အခန်း ၈၉၁
Vol. 60 Ch. 891
အခန်း (၈၉၁) ရှချန်းဖန်။
ယခုအချိန်တွင် ထိုတကိုယ်တော်ကျင့်ကြံသူသည် အမှန်တကယ် စိတ်လှုပ်ရှားနေပါသည်။ တစ်စုံတစ်ယောက်သည် လုံးဝ အသုံးမဝင်သည့် ဤကျောက်တုံးကို ဝယ်ယူဖို့ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး တစ်ရာကို သုံးစွဲဖို့ ဆန္ဒရှိလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ပါဘူး။
အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတစ်ရာဖြင့်ဆို သင်သည် အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်း ဆယ်ခုကိုတောင် ဝယ်ယူနိုင်ပါသည်။
"ပွတာပဲ၊ ပွတာပဲ၊ ငါ ဒီလိုအရူးတစ်ယောက်နဲ့ ကြုံတွေ့ရမယ်လို့ မမျှော်လင့်ထားမိဘူး။" ထိုတကိုယ်တော်ကျင့်ကြံသူသည် သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်တွေက သတ်ခံရန်စောင့်ဆိုင်းနေသည့် ဆူဖြိုးသော သိုးတစ်ကောင်ကို ကြည့်နေသည်နှင့် ထူးမခြားနားပေ။
ချင်ယွင် ပြုံးလိုက်မိပါသည်။ သူသည် ဘာမှမသိသည့် လူတစ်ဦးအဖြစ် ဆက်ဆံခံနေရ ကြောင်းကို သူ မည်သို့ မသိဘဲနေမည်နည်း?။ သို့သော် ဤအနက်ရောင် ကျောက်တုံးသည် ထိုအချိန်က သူရရှိခဲ့သော အနက်ရောင် ကျောက်တုံးနှင့် အတူတူပင်။ ရှေးဟောင်း တာအိုဆရာသခင်က ဤကျောက်တုံးတွေမှာ လျှို့ဝှက်ချက်တွေ ပါဝင်သည်ဟု ပြောခဲ့ဖူး သည်။ ချင်ယွင်က ဤအနက်ရောင် ကျောက်တုံးကို မြင်ပြီးကတည်းက သဘာဝအတိုင်း သူ လိုချင်နေမိသည်။
ထို့အပြင်၊ ဤ အင်မော်တယ် ကျောက်စိမ်းများကို သူ လုံးဝ ဂရုမစိုက်ပါ။ ထို့ကြောင့်၊ အကယ်၍၊ ထိုတကိုယ်တော်ကျင့်ကြံသူသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀,၀၀၀ ကို ကမ်းလှမ်းလျှင်ပင်၊ ချင်ယွင်သည် ထုတ်ပေးသွားမည် ဖြစ်ပါသည်။
အကယ်၍၊ ထိုတကိုယ်တော်ကျင့်ကြံသူသည် ချင်ယွင်တွေးနေသည့်အရာကို သိရှိသွားခဲ့ မည်ဆိုလျှင်၊ သူခေါ်လိုက်သော စျေးနှုန်းသည် အလွန်နည်းလွန်းသဖြင့်၊ သူသည် သူ၏ ခေါင်းကို ထုရိုက်ရင်း ရှိုက်ကြီးတငင် ငိုနေမည်လားဟုပင် သူ တွေးလိုက်မိသည်။
"ဒါက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတစ်ရာပါ..."
"ခဏနေဦး..”။
ချင်ယွင်သည် သူ၏လက်ထဲမှ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀၀ ကို ထိုတကိုယ်တော်ကျင့်ကြံသူထံ လွှဲပေးတော့မည့်အခိုက်မှာ၊ သူ၏နားထဲတွင် နားဝင်မချိုသော အသံတစ်ခု ထွက်ပေါ်လာသည်။
သန့်စင်တောက်ပသော အဖြူရောင် အင်မော်တယ်၀တ်စုံကို ၀တ်ဆင်ထားသော လူငယ် တစ်ယောက်သည် သူ၏ဘေးတွင် ရပ်လာခဲ့သည်။ သူက ထိုတကိုယ်တော် ကျင့်ကြံသူကို ကြည့်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည် "အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး နှစ်ရာကို ငါ ပေးမယ်။ ဒီအနက်ရောင် ကျောက်တုံးက ငါ့အပိုင်ပဲ”။
ထိုစကားကိုကြားတော့ ထိုတကိုယ်တော် ကျင့်ကြံသူသည် သူ၏ မျက်လုံးများတွင် ဝင်းလက်တောက်ပသော အလင်းရောင်တစ်ချက် လင်းလက်မသွားခင်၊ သူသည် တခဏလောက် မှင်သက်အံ့ဩသွားခဲ့သည်။ ချင်ယွင်၏ အင်မော်တယ် ကျောက်စိမ်း တစ်ရာကို လက်ခံရယူရန် လှမ်းထားသော သူ၏လက်ကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။ သူသည် လူငယ်အား သံသယဝင်ဟန်ဖြင့် အလောတကြီး မေးလိုက်ပါသည် “သခင်လေး၊ သခင်လေးက ဒီအနက်ရောင် ကျောက်တုံးကို ဝယ်ဖို့ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း နှစ်ရာကို တကယ်ပဲ သုံးစွဲမှာလား?… အိုး.. မဟုတ်ဘူး… ဒီ အနက်ရောင် ရတနာအတွက်…”။
"မင်း နားတွေ မကောင်းဘူးလား။ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀ လို့ ငါ မပြောလိုက်ဘူးလား?" လူငယ်က အေးစက်စွာ ဟစ်အော်ပြောလိုက်ရင်း၊ ထိုတကိုယ်တော် ကျင့်ကြံသူအား အလွန်အမင်း စိတ်မ၀င်စားစွာဖြင့် စိုက်ကြည့်နေသည်။
ထိုတကိုယ်တော်ကျင့်ကြံသူသည် စူးစူးဝါးဝါး စိုက်ကြည့်ခံနေရသော်လည်း သူသည် နည်းနည်းလေးမှ ဒေါသမထွက်ပါဘူး။ ဆန့်ကျင်ဘက်အနေနှင့်၊ သူ၏နွေဦးရာသီက ရောက်လာခဲ့ပြီဟု ခံစားရပြီး သူ၏စိတ်နှလုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
ဤအသုံးမသော ကျောက်တုံးသည် မူလက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်ရာနှင့် ရောင်းချနိုင်ခဲ့သည်။ သူသည် ကောင်းကင်ဘုံကိုပင် ကျေးဇူးတင်နေပြီ ဖြစ်သည်။ သို့သော်၊ ပိုကြီးသည့် သိုးကြီးတစ်ကောင် ရောက်ချလာပြီး ဒီကျောက်တုံးကို ဝယ်ယူဖို့ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း နှစ်ရာကို သုံးစွဲလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူသည် မည်သို့ စိတ်မလှုပ်ရှားဘဲ နိုင်တော့မည်နည်း?။
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါ မင်းလိုချင်တဲ့ ရတနာပဲ" ထိုတကိုယ်တော်ကျင့်ကြံသူက ကမန်းကတန်း ပြုံးပြီး ပြောလိုက်သည်။ ထို့နောက်၊ သူ၏လက်ထဲမှာရှိနေသော အနက်ရောင် ကျောက်တုံးကို လူငယ်လေးဆီ လွှဲပေးတော့မည်။
"ဟေ့ မင်းရဲ့ကျောက်တုံးကို ငါ အရင် မှာထားတာလေ။ အခု မင်းက ဘာလို့ သူ့ကို ရောင်းနေတာလဲ" ချင်ယွင်က ချက်ချင်း မကျေမနပ်အသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်က စီးပွားရေးသမားတစ်ယောက်လေ။ ဟိုသခင်လေးက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀ ရာ ကမ်းလှမ်းခဲ့တယ်။ သေချာတာက၊ အမြင့်ဆုံးဈေးနဲ့ ကမ်းလှမ်းတဲ့လူကို ကျွန်တော်က ရောင်းပေးမှာပဲ။ တကယ်လို့၊ မင်းလည်း အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၂၀၀ ပေးမယ်ဆိုရင် ငါ မင်းကို ရောင်းပေးမယ်။" ထိုတကိုယ်တော်ကျင့်ကြံသူက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်ပါသည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ထင်ရှားသည်မှာ၊ ဤ ထိုတကိုယ်တော် ကျင့်ကြံသူသည် သူ၏လုပ်ငန်းတွင် အလွန် စည်းကမ်းမဲ့လွန်းသည်ဟု ခံစားမိသည်။ ဤအင်မော်တယ် ကျောက်စိမ်းတုံးလေးတွေကို သူ ဂရုမစိုက်သော်လည်း ယင်းစကား ကြောင့်၊ သူ၏ စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်နေဆဲပင်။
"ကောင်းပြီလေ၊ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံ ၂၀၀ ကို ငါလည်းပေးမယ်။" ချင်ယွင်က ကူကယ်ရာမဲ့ ပြောလိုက်သည်။
"ဟမ့်၊ ငါ မင်းကို အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းငါးရာ ပေးမယ်။" သို့သော် ချင်ယွင် ပြောပြီးသည်နှင့် သူ၏ဘေးနားရှိ လူငယ်က အေးစက်စွာ အော်ပြောလိုက်သည်။
"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းငါးရာလား?" ထိုကားကို ကြားလိုက်သည်နှင့် ထိုတကိုယ်တော်ကျင့်ကြံသူ၏ မျက်လုံးတွေက ချက်ချင်းဆိုသလို နှိုင်းစာ၍မရအောင် အံ့အားသင့်နေသည့် အမူအရာ ဖြစ်ပေါ်လာပြီး၊ ပြင်းထန်သော စိတ်အားတက်ကြွမူက ပေါက်ကွဲထွက်လာခဲ့သည်။
ချင်ယွင်သည် သူ၏ဘေးနားက လူငယ်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ရှေ့နားရှိ ဤလူငယ်သည် ဓားသွားကဲ့သို့ မျက်ခုံးတစ်စုံနှင့် ဖီးနစ်ကဲ့သို့ မျက်လုံးတစ်စုံ ရှိပါသည်။ သူသည် အလွန်မင်း ချောမောပြီး ကြည့်ကောင်းလှသည်။ ထို့အပြင်၊ အဆင့်မြင့် အင်မော်တယ်ပစ္စည်းများနှင့် ယှဉ်နိုင်သော ခမ်းနားထည်ဝါသည့် အဖြူရောင် အင်မော်တယ်၀တ်စုံကို ၀တ်ဆင်ထားသည်။ သူသည် ကြီးမားသော အင်အားစု တစ်ခု သို့မဟုတ် မျိုးနွယ်စုတစ်ခု၏ တပည့်တစ်ဦးနှင့် တူပါသည်။
ထို့အပြင်၊ သူ၏ ကျင့်ကြံမှုအခြေကလည်း မနိမ့်ကျလှပေ။ သူသည် အခြေခံအားဖြင့် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တော်ဝင်တာအိုနယ်ပယ်နှင့် ပတ်သက်၍မူ၊ သူ မပြောနိုင်ပါဘူး။ သေချာသည်မှာ၊ သူ၏ကျင့်ကြံမှုအခြေခံက သာမန် အင်မော်တယ်တွေရှေ့မှာ မြင့်မားသည်ဟု ယူဆ၍ရသော်လည်း၊ ချင်ယွင်၏ရှေ့မှာတော့ သူသည် ချက်ချင်း အသတ်ခံခဲ့ရမည့် တည်ရှိမှုတစ်ခု ဖြစ်နေဆဲပါ။
"ဟမ့်၊ ကောင်လေး၊ ငါ မင်းကို စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်။ ငါ ရှချန်းဖန်ဆီက ရတနာကို လုယူနိုင်တဲ့လူ တော်ဝင်ရှအင်မော်တယ်မြို့မှာ အများကြီး မရှိဘူး၊" ထိုလူငယ် က ချင်ယွင် သူ့ကိုကြည့်နေသည်ကို မြင်သောအခါ၊ သူသည် ချင်ယွင်ကို သူ၏မျက်လုံးများ တွင် အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
"ဘာ….? သူက ရှချန်းဖန်…?" ဘေးမှာရပ်နေသော ထိုတကိုယ်တော်ကျင့်ကြံသူသည် လူငယ်ကို အံ့အားသင့်စွာ ကြည့်နေသည်။ ဘေးနားမှ လမ်းသွားလမ်းလာများပင်၊ လူငယ်ကို အံ့အားသင့်စွာ ကြည့်နေကြပါသည်။ ရှင်းရှင်းပြောရရင်၊ ရှချန်းဖန်၏ ကိုယ်ရေး အချက်လက်ကြောင့် သူတို့ ထိတ်လန့်သွားကြပါသည်။
"မြန်မြန် ထွက်သွားလိုက်ပါ။ ဒီရတနာကို မင်းကို မရောင်းတော့ဘူး။ ငါက သခင်လေးရှကို ပေးထားပြီးသား။" ထိုတကိုယ်တော်ကျင့်ကြံသူက ချင်ယွင်ကို ပြောလိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ ချင်ယွင်ကို မောင်းထုတ်လိုက်သည်။
ရှချန်းဖန်သည် ထိုတကိုယ်တော်ကျင့်ကြံသူ၏ စကားကို ကြားသောအခါ၊ သူ၏ မူလကတည်းက မောက်မာသော မျက်နှာသည် ကောင်းကင်ဘုံအလား ပြောင်းလဲသွားပြီး၊ ချင်ယွင်ကို အထင်အမြင်သေးစွာ ကြည့်နေလေသည်။
ရှချန်းဖန်ဆိုတာ မည်သူနည်း?။ သူ၏ဖခင်သည် တော်ဝင်မင် အင်မော်တယ်မင်းဆက်၊ ဧကရာဇ်မင်းမြတ် ညီတော်ဖြစ်သည်။ တစ်နည်းဆိုရသော်၊ တော်ဝင်မင် အင်မော်တယ် မင်းဆက်၏ ဧကရာဇ်မင်းမြတ်သည် သူ၏ဦးလေး ဖြစ်သည်။ ထို့အပြင်၊ သူ၏ ဖခင်သည်လည်း အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်သည်။ ထို့ကြောင့်၊ တော်ဝင်မင် အင်မော်တယ်မင်းဆက်တစ်ခုလုံးတွင် သူ့ကို မည်သူက စော်ကားဝံ့မည်နည်း?။
ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။ အဆုံးမှာတော့ ယခုလိုမျိုး ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားသော်လည်း၊ ထိုတကိုယ်တော်ကျင့်ကြံသူကို သူ့ဆီ ရောင်းဖို့ အတင်းအကြပ် မလုပ်နိုင်တော့ပါဘူး။
"ယောင်္ကျား ဘာဖြစ်နေတာလဲ?" ထိုအချိန်မှာပင် အမျိုးသမီးလေးယောက်က လူအုပ်ကြားထဲမှ တိုးထွက်လာပြီး ချင်ယွင်ကို မေးသည်။
အမျိုးသမီးလေးယောက် ပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်များကို သူမတို့က စွဲဆောင်သွားကြသည်. ထိုတကိုယ်တော်ကျင့်ကြံသူသည်ပင် မျက်တောင်မခတ်ဘဲ အမျိုးသမီးလေးယောက်ကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေသည်။
"ထိပ်တန်း အလှမယ်လေးတွေ၊ ပြီးတော့ လေးယောက်တောင် ရှိနေတယ်" ရှချန်းဖန်၏ မျက်လုံးများသည် အမျိုးသမီး လေးဦးထံ ချက်ချင်းပင် ကျရောက်သွားခဲ့ပြီး သူ၏ ဗြောင်ကျကျ မျက်လုံးတစ်စုံက အမျိုးသမီး လေးဦးကို ကြည့်လိုက်ပါသည်။
ရှချန်းဖန်၏ ကျူးကျော်လိုဟန် အကြည့်များကို မြင်လိုက်ရတော့ ချင်ယွင်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ သူက အမျိုးသမီးလေးယောက်ကို ခေါင်းယမ်းပြီး "ဘာမှမဟုတ်ပါဘူး။ သွားကြရအောင်" ဟု ဆိုလိုက်ပါသည်။ ထိုသို့ပြောပြီးနောက် အမျိုးသမီးလေးဦးကို ဆွဲထုတ်ကာ လှည့်ထွက်သွားခဲ့သည်။
"ရပ်လိုက်စမ်း..” သို့သော် ချင်ယွင် ထွက်ခွာခါနီးတွင် ရှချန်းဖန်က ရုတ်တရက် ပြောလိုက်သည်။
"မင်း ဘာလုပ်ချင်လို့လဲ?" ချင်ယွင်က ရှချန်းဖန် ဘက်လှည့်ပြီး၊ သူ၏မျက်လုံးများတွင် မကျေနပ်မှု အပြည့်ဖြင့် မေးလိုက်ပါသည်။
"ဒီအနက်ရောင် ကျောက်တုံးကို မင်းကို ငါ ပေးနိုင်တယ်။ ဒါပေမယ့်၊ မင်း အဲဒီမိန်းမလှ လေးယောက်ကို ထားခဲ့ရမယ်။" ရှချန်းဖန်သည် ချင်ယွင်ကို မောက်မာစွာ ကြည့်ကာ ပြောလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ?" ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ချင်ယွင်၏ မျက်လုံးထဲ သို့ ချက်ချင်း ဝင်လာခဲ့သည်။
ဘေးနားရှိ အမျိုးသမီးလေးယောက်သည်လည်း မျက်မှောင်ကြုတ်ကာ ရှချန်းဖန်ကို ကြည့်လိုက်ရင်း၊ သူမတို့၏မျက်လုံးများသည် ရေခဲပမာ အေးစက်စက် အလင်းတန်းများ ဖြင့် တောက်ပနေသည်။
"ဟမ့်၊ မင်း ငါ့ပြောတာကို ရှင်းရှင်းလင်းလင်း မကြားလိုက်ထင်တယ်။ ဒီလိုဆိုမှတော့၊ ငါ မင်းကို ရှင်းရှင်းလင်းလင်း ထပ်ပြောမယ်။ အခုကစပြီး သူမတို့လေးယောက်က ငါ ရှချန်းဖန်ရဲ့ အပိုင်ပဲ။ မင်း ဉာဏ်ကောင်းတယ်ဆိုရင် လစ်လိုက်တော့" ရှချန်းဖန်က ချင်ယွင်ကို အေးစက်စွာ အော်ပြောလိုက်သည်။ ရှင်းရှင်းပြောရရင်၊ သူသည် ချင်ယွင်ကို သူ၏မျက်လုံးထဲမှာ လုံးဝ ထည့်မထားပါဘူး။
ချင်ယွင်ကိုကြည့်သည့် ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များသည်လည်း သနားစိတ်ဖြင့် ပြည့်နှက်နေကြသည်။ သူတို့သည် စိတ်လှုပ်ရှားမူနှင့်အတူ သက်ပြင်းကိုယ်စီ ချမိကြသည်။ ဤမိန်းမလှလေးယောက်သည် ကိုယ့်ကိုယ်ကို အမှန်တကယ် ဖုံးကွယ်ထားခြင်း မရှိကြဘဲ၊ သူမတို့ကို အဝေးသို့ ခေါ်ဆောင်သွားပါရန် အဘယ့်ကြောင့် တောင်းဆိုနေကြသနည်း?။ သူမတို့သည် လုယူမှုကို ခံယူဖို့ စောင့်စားနေသည်မှာ ရှင်းလင်းနေသည် မဟုတ်ပါလော?။ (သူမတို့အလှပကို ဖုံးကွယ်ထားခြင်းမရှိဘဲ လျှောက်သွားနေသည့်အတွက် သူမတို့ ကိုယ်တိုင်က လုယူမူကို ခံယူချင်နေသည်ဟု တင်စားပြောခြင်းသာ ဖြစ်ပါသည်။)
“ဖန်း…”
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာသည်။
လူတိုင်းသည် အသံတွေထွက်ပေါ်လာရာ အရပ်ဆီသို့ ကြည့်လိုက်ကြပါသည်။ ရှချန်းဖန် သည် ဧရာမကျောက်တုံးကြီးကဲ့သို့ နောက်သို့ လွင့်ပျံသွားခဲ့ပြီး သူ၏ ဘယ်ဘက်ပါး တခြမ်းပေါ်တွင် နက်ရှိုင်းသော လက်ဖဝါးရာကြီးတစ်ခု ရှိနေပါသည်။