← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) ဤငတုံးကြီး ငါးစာမိသွားလေပြီ

ကျောက်ချင်း ရေယူလာပေးပြီးနောက် လျူအာကျူးသည် သူမနှင့် ဇာတ်ကောင်စရိုက်လက္ခဏာ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း အနည်းငယ် ထပ်မံစကားစမြည်ပြောဖြစ်ကြသည်။

သူ၏ ဆယ်စုနှစ်များစွာသော အနာဂတ်ဗဟုသုတများဖြင့်ဆိုလျှင် အသက်လေးဆယ်နီးပါးရှိနေပြီဖြစ်သော ကျောက်ချင်းကို မဆိုထားနှင့် အဘွားကြီးတစ်ယောက်ကိုပင် တွေဝေသွားအောင် စကားပြောနိုင်စွမ်းရှိသည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် လူရမ်းကားမှုဖြင့် သေဒဏ်ပေးခံရမည်ကိုသာ မကြောက်ခဲ့ပါက လျူအာကျူး၏ ခေါင်းထဲရှိ ဗဟုသုတများသည် ရေတွက်၍မရနိုင်သော မိန်းမပျိုလေးများကို အိပ်ရာထဲရောက်အောင် လှည့်စားနိုင်စွမ်းရှိပေသည်။

ထိုသူနှစ်ယောက် အိမ်ထဲတွင် စကားစမြည်ပြောနေကြစဉ် အပြင်ဘက်ရှိ သားအဖနှစ်ယောက်မှာ အေးခဲ၍ ရေခဲငတုးများနီးပါး ဖြစ်နေကြလေပြီ။

အထူးသဖြင့် အပြင်ထွက်လာစဉ်က သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ရန် မေ့လျော့လာခဲ့သော စုန့်ကော်ဝမ်မှာ ထိန်းမရအောင် တုန်ယင်နေတော့သည်။

နှပ်ရည်များထွက်ကျလုမတတ်ဖြင့် အအေးမိတော့မည့်ပုံစံပေါက်နေသော စုန့်ကော်ဝမ်သည် ပြတင်းပေါက်မှနေ၍ မချင့်မရဲ ချောင်းကြည့်လိုက်ရာ သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အကြီးအကျယ် ဒေါသထွက်သွားသည်။

အိမ်ထဲရှိ ထိုသူနှစ်ယောက်မှာ ဆိုဖာပေါ်တွင်ထိုင်ကာ ရယ်မောရင်း စကားပြောနေကြခြင်း ဖြစ်သည်။

တကယ်တမ်းတွင် စုန့်ကော်ဝမ်သည် သူ၏ရှေ့တွင် ဇနီးဖြစ်သူ ဤမျှပျော်ရွှင်နေသည်ကို တစ်ခါမျှပင် မမြင်ဖူးခဲ့ပေ။

ထို့အပြင် သူ့ဇနီးသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ သူ၏အနောက်တိုင်းစတိုင် ပညာရေးတွင် နစ်မွန်းနေခဲ့ပြီး နိုင်ငံခြားတွင်ပင် ပညာသင်ကြားခဲ့သော်လည်း ကလေးဘဝကတည်းက စွဲကပ်လာသော အကျင့်ဆိုးတစ်ခုကို မဖျောက်ဖျက်နိုင်ခဲ့ကြောင်း စုန့်ကော်ဝမ် သိထားသည်။ ထိုအကျင့်မှာ သူမ စိတ်လှုပ်ရှားလာတိုင်း ဖိနပ်ကိုချွတ်ကာ တင်ပျဉ်ခွေထိုင်တတ်ခြင်းပင် ဖြစ်သည်။

ယခုအချိန်တွင် သူမ၏ ဖြူဖွေးနူးညံ့သော ခြေထောက်လေးများမှာ ဗလာကျင်းနေပြီး ဆိုဖာလက်ရန်းကို မှီကာ တစ်ဝက်လောက် လှဲလျောင်းနေသည်။ သူမသည် လျူအာကျူး၏ စကားများကြောင့် တခစ်ခစ်ရယ်မောနေကာ စကတ်လန်တက်နေသည်ကိုပင် သတိမထားမိပေ။

ဤသည်မှာ စုန့်ကော်ဝမ်တွင် ထူးခြားသော တပ်မက်မှုများ တကယ်မရှိကြောင်းကို ပြသနေသည်။ အကြောင်းမှာ သူသည် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ရှေ့သို့တိုက်ရိုက်တက်ကာ တံခါးကို ခေါက်လိုက်သောကြောင့် ဖြစ်သည်။

"မိန်းမ... စကားပြောလို့ ပြီးပြီလား... ငါတော့ အေးခဲသေတော့မယ်..."

အရင်ကဆိုလျှင် ကျောက်ချင်းသည် ချက်ချင်း အပြင်သို့ပြေးထွက်လာကာ သူ့ကိုယ်ပေါ်သို့ သိုးမွေးကုတ်အင်္ကျီလွှမ်းခြုံပေးပြီး ပြာယာခတ်နေမည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ကျောက်ချင်း ရောက်လာခဲ့သော်လည်း တံခါးကိုသာ ဖွင့်ပေးပြီး စုန့်ကော်ဝမ်အား ပြောလိုက်သည်။

"ရှင်တို့နှစ်ယောက်ကိုတောင် မေ့နေတာ... ကျူးဇီက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလွန်းတယ်... ဒီနေ့ သူ့ကို ညစာစားဖို့ ခေါ်ထားလိုက်ရအောင်..."

စုန့်ကော်ဝမ်သည် လျူအာကျူးအား တစ်ချက်ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

"အိမ်မှာ ပိုလျှံတဲ့ အစားအသောက်တွေ ပြင်ဆင်မထားဘူး..."

"ဒါဆိုလည်း သွားဝယ်လိုက်လေ... ငါတို့မှာ ပိုက်ဆံပြတ်နေတာမှ မဟုတ်တာ..."

ကျောက်ချင်းက တိုက်တွန်းလိုက်၏။

"...ရဲဘော် လျူအာကျူးမှာလည်း သူ့ကိစ္စနဲ့သူ ရှိမှာပါ... ဟုတ်တယ်မလား..."

စုန့်ကော်ဝမ်က လျူအာကျူးကို စူးရဲစွာ ကြည့်လိုက်သည်။

နေရန် သိပ်ဆန္ဒမရှိသော လျူအာကျူးကလည်း ကျောက်ချင်းအား ပြောလိုက်၏။

"ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ မနေတော့ဘူး..."

ဖခင်ဖြစ်သူ၏ သွယ်ဝိုက်သောစကားကို ရိပ်မိသွားသည့် စုန့်အန်ရင်းက မပျော်မရွှင်ဖြင့် လျူအာကျူးကို တားလိုက်ပြီး စုန့်ကော်ဝမ်အား ပြောလိုက်သည်။

"အဖေ... သမီးရဲ့ အတန်းဖော် လာလည်တာက ရှားရှားပါးပါးလေ... ပြီးတော့ သူက အမေ့ကို ကူညီဖို့ လာတာကို... အဖေက ဒီထက်ပိုပြီး သဘောထားကြီးလို့ မရဘူးလား..."

ဝိုး... ကျေနပ်စရာကောင်းသော အပိုင်းသို့ ရောက်လာလေပြီ။

ဤသည်မှာ စုန့်အန်ရင်း တစ်စုံတစ်ယောက်နှင့် အငြင်းပွားသည်ကို လျူအာကျူး ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူမ၏ အတန်းဖော်အတွက် ကိုယ်ပိုင်ဖခင်နှင့် အငြင်းပွားနေခြင်းပင် ဖြစ်သည်။

စုန့်ကော်ဝမ်မှာ ထိုသို့ ပြန်လည်ချေပခံလိုက်ရသဖြင့် အလွန်အံ့သြသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျောက်ချင်းက ဖြတ်ပြောလိုက်သည်။

"ဟုတ်တယ်... ယောက်ျား... သဘောထားလေး နည်းနည်းကြီးစမ်းပါ... အစားအသောက်လေး မြန်မြန်သွားဝယ်လိုက်... ရင်းရင်းနဲ့ ကျွန်မက ဒီနေရာမှာနေပြီး ကျူးဇီနဲ့ သေချာ စကားပြောလိုက်ဦးမယ်..."

ထို့နောက် ကျောက်ချင်းသည် စုန့်ကော်ဝမ်ကို တံခါးအပြင်သို့ တွန်းထုတ်လိုက်ပြီး ကျူးဇီကို ဆိုဖာပေါ်တွင် ထိုင်ရန် ပြန်ဆွဲခေါ်သွားလ်ုက်သည်။

သူမသည် လျူအာကျူးနှင့် စကားပြောရသည်ကို အားမရသေးပေ။ သူ၏စကားများကို နားထောင်ရသည်မှာ အလွန်စိတ်ဝင်စားဖို့ ကောင်းလွန်းလှသည်။ အခြားသူများကို အကဲဖြတ်ရာတွင် သူအသုံးပြုသော ဝေါဟာရအချို့ကို နားလည်ရန် အနည်းငယ်ခက်ခဲသော်လည်း ဟာသပြဇာတ်တစ်ခုကို နားထောင်နေရသကဲ့သို့ အမြဲခံစားရသည်။

ဥပမာအားဖြင့် 'နတ်သမီးလေးများ' သို့မဟုတ် 'ချယ်ရီသီးမိစ္ဆာ' ကဲ့သို့သော စကားလုံးများ ဖြစ်သည်။

လျူအာကျူးကိုယ်တိုင်လည်း ဤသားအမိနှစ်ယောက်မှာ သူရောက်လာသည်နှင့် ပြန်ခွင့်မပြုတော့လောက်အောင် စိတ်အားထက်သန်နေကြလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အပြင်သို့ တွန်းထုတ်ခံလိုက်ရသော စုန့်ကော်ဝမ်မှာ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။ အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်လာမှ သတိပြန်ဝင်လာသည့်အချိန်အထိ သူက တံခါးဝတွင် ငေးမောကာ ရပ်နေမိသည်။

“နေဦး... ငါ့ကို အစားအသောက်သွားဝယ်ခိုင်းချင်ရင်တောင် အနည်းဆုံး ငါ့ရဲ့ သိုးမွေးကုတ်အင်္ကျီကိုတော့ ပေးသင့်တယ်မဟုတ်လား”

စုန့်ကော်ဝမ်သည် မှောင်မည်းနေသော မျက်နှာထားဖြင့် တံခါးကို တွန်းဖွင့်ကာ သိုးမွေးကုတ်အင်္ကျီဝင်ဝတ်ရန် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သို့သော် သူ၏ဇနီးနှင့် သမီးဖြစ်သူတို့မှာ လျူအာကျူး၏ တစ်ဖက်တစ်ချက်တွင် ထိုင်ကာ ရယ်မောပြောဆိုနေကြသည်ကို မြင်လိုက်ရသဖြင့် လျူအာကျူးမှာ အိမ်ရှင်တစ်ဦးနှင့်ပင် တူနေလေတော့သည်။

သို့သော် သူသည် ဇနီးနှင့် သမီးဖြစ်သူကို မလွန်ဆန်ရဲသဖြင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“မင်းတို့က ငါ့ကို အစားအသောက် သွားဝယ်ခိုင်းချင်တာလား... ကောင်းပြီလေ... ငါ တရုတ်ရိုးရာအရက် တစ်ပုလင်းဝယ်လာပြီး ဒီကောင်စုတ်လေးကို မူးသွားအောင် တိုက်ပစ်မယ်…”

“စနစ်ထဲက ဌာနမှူးတစ်ယောက်ဖြစ်တဲ့ ငါ့ကို နှပ်ထွက်လေးတစ်ယောက်က အရက်သောက်နိုင်ရည်မှာ အနိုင်ယူနိုင်မယ်ဆိုတာ ငါလုံးဝ မယုံဘူး…”

လျူအာကျူး အရက်မူးပြီးနောက် အရူးတစ်ယောက်လို ဖြစ်သွားမည့်အကြောင်း တွေးမိသည်နှင့် စုန့်ကော်ဝမ်မှာ ဝမ်းသာသွားသည်။ သူသည် ပြုံးရွှင်စွာဖြင့် ဇနီးနှင့် သမီးကို လျူအာကျူးနှင့်အတူ ထားခဲ့ကာ တံခါးအပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။

လျူအာကျူးသည် သူ၏နာရီကို ကြည့်လိုက်ရာ မိုးချုပ်ရန် စောနေသေးကြောင်း အတည်ပြုလိုက်သည်။ ထို့ပြင် သူသည် အမျိုးသမီးနှစ်ဦး၏ တားဆီးမှုကို ခံထားရသဖြင့် ဤနေရာတွင်ပင် အနားယူကာ စကားပြောရန် ဆုံးဖြတ်လိုက်သည်။

ကြီးကျယ်ခမ်းနားလှသော အလှတရားပိုင်ရှင် နှစ်ဦး... တစ်ဦးက ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိကာ အခြားတစ်ဦးက ဖြူစင်ပြီး သွက်လက်တက်ကြွသည်။ သူတို့၏ ဝန်းရံခြင်းကို ခံထားရသဖြင့် ပြန်ရန်မေ့သွားခြင်းမှာ လွယ်ကူလှပေသည်။

အော်ပရာပြဇာတ်သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်သော ကျောက်ချင်းသည် လျူအာကျူး၏ မြှောက်ပင့်စကားများကြောင့် အလွန်ဝမ်းသာသွားကာ မတ်တတ်ထရပ်ပြီး သီချင်းတစ်ပုဒ်ပင် သီဆိုပြလေသည်။

ဟဲပေ ပန်ဇီအော်ပရာတွင် ဇာတ်ရုပ်လေးမျိုးရှိလသည်။ ၎င်းတို့မှာ ရှန်း၊ တန်၊ ကျင်းနှင့် ချောင်တို့ဖြစ်ကြသည်။ ကျောက်ချင်းသည် တန် ဇာတ်ရုပ်များအနက်မှ သွက်လက်မှု၊ လျင်မြန်မှုနှင့် ဆွဲဆောင်မှုတို့ကို အဓိကထားသည့် ဟွာတန် ဇာတ်ရုပ်တွင် ကျွမ်းကျင်သူ ဖြစ်သည်။

ယခုအခါ သူမသည် ခါးကိုလှုပ်ခါကာ၊ လက်မောင်းများကို ရွှေ့လျားပြီး ရှည်လျားသောခြေတံများကို လှုပ်ရှားလိုက်ရာ လိပ်ပြာလေးတစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်နေလေသည်။ သူမ၏ ထူးခြားပြောင်မြောက်သော အလှတရားနှင့် ပေါင်းစပ်လိုက်သောအခါ လူတိုင်းကို လက်ခုပ်တီးကာ အားပေးချင်စိတ် ပေါ်လာစေတော့သည်။

လျူအာကျူးသည် သူပြန်မသွားခဲ့မိသည်ကို ကံကောင်းသည်ဟု အနည်းငယ် ခံစားလိုက်ရသည်။ သူသည် အော်ပရာပြဇာတ်ကို နားမလည်သော်လည်း ငယ်ရွယ်သော အိမ်ထောင်ရှင်အမျိုးသမီးများကိုမူ နားလည်သည်။

ဤငယ်ရွယ်သော အိမ်ထောင်ရှင်အမျိုးသမီး၏ လှုပ်ရှားမှုများသည် အနာဂတ် ဗီဒီယိုတိုများမှ အင်တာနက်နာမည်ကြီးများထက် မျက်စိပသာဒ ပိုဖြစ်စေသည်။ ထို့အပြင် ဤလှပသော မျက်နှာနှင့် ခန္ဓာကိုယ်သည် ပြုပြင်ဖန်တီးထားခြင်းမဟုတ်ဘဲ နေရာလွတ်ပုံပျက်ခြင်းလည်း မရှိပေ။ ဤလှပသော အိမ်ထောင်ရှင်အမျိုးသမီးလေးက သူ၏ရှေ့တွင် ဖျော်ဖြေနေသည်ကို ကြည့်ရခြင်းမှာ ရှားပါးပြီး ဖျော်ဖြေမှုအပြည့်ရှိသော အချိန်ဖြုန်းနည်းတစ်ခုပင်ဖြစ်သည်။

လျူအာကျူးက သူမ၏ မိခင်ဖြစ်သူကို စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ စုန့်အန်ရင်းမှာ ရုတ်တရက် အနေခက်သွားသည်။ သူမပ သူ၏လက်မောင်းကို ဖွဖွလေးတွန်းလိုက်ပြီး တီးတိုးပြောလိုက်သည်။

"နင်က ဘာလို့ ငါ့အမေကိုပဲ ဆက်တိုက်ကြည့်နေရတာလဲ..."

"ပေါက်ကရတွေ... မင်းအမေက ဖျော်ဖြေနေတာလေ... ငါက မကြည့်ဘူးဆိုရင် ရိုင်းရာမကျဘူးလား..."

"မင်းသာ ဖျော်ဖြေမယ်ဆိုရင်လည်း ငါ မင်းကို ကြည့်မှာပါပဲ..."

လျူအာကျူးက ခေါင်းမလှည့်ဘဲ ရှင်းပြလိုက်ပြီး တစ်ချိန်တည်းမှာပင် ခြေထောက်များကို ပြန်လည်ချိတ်ထိုင်လိုက်သည်။

ထိုစကားများမှာ အမှန်တရားအချို့ ပါဝင်နေသည်ဟု စုန့်အန်ရင်း ခံစားလိုက်ရသော်လည်း လျူအာကျူး၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူ၏ရည်ရွယ်ချက်များမှာ မဖြူစင်လှဟု သူမ ခံစားနေရဆဲပင် ဖြစ်သည်။

ဖျော်ဖြေမှုအပြီးတွင် ကျောက်ချင်းသည် ချွေးအနည်းငယ်ထွက်နေပြီး ဆံပင်အချို့မှာ လွတ်ကျကာ မျက်နှာပေါ်တွင် ကပ်နေသဖြင့် သူမအား ထူးခြားပြီး အပိုင်းအစလေးများဖြင့် ဖွဲ့စည်းထားသော အလှတရားတစ်မျိုးကို ပေးစွမ်းနေလေသည်။

သူမသည် တောက်ပသောအပြုံးဖြင့် လျူအာကျူးကို ကြည့်လိုက်၏။

"ဘယ်လိုလဲ... အဒေါ့်ရဲ့ အခြေခံစွမ်းရည်တွေက မဆိုးဘူးမလား... မင်းရဲ့ စေ့စပ်ထားသူနေရာက သရုပ်ဆောင်ရင် မင်းကို အရှက်မကွဲစေဘူးမလား..."

လျူအာကျူးက ခေါင်းညိတ်လိုက်သည်။

"မကွဲပါဘူး... မကွဲပါဘူး... တော်တော်လေး ကောင်းပါတယ်..."

သူတို့ စကားပြောနေကြစဉ်မှာပင် စုန့်ကော်ဝမ် ပြန်ရောက်လာခဲ့သည်။ သူ ဝင်လာသည်နှင့် ချက်ချင်း တိုက်တွန်းလိုက်၏။

"မိန်းမ... ဟင်းနည်းနည်းလောက် သွားကြော်လိုက်ဦး... ငါ ပြဇာတ်ရုံ ကန်တင်းကနေ ကြက်ဥနည်းနည်းလောက် ယူပေးဖို့လည်း လူကြုံမှာခဲ့တယ်... အဲ့ဟာလေးတွေကိုအရင် သွားကြော်လိုက်ပါ... ကျူးဇီနဲ့ ငါ အရက်နည်းနည်းလောက် သောက်လိုက်ဦးမယ်..."

"အာ... ကောင်းပြီ..."

ကျောက်ချင်းသည် လျူအာကျူးအပေါ် ထားရှိသော ခင်ပွန်းဖြစ်သူ၏ စိတ်အားထက်သန်မှုကြောင့် ကျေနပ်သွားကာ ကုန်စုံပစ္စည်းများကို မီးဖိုချောင်သို့ ပျော်ရွှင်စွာ ယူသွား၏။

တစ်ဖက်တွင်မူ စုန့်ကော်ဝမ်က လျူအာကျူးကို စူးစိုက်ကြည့်နေသည်။

"ခဏနေရင် ဦးလေး မင်းနဲ့ အရက်သောက်မယ်... မင်း ဒီလူကြီးကို မျက်နှာသာပေးမယ်မလား..."

သူ၏ မကောင်းသော ရည်ရွယ်ချက်များကို လျူအာကျူးက ချက်ချင်း ရိပ်မိလိုက်သော်လည်း အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ပေ။

"ရတာပေါ့... ဒီနေ့ ဦးလေး လိုချင်သလောက် မျက်နှာသာ ပေးလိုက်မယ်..."

တကယ်တမ်းတွင် သူသည် စုန့်ကော်ဝမ်အပေါ် မည်သည့် ရန်ငြိုးမျှမရှိခဲ့ပေ။ သို့သော် ဤလူက သူ့ကို ဆက်တိုက် ပစ်မှတ်ထားနေသောကြောင့် အကြောင်းပြချက်မရှိဘဲ လာရောက်နှောင့်ယှက်ခြင်းကို ရပ်တန့်သွားစေရန် ပြင်းထန်သော သင်ခန်းစာတစ်ခုပေးရမည် ဖြစ်သည်။

လျူအာကျူး၏ ရန်စသော စိန်ခေါ်သည့် အမူအကျင့်ကို မြင်လိုက်ရခြင်းက စုန့်ကော်ဝမ်ကို ပို၍ ဒေါသထွက်စေခဲ့သည်။

ပထမဆုံး ကြော်ထားသော ဟင်းလျာအသင့်ဖြစ်၍ ချပေးလိုက်သောအခါ ဇနီးနှင့် သမီးဖြစ်သူတို့ ထိုင်သည်အထိ စောင့်လေ့ရှိသော သူ၏ ပုံမှန်စည်းကမ်းကို လျစ်လျူရှုကာ အရက်သောက်ရန် လျူအာကျူးကို စားပွဲဆီသို့ တိုက်ရိုက်ခေါ်လိုက်သည်။

စုန့်ကော်ဝမ်ကို သင်ခန်းစာပေးနိုင်ရန် လျူအာကျူးသည် ချန်မိသားစုအိမ်တွင် သူအသုံးပြုခဲ့သော အရက်သောက်သည့်နည်းလမ်းကို အသုံးမပြုခဲ့ပေ။ ထိုအစား သူက တစ်ငုံချင်းသာ ဖြည်းဖြည်းချင်း သောက်လေသည်။

သို့သော် စုန့်ကော်ဝမ်သည် လျူအာကျူးကို ခြိမ်းခြောက်ရန်အတွက် အကြိမ်တိုင်း တမင်တကာ အငုံကြီးများ မော့သောက်လိုက်ပြီးနောက် လျူအာကျူးကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မင်းက သိပ်တော့ အသုံးမကျပါဘူး... ငါ့သမီးက မင်းကို ဟိုဟာဒီဟာတွေမှာ ဘယ်လောက်တောင် ထူးချွန်ကြောင်း အမြဲချီးကျူးနေတာ... ဒါပေမဲ့ မင်းက အရက်သောက်တဲ့နေရာမှာတော့ ဒီလောက်တောင် နှေးကွေးနေတာလား..."

စုန့်အန်ရင်းမှာ အစပိုင်းတွင် ဂရုမစိုက်မိခဲ့သော်လည်း ယခုအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံရသွားပြီး စုန့်ကော်ဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။

"အဖေ... အဖေက..."

"ရပါတယ်... ကျွန်တော် ဦးလေးစုန့်နဲ့ အရက်သောက်ပါ့မယ်... ကျွန်တော်က တစ်ခွက်သောက်မယ်... ဦးလေးက ခွက်တစ်ဝက် သောက်မယ်လေ... အဆင်ပြေလား..."

လျူအာကျူးမှာ ဒေါသထွက်သွားသည့်ပုံစံဖြင့် ခွက်အပြည့် လောင်းထည့်ကာ တစ်ခါတည်း မော့သောက်လိုက်သည်။

စုန့်ကော်ဝမ်၏ မျက်လုံးများထဲတွင် အောင်နိုင်ခြင်း၏ ဂုဏ်ယူမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ သူသည် စကားအနည်းငယ်ဖြင့် မြှောက်ပင့်ပေးလိုက်ရုံဖြင့် ဒေါသထွက်သွားသော ကလေးတစ်ယောက်သာ ဖြစ်လေသည်။ သို့သော် သူက သဘောထားကြီးဟန်ဆောင်ကာ တိုက်ရိုက်သဘောမတူဘဲ အကြံပေးလိုက်သည်။

"အိုကွယ်... မလုပ်ပါနဲ့... လူငယ်တွေက အရမ်း စိတ်လိုက်မာပါ လုပ်တတ်ကြတာပဲ..."

"ဘာလဲ... ဦးလေးက အရက်သောက်ရမှာ ကြောက်နေတာလား..."

ဒေါသကြောင့် စိတ်အာရုံများ နောက်ကျိသွားသည့်အလား လျူအာကျူးက မျက်လုံးပြူးကာ ပြောလိုက်သည်။

"ကောင်းပြီလေ... မင်းက အရက်သောက်ရတာ ကြိုက်တယ်ဆိုမှတော့ မင်းနဲ့ အတူတူ သောက်ပေးရတာပေါ့..."

စုန့်ကော်ဝမ်က မချိတင်ကဲဖြစ်ဟန်ဖြင့် သဘောတူလိုက်သည်။

ထိုစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူကြီးနှင့် လူငယ်နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားပြီး တူညီသော အတွေးတစ်ခုက သူတို့၏ စိတ်ထဲတွင် တစ်ချိန်တည်း ဖြတ်ပြေးသွားကြသည်။

ဤငတုံးကြီး ငါးစာမိသွားလေပြီ။

All Chapters