အခန်း ၈၈၆
Vol. 60 Ch. 886
အဓိပတိအင်မော်တယ်သခင် စာစဉ် (၆၀)
ဘာသာပြန်သူ နေဇင်။
အခန်း (၈၈၆) ရှေးဟောင်းဖရိုဖရဲရတနာ။
ချင်လန်သည် ပြင်းထန်စွာ ဒဏ်ရာရနေသော ဟူဖန်းကို ကြည့်ပြီးနောက်၊ သူ၏ အကြည့်တွေက ချင်ယွင်ဆီကို ရောက်သွားပြီး၊ ချက်ချင်းပင် ကြောက်ရွံ့လာခဲ့သည်။
ထိုကြီးမားသော သံမဏိအလုံးကြီးသည် သူ့ကို အလွန်အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းသည်။ သူသည် သံမဏိအလုံးကြီးကို မထိကိုင်ဖူးသော်လည်း၊ သံမဏိအလုံးကြီးမှ ထွက်ပေါ်လာသော လေးလံသည့် အငွေ့အသက်ကို သူ ခံစားနိုင်ပါသေးသည်။
ဤသံမဏိအလုံးကြီး၏ အလေးချိန်သည် အလွန်ကြီးမားသော ကြယ်တစ်စင်း၏ အလေးချိန်ထက် ဆယ်ဆရှိနေပြီဟု သူ သေချာပေါက် သိသည်။ အကယ်၍ သူသည် ဤမျှ လေးလံသော သံမဏိအလုံးကြီးနှင့် ထိမှန်သွားပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်း မရှိပါမှ ထူးဆန်းနေပေလိမ့်မည်။ သူ၏ကျင့်ကြံမူအခြေခံသည် တော်ဝင်တာအို နယ်ပယ်၏ အဆင့် ၁၁ တွင် ရှိသော်လည်း၊ ဤလျှို့ဝှက်ဆန်းကြယ်သော သံမဏိ အလုံးကြီး၏ ပြင်းထန်သော သက်ရောက်မှုကို ခံနိုင်ရည်ရှိသည်ဟု သူ မပြောဝံ့ပါချေ။
ချင်ယွင်သည် ချင်လန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို မြင်လိုက်ရ လျှင်၊ အေးစက်သော အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်တွင် ပေါ်လာခဲ့သည်။
"မင်းကရော ငါ့ရဲ့ရှေးဟောင်း ဖရိုဖရဲ ရတနာကို လိုချင်သေးလား?" ချင်ယွင်က ချင်လန်ကို ပြောလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ချင်လန်၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားသည်။
"ချင်ယွင်၊ မင်းရဲ့ရှေးဟောင်း ဖရိုဖရဲ ရတနာတွေကို လွှဲပြောင်းပေးဖို့ ငါ အကြံပေးလိုက် မယ်။ မဟုတ်ရင်၊ မင်း အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာတဲ့အကြောင်း ခမည်းတော်ကို ငါ ပြောရလိမ့်မယ်။ ခမည်းတော်က မင်းကို လွှတ်ထားမှာ မဟုတ်ဘူး" ချင်လန်က ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ဟမ့်၊ မင်းကိုယ်တိုင် မလှုပ်ရှားရဲတဲ့အတွက် ငါ့ကို ခြိမ်းခြောက်နေတာလား?။ ငါကရော ကြောက်နေမယ်လို့ မင်းထင်လား?။ ချင်ယွင်က လှောင်ပြောင် ရယ်မောပြီး ချင်လန်ကို ကြည့်လိုက်သည်။
ချင်လန်၏ အမူအရာသည် ချက်ချင်းပင် ပို၍ ရှက်ရွံ့သွားကာ ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်တွေက ပြင်းထန်သော အေးစက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
"မင်း မလှုပ်ရှားတော့ဘူးဆိုမှတော့ ငါလည်း မင်းကို အဖော်မပြုနိုင်တော့ဘူး”။ ချင်ယွင် သည် စကားတစ်ခွန်းကို တိုက်ရိုက် ထုတ်ပြောလိုက်ပြီး တယ်လီပို့စနစ် အစီအရင်ဝင်္ကပါ ဦးတည်ရာဆီသို့ လျှောက်သွားလိုက်သည်။
ချင်လန်၏ ကျင့်ကြံမှုအခြေခံသည် တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်ယွင်၏ လက်ရှိကျင့်ကြံမှုဖြင့်ဆို၊ သူသည် ချင်လန်ကို လုံးဝ အနိုင်မယူနိုင်သေးပေ။ ယခုလေးတင်၊ ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိသည် ချင်လန်အား ခြိမ်းခြောက်ခဲ့ပြီး ဖြစ်သော်လည်း၊ ထိပ်တန်းအဆင့် နတ်ဘုရားသံမဏိသည် ချင်လန်အား ကြီးမားသော ထိခိုက်ဒဏ်ရာရအောင် တစ်စုံတစ်ရာ မပြုလုပ်နိုင်သေးပေ။
ဘန်း..။
ချင်ယွင်သည် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး၊ လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကို အနီးနားရှိ တပည့်များ မြင်သောအခါ၊ အားလုံး၏ နှလုံးသားထဲတွင် သက်ပြင်းကိုယ်စီ ချလိုက်ကြပါသည်။ မူလက ချင်ယွင်၏ ကံကြမ္မာသည် အလွန် ကြေကွဲဖွယ်ကောင်းမည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင်မူ ချန်ယွင်သည် ဒဏ်ရာကင်းမဲ့စွာ ထွက်သွားနိုင်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
ဤကဲ့သို့ တစ်ယောက်တည်း ထွက်ခွာနိုင်ခြင်းကပင် သူ၏ဂုဏ်သတင်းသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတစ်ခုလုံးတွင် ပျံ့နှံ့သွားပေလိမ့်မည်။ သေချာသည် မှာ၊ ရှရှန်းယုကို ချင်ယွင် မကြိုက်ခြင်းကလည်း တပည့်များစွာ၏ အာရုံစူးစိုက်မှုကို ခံရလိမ့်မည်။ ရှရှန်းယုကို လိုက်ပိုးနေကြသော ကောင်းကင်အဆင့်တွင် ထိပ်တန်းအဆင့်ရှိ ကျွမ်းကျင်သူအချို့သည် ဤကိစ္စနှင့်ပတ်သက်ပြီး သိရှိသွားချိန်မှာ သူတို့၏ အမူအရာများ မည်သို့ ဖြစ်သွားမည်ကို သူတို့သည် အမှန်တကယ် သိရှိလိုကြသည်။
ချင်လန်သည် သူ၏မျက်လုံးများတွင် ပြင်းထန်သော မုန်းတီးမှုများဖြင့် ချင်ယွင် ပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်လေသည်။ ချင်ယွင် မထွက်ခင်မှာ သူ၏ မထီမဲ့မြင် အကြည့်တွေက သူ့ကို ပြင်းထန်သော အရှက်တရားကို ပေါက်ကွဲ ထွက်ပေါ် လာစေပြီး၊ သူ၏နှလုံးသားထဲက အမုန်းတရားတွေကို မီးတောက်မီးလျှံတွေလို လောင်ကျွမ်းသွားစေခဲ့သည်။
"ချင်ယွင်၊ နောက်တစ်ခါဆို၊ မင်းကို ငါ့ခြေထောက်အောက်မှာ ထာဝရ နင်းထားနိုင်တယ် ဆိုတာကို ငါ မင်းကို သေချာပေါက် ပြောပြပေးမယ်" ချင်လန်သည် အံကြိတ်ကာ ကွဲအက်နေသော လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ ဝင်ပြီးနောက်၊ သူသည် ချက်ချင်းပင် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါကို အသုံးပြုကာ သူ၏အခန်းသို့ ပြန်သွားခဲ့ သည်။
အခန်းထဲသို့ ဝင်ပြီးနောက်၊ ချင်ယွင်သည် မိုးပြာဧကရာဇ်၏ ကနဦးစကြာဝဠာထဲသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး ကနဦးစကြာဝဠာ၏ ဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုကာ အင်မော်တယ်ဘုရင်၏ စံအိမ်သို့ ဝင်ရောက်ခဲ့သည်။
ဘန်း…။
အတွေးတစ်ချက်ဖြင့်၊ အင်မော်တယ်ဘုရင်၏ စံအိမ်ထဲတွင် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုကို အမြဲတမ်း သိမ်းဆည်းထားသည့် လွတ်လပ်သော နေရာတစ်ခု၌ ချင်ယွင်၏ ရုပ်အသွင်က ပေါ်လာပါသည်။
မှန်ပါသည်။ ဤခရီးစဉ်တွင်၊ ချင်ယွင်၏ရည်ရွယ်ချက်မှာ ဤရှေးဟောင်းဖရိုဖရဲရတနာ နှစ်ခုကို ဖိနှိပ်ပြီးအနိုင်ယူရန် ဖြစ်ပါသည်။ သို့သော်၊ သူသည် မူလက မိန်းမလေး လေးယောက်နှင့် စကားပြောဆိုပြီးမှ ရတနာနှစ်ခုကို ဖိနှိပ်ရန် ကြံစည်ထားခဲ့သည်။ သို့သော် အမျိုးသမီးလေးယောက်သည် ကျင့်ကြံမှုတွင် အမြဲတမ်း နှစ်မြုပ်နေခဲ့သည်။
ကူကယ်ရာမဲ့စွာဖြင့်၊ ချင်ယွင်သည် ဤ ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုဆီကို အရင်ဆုံး ဖိနှိပ်ရန်သာ ရွေးချယ်နိုင်တော့သည်။
အင်မော်တယ်ဘုရင်စံအိမ်၏ လွတ်လပ်သော လေဟာနယ်အတွင်း၌ မြင့်မြတ်လှသော ရတနာနှစ်ခုသည် လေဟာနယ်ထဲတွင် လွင့်မျောနေကာ၊ အနှိုင်းမဲ့ အားကောင်းသော ဖရိုဖရဲ စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုနှင့် ပေတစ်ရာအကွာတွင် ရပ်နေ၏။ သူသည် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုကို သူ၏မျက်လုံးများတွင် အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
ပေတစ်ရာအကွာအဝေးမှပင် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို သူ ခံစားနိုင်သည်။ ရှေးဟောင်းဖရိုဖရဲ ရတနာ နှစ်ခုဆီသို့ ခြေတစ်လှမ်းတိုးရန်ပင် သူ့အတွက် အလွန်ခက်ခဲပါသည်။
"မဟာဧကရာဇ်မင်းမြတ်သုံးပါးက သူတို့ကို လိုချင်နေတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီဖိအားတစ်ခုတည်းကတင် သာမန် ရှေးဟောင်းဖရိုဖရဲ ကောင်းကင်ရတနာတွေ ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မထိန်းနိုင်ဘဲ သက်ပြင်းချ လိုက်သည်။
ဘန်း…။
ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ ရတနာ၏ ဦးတည်ရာသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ဧရာမသံတူကြီးသည် သူ၏ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ရိုက်နှက်သွားသကဲ့သို့ သူ့ဆီသို့ ကြီးမားသော ဖိအားတစ်ခု ရောက်ရှိလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
နောက်ဆုံးအကြိမ်တုန်းက သူသည် ကြောက်မက်ဖွယ်ကောင်းသော ဤဖိအားကြောင့် လွင့်ထွက်သွားခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့သည်ကို ချင်ယွင် အမှတ်ရမိပါသည်။ အခုတော့ ဤဖိအားများသည် ကြောက်စရာကောင်းနေသေးသော်လည်း၊ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်နိုင်တော့ပါဘူး။
ဘန်း…။
ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခု၏ ဦးတည်ရာသို့ ဆက်လက် လျှောက်လှမ်း ခဲ့သည်။ သူ ရှေ့ကို တိုးလာသည်နှင့်အမျှ ရှေးဟောင်းဖရိုဖရဲ ရတနာ၏ ဖိအားများသည် ပို၍ ကြောက်စရာကောင်းလာသည်။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။ ချင်ယွင်သည် ခြေလှမ်းသုံးရာ ဆက်တိုက် လျှောက်ခဲ့သည်။ ယခုအချိန်တွင် သူသည် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုနှင့် ဆယ်မီတာအောက်သာ ဝေးကွာတော့သည်။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ ရတနာ နှစ်ခုထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အတက်အကျ လှိုင်းများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ထိုအချိန်တွင် ချင်ယွင်၏ ခံနိုင်ရည် ဖိအားသည် ကန့်သတ်ချက် နီးပါးအထိ ရောက်ရှိနေပါပြီ။
“အား…”။
ချင်ယွင်က အော်ဟစ်မာန်သွင်းပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပါသည်။ ချက်ခြင်း ဆိုသလိုပင်၊ သူ့အပေါ် ဖိအားက နှစ်ဆတိုးလာသလို ခံစားလိုက်ရပြီး သူသည် နာကျင်စွာ အော်လိုက်မိသည်။ ထိုအခိုက်အတန့်တွင် မမြင်နိုင်သော ဧရာမ လက်ဖဝါးကြီး တစ်ဖက်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြဲသွားအောင် တွန်းထုတ်လိုက်သလိုပင်။
သူ၏အရေပြားမှ သွေးစက်များ စိမ့်ထွက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးစွန်းနေသော လူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"အား......ငါ့အတွက် ချိုးဖျက်လိုက်စမ်း..”။ ချင်ယွင်၏ နှလုံးသားထဲတွင် မောက်မာမှုက ချက်ချင်း ကြွတက်လာခဲ့ပြီး မကျေမနပ် ပြင်းထန်သော ခံစားချက်တစ်ခု သူ၏ မျက်လုံးများတွင် ပေါ်လာပါသည်။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ၊ ကနဦးစကြဝဠာမှ စကြဝဠာ၏စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲသို့ ချက်ချင်း သွန်းလောင်းသွားသည်။
“ဘုန်း…”။
ကနဦးစကြဝဠာ၏ စွမ်းအားသည် သူဆီသို့သို့ စိမ့်ဝင်လာသည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်အပေါ်ရှိ ဖိအားများသည် ရုတ်ခြည်း လျော့နည်းသွားကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်းပင် ပို၍ ပေါ့ပါးလာသည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အပေါ်ရှိ ဖိအားများစွာ လျော့ကျသွားသည်ကို ခံစားလိုက် ရပြီး ရတနာကြီးနှစ်ခုဆီသို့ လျှောက်သွားရင်း သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် ချက်ချင်း ပေါ်လာသည်။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် အလွန်လွယ်ကူစွာ လျှောက်လှမ်းနိုင်ခဲ့ပြီး၊ သူသည် ခဏအတွင်းမှာပင် မြင့်မြတ်သော ရှေးဟောင်းဖရိုဖရဲ ရတနာ နှစ်ခုရှေ့သို့ ရောက်ရှိလာခဲ့ သည်။
ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုကို ကြည့်ပြီး ပြောလိုက်ပါသည် "စီနီယာတို့ ခင်ဗျာ၊ ဒီဂျူနီယာက အခုနက ဖိအားက ကျွန်တော့်အတွက် စမ်းသပ်မှုပဲဆိုတာ သိပါတယ်။ အခု ကျွန်တော်က ဒီစမ်းသပ်မူနှစ်ခုကို အောင်မြင်ပြီးပါပြီ။ စီနီယာတို့ နှစ်ယောက်က ကျွန်တော့်ကို သခင်အဖြစ် အသိအမှတ်ပြုနိုင်ဖို့ ကျွန်တော့်မှာ အရည်အချင်းတွေ ရှိနေပြီလားဆိုတာ ကျွန်တော် သိချင်မိပါတယ်။ "
သို့သော်လည်း၊ ချင်ယွင် စကားပြောပြီးသောအခါတွင်၊ ရှေးဟောင်းဖရိုဖရဲ ရတနာ နှစ်ခုသည် အနည်းငယ်မျှပင် အပြောင်းအလဲ မရှိပါသေးချေ။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ချက်ချင်း ထွက်ပေါ်လာသည်။ သူက အံတင်းတင်းကြိတ်ကာ ချက်ချင်းဆို သလို၊ သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးအရွယ် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ကိုင်လိုက်သည်။
ဘန်း…။
ချင်ယွင်၏လက်သည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ထိခါနီးတွင်၊ နတ်နဂါး ကျောက်စိမ်း တံဆိပ်သည် တုနှိုင်းမရအောင် လင်းလက်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ် လိုက်ပါသည်။
ချင်ယွင်သည် သူ၏လက်ကို အလျင်အမြန် ပြန်ဆွဲထုတ်လိုက်ရင်း အနည်းငယ် ထိတ်လန့်သွားသည်။
“အောင်း…”။
ဤအခိုက်အတန့်တွင် နတ်နဂါးကျောက်စိမ်းတံဆိပ်မှ လေဟာနယ် တစ်ခုလုံးကို တုန်လှုပ်စေသော နဂါးဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ထို့နောက် နတ်နဂါး ကျောက်စိမ်း တံဆိပ်ထံမှ ရွှေရောင်နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုရွှေနဂါးရုပ်အသွင် ပေါ်လာသည်နှင့် တပြိုင်နက် လေဟာနယ်တစ်ခုလုံးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော နဂါးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ ဤနဂါးသည် ကောင်းကင်ဘုံလျှပ်စီးနဂါးထက်ပင် သန်မာနေပေလိမ့်မည်။ ချင်ယွင်၏ ကနဦးစကြာဝဠာ ဖိအားကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ ဤကြောက်စရာကောင်းသော ဖိအားအောက်တွင် သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီးသား ဖြစ်ကောင်းဖြစ်လိမ့်မည်။