← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း (၁၄၃) ငါ့အမေက နင့်ရဲ့စေ့စပ်ထားသူအဖြစ် သရုပ်ဆောင်မယ်

စုန့်အန်ရင်းသည် လျူအာကျူး၏ စကားပြောဆိုဟန်ကို သိပ်ပြီး အသားမကျသေးပေ။

သို့သော်လည်း သူမသည် ထိုအရာကို အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ထင်မြင်မိသည်။ အခြားယောကျ်ားများကမူ သူမအား မရိုးသားသော မြှောက်ပင့်စကားများဖြင့် ဖားယားတတ်ကြသည် သို့မဟုတ် အလွန်အမင်း စိုးရိမ်ထိတ်လန့်ကာ စကားပင် ကောင်းကောင်း မပြောနိုင်ကြသည်များနှင့်တော့ မတူညီပေ။

သူတို့၏ လျှို့ဝှက်သော ရည်ရွယ်ချက်များကို မျက်နှာပေါ်တွင် အထင်းသား ရေးသားထားသကဲ့သို့ ဖြစ်နေပြီး အခြားသူများ မသိလိုက်မည်ကိုပင် စိုးရိမ်နေကြပုံရသည်။

စုန့်အန်ရင်းသည် ထိုလူများကို သိပ်ပြီး စိတ်ဝင်စားမှု မရှိပေ။ သူမသည် သာမန်ကာလျှံကာ စကားပြောဆိုနိုင်သော လျူအာကျူးကဲ့သို့သော သူမျိုးကိုသာ ပို၍ သဘောကျမိသည်။

လျူအာကျူးက စကားလမ်းကြောင်းကို တမင်တကာ လွှဲပြောင်းလိုက်သောကြောင့် စုန့်အန်ရင်း၏ စိုးရိမ်မှုများလည်း လျော့ကျသွားကာ စတင်ပြောလိုက်သည်။

"ကုန်တိုက်ကနေ ဈေးဝယ်ပြီးရင် နင့်အိမ်ကို လာရှာမလို့ စဉ်းစားထားတာ... နင် အခုရောက်နေတော့ ပိုပြီး လွယ်ကူသွားတာပေါ့... အော်ပရာပြဇာတ်အဖွဲ့က နင့်ရဲ့ ဇာတ်လမ်းကို ပြဇာတ်တစ်ခုအဖြစ် ပြောင်းလဲကပြမှာလေ... ငါ့ရဲ့အမေက နင့်ရဲ့စေ့စပ်ထားသူ နေရာကနေ သရုပ်ဆောင်ရမှာ... အဲဒါကြောင့် အမေက နင့်ကို ငါတို့အိမ်လာပြီး နင့်ရဲ့ အချစ်ဇာတ်လမ်းကို ပြောပြစေချင်နေတာ... အမေက ဇာတ်ကောင်ရဲ့ ခံစားချက်ကို သေချာနားလည်ပြီး အကောင်းဆုံး သရုပ်ဆောင်ချင်လို့ပါ…”

"ဘာတွေပြောနေတာလဲ..."

လျူအာကျူး၏ ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားပြီး သေချာစေရန် ထပ်မေးလိုက်သည်။

"မင်း ငါ့ကို နောက်နေတာလား..."

စုန့်အန်ရင်းသည်လည်း အနည်းငယ် ရှက်ရွံ့နေ၏။ ထိုသို့မဟုတ်လျှင် သူမသည် စောစောကတည်းက ဤကိစ္စကို ထုတ်ပြောရန် ခက်ခဲနေမည် မဟုတ်ပေ။

ယခုမူ လျူအာကျူး၏ အထပ်ထပ် မေးမြန်းမှုများကြောင့် သူမသည် သူ၏ မျက်နှာကိုပင် တည့်တည့်မကြည့်ဝံ့တော့ပေ။ သူမ၏ ခေါင်းကို ငုံ့ကာ မြေကြီးကိုသာ ကြည့်ရင်း အားတင်း၍ ရှင်းပြလိုက်သည်။

"အော်ပရာပြဇာတ်တွေဆိုတာ လုပ်ကြံဖန်တီးထားတာတွေချည်းပါပဲ... ပြီးတော့ ငါ့ရဲ့အမေက အော်ပရာပြဇာတ်အဖွဲ့ဝင်လေ... ခေါင်းဆောင်က သရုပ်ဆောင်ဖို့ တာဝန်ပေးရင် သူ သရုပ်ဆောင်ရမှာပဲ..."

"သူမရဲ့ ခေါင်းဆောင်ဆိုတာ မင်းရဲ့အဖေ မဟုတ်ဘူးလား..."

လျူအာကျူးက ပြန်လည်ချေပလိုက်သည်။

စုန့်အန်ရင်းက နှုတ်ခမ်းကို စူကာ ပြောလိုက်၏။

"အဲဒါက ငါ့အဖေရဲ့ အကြံဉာဏ်ပါ... ဒီဇာတ်ကောင်က လူမုန်းများနိုင်ပေမယ့် လုံးဝကို အမှတ်ရစေနိုင်တယ်လို့ သူက ထင်နေတာ... ဆံဖြူမိန်းကလေးပြဇာတ်ထဲက ဟွမ်ရှီရန်လိုမျိုးပေါ့... သူက ပြင်းပြင်းထန်ထန် ဝေဖန်ခံရပေမယ့် နာမည်တော့ အတော်ကြီးသွားတာပဲလေ... အကယ်၍ အမေသာ ဒီဇာတ်ကောင်နဲ့ နာမည်ကြီးသွားရင် ယဉ်ကျေးမှုအဖွဲ့ဆီကို ပြောင်းရွှေ့ပြီး အလုပ်လုပ်ရနိုင်တယ်..."

လျူအာကျူးက ခေါင်းညိတ်လိုက်သည်။ ထိုစကားမှာ အဓိပ္ပာယ်ရှိပေသည်။

ဟွမ်ရှီရန်နေရာမှ သရုပ်ဆောင်ခဲ့သော ချန်ချန်သည် ချန်ဖေးစီ၏ ဖခင်ဖြစ်ပြီး တစ်ချိန်က အလွန်ရေပန်းစားခဲ့ကာ ရုပ်ရှင်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

စုန့်အန်ရင်း၏ ဖခင်ဖြစ်သူတွင် အမြော်အမြင်ရှိသည်ဟု ဆိုနိုင်သော်လည်း လျူအာကျူးမှာမူ ထိုလူကြီးတွင် ထူးဆန်းသော အကြိုက်များ ရှိနေနိုင်သည်ဟူသော ခံစားချက်ကို ဖျောက်ဖျက်၍ မရနိုင်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ လျူအာကျူးသာဆိုလျှင် သူ့ဇနီးအား ကလေးတစ်ယောက်၏ စေ့စပ်ထားသူအဖြစ် မည်သည့်အခါမျှ သရုပ်ဆောင်ခိုင်းမည် မဟုတ်ပေ။ လျူအာကျူးက ခေါင်းခါယမ်းလိုက်ပြီး စုန့်အန်ရင်းကို ငြင်းဆန်လိုက်သည်။

"ငါ မင်းတို့အိမ်ကို မလိုက်တော့ပါဘူး... မင်းရဲ့အမေကို အဲဒါ တကယ့်အချစ်ဇာတ်လမ်းမဟုတ်ဘဲ ငါကိုယ်တိုင် လုပ်ကြံဖန်တီးထားတာလို့သာ ပြောလိုက်ပါ... သူမကို ဇာတ်ကောင်ရဲ့ သရုပ်ကို ပိုပြီး ဗိုလ်ကျချယ်လှယ်တတ်တဲ့ပုံစံ ပိုပြီး လောကီဆန်တဲ့ပုံစံမျိုး သရုပ်ဆောင်ဖို့ ပြောလိုက်..."

ငြင်းဆန်ခံလိုက်ရသောကြောင့် စုန့်အန်ရင်းမှာ အသားမကျသလို ဖြစ်သွားသည်။ သူမက တိုးညင်းစွာဖြင့် ပြောလိုက်၏။

"ငါ့ရဲ့အမေက နင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး... ပြီးတော့ နင် ရှက်နေရင် ငါနဲ့ အဖေက အပြင်ထွက်ပေးထားပြီး နင်တို့နှစ်ယောက်တည်း စကားပြောခွင့်ပေးထားမှာပါ..."

"..."

လျူအာကျူးသည် ဤမိသားစု၌ ထူးဆန်းသော အကြိုက်များ အမှန်တကယ် ရှိနေကြောင်း ပို၍ပင် ယုံကြည်သွားတော့သည်။

တကယ့် လင်မယားနှစ်ယောက်က လူပျိုတစ်ယောက်ကို ရိုးသားစွာ ဖိတ်ကြားနေခြင်းမှာ ယုံကြည်နိုင်စရာပင် မရှိပေ။

သူ၏ ကြာရှည်စွာ တွေဝေနေမှုကို မြင်သောအခါ စုန့်အန်ရင်းက ရုတ်တရက် မေးလိုက်သည်။

"နင် ငါ့အဖေကို ကြောက်နေတာလား..."

"မကြောက်ပါဘူး..."

လျူအာကျူးက အလိုအလျောက် ပြန်ဖြေလိုက်သည်။

စုန့်အန်ရင်းက သက်ပြင်းချလိုက်၏။

"နင် ဟန်ဆောင်နေစရာ မလိုပါဘူး...ငါ အကုန်သိပြီးပါပြီ... ငါ့ကို ဒဿနိကဗေဒလေ့လာဖို့ နင်က တိုက်တွန်းခဲ့တယ်လို့ အဖေက အထင်လွဲပြီး နင့်ကို ဒုက္ခပေးခဲ့တာလေ... အဲဒါ သူ့ရဲ့အမှားပါ... သူ့ကိုယ်စား ငါပဲ တောင်းပန်ပါတယ်..."

"ဒါပေမဲ့ ငါ့ရဲ့အမေက နင့်ကို တကယ်သဘောကျတာပါ... ပြီးတော့ သူက ဒ္ပြဇာတ်ကို ကောင်းကောင်း သရုပ်ဆောင်ချင်နေတာ... အကယ်၍ နင်က ကူညီဖို့ ဆန္ဒရှိရင် အဖေ့ကို အိမ်ထဲကနေ မောင်းထုတ်ပေးမယ်လေ ဟုတ်ပြီလား..."

တကယ့်ကို လိမ္မာရေးခြားရှိသော သမီးလေးပင် ဖြစ်လေသည်။

အဆက်မပြတ် နားပူနားဆာလုပ်ခံရသောကြောင့် လျူအာကျူးမှာ မတတ်သာတော့ပေ။ မည်သို့ပင်ဖြစ်စေ စကားပြောရုံသက်သက်သာ ဖြစ်သည်ဟု တွေးကာ သူက သဘောတူလိုက်သည်။

"ကောင်းပြီလေ မင်းတို့အိမ်ကို သွားကြတာပေါ့..."

စုန့်အန်ရင်းမှာ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားကာ ဘေးဘီဝဲယာသို့ ကြည့်လိုက်လေသည်။

"နင့်ရဲ့ စက်ဘီးက ဘယ်မှာလဲ..."

"ငါ့စက်ဘီးက ဘီးပေါက်သွားလို့ ပြင်ဖို့ ပို့ထားတယ်..."

လျူအာကျူးက ပေါ့ပေါ့ပါးပါးပင် လိမ်ညာပြောဆိုလိုက်သည်။ သူ၏ စက်ဘီးမှာ သူ၏ နေရာလွတ်ထဲတွင် ရှိနေပြီး လူလုံးရှေ့တွင် ထုတ်ယူ၍မရနိုင်ပေ။

"ဒါဆိုရင် တက်လေ ငါ နင့်ကို တင်နင်းသွားမယ်..."

စုန့်အန်ရင်းက သူမ၏ နောက်ခုံကို ပုတ်ကာ ပြောလိုက်သည်။

လျူအာကျူးက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်၏။

"ငါက မိန်းမတစ်ယောက်ကို မှီခိုစားသောက်နေတယ်လို့ တခြားသူတွေ ပြောမှာကို စိုးရိမ်တယ်... ငါပဲ မင်းကို တင်နင်းသွားတာ ပိုကောင်းမယ်..."

စုန့်အန်ရင်းမှာ ယခုအခါ လျူအာကျူး စိတ်ပြောင်းသွားမည်ကို အလွန်ကြောက်ရွံ့နေသောကြောင့် ပြန်လည်ငြင်းခုံခြင်း မပြုရဲတော့ပေ။ သူမသည် လိမ္မာစွာဖြင့် သဘောတူလိုက်ပြီး နောက်ခုံတွင် သွားထိုင်လိုက်သည်။

လျူအာကျူးသည် စက်ဘီးပေါ်သို့ တက်လိုက်ပြီးနောက် ခပ်ကျယ်ကျယ် အော်ပြောလိုက်၏။

"သေချာကိုင်ထား..."

ထို့နောက် သူသည် အားပြင်းပြင်းဖြင့် နင်းချလိုက်ရာ စက်ဘီးမှာ ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားလေတော့သည်။

နောက်ခုံတွင် ထိုင်နေသော စုန့်အန်ရင်းမှာ သတိလက်လွတ် ဖြစ်သွားသည်။ သူမသည် အမှတ်မထင် အော်ဟစ်လိုက်မိပြီး လျူအာကျူး၏ ခါးကို အလိုအလျောက် တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။

အော်သံကို ကြားလိုက်ရသောအခါ လျူအာကျူးသည် ဘရိတ်ကို အမြန်ဖမ်းညှစ်လိုက်၏။ ထိုအခါ စုန့်အန်ရင်းမှာ မထိန်းနိုင်ဘဲ သူ၏ကျောပြင်ကို ဝင်တိုက်မိသွားလေတော့သည်။

အလွန်နူးညံ့ပြီး အလွန်အိစက်ကာ အလွန်ကောင်းမွန်သော အထိအတွေ့ပင် ဖြစ်သည်။

ပါးလွှာသော ဝါဂွမ်းအင်္ကျီလေးကို ဖြတ်သန်း၍ပင် ထိုဆွဲဆန့်နိုင်သော ဖိအားကို သူ သတိမထားမိဘဲ မနေနိုင်ခဲ့ပေ။ မြို့ပေါ်ကလူများမှာ အမှန်တကယ်ပင် အာဟာရပြည့်ဝကြပေသည်။

စုန့်အန်ရင်းသည်လည်း ဝင်တိုက်မိသော အရှိန်ကြောင့် နာကျင်သွားသည်။ သူမသည် မျက်မှောင်ကြုတ်ကာ ထိုနေရာကို ပွတ်သပ်ချင်သော်လည်း မထိရဲခဲ့ပေ။ သူတို့၏ ရင်းနှီးသော ထိတွေ့မှုကြောင့်လည်း သူမမှာ ရှက်ရွံ့သွားကာ တိုးညင်းစွာဖြင့် အပြစ်တင်စကားဆိုလိုက်သည်။

"နင်... မဟုတ်ကဟုတ်ကတွေ မလုပ်နဲ့... သေချာနင်းစမ်းပါ..."

"ဘာကိုဆိုလိုတာလဲ... ငါက စထွက်တော့မယ်လို့ သတိပေးခဲ့သားပဲ... မင်း ပြုတ်ကျမှာစိုးလို့ ငါက ရပ်လိုက်တာလေ..."

လျူအာကျူးက ရှင်းပြလိုက်သည်။

စုန့်အန်ရင်းသည် သူ့ကို မယုံကြည်သော်လည်း သူ့ကို ဒေါသထွက်ပြီး ထွက်သွားမည်ကို စိုးရိမ်သောကြောင့် ထပ်၍မပြောရဲတော့ပေ။ သူမသည် နာကြည်းချက်ကို မျိုသိပ်ကာ ပြောလိုက်ရသည်။

"ဒါဆိုရင်... ဒါဆိုရင်လည်း မြန်မြန်နင်းတော့..."

"ကောင်းပြီ သေချာကိုင်ထား..."

လျူအာကျူးက ထပ်မံ၍ အော်ပြောလိုက်ပြီး ရှေ့သို့ တစ်ဖန် အရှိန်တင်ကာ နင်းသွားလေတော့သည်။

နောက်ခုံတွင် ထိုင်နေသော စုန့်အန်ရင်းမှာ သူ အလွန်မြန်ဆန်စွာ နင်းနေသည်ကို ကြည့်ရင်း ဘေးဘက်မှ မြင်ကွင်းများမှာ လျင်မြန်စွာ ဖြတ်သန်းသွားသည်။ သူမ၏ လှပသော မျက်နှာလေးမှာ ကြောက်ရွံ့မှုကြောင့် အနည်းငယ် ဖြူရော်သွားသည်။ အလိုအလျောက်ပင် သူမသည် လျူအာကျူး၏ ခါးကို ဖက်ထားလိုက်၏။

"ဖြည်းဖြည်း... ဖြည်းဖြည်းလုပ်ပါ... အဲ့လောက်မြန်တာကို ငါ မခံနိုင်ဘူး..."

"ဒီလောက်လေးမြန်တာလား... ငါ့ရဲ့ အမြင့်ဆုံးအရှိန်ကိုတောင် မရောက်သေးဘူး..."

လျူအာကျူးက လှောင်ပြောင်လိုက်သော်လည်း အရှိန်ကိုမူ အနည်းငယ် လျှော့ချပေးလိုက်သည်။

စုန့်အန်ရင်း၏ လမ်းညွှန်မှုများအတိုင်း လိုက်လာရာ မကြာမီတွင် သူတို့သည် သူမ၏ အိမ်သို့ ရောက်ရှိသွားကြသည်။

သို့သော် ထိုနေရာသို့ရောက်သောအခါ စုန့်အန်ရင်းသည် ခေတ္တမျှ ဆင်းမလာသောကြောင့် လျူအာကျူးမှာ စပ်စုချင်စိတ်ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ..."

"နင်က ငါ့ခြေထောက်တွေကို အားပျော့သွားအောင် လုပ်လိုက်တာပဲ..."

စုန့်အန်ရင်းမှာ အကြောက်လွန်သွားရာမှ ပြန်လည်သက်သာလာခြင်း မရှိသေးဘဲ ကောင်းစွာ မတ်တတ်မရပ်နိုင်သေးပေ။

ဤအမျိုးသားမှာ အလွန်မြန်ဆန်လွန်းပြီး အလွန်ကြမ်းတမ်းလွန်းလှ၏။ နောက်ဆုံးတွင် သူသည် မတ်တတ်ရပ်၍ပင် နင်းခဲ့သေးသည်။ သူ၏စက်ဘီးကို ဆိုလိုခြင်းဖြစ်သည်။

ထိုကဲ့သို့သောအရှိန်ဖြင့် အခြားသူများ ခံနိုင်ရည်ရှိမရှိကိုပင် ဂရုမစိုက်ပေ။

သူတို့၏ စကားပြောသံများမှာ အိမ်ထဲရှိ စုန့်ကော်ဝမ်နှင့် ကျောက်ချင်းတို့ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ကျောက်ချင်းက အိမ်ထဲမှ ထွက်လာကာ မေးလိုက်လေသည်။

"ရင်းရင်း မင်းလား... မင်း ကုန်တိုက်ကို သွားမယ်ဆို... ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ..."

လျူအာကျူးကို မြင်လိုက်ရသောအခါ ကျောက်ချင်း၏ လှပသော မျက်လုံးများမှာ အရောင်လက်သွားသည်။

"ကျူးဇီ မင်းရောက်လာတာကိုး..."

လျူအာကျူးသည် ကျောက်ချင်းကို စူးစမ်းကြည့်လိုက်သည်။ သူမသည် သမ္မတခေတ်ကာလက ခေတ်စားခဲ့သော အနက်ရောင် ချီပေါင်းကို ဝတ်ဆင်ထားပြီး ထိုဝတ်စုံမှာ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ကောင်းစွာ ပေါ်လွင်စေသည်။ အထူးသဖြင့် စကတ်၏ အကွဲကြောင်းအမြင့်မှာ သူမ၏ ရှည်လျားလှပသော ခြေတံများကို တစ်စွန်းတစ်စ မြင်တွေ့နေရသည်။ သူမသည် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားရာ သူမကို ပို၍ အရပ်ရှည်ပုံပေါက်စေ၏။

ဤဝတ်စုံကြောင့် လျူအာကျူးမှာ မည်သို့ အကဲဖြတ်ရမည်ကိုပင် မသိတော့ပေ။

နောင်နှစ်အနည်းငယ်အကြာကို ထားလိုက်ပါတော့ ယနေ့အချိန်တွင် ဤသို့ ဝတ်ဆင်ထားလျှင်ပင် ဤအမျိုးသမီးက အပြင်သို့ ထွက်ရဲမည် မဟုတ်ပေ။

ထိုသို့မဟုတ်လျှင် သူမသည် သေချာပေါက် ကျိန်ဆဲခံရမည်မှာ အသေအချာပင် ဖြစ်သည်။

လျူအာကျူးက သူ၏ဇနီးကို စူးစမ်းနေသည်ကို မြင်သောအခါ အိမ်ထဲမှ ထွက်လာသော စုန့်ကော်ဝမ်က လည်ချောင်းဟန့်လိုက်သည်။ သူသည် ရှေ့သို့လှမ်းလာကာ ကျောက်ချင်း၏ သွယ်လျသောခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားလိုက်ပြီး ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"ဘယ်လိုလဲ... ခုလိုဝတ်ဆင်ထားတာမျိုးကို အရင်က မမြင်ဖူးဘူး မဟုတ်လား... လှတယ်မလား..."

"အတော်လေး လှပါတယ်..."

လျူအာကျူးက ပေါ့ပေါ့ပါးပါးပင် ချီးကျူးလိုက်သော်လည်း စုန့်ကော်ဝမ်ကမူ ၎င်းကို မနာလိုခြင်းဟု ယူဆလိုက်သည်။

"ဒီနေ့တော့ မင်းအတွက် မျက်စိပွင့်သွားစေမယ့် အရာတစ်ခုအဖြစ် မှတ်ယူလိုက်ပေါ့... တကယ့် မိန်းမစစ်စစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မင်းကို သိခွင့်ပေးလိုက်တာပဲ..."

"ကဲပါ ကဲပါ... အပြင်မှာ အတော်လေး အေးနေပြီ... အထဲဝင်ပြီးမှ စကားပြောကြတာပေါ့..."

ချီပေါင်းတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသော ကျောက်ချင်းမှာ ရာသီဥတုဒဏ်ကို အမှန်တကယ်ပင် မခံနိုင်တော့ပေ။

သို့သော် စုန့်အန်ရင်းက အလျင်အမြန်ပင် ပြောလိုက်သည်။

"အဖေ... လျူအာကျူးက သမီးတို့ရှေ့မှာ ပြဇာတ်အကြောင်း ဆွေးနွေးရတာ နည်းနည်း အနေခက်နေလို့တဲ့... အဖေနဲ့ သမီး အပြင်ထွက်ပေးထားလို့ ရမလား... အမေနဲ့ သူ့ကို နှစ်ယောက်တည်း စကားပြောခွင့်ပေးလိုက်ပါလား..."

လျူအာကျူးသည် စုန့်ကော်ဝမ်ကို ကြည့်လိုက်ပြီး သူ သဘောတူမည်လားဆိုသည်ကို သိချင်နေမိသည်။

အံ့သြစရာကောင်းသည်မှာ စုန့်ကော်ဝမ်က တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... ငါတို့ ခြံဝင်းထဲမှာ စောင့်နေကြမယ်... သူ့ကို မင်းရဲ့အမေနဲ့ နှစ်ယောက်တည်း စကားပြောခွင့်ပေးလိုက်ကြတာပေါ့..."

ပြောရမည်ဆိုလျှင် နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သူများမှာ ကွာခြားလှပေသည်။ အမှန်တကယ့်ကို သဘောထားကြီးလွန်းလှသည်။

လျူအာကျူးမှာ အတော်လေး အထင်ကြီးသွားမိပြီး သူ့စိတ်ထဲတွင် သူ၏ ယခင်ဘဝက ထိုအချိန်ကာလကို ကျော်လွန်သော လက်ရာမြောက် ဇာတ်ကားများကို မအောက်မေ့ဘဲ မနေနိုင်တော့ပေ။

"ထောင်ပေါင်းများစွာသော ကြိုးကြာငှက်များ"

"အင်္ဂလိပ်လူနာ"

"ခင်ပွန်းဖြစ်သူရှေ့တွင် အဓမ္မပြုကျင့်ခြင်း"

All Chapters