← Chapters

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း ၈၅၆

Vol. 58 Ch. 856

အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၈)။

ဘာသာပြန်သူ နေဇင်။

အခန်း (၈၅၆) ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပါ။

ရန်ထန်းချန်သည် အလွန်ယုံကြည်ရ ခက်နေပါသည်။ သူ့ကို နောက်ပြန် လွင့်ထွက်သွားစေ နိုင်သည့် လက်သီးချက်ကို အဘယ့်ကြောင့် ထုတ်လွှတ်ထားလဲဆိုသည်ကို သူ နားမလည် ပါဘူး။

"ဘုန်း..”

ရန်ထန်းချန်သည် အဝေးမှ တောင်ကုန်းတစ်ခုကို ပစ်တိုက်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော ရိုက်ခတ်မှုက သူ့ကို မူးဝေသွားစေသည်။ သူ၏ရင်ဘတ်နှင့် နောက်ကျောမှ နာကျင်မှုက သူ့ကို အန်ကြိတ်လုမတတ် ဖြစ်သွားစေခဲ့သည်။

မျက်လုံးတစ်စုံက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း၊ ထိုမျက်လုံးတစ်စုံ၏ မျက်လုံးများတွင် ပြင်းထန်သောသံသယစိတ်နှင့်အတူ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ချင်ယွင်သည် ခပ်ဝေးဝေးတွင် ရပ်နေခဲ့ပြီး၊ ရန်ထန်းချန်နောက်ကို လိုက်မသွားခဲ့ပေ။ မည်သို့ပင်ဆိုစေ၊ ရန်ထန်းချန်သည် ကောင်းကင်ဘုံ ၃၆ နယ်မြေအတွင်းမှ မလွတ်မြောက် နိုင်ပေ။ ချင်ယွင်သည် သူနှင့် အချိန်အကြာကြီး ကစားရမည်ဆိုရင်လည်း စိတ်ထဲမထား ချေ။

"အယ်၊ ဘာလို့ မင်းတစ်ယောက်တည်း လွင့်ထွက်သွားရတာလဲ?၊ ဒါက မင်းရဲ့ လှုပ်ရှားမှု အသစ်ပဲ ဖြစ်နိုင်မလား?" ချင်ယွင်က ဗလာကျင်းသော ခပ်တည်တည် မျက်နှာအမူအရာ ဖြင့် ပြောလိုက်သည်။

တုံးအသလို ဟန်ဆောင်ခြင်းသည် သူ၏အထူးကျွမ်းကျင်ဆုံး အရာဖြစ်ပြီး၊ သူသည် အကြိမ်တစ်ရာမက မပျော်မရွှင် ဖြစ်ခဲ့ဖူးသည်။

ရန်ထန်းချန်သည် ချင်ယွင်၏စကားကို ကြားသောအခါ သူ၏မျက်လုံးများတွင် သံသယ အရိပ်အယောင် ပေါ်လာပါသည်။ ချင်ယွင်က သူ့ကို လွင့်ပျံသွားအောင် ထိုးလွှတ်ခဲ့သည်ကို သူ မယုံနိုင်ပါဘူး။ ယခု ချင်ယွင်၏ စကားကို ကြားသောအခါ၊ ပတ်ဝန်းကျင် လေဟာနယ် ထဲတွင် ပုန်းကွယ်နေသော စွမ်းအားကြီးသားရဲအချို့ ရှိနေသည်ဟု သူ ချက်ချင်း သံသယ ဝင်လာခဲ့သည်။

သို့သော်လည်း၊ သူသည် အချိန်အတော်ကြာအောင် စူးစမ်းကြည့်ရူပြီးနောက်၊ ပတ်ဝန်းကျင် တွင် မည်သည့်လှုပ်ရှားမှုကိုမျှ သူ သတိမထားမိပေ။ ထို့ကြောင့် သူသည် ထိုစွမ်းအင်သားရဲ ထွက်သွားပြီဖြစ်ကြောင်း သံသယ ဖြစ်မိသည်။

"ဟမ့်၊ ကောင်လေး၊ စောစောက မင်း ကံကောင်းသွားတယ်။ ဒီတစ်ခါတော့ ငါ မင်းကို ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ ပြောပြပေးမယ်။" ရန်ထန်းချန်သည် မတ်တပ် ထရပ်ပြီး၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တွေ ပေါ်လာပြီး၊ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသော အငွေ့အသက်တွေ ထွက်ပေါ်လာသည်။

"မြေစွဲအား တော်ဝင်တာအိုဉပဒေသလား?။ စိတ်ဝင်စားစရာပဲ။" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။

ရန်ထန်းချန်သည် မြေစွမ်းရည်နိယာမမှ ဆင့်ကဲပြောင်းလဲလာသော မြေဆွဲအားတော်ဝင် တာအိုဉပဒေသကို နားလည်ထားပြီး၊ မြေဆွဲငင်အားကို ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ချာတိတ်လေး၊ အမှန်တကယ် ကြောက်စရာကောင်းတဲ့ မြေဆွဲအားက ဘာလဲဆိုတာ ငါ မင်းကို မြင်ခွင့်ပြုမယ်၊ ဟား.. ဟား" ရန်ထန်းချန်သည် သူ၏ခန္ဓာကိုယ်မှ အင်မော်တယ် ဘုရင်ကိုယ်ပွားတစ်ခု ထွက်ပေါ်လာမူနှင့်အတူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ထိုနောက်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်သည် အကြိမ်ပေါင်း သောင်းနှင့်ချီ တိုးလာပြီး ရုတ်တရက် နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

"အတော့်ကို လေးလံတာပဲ။ ဘယ်လိုလုပ် ဒီလောက် လေးလံနိုင်ရတာလဲ?" ချင်ယွင်သည် ဤမြေဆွဲငင်အားကို ခံနိုင်ရည်မရှိသလို ဟန်ဆောင်ကာ ပြိုလဲကျသွားသည်။ သူသည် သူ၏လက်ကို မြှောက်ချင်သော်လည်း မမြှောက်နိုင်သလို ဟန်ဆောင်နေသည်။

"မျိုးမစစ်ကောင်၊ ဒါက ငါနားလည်ထားတဲ့ မြေစွဲအားတော်ဝင်တာအိုဉပဒေသပါ။ လက်ရှိ အခု မင်းတွေ့ကြုံနေရတဲ့ မြေဆွဲငင်အားက အင်မော်တယ်ကမ္ဘာရဲ့ မြေစွဲအားထက် အဆ ၁၀ သန်း ရှိတယ်။ မင်းခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့ဘူးလို့ ခံစားနေရတဲ့ အကြောင်းရင်းပဲ။” ရန်ထန်းချန်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။ ချင်ယွင်၏ နာကျင်နေသော အသွင်အပြင်ကို မြင်လိုက်ရတော့ သူသည် လုံး၀ကို ပျော်ရွှင်နေခဲ့သည်။

"ကောင်းပြီလေ၊ အဆုံးသတ်ဖို့ အချိန်ရောက်ပြီ။ ချင်ယွင်၊ ငါ မင်းရဲ့ခန္ဓာကိုယ်ထဲက ရတနာတွေကို ငါ့အတွက် သိမ်းယူလိုက်တော့မယ်။ မင်းကတော့ ငရဲဘုရင်ဆီကို အရောက်သွားနိုင်ပြီ။" ရန်ထန်းချန်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ဖန် ပျံထွက်လာကာ ချင်ယွင်ဆီသို့ ဦးတည်သွားလေသည်။

ချင်ယွင်သည် ဤတစ်ကြိမ်တွင် သံသယဖြစ်ဖွယ်မရှိ သေဆုံးလိမ့်မည်ဟု သူ ယုံကြည်ထား သည်။ သူ၏ မြေစွဲအားတော်ဝင်တာအိုဉပဒေသသည် တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ သာမန်အင်မော်တယ် ဘုရင်များပင် ကြောက်ရွှံ့ရသည့်အရာ ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ယောက်က ခုခံနိုင်မှသာလျှင် ထူးဆန်း ပေလိမ့်မည်။

"သေလိုက်တော့.." ရန်ထန်းချန်သည် အကန့်အသတ်မရှိသော ခွန်အားဖြင့် ချင်ယွင်၏ ဦးခေါင်းဆီသို့ နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးလိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဘန်း…။

သို့သော်လည်း၊ ရုန်းကန်နေရသော ချင်ယွင်၏ ပါးစပ်ထောင့်က ရုတ်တရက် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွဲထွက်သွားသည်။ သူသည် လက်ဖဝါးကို ရုတ်တရက် ဆန့်ထွက်ကာ ထိုလက်သီးချက်ကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

"ဘာလဲ?" ရန်ထန်းချန်သည် သူ၏လက်သီးက သံပန်းကန်နှင့် ထိတွေ့သွားသလို ခံစားလိုက်ရပြီး၊ သူ၏မျက်နှာတွင် အံ့သြဟန် အမူအရာ ပေါ်လာသည်။

"မင်းရဲ့ ခွန်အားနဲ့ ဦးနှောက်က ဒီလောက် အားနည်းနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းကို လှည့်စားဖို့က အရမ်းကို လွယ်ကူလွန်းတယ်။" ချင်ယွင်က ရန်ထန်းချန်ကို ရွှတ်နောက်နောက်ဟန်ဖြင့် စိုက်ကြည့်ရင်း ခေါင်းကို မော့ကာ ပြုံးလိုက်သည်။

ရန်ထန်းချန် မျက်လုံးပေါက်ထွက်မတတ် ပြူးကျယ်လာပြီး၊ စကားတွေတောင် ကယောင်ကတမ်း ပြောစပြုလာသည် " မင်း ... မင်း ငါ့ကို လိမ်နေတာလား? မဟုတ်ဘူး ... မဖြစ်နိုင်ဘူး၊ မင်းက ငါ့ရဲ့ မြေဆွဲငင်အားကို မထိခိုက်နိုင်ဘူး ... မဖြစ်နိုင်ဘူး "

ချင်ယွင်က ပြုံးပြီး နှုတ်ဆိတ်နေသည်။ ရန်ထန်းချန်၏ လက်သီးကို ဆုပ်ကိုင်ထားသော သူ၏လက်ကို ချက်ချင်းဆိုသလို အားစိုက်ထည့်လိုက်သည်။

"ဖျစ်….."

ကြည်လင်ပြတ်သားသော အသံနှင့်အတူ၊ ချင်ယွင်၏ စွမ်းအားကုန်ထည့်ကာ လှည့်လိမ်မှုကြောင့် ရန်ထန်းချန်၏ လက်မောင်းသည် လုံးဝ စုတ်ပြဲသွားခဲ့သည်။

“အား……”

ရုတ်တရက် ကောင်းကင်ဘုံ၏ ဆဋ္ဌမအလွှာ နေရာမှာ ဝက်အော်နှင့်တူသော အော်သံ ထွက်ပေါ်လာသည်။

ထိုအချိန်တွင်၊ ချင်ယွင်ကိုကြည့်နေသည့် ရန်ထန်းချန်၏ အကြည့်တွေက လုံးဝ ထိတ်လန့် ကြောက်ရွှံ့နေပါပြီ။ ယခုအချိန်မှာတော့ သူသည် အဖြစ်ပျက်တွေကို နားလည်နေပါပြီ။

သူ၏ရှေ့မှ ဤမျိုးမစစ်ကောင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ဆိုတာ လုံးဝ မဟုတ်ဟု သူ သိလာရပါသည်။ ဤကောင်သည် သူ့ကို အမြဲတမ်း လှည့်စားနေသည်။ ထို့အပြင်၊ အစောပိုင်းက သူ့ကိုထိုးခဲ့သော လက်သီးချက် သည် သူ၏ လက်ချက်ပင်ဖြစ်ပြီး၊ သူ၏မြေဆွဲငင်အားကြောင့် ဖိနှိပ်ခံနေရဟန်ဖြင့် နာကျင်သော အမူအရာပင် အတုအယောင် လုပ်ခဲ့သေးသည်။

ထိုအကြောင်းတွေကို တွေးတောရင်း ရန်ထန်းချန်သည် သူ၏စိတ်နှလုံးထဲတွင် မျက်ရည်မပါဘဲ ငိုချင်သလို ခံစားလိုက်ရသည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း၊ သူ၏အကြည့်တွေထဲ မုန်းတီးမူနှင့်အတူ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေသည်။

'"မင်း ငါ့ကို ဘာလို့လိမ်ရတာလဲ?" ရန်ထန်းချန်သည် အဆုံးမဲ့ နာကျည်းမှုတွေ ပြည့်နှက် နေသည့်အလား ကျယ်လောင်စွာ အော်ပြောလိုက်ပါသည်။

"ငါ့ရဲ့ခွန်အားက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်မှာ ရှိတယ်လို့လဲ ငါ တစ်ခါမှ မပြောဖူးပါဘူး၊ ဟုတ်တယ်ဟုတ်" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ခေါင်းယမ်းလိုက်မိ သည်။ ရန်ထန်းချန်၏ လက်ရှိကိုယ်နေဟန်က သူကပဲ ကလေးငယ်တစ်ဦးကို အနိုင်ကျင့် သလိုမျိုး ဖြစ်နေသည်။

"မင်း" ရန်ထန်းချန်က ချင်ယွင်ကို လက်ညှိုးထိုးပြီး သူ၏ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာသည်။ သူ၏ရှေ့မှ လူငယ်သည် ခွန်အားအရာ၌ဖြစ်စေ စိတ်ဓာတ်ပိုင်း အရာ၌ဖြစ်စေ သူ ရင်ဆိုင်နိုင်သူတစ်ယောက် မဟုတ်ဘူးဆိုသည်ကို အခုတော့ သူ သဘောပေါက်သွားပါပြီ။ သို့သော် ယခုအချိန် နောင်တရလျှင်ပင် အချိန်နှောင်းသွားခဲ့ပါပြီ။

"မင်း တော်ဝင်တာအိုသန့်စင်ရေးပုလင်းကို လိုချင်နေတာ မဟုတ်လား?။ ငါ သေရင်တောင် မင်းကို ခွင့်မပြုနိုင်ဘူးကွ" ရန်ထန်းချန်၏ မျက်လုံးများသည် ဆုံးဖြတ်ချက် ပြတ်သားမူနှင့် အတူ ဝင်းလက်တောက်ပလာပြီး၊ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာသည်။ ထို့နောက် သူ၏လက်ထဲတွင် ကြီးမားသော တော်ဝင်တာအို သန့်စင်ရေးပုလင်းကြီး ပေါ်လာပြီး၊ နောက်တစ်စက္ကန့်တွင် ကြေမွသွားတော့မည် ဖြစ်သည်။

တော်ဝင်တာအိုသန့်စင်ရေးပုလင်းကို ချေမွှလိုက်သည်နှင့် အထဲမှာရှိသော တော်ဝင်တာအို အပိုင်းအစများသည် အစိပ်စိပ်မွှာမွှာ ဖြစ်သွားလိမ့်မည် ။

ချင်ယွင်၏ အကြည့်တွေက ရုတ်တရက် ခက်ထန်လာခဲ့သည်။ အင်မော်တယ်ဘုရင်၏ ကိုယ်ပွားတစ်ခုသည် ချင်ယွင်၏ နောက်တွင် ချက်ချင်းပေါ်လာသည်။ ထိုအချိန်မှာပင်၊ မြူနှင်းချောက်နက်ဓားက ချက်ချင်း အသက်ဝင်လာပြီး ဓားအလင်းတန်းတစ်ချက် ထွက်ပေါ်လာခဲ့သည်။

"အား…."

ရန်ထန်းချန်၏ လက်မောင်းတစ်ဖက်ကို ဓားအလင်းက ဖြတ်တောက်သွားခဲ့သည်။ ချင်ယွင် ၏ ရုပ်အသွင်သည် ပုံရိပ်ယောင်ဖြစ်သွားခဲ့ပြီး၊ တော်ဝင်တာအိုသန့်စင်ရေးပုလင်းကို သူ၏ လက်ထဲဖြင့် ဖမ်းယူသွားသည်။

ထိုအချိန်တွင်၊ ရန်ထန်းချန်သည် တုတ်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ သူ၏ မျက်နှာပေါ်ရှိ နာကျင်မှုသည်ပင် နှိုင်းစာပြ၍ မရတော့ပါချေ။ သို့သော် သူ၏ မျက်လုံးအစုံသည် ချင်ယွင်၏နောက်ကွယ်မှ အင်မော်တယ်ဘုရင်ကိုယ်ပွားကို စိုက်ကြည့် နေသေးသည်။ (တုတ်တစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားဆိုသည်မှာ တင်စား၍ ပြောခြင်းဖြစ်ပါသည်။ မှင်တက်ပြီး မလှုပ်မယှက်ရပ်နေသည်ကို ဆိုလိုဟန်တူပါသည်)။

"မင်း…မင်း အင်မော်တယ်ဘုရင်ပဲ။ မင်းက အင်မော်တယ်ဘုရင်ဖြစ်နေတာပဲ။ ဒါတောင် မင်းက ငါ့ကိုမလိမ်ဘူးလို့ ပြောနေသေးတယ်။... အား..." ရန်ထန်းချန်က စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး သူ၏အသံက ပြင်းထန်သော ဝမ်းနည်းဒေါသတွေနှင့် ပြည့်နေခဲ့သည်။

ချင်ယွင်သည် အင်မော်တယ်ဘုရင်နယ်ပယ်တွင် သိသာထင်ရှားစွာ ရှိနေသော်လည်း၊ သူသည် အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရှိ ကျွမ်းကျင်သူ တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်။ သူ့ကို တမင် လှည့်စားနေသည်ဟု သူ ထင်သွားခဲ့သည်။

ချင်ယွင်သည် ပြောစရာစကားမဲ့ပြီး ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ သူသည် ရှင်းပြရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိခဲ့ပေ။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို နောက်တကြိမ် ထုတ်ဖောက်လိုက်သည်။

"ဖတ်…"

ရန်ထန်းချန်၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ သူ၏မျက်လုံးထဲတွင် ကြည်လင်ပြတ်သားမှုတို့က လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း သူ၏ မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုနှင့်အတူ မကျေမနပ်ဖြစ်နေသည့် ခံစားချက်မျိုး ပြင်းပြင်းထန်ထန် ရှိနေပါသေးသည်။

ချင်ယွင်သည် ရန်ထန်းချန်၏ အလောင်းကို ကြည့်ကာ ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။

အကယ်၍၊ ငရဲသာ အမှန်တကယ် ရှိခဲ့မည်ဆိုရင်၊ ရန်ထန်းချန်သည် လက်စားချေလိုစိတ် ပြင်းပြနေသော တစ္ဆေသရဲတစ်ကောင် အမှန်တကယ် ဖြစ်လာပါလိမ့်မည်။ သို့သော် ၊ ရန်ထန်းချန်သည် ဤအရာအားလုံးအတွက် တာဝန်ရှိသောကြောင့်၊ ချင်ယွင်သည် သူ့ကို သနားခြင်း မရှိခဲ့ပေ။

All Chapters