← Chapters

အခန်း ၈၄၀

Vol. 56 Ch. 840

အခန်း ၈၄၀

Vol. 56 Ch. 840

အခန်း (၈၄၀) ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိ။

လူငယ်နှစ်ဦးသည် ချင်ယွင်၏စကားကို ကြားသောအခါ ချက်ခြင်း ဒေါသဖြစ်သွားကြသည်။ သို့သော်၊ ချင်ယွင်အပေါ် ၎င်းတို့၏ဒေါသကို ပေါက်ကွဲလိုက်ချင်သော်လည်း၊ ၎င်းတို့၏ ခန္ဓာကိုယ်သည် လုံးဝ မလှုပ်ရှားနိုင်သည်ကို တွေ့ရှိလိုက်ရသည်။ သူတို့သည် ချင်ယွင်ကို မျက်လုံးများဖြင့်သာ စိုက်ကြည့်နိုင်ခဲ့သည်။

ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် "ပျော်တယ်" ဟု အော်ဟစ် ကြုံးဝါးလိုက်ပြီးနောက်၊ ထိုထူးဆန်းသော ဥက္ကာခဲကြီးကို အာရုံစိုက်လိုက်ပြန်သည်။

အချင်း မီတာတစ်ရာနီးပါးရှိသော သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဧရာမဥက္ကာခဲကြီးသည် သာမန် ဥက္ကာခဲနှင့် မတူကြောင်း သူ တွေ့ရှိလိုက်ရသည်။ ၎င်းသည် ချင်ယွင် မည်သည့်အခါမှ မမြင်ဖူးသည့် ထူးဆန်းသော အနက်ရောင်သတ္တုတစ်မျိုး ဖြစ်နေသည်။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ အပေါက်များမှလွဲ၍၊ ၎င်းသည် အခြေခံအားဖြင့် သာမန်စက်လုံးကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး၊ ၎င်း၏အတွင်းပိုင်းသည်လည်း အစိုင်အခဲကြီး ဖြစ်သည်။

သို့သော်၊ ချင်ယွင်ကို အမှန်တကယ် စူးစမ်းစေလိုသည့်အရာက ထိုအရာများ မဟုတ်ဘဲ၊ ၎င်းဥက္ကာခဲပေါ်တွင် ပါရှိသော ပြင်းထန်သော စုပ်ယူမှုစွမ်းအား ဖြစ်သည်။

ယခုအချိန်တွင် ချင်ယွင်သည် ဤဧရာမစက်လုံးကြီးကို လက်မဝက်ခန့်ပင် မခွာနိုင်ပါချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တင်းတင်းကြပ်ကြပ် ကပ်နေသကဲ့သို့ သူသည် မည်မျှပင် ခက်ခက်ခဲခဲ ဆွဲထုတ်ပါစေ၊ ဆွဲမထုတ်နိုင်ဘဲ ဖြစ်နေသည်။

"ဒီအရာက ဘာကြီးလဲ?။ ဒါကြီးက ဘယ်လိုလုပ် ပြင်းထန်တဲ့ စုပ်ယူမူစွမ်းအား ရှိနေနိုင်တာ လဲ?" ချင်ယွင်သည် ဥက္ကာခဲကြီးမှ လွတ်မြောက်ရန် အကြိမ်ကြိမ် ကြိုးစားပြီးနောက်၊ မည်သည့်ရလာဘ်မှ ထွက်ပေါ်မလာသည့်အတွက် စိတ်ပျက်စွာ ပြောလိုက်သည်။

သူသည် ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် အနှစ်သာရနှင့် ကောင်းကင်နတ်ဘုရား စွမ်းအားကို ယခုလေးတင် အသက်သွင်းခဲ့ ပြီးဖြစ်သော်လည်း၊ ဤဥက္ကာခဲကြီး၏ အကန့်သတ် အတားအဆီးများမှ မလွတ်မြောက်နိုင်သေးသဖြင့် ရူးချင်စိတ် ပေါက်နေပြီ။

ကံကောင်းထောက်မစွာ၊ သူနှင့်အတူ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် နှစ်ကောင် ရှိနေ၍ ဖြစ်သည်။ မဟုတ်ရင်၊ ချင်ယွင်သည် ရူးသွားလိမ့်မည်။

"ဆရာ၊ ဒီဆွဲငင်အားကောင်းတဲ့အရာကြီးက အတိအကျ ဘာလဲ?" ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်ကို ခေါ်ပြီးမေးမြန်းရုံကလွဲလို့ အခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ အမှန်တကယ်လည်း၊ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ထက် ဗဟုသုတ ပိုကြွယ်ဝပါသည်။

"အယ်၊ ဒီဟာကြီးက ဘယ်ကနေ ရောက်လာတာလဲ?။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီး၊ သူ၏လေသံက အံ့အား သင့်ခြင်းများဖြင့် ပြည့်နှက်နေသည်။

"ဆရာ၊ ဒီအရာကြီးကို ဆရာ တကယ်သိလို့လား?။ ဒီအရာကြီးက ဘာလဲ?" ထိုစကားကို ကြားတော့ ရှေးဟောင်းတာအိုဆရာသခင်သည် ဤအရာကြီးကို မှတ်မိကြောင်း သိရှိသွားပြီး သူ၏မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။

"ငါလည်း မသေချာဘူး။ တကယ်လို့၊ ငါခန့်မှန်းသာ မမှားရင်၊ ဒီအရာကြီးက ဒဏ္ဍာရီဆန်တဲ့ ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိ ဖြစ်သင့်တယ်။" ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပို့လွှတ်လိုက်ပါသည်။

"ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိလား? ဘယ်လောက်တောင်မှ လွှမ်းမိုးကြီးစိုးလိုက် တဲ့ နာမည်လဲ?။ ဒါကြီးရဲ့အသုံးဝင်မူကရော ဘာလဲ?" ချင်ယွင်သည် အသံတစ်ခု အမြန်ပို့လွှတ်ပြီး စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မေးလိုက်သည်။

လမ်းခရီးတွင် ရတနာတစ်ခု ကောက်တွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ၎င်း၏ အမည်ကို ကြားလိုက်ရုံဖြင့်ပင် ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိသည် အလွန် အံ့သြဖွယ်ကောင်းသည့် ရတနာတစ်မျိုး ဖြစ်လိမ့်မည်။

"အသုံး မဝင်ဘူး။" ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပြန်ပို့လွှတ်လိုက် သည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် ရှုံ့မဲ့သွားပြီး၊ အပူမီးလောင်ကျွမ်းနေသော သူ၏ နှလုံးသားသည် ရေအင်တုံမှရေဖြင့် ငြိမ်းသတ်လိုက်သကဲ့သို့ ငြိမ်ကျသွားခဲ့သည်။

"အသုံးမကျဘူး။ ဟုတ်လား?။ ဒါဆို၊ ဒီလောက်သုံးစားမရတဲ့ဟာကြီးကို ဘာလို့ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ နာမည် ပေးထားရတာလဲ?။" ချင်ယွင်က သူ၏နှလုံးသားထဲတွင် ကျိန်ဆဲလိုက်မိသည်။

မူလက သူသည် အစွမ်းထက်သော ရတနာအချို့ကို ရရှိပြီဟု ထင်ထားခဲ့သော်လည်း၊ ရှေးဟောင်းတာအိုဆရာသခင်သည် အသုံးမဝင်ဘူးလို့ ပြောလိမ့်မည်ဟု သူ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။ ယခုအချိန်တွင်၊ ချင်ယွင်၏ နှလုံးသားသည် မည်မျှ ရူးသွပ်သွားမည်နည်း ဆိုသည်ကို တွေးကြည့်နိုင်ပါသည်။

"တကယ်တော့၊ ငါက အသုံးမဝင်ဘူးလို့ ပြောရတဲ့ အကြောင်းရင်းက အသုံးမဝင်လို့ ပြောတာမဟုတ်ဘူး။ ဒီနတ်ဘုရားသံမဏိ အမျိုးအစားက အလွန်မင်းကို မာကျောပြီး၊ လေးလံလွန်းတယ်။ ပြီးတော့၊ အဲဒီအပေါ်မှာ ပြင်းထန်တဲ့ ဆွဲငင်အားတစ်ခုလည်း ရှိနေသေးတယ်။ အင်မော်တယ်ဧကရာဇ်များတွေတောင်မှ ဒါကို လှုပ်ခါနိုင်စွမ်း မရှိကြဘူး။ ဒါကြောင့်၊ အခြားလူတွေက ဒီသံမဏိကို နတ်ဘုရားသံမဏိလို့ ခေါ်ဆိုကြပြီး၊ အဓိပတိ ဉသျှောင်အဆင့်တွေသာ လှုပ်ခါနိုင်တယ်လို့ ဆိုလိုတာပဲ” ရှေးဟောင်းတာအိုဆရာသခင် က ပြောပြပါသည်။

အင်မော်တယ် ဧကရာဇ်များပင်လျှင် မလှုပ်ခါနိုင်သော နတ်ဘုရားသံမဏိသည် အမှန်တကယ် ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိ ဖြစ်လာနိုင်ပါသည်ဟု ချင်ယွင်၏ နှလုံးသားက ရုတ်တရက် နားလည်လိုက်သည်။

"ဆရာ၊ ဒါဆိုရင်လည်း၊ ဒီထိပ်တန်းအဆင့် နတ်ဘုရားသံမဏိရဲ့ ဆွဲငင်အားကို ဘယ်လို နည်းနဲ့ လွတ်မြောက်အောင် လုပ်ရမလဲ?" ချင်ယွင်သည် ချက်ချင်းပင် စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်သည်။

"အခြားနည်းလမ်း မရှိဘူး။ မင်းအနေနဲ့ အင်မော်တယ် ဧကရာဇ်အဆင့်ကို မရောက်ဘူး ဆိုရင် ဒီထိပ်တန်းအဆင့် နတ်ဘုရားသံမဏိရဲ့ ဆွဲငင်အားကနေ လွတ်မြောက်ဖို့အတွက် အရမ်းကို ခက်ခဲလိမ့်မယ်။ ဒီထိပ်တန်းအဆင့် နတ်ဘုရားသံမဏိ အမျိုးအစားကို အရင်က ငါ မြင်ဖူးခဲ့ပေမယ့်၊ အဲဒါက လက်ဖဝါးအရွယ်လောက်ပဲ။ ဒီလောက်ကြီးတာကြီးကို အခုမှ ပထမဆုံး မြင်ဖူးတာပဲ။" ရှေးဟောင်းတာအိုဆရာသခင်က စိတ်ပိုင်းဆိုင်ရာ ပို့လွှတ် လိုက်ပြန်သည်။

ထိုစကားကို ကြားတော့၊ ချင်ယွင်သည် ချက်ချင်းဆိုသလို မျက်ရည်မကျဘဲ ငိုချင်လာသလို ခံစားလိုက်ရသည်။

သူသည် အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်သည်အထိ ဤနေရာတွင် လဲလျောင်းပြီး ကျင့်ကြံဖို့ဆိုတာ ဖြစ်ရောဖြစ်နိုင်လို့လား?။ ထိုသို့ဆိုလျှင်၊ သူသည် သေဆုံး ကောင်း သေဆုံးသွားနိုင်ပါသည်။

"အို..၊ ဟုတ်ပြီ၊ ကနဦးစကြာဝဠာကို ငါ ဘယ်လိုလုပ် မေ့နေရတာလဲ?" ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြန်သည်။

ဤစကြဝဠာအတွင်းမှာ ကနဦးစကြဝဠာ၏ စွမ်းအားကို သူ အသုံးမပြုနိုင်သော်လည်း၊ ဤကြီးမားလှသော ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိကို သိမ်းဆည်းရန်အတွက် သူ ကနဦးစကြာဝဠာကို အသုံးပြုနိုင်လောက်သည်၊ ထိုသို့ဆိုလျှင်၊ သူသည် သူ၏ လွတ်လပ်မှုကို ပြန်လည်ရယူနိုင်တော့မည် မဟုတ်ပါလော?။

ထိုအကြောင်းကို တွေးတောရင်း၊ ချင်ယွင်သည် တုန့်ဆိုင်းမနေတော့ဘဲ ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိကို သိမ်းဆည်းရန် ကနဦးစကြာဝဠာကို တိုက်ရိုက် အသုံးပြုကြည့် လိုက်သည်။

ဘန်း…။

ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီး ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ချင်ယွင်နှင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် လူငယ်နှစ်ဦးတို့သည် သူတို့၏ လွတ်လပ်မှုကို ချက်ချင်းပင် ပြန်လည်ရရှိခဲ့ကြသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ဆွဲငင်အားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် ချင်ယွင်၏ မျက်နှာသည် ဖော်ပြ၍မရသည့် ပျော်ရွှင်ဖွယ်အမူအရာ ပေါ်လွင်နေသည်။

သို့သော်လည်း၊ ချင်ယွင်သည် အချိန်အကြာကြီး မပျော်နိုင်သေးမီ၊ သူ၏ဘေးနားရှိ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် လူငယ်နှစ်ဦးသည် ထူးဆန်းသော မျက်လုံးများ ဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"အယုတ်တမာကောင်၊ ဒီဥက္ကာခဲသံမဏိကို မင်း ဘယ်နေရာကို ယူသွားတာလဲ?" လျှိုဒေါင် က ချင်ယွင်ကို အေးစက်စွာ မေးခွန်းထုတ်သည်။

လျှိုဒေါင်သည် လူငယ်နှစ်ဦးတွင် အရပ်ပိုမြင့်သူ ဖြစ်သည်။ သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အလယ်လတ် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်။ အစောပိုင်းက ဥက္ကာခဲသံမဏိ၏ စုပ်ယူခြင်းခံရသောအခါတွင် သူသည် ဥက္ကာခဲသံမဏိ၏ ထူးခြားမူကို ခံစားခဲ့ရသော်လည်း၊ ယခုအခါ ဥက္ကာခဲသံမဏိကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူ၏ရှေ့မှ ဤလူငယ် သိမ်းဆည်းသွားသည်မှာ ထင်ရှားပါ သည်။ ထုံးစံအတိုင်း၊ သူသည် တစ်ဖက်လူက ယခုလိုလျှို့ဝှက်ဆန်းကြယ်သော ရတနာတစ်ခုကို ယူဆောင်သွားမည်ကို ခွင့်မပြုနိုင်ပါဘူး။

"ဟုတ်တယ်၊ ဒီဥက္ကာခဲကြီးကို အခုပဲ ငါတို့လက်ထဲ လွှဲပေးလိုက်နော်။ မဟုတ်ရင်၊ ငါတို့ လျှိုညီအစ်ကိုတွေ ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ပြရလိမ့်မယ်။" လျှိုဟန် ကလည်း ချက်ချင်းပင် အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏မျက်လုံးများက ဒေါသ အရိပ်အယောင်ပင် ရှိနေသည်။ ထင်ရှားသည်မှာ၊ ချင်ယွင်သည် ယခင်က ၎င်းတို့အား လိမ်ညာခဲ့ပြီး ဥက္ကာခဲကြီးပေါ်တွင် တွယ်ကပ်စေခဲ့သောကြောင့် မည်သို့ပင် ဖြစ်စေကာမူ၊ ဤဉက္ကာခဲကြီး သူ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

"ဒီဥက္ကာခဲကြီးက တကယ်ကို ရတနာတုံးကြီးတစ်ခုပါပဲ။ ဒါပေမယ့် မင်းလိုချင်တာ သေချာရဲ့လား?" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"သေချာတာပေါ့ကွ" လျှိုညီအစ်ကိုလည်း ဤရတနာနှင့်ပတ်သက်ပြီး ဤကောင်စုတ်၏ လှည့်စားခြင်းမခံရအောင် တညီတညွတ်တည်း ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ငါ မင်းတို့ကို ပြန်ပေးပါ့မယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

သူပြောပြီးသည်နှင့် သူသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး၊ အချင်းမီတာ တစ်ရာရှိသော ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီးသည် လျှိုညီအစ်ကို၏ ဦးခေါင်းထက်တွင် ပေါ်လာသည်။

ဘန်း……။

ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီး ထွက်ပေါ်လာသည်နှင့် ၎င်းသည် ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သံသယရှိစရာပင် မလိုပါချေ။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် အဆင့်ရှိ လျှိုညီအစ်ကိုနှစ်ယောက်သည် ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီး ကြောင့် မြေပြင်ပေါ်သို့ နင်းချေခံရမည်မှာ သေချာပါသည်။ သူတို့သည် မည်မျှပင် ကြိုးစားပမ်းစား ရုန်းကန်နေပါစေ၊ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

တစ်ဖက်တွင်၊ ချင်ယွင်သည် မီတာတစ်ထောင်အကွာအထိ ထွက်ပြေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ မီတာတစ်ထောင်သည် အလွန်လုံခြုံသော အကွာအဝေးဖြစ်သည်ကို ချင်ယွင် တွေ့ရှိထားသည်။ အကယ်၍၊ မီတာတစ်ထောင်ကျော်သွားပါက၊ ထိပ်တန်းအဆင့် နတ်ဘုရား သံမဏိတုံးကြီး၏ဆွဲငင်အားက သူ့အပေါ် သက်ရောက်မှုရှိမည် မဟုတ်တော့ ပေ။

"မြန်မြန် ငါတို့ကို လွှတ်ပေးစမ်း..။" ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီး၏ ရက်စက်စွာ ဖိနှိပ်ခြင်းကို ခံထားရသော လျှိုညီအစ်ကိုသည် အလျင်စလို အော်ဟစ်လိုက် သည်။

"ဒါဆို မင်းတို့ ဒီရတနာကို လိုချင်သေးလား?" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"မလိုချင်ဘူး။ ကျေးဇူးပြုပြီး၊ မင်းဘဲ ယူသွားပါ။" လျှိုညီအစ်ကိုက ကမန်းကတန်း အော်ပြောလိုက်သည်။ အကယ်၍၊ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင်၊ သူတို့သည် အသားပြားဖြစ်သည်အထိ ကြေမွသွားပါလိမ့်မည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ဤညီအစ်ကိုနှစ်ယောက်သည် ဤအရာကို ဆက်ပြီး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဆိုသည်ကို သိလိုက်သည့်အတွက် သူ၏ဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းပြီး ကနဦးစကြဝဠာထဲကို ပြန်ယူလိုက်သည်။

ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီး ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက်၊ လျှို ညီအစ်ကိုများသည် ၎င်းတို့၏ လွတ်လပ်မှုကို ချက်ချင်း ပြန်လည်ရရှိခဲ့ကြသည်။ သူတို့သည် တစ်ခုခုကို တွေးနေပုံရသည်။ နှစ်ယောက်စလုံးသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။

"ဘာလဲ၊ ဒီရတနာရဲ့ အစွမ်းကို မြည်းစမ်းချင်သေးလို့လား?။" ချင်ယွင်က စနောက်လိုဟန် အပြုံးဖြင့် ပြောလိုက်သည်။

ဤထိပ်တန်းအဆင့် နတ်ဘုရားသံမဏိတုံးကြီးသည် အမှန်တကယ် ရှားပါးရတနာတစ်ခု ဖြစ်ကြောင်း ရုတ်တရက် သူ တွေ့ရှိခဲ့ရသည်။ ၎င်းကို သူ ပစ်ထုတ်လိုက်သည်နှင့်၊ အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတွေ အားလုံး သေသည်အထိ အရိုက်နှက် ခံရနိုင်သည်။ သူတို့အနေဖြင့် မသေဘူးဆိုလျှင်ပင်၊ သေသည်အထိ ဒေါသထွက်သွားနိုင် သည်။

သေချာသည်မှာ၊ ချင်ယွင်၏စကားကို ကြားသောအခါ၊ လျှိုညီအစ်ကို၏ မျက်နှာများသည် ချက်ချင်းပင် ဖြူဖျော့သွားကာ ချင်ယွင်ကိုကြည့်သည့် သူတို့အကြည့်များသည်လည်း ကြောက်လန့်သည့် အမူအရာကိုယ်စီ ရှိနေကြပါသည်။

စာစဉ် (၅၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters