိုက်သည်။
ချွင်..။
စိန်လေး၏ လက်သီးသည် အင်မော်တယ်ဘုရင်ယွန်လုံ၏ ဓားပေါ်သို့ ကျရောက်သွား သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ အင်မော်တယ်ဘုရင်ယွန်လုံသည် သူ၏ ဓားနှင့်အတူ လွင့်ပျံသွားသည်။
အဝေးမှ လူတွေအားလုံး ဤမြင်ကွင်းကို မြင်လိုက်ကြသည့်အခိုက် အေးစက်သည့်လေကို ရှုရှိုက်မိကြသည်။
စိန်လေးသည် လက်သီးတစ်ချက် ထိုးဖောက်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် မျှ ရပ်တန့်မသွားခဲ့ပေ။ ယင်းအစား၊ သူသည် ပုံရိပ်များအဖြစ်သို့ အစီအရီ ပြောင်းလဲကာ အင်မော်တယ်ဘုရင် ယွန်လုံဆီသို့ ပျံသန်းသွားခဲ့သည်။
ဝှီး…။
စိန်လေး ပျံသန်းလာနေသည်ကို မြင်လိုက်ရတော့၊ အင်မော်တယ်ဘုရင်ယွန်လုံသည် သူ၏ အင်မော်တယ် အနှစ်သာရကို အလျင်စလို စုစည်းပြီး၊ သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းသည် စိန်လေးဆီသို့ အပြင်းအထန် ရိုက်ခတ်လာစဉ်၊ တုနှိုင်းမရအောင် အစွမ်းထက်သော စွမ်းအားများ ပါဝင်နေခဲ့သည်။
သို့သော် စိန်လေးသည် ဓားအလင်းကို ရှောင်တိမ်းခြင်းမရှိဘဲ၊ ဓားအလင်းက သူ၏ ခန္ဓာကိုယ်ကို တရစပ် တိုက်ခိုက်ခွင့် ပေးထားခဲ့သည်။
"ဘန်း…”။
ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာသည်။ သို့သော်၊ ကြောက်မက်ဖွယ် ဓားအလင်းကြောင့် စိန်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာလုံးဝ မကျန်ရစ်ခဲ့ဘဲ တခဏ ရပ်တန့်သွားရုံသာ ဖြစ်ခဲ့သည်။
"ဘာလဲဟ?" အင်မော်တယ်ဘုရင်ယွန်လုံသည် စိန်လေး၏ ပုံမှန်မဟုတ်သော အကာကွယ် ကြောင့် လုံးဝ ထိတ်လန့်သွားသည်။
သို့သော် ထိုအခိုက်တန့်တွင်၊ စိန်လေး၏ ရုပ်အသွင်သည် အင်မော်တယ်ဘုရင်ယွန်လုံ၏ ရှေ့တွင် ထူးဆန်းစွာ ပေါ်လာသည်။
"အင်မော်တယ်ဘုရင်တစ်ယောက်က ဒီထက်ပိုပြီး ဘာမှ မရှိတော့ဘူးလား?။" စိန်လေးက သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး၊ ပြင်းထန်သော လက်သီးချက်က အင်မော်တယ် ဘုရင်ယွန်လုံ ၏ ရင်ဘတ်ထဲကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခဲ့ပါသည်။
"ဘန်း…။"
အင်မော်တယ် ဘုရင်ယွန်လုံသည် ကောင်းကင်ကြီးပင် မှိန်ဖျော့သွားသလို ခဏတာသာ ခံစားလိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အထိန်းအကွပ်မဲ့စွာ အောက်သို့ အပြင်းအထန် ပစ်ကျသွားခဲ့သည်။
"ဘုန်း…”။
အင်မော်တယ်ဘုရင်ယွန်လုံ၏ ခန္ဓာကိုယ်သည် ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ မြေပြင်ပေါ်သို့ ပစ်ကျသွားခဲ့ပြီး၊ အချင်း ၁၀၀၀ မီတာရှိသော တွင်းနက်ကြီးကိုပင် တိုက်ရိုက် ဖန်တီးလိုက်သည်။
"မင်း ဒဏ်ရာရနေတဲ့အချိန်မှာ မင်ရဲ့အသက်ကို ငါ ယူရမယ်" ချင်ယွင်ထံမှ သူသင်ယူခဲ့ သော အရာတစ်ခုကို စိန်လေးက ပြောလိုက်ပြီး၊ သူ၏ ရုပ်အသွင်သည်လည်း အင်မော်တယ်ဘုရင် ယွန်လုံ ပြုတ်ကျသလိုမျိုး တွင်းနက်ကြီး၏ အလယ်ဗဟိုသို့ အပြင်းအထန် ထိုးဆင်းသွားခဲ့သည်။
ဤတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ပေါင်းစည်းထားသည်။ အကယ်၍၊ အင်မော်တယ်ဘုရင် ယွန်လုံသာ ရိုက်နှက်ခံလိုက်ရပါက၊ သူသည် ဤနေရာ တွင် သူ၏အသက်ကို လွှဲပြောင်းပေးရပေလိမ့်မည်။
"အင်မော်တယ်ဘုရင်တစ်ပါးကို အနိုင်ကျင့်ဖို့ အရမ်းကို လွယ်ကူနေတယ်လို့ မင်းတို့ တကယ် ထင်နေတာလား?။ ပြီးတော့ အင်မော်တယ်ဘုရင်တစ်ပါးက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ မင်းတို့ကို ငါ ကြည့်စမ်းခွင့်ပေးမယ်။" တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသော အင်မော်တယ်ဘုရင် ယွန်လုံသည် သူ့ဆီသို့ အပြင်းအထန် ရိုက်နှက်ရန်လာနေသော စိန်လေးကို ကြည့်ရင်း၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာလေသည်။
ထို့နောက်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးပင် ရုတ်တရက် ရွေ့လျားသွားပုံရ သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွား ပြီး အင်မော်တယ်ဘုရင် ယွန်လုံ၏ ခန္ဓာကိုယ်မှ ဖော်မပြနိုင်အောင် ပြင်းထန်သော တော်ဝင်တာအိုစွမ်းအားက ထွက်ပေါ်လာခဲ့သည်။
အင်မော်တယ်ဘုရင်ယွန်လုံသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီးနောက်၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက သူ၏လက်ဖဝါးမှ ပျံထွက်သွားလေသည်။
ရုတ်တရက်ဆိုသလို၊ စိန်လေးသည် လေထဲမှ မမြင်နိုင်သော လက်တစ်ဖက်ဖြင့် အပြင်းအထန် ရိုက်နှက်ခံလိုက်ရသလို ဖြစ်သွားပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း လွင့်ပျံသွားခဲ့သည်။
သူသည် အကွာအဝေးသို့ လွင့်ထွက်သွားပြီး၊ မရပ်တန့်နိုင်မီ မြေပြင်ပေါ်တွင် ပေတစ်သောင်းအကွာအဝေးအထိ စွပ်ကြောင်းတစ်ခုကို ဆွဲငင်သွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် လေးနက်သော အမူအရာနှင့်အတူ ပြူးကျယ်သွားရသည် ။
"ဒါက တော်ဝင်တာအိုရဲ့ စွမ်းအားပဲလား?။ သေချာပါတယ်။ ဒီစွမ်းအားက ငါထင်ထားတာ ထက်တောင် ပိုအားကောင်းနေတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
အင်မော်တယ်ဘုရင်ယွန်လုံ၏ စွမ်းအင်အတက်အကျလှိုင်းများအတွင်း ပါရှိနေသော စွမ်းအားသည် သူ၏ နိယာမစွမ်းအားများထက် အဆပေါင်းများစွာ ကျော်လွန်နေပြီး၊ ၎င်း၏ စွမ်းအားသည် မြင်ရသူတိုင်းကို နှလုံးခုန်ရင်တုန်စေသည်အထိ ကြောက်စရာကောင်းလှ သည်။
ကံကောင်းထောက်မစွာ၊ စိန်လေး၏ခန္ဓာကိုယ်သည် အနှိုင်းမဲ့ သန်မာလွန်း၏။ ဤလက်ဖဝါးရိုက်ချက်ကြောင့် သူ့ကို ထိခိုက်မှု တစ်စုံတစ်ရာမျှ မရှိစေခဲ့ပါ။ သို့သော် ချင်ယွင်သည် အင်မော်တယ်ဘုရင်ယွန်လုံကို စိန်လေးအနေဖြင့် အနိုင်ယူရန် မဖြစ်နိုင်တော့ကြောင်းကို ချင်ယွင် သိလိုက်ပြီ။
"ကြည့်ရတာ၊ ကျုပ် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့ လိုနေသေးပုံရတယ်။ ဒီတော်ဝင်တာအို အစွမ်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို ခင်ဗျားက ကျုပ်ကို ကြည့်ခွင့် ပေးတယ်ဆိုတော့ ဒါလည်း ကောင်းပါတယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု သူ၏မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။
ထို့ကြောင့်၊ ချင်ယွင်သည် စိန်လေးကို ဟောင်ခွန်နှင့် အခြားလူများကို ကာကွယ်ရန် တိုက်ရိုက် ညွှန်ကြားလိုက်ပြီးနောက်၊ သူကိုယ်က လေထဲသို့ ခြေနင်းလိုက်သည်။
ထိုအချိန်တွင်၊ အင်မော်တယ်ဘုရင် ယွန်လုံသည် တွင်းနက်ကြီးထဲမှ ထွက်လာခဲ့ပြီး ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် စိတ်မကောင်းဖွယ် မြင်ကွင်းမျိုးဖြစ်နေ သော်လည်း သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ မရှိပေ။
သူ၏ အေးစက်သော မျက်လုံး တစ်စုံသည် ချင်ယွင်ကို ကြည့်နေခဲ့ပြီး၊ သူ၏မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"မျိုးမစစ်ကောင်လေး၊ မင်းက ငါ့ကို တော်ဝင်တာအိုရဲ့ စွမ်းအားကို အသုံးပြုဖို့ အတင်းကြပ် တွန်းအားပေးခဲ့တယ်။ ဒီနေ့ ငါ ဘာတွေပဲပြောခဲ့ပြောခဲ့၊ မင်းတို့ ထွက်သွားဖို့ မဖြစ်နိုင်တော့ ဘူး။ ဒီရုပ်သေးလေး အပါအဝင် မင်းတို့အားလုံး ဒီနေ့ သေရမယ်" အင်မော်တယ် ဘုရင်ယွန်လုံသည် ဒေါသထွက်နေသော ခြင်္သေ့ကဲ့သို့ ပြောလိုက်သည်။ သူ၏နောက်၌ အင်မော်တယ်ဘုရင်၏ ကိုယ်ပွားတစ်ခုကို သိပ်သည်းထားပြီး၊ ထိုအင်မော်တယ်ဘုရင်၏ စွမ်းအားသည် ချက်ချင်းပင် ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားခဲ့သည်။