အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈) တခြားယောက်ျား
လျူအာကျူး၏ ဖိတ်ခေါ်မှုသည် တကယ့်ကို မမျှော်လင့်ထားသောအရာဖြစ်၍ လုကျီယွင်အတွက် ယုံကြည်ရန် ခက်ခဲနေစေသည်။
ရိုးရိုးသားသားပြောရလျှင် လျူအာကျူးက လုကျီယွင်ကို ကူညီခဲ့ဖူးသောကြောင့်သာ ဖြစ်၏။
သို့မဟုတ်ပါက လုကျီယွင်သည် သူမ လူကုန်ကူးသူနှင့် တွေ့နေရပြီဟု သေချာပေါက် ထင်မှတ်မိမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤမျှကောင်းမွန်သော အပေးအယူမျိုး ရှိလာနိုင်မည်မဟုတ်ပေ။
သူမသည် ရေအသုံးချမှု အင်ဂျင်နီယာပညာကို သင်ယူခဲ့ကြောင်း ကြားရုံဖြင့် ရေအရင်းအမြစ်များကို စစ်ဆေးတိုင်းတာရန် ဖိတ်ခေါ်ချင်နေပြီး သူမအတွက် စားစရိတ်ကိုပင် ထောက်ပံ့ပေးမည်ဟု ပြောခဲ့လးသည်။
လုကျီယွင်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။
"ကျေးဇူးရှင်... ရှင့်ကို မယုံလို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ ရှင့်ကိုကြည့်ရတာ အတော်လေး ငယ်ရွယ်သေးတော့ ရွာထဲမှာ ရှင့်စကားက ဩဇာညောင်းရဲ့လား..."
လျူအာကျူးက အလွန်ယုံကြည်မှုရှိစွာဖြင့် ပြန်ပြောလိုက်သည်။
"အဲဒါအတွက် စိတ်မပူပါနဲ့... ရွာထဲမှာ ကျုပ်စကားက သေချာပေါက် အရာရောက်တယ်... အရာမရောက်ဘူးဆိုရင်တောင် ရေတွင်းတစ်တွင်း တူးနိုင်သရွေ့တော့ ခင်ဗျားကို ထောက်ပံ့ပေးဖို့ ကျုပ် တတ်နိုင်ပါသေးတယ်..."
လုကျီယွင်၏ မျက်နှာလေး နီမြန်းသွားပြီး အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် ပြောလိုက်သည်။
"ကျေးဇူးရှင်ရယ်... အဲ့လိုမျိုး မပြောသင့်ဘူးလေ... ကျွန်မကို ထောက်ပံ့ပေးတယ်ဆိုတာ ဘာသဘောလဲ... တခြားလူတွေသာ ကြားသွားရင် ကျွန်မတို့ကြားမှာ တစ်ခုခုရှိနေတယ်လို့ ထင်သွားကြလိမ့်မယ်..."
"အဟမ်း... ကျုပ် နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ... ဘာပဲဖြစ်ဖြစ် ရေအသုံးချမှု အင်ဂျင်နီယာပညာကို အထူးပြုလေ့လာထားတဲ့ စက်မှုကောလိပ် ကျောင်းဆင်းတစ်ယောက်နဲ့ တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ..."
"ဒါဆို ခင်ဗျား ကျုပ်တို့ရွာကို ဘယ်တော့လောက် လာနိုင်မလဲ... မနက်ဖြန်လား..."
လျူအာကျူးက မျှော်လင့်ချက်များ အပြည့်အဝဖြင့် မေးလိုက်သည်။
သူ မည်မျှ စိတ်အားထက်သန်နေကြောင်း မြင်လိုက်ရသောအခါ လုကျီယွင်က ချက်ချင်းပင် ပြောလိုက်သည်။
"ကောင်းပါပြီလေ... မနက်ဖြန်ကျရင် သမီးလေးကို လာစောင့်ပေးဖို့ ကျွန်မယောက်ျားကိုပဲ အကူအညီတောင်းလိုက်ပါ့မယ်..."
"ဒါဆို အဆင်ပြေတာပေါ့... မနက်ဖြန် ဆေးရုံမှာပဲ စောင့်နေပါ... ကျုပ် လာကြိုပါ့မယ်..."
လျူအာကျူးသည် ဝမ်းသာအားရဖြင့် ငွေသုံးယွမ်ကို လုကျီယွင်၏ လက်ထဲသို့ ထပ်မံထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
"ဒါကို စစ်ဆေးတိုင်းတာရေးအတွက် ခရီးစရိတ်လို့ပဲ သဘောထားလိုက်ပါ... မနက်ဖြန် ကျုပ်ရဲ့ စက်ဘီးနဲ့ လာကြိုမယ်..."
"ဟင့်အင်း... ကျွန်မ ပိုက်ဆံ မလိုပါဘူး..."
လုကျီယွင်က အလောတကြီးဖြင့် ငွေများကို ပြန်ပေးရန် ကြိုးစားလေသည်။
သို့သော် လျူအာကျူး ဂရုမစိုက်ဘဲ သူ၏ စက်ဘီးကို စီးကာ ထွက်သွားလေတော့သည်။
လုကျီယွင်သည် သူ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေသည်။
လျူအာကျူးကို ကောင်းစွာ ကျေးဇူးဆပ်ရမည်ဟု သူမ ခံစားမိသော်လည်း နှစ်ပေါင်းများစွာ အလုပ်လက်မဲ့ဖြစ်နေခဲ့သဖြင့် သူမ၏ ဗဟုသုတများစွာကို မေ့လျော့နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူမသည် ကလေးကို သူနာပြုထံ အမြန်အပ်နှံခဲ့ပြီး သူမ၏ ခင်ပွန်းကို ရှာဖွေရန် အိမ်သို့ ပြန်လာခဲ့လေသည်။
သူမသည် ကျောင်းစာအုပ်များကို ပြန်ကြည့်ကာ ဗဟုသုတများကို ပြန်လည်လေ့လာနိုင်ရန်အတွက် ကလေးကို ကူညီစောင့်ရှောက်ပေးရန် သူမ၏ ခင်ပွန်းကို အလိုရှိခဲ့သည်။
အံ့သြစရာကောင်းသည်မှာ သူမ အိမ်ပြန်ရောက်သောအခါ သူမ၏ ခင်ပွန်းဖြစ်သူ အရက်မူးနေသည်ကို တွေ့လိုက်ရသည်။ သူမကို မြင်သည်နှင့် တစ်ပြိုင်နက် သူက ကျယ်လောင်စွာ ဆဲဆိုတော့၏။
"နင် ဘယ်တွေ သွားနေတာလဲ မိန်းမယုတ်... ဘာလို့ ကန်းကို အပူမပေးထားတာလဲ... နင့်ရဲ့ ငွေကုန်ကြေးကျများတဲ့ ကောင်မလေးကိုခေါ်ပြီး နောက်ယောက်ျားယူဖို့ ငါ့ကို အအေးခံပြီး သတ်ပစ်ချင်နေတာလား..."
အရိုက်ခံရမည်ကို ကြောက်ရွံ့သဖြင့် လုကျီယွင်သည် ခင်ပွန်းဖြစ်သူနှင့် စကားမများရဲဘဲ တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။
"ယန်ယန် ဖျားနေလို့ ဆေးရုံကို ခေါ်သွားတာပါ... ရှင် သွားပြီး သူ့ကို စောင့်ပေးလို့ ရမလား... ကျွန်မ..."
"ထပ်ဖျားပြန်ပြီလား... သူ့ကို ငွေကုန်ကြေးကျများတဲ့ ကောင်မလေးလို့ ငါခေါ်တာ မှန်တာပေါ့... နင်သာ ငါ့ကို သားတစ်ယောက် မွေးပေးခဲ့ရင် အခုလို အချိန်တိုင်း ဖျားနာပြီး ငါ့ပိုက်ဆံတွေကို ဖြုန်းတီးနေပါ့မလား..."
"ငါ ပြောလိုက်မယ်... အဲ့ငွေကုန်ကြေးကျများတဲ့ ကောင်မလေးကို ကုသပေးဖို့ ငါ့မှာ ပိုက်ဆံမရှိဘူး... နင်သာ အိမ်ကပိုက်ဆံကို ထိရဲထိကြည့်စမ်း... ငါ ရိုက်သတ်တာခံရရင် အပြစ်မတင်နဲ့..."
အမျိုးသားဖြစ်သူ၏ အဆက်မပြတ် ညည်းညူမြည်တွန်မှုများကြောင့် လုကျီယွင်မှာ သူမပြောချင်သော စကားများကို မြိုချလိုက်ရသည်။
သူမသည် ဤအမျိုးသားကို သမီးဖြစ်သူအား ဆက်လက်စောင့်ရှောက်ခွင့် မပေးရဲတော့ပေ။ သူမသည် ကန်းကို အရင်ဆုံး အပူပေးပြီး သူ၏အတွက် ရေနွေးကြိုပေးကာ စာအုပ်အနည်းငယ်ကို ရှာဖွေရန် ပစ္စည်းအားလုံးကို မွှေနှောက်ရုံသာ တတ်နိုင်လေသည်။
ထိုစာအုပ်များမှာ သူမ၏ ကျောင်းတက်စဉ်က စာအုပ်များဖြစ်ပြီး အတန်းထဲမှ မှတ်စုအချို့နှင့် အခြားအရာများလည်း ပါဝင်သည်။
ဤနှစ်များတစ်လျှောက်လုံး သူမသည် ခင်ပွန်းဖြစ်သူက ထိုစာအုပ်များကို ပိုက်ဆံဖြင့် ရောင်းစားမည်ကို စိုးရိမ်သဖြင့် ဘယ်သောအခါမှ ထုတ်မကြည့်ရဲခဲ့ပေ။
ဤအရာများသည် သူမ၏ လှပသော လူငယ်ဘဝနေ့ရက်များကို အမှတ်ရစေမည့် တစ်ခုတည်းသော သက်သေအထောက်အထားများပင်ဖြစ်သည်။
စာအုပ်များကို ရရှိပြီးနောက် လုကျီယွင်သည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အဖာအထေးနည်းပါးပြီး ပိုမိုသန့်ရှင်းသော အဝတ်အစားတစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
မနက်ဖြန်တွင် တစ်စုံတစ်ဦးအား ရေအရင်းအမြစ်များကို စစ်ဆေးတိုင်းတာရာတွင် ကူညီပေးရမည်ဖြစ်၍ သူမသည် အလွန်အမင်း ဆင်းရဲနွမ်းပါးစွာ ဝတ်စားသွား၍မရပေ။ သို့မဟုတ်ပါက လူများက သူမကို ယုံကြည်မည်မဟုတ်ဘဲ သူမ၏ ကျေးဇူးရှင်အပေါ်တွင်လည်း အမြင်ဆိုးသွားနိုင်လေသည်။
သို့သော်လည်း အမျိုးသမီး၏ ထူးဆန်းသော အပြုအမူကြောင့် ကန်းပေါ်ရှိ အရက်မူးနေသော အမျိုးသားမှာ တစ်ခုခုမှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
"ညသန်းခေါင်ကြီး ဘာလို့ အဝတ်အစားတွေ လဲနေတာလဲ... အဲဒါ ငါတို့ မင်္ဂလာဆောင်တုန်းက နင် ဝတ်ခဲ့တဲ့အဝတ်တွေ မဟုတ်လား..."
လုကျီယွင်သည် သူမ၏ ခင်ပွန်းအား လျူအာကျူးအကြောင်းကို မသိစေချင်ပေ။
ပထမအချက်မှာ သူမ၌ ကျန်ရှိနေသော ငွေသုံးယွမ်ကို သူ လုယူသွားမည်ကို ကြောက်ရွံ့ခြင်းဖြစ်သည်။
ဒုတိယအချက်မှာ လျူအာကျူးအတွက် ပြဿနာရှာမည်ကို စိုးရိမ်သောကြောင့် ဖြစ်လေသည်။
"ကျွန်မရဲ့ တခြားအဝတ်တွေက ညစ်ပတ်နေလို့ပါ..."
လုကျီယွင်သည် မခိုင်လုံသော ဆင်ခြေတစ်ခုကို ပေးလိုက်ပြီး အလောတကြီးဖြင့် အပြင်သို့ ထွက်သွားလေသည်။
သို့သော် ထိုအမျိုးသားမှာ မအပေ။ သူမသည် ပုံမှန်အားဖြင့် ဤအဝတ်အစားများကို မည်မျှတန်ဖိုးထားကြောင်းနှင့် အကြောင်းပြချက်မရှိဘဲ ဝတ်ဆင်မည်မဟုတ်ကြောင်းကို သူ သိထားသည်။ သူမ အပြင်ထွက်သွားစဉ် တစ်ခုခုကို သယ်ဆောင်သွားသည်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် ဆိုးရွားသော ကြိုတင်ခံစားမှုတစ်ခုကို ရရှိသွားသည်။
သူ၏ သောက်ဖော်သောက်ဖက် သူငယ်ချင်းများက မြို့မှ မိန်းမများကို ယုံကြည်၍မရကြောင်း သူတို့သည် အချိန်မရွေး ဖောက်ပြန်နိုင်သည် သို့မဟုတ် ခိုးရာလိုက်ပြေးနိုင်ကြောင်း မကြာခဏ ပြောလေ့ရှိသည်။ ထို့ကြောင့် အမျိုးသားဖြစ်သူသည် သူမ စိတ်ပြောင်းသွားခြင်း မရှိစေရန်အတွက် သူမအား သင်ခန်းစာပေးရန် သူ၏ သူငယ်ချင်းများ၏ သွေးထိုးလှုံ့ဆော်မှုများကို မကြာခဏ ခံခဲ့ရသည်။
ယခုအခါ ထိုမိန်းမယုတ်က သူမ၏ ရတနာဟု သတ်မှတ်ထားသော ငွေကုန်ကြေးကျများသည့် ကောင်မလေးမှာ အိမ်တွင်မရှိသည်ကို မြင်လိုက်ရပြီး သူမသည် အကောင်းဆုံး အဝတ်အစားများကို ဝတ်ဆင်ရန် ပြန်လာကာ တစ်ခုခုကို ပိုက်လျက် အလျင်အမြန် ထွက်ပြေးသွားသည်ကို တွေ့လိုက်ရသောအခါ အမျိုးသားဖြစ်သူသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သေချာသွားသည်။
ခေါင်းထဲသို့ အရက်ရှိန်တက်လာသည်နှင့်အမျှ သူသည် ရုတ်တရက် ထလာကာ တံခါးအပြင်သို့ ပြေးထွက်သွားပြီး အမျိုးသမီး၏ အဝတ်အစားများကို ဆွဲကိုင်ကာ ဆဲဆိုတော့သည်။
"မိန်းမယုတ်... နင် ဘယ်ကိုသွားမလို့လဲ..."
"ရှင် ဘာလုပ်တာလဲ... ကျွန်မ သမီးလေးကို သွားစောင့်ပေးဖို့ ဆေးရုံကို သွားမလို့ပါ..."
သူမ၏ အဝတ်အစားများ
အဆွဲခံလိုက်ရချိန်တွင် သူမ၏ ပိုက်ဆံများကို သူ တွေ့သွားပြီဟု ထင်မှတ်ကာ လုကျီယွင်သည် အလိုအလျောက် အပြစ်ရှိသလို ခံစားလိုက်ရသည်။
သို့သော် သူမ၏ အပြစ်ရှိနေသော အမူအရာက ထိုအမျိုးသားအား ပို၍ သံသယဝင်သွားစေသည်။ သူသည် သူမ၏ ရင်ခွင်ထဲမှ စာအုပ်များကို ချက်ချင်းလုယူလိုက်ပြီး ရူးသွပ်နေသူတစ်ဦးကဲ့သို့ စတင်လှန်လှောကြည့်တော့သည်။
"ဆေးရုံကို ဟုတ်လား... နင် ထွက်ပြေးဖို့ ကြိုးစားနေတာလို့ ငါ ထင်တယ်... ဒီအိမ်မှာ စာအုပ်တွေရှိတာကို ငါ ဘာလို့ မမှတ်မိရတာလဲ... ဒီစာအုပ်ထဲမှာ နင် ထွက်ပြေးဖို့ လက်မှတ်တွေကို ဖွက်ထားတာလား..."
"ကျွန်မကို ပြန်ပေးပါ... အဲဒါတွေကို မဖျက်ဆီးပါနဲ့... ကျွန်မ အဲဒါတွေကို လိုသေးတယ်..."
လုကျီယွင်သည် စိုးရိမ်တကြီးဖြစ်သွားပြီး အလောတကြီးဖြင့် လှမ်း၍ ပြန်လုလေသည်။
"နင်က ငါ့ဆီကနေတောင် ပြန်လုရဲသေးတယ်ပေါ့လေ..."
အမျိုးသားဖြစ်သူသည် လုကျီယွင်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး စာအုပ်များကို ကိုင်ကာ အစိစိအမွှာမွှာ ဖြစ်သွားသည်အထိ ဆုတ်ဖြဲပစ်လိုက်သည်။ ဆဲဆိုရင်းဖြင့် သူသည် လုကျီယွင်၏ အပေါ်မှခွကာ စတင်ထိုးကြိတ်တော့သည်။
လုကျီယွင်မှာ အဆက်မပြတ် အော်ဟစ်နေသော်လည်း ပြန်လည်ခုခံရန် မဝံ့ရဲချေ။ သူမသည် မျက်နှာတွင် အမည်းစက်များ၊ အညိုအမည်းများ စွဲကျန်ရစ်ကာ မည်သူ့ကိုမျှ မျက်နှာမပြရဲဖြစ်မည်ကို စိုးရိမ်သဖြင့် သူမ၏မျက်နှာကိုသာ တင်းကြပ်စွာ ကာကွယ်ထားမိသည်။
မမျှော်လင့်ဘဲ အမျိုးသားဖြစ်သူက သူမကို ရိုက်နှက်နေစဉ် လုကျီယွင်၏ အိတ်ကပ်ထဲတွင် ဝှက်ထားသော ပိုက်ဆံများ ပြုတ်ကျလာသည်။
ယွမ်ငွေ အနည်းငယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားရာ ထိုအမျိုးသားကို ပို၍ ဒေါသထွက်သွားစေသည်။
"ဟမ့်... နင် တကယ်ပဲ ငါ့ပိုက်ဆံတွေကို ဝှက်ထားတာပဲ... နင် ထွက်ပြေးချင်နေတာ မဟုတ်လား..."
"ကျွန်မ မလုပ်ပါဘူး... ဒါက ကျွန်မတို့ သမီးလေးရဲ့ ရောဂါကို ကုသဖို့ ကျေးဇူးရှင်က ချေးပေးထားတာပါ..."
လုကျီယွင်က အမြန် ရှင်းပြလိုက်သည်။
"ဘာ ကျေးဇူးရှင်လဲ... ဘယ်ကျေးဇူးရှင်က နင့်ကို တစ်ပြိုင်နက်တည်း ယွမ်ငွေအများကြီး ချေးပေးရလောက်အောင် သဘောကောင်းနေရတာလဲ..."
အမျိုးသားဖြစ်သူက မေးခွန်းထုတ်လေသည်။
"ကျွန်မ... ကျွန်မ..."
လုကျီယွင်မှာ ပြန်မဖြေနိုင်ဖြစ်နေမိသည်။
အမျိုးသားဖြစ်သူမှာ ပို၍ပင် ဒေါသထွက်လာသည်။
"နင် တစ်ခုခု ကြံစည်နေတယ်ဆိုတာ ငါ သိတယ် ဖာသည်မ... နင် ငါ့ကွယ်ရာမှာ တခြားတစ်ယောက်နဲ့ တွေ့နေတာ သေချာတယ်... မဟုတ်ရင် ဘယ်သူက နင့်ကို သုံးယွမ်တောင် ပေးရလောက်အောင် သဘောကောင်းနေမှာလဲ..."
"ဖာသည်မတစ်ယောက်အတွက် နင်က တော်တော်လေး တန်ကြေးရှိနေတာပဲ...ဒီလောက် ပိုက်ဆံများများရရန်အတွက် သူနဲ့ ဘယ်နှစ်ကြိမ် အိပ်ခဲ့ပြီးပြီလဲ..."
"ငါ့ကို သူ့ဆီ ခေါ်သွားစမ်း... ငါ သူ့ကို သတ်ပစ်မယ်..."
လုကျီယွင်သည် လျူအာကျူး မည်သည့်နေရာတွင် နေထိုင်သည်ကို မသိသည်မှာ ဆိုဖွယ်ရာမရှိပေ။ သူမ သိခဲ့လျှင်ပင် ဤအရူးကို ပြဿနာရှာရန် သူမ လုံးဝ ခေါ်သွားနိုင်မည် မဟုတ်ပေ။
သူမက အော်ဟစ်လိုက်၏။
"ကျေးဇူးရှင်က သွားပြီ... ကျွန်မ ရှင့်ကို ပိုက်ဆံပေးပါ့မယ်... အခု ရပ်လိုက်တော့နော်..."
အံ့သြစရာကောင်းသည်မှာ အမျိုးသားဖြစ်သူမှာ ပို၍ အကြမ်းဖက်လာသည်။
"ပုံမှန်ဆိုရင် နင့်ဆီကနေ တစ်မူး တစ်ပဲရဖို့ဆိုတာ သွားနှုတ်ရသလို ခက်ခဲပေမဲ့ အခုတော့ အပြင်က အဲ့တခြားယောက်ျားအတွက် နင်က ငါ့ကို ဒီလောက်အများကြီး ပေးဖို့ ဆန္ဒရှိနေတယ်ပေါ့လေ ဟုတ်လား..."
"နေဦး... အဲ့တခြားယောက်ျားက အဲ့ငွေကုန်ကြေးကျများတဲ့ ကောင်မလေးရဲ့ ကုသစရိတ်အတွက် နင့်ကို ပိုက်ဆံတွေ အများကြီး ပေးတယ်ဆိုတော့... အဲ့ငွေကုန်ကြေးကျများတဲ့ ကောင်မလေးက မင်းတို့နှစ်ယောက် ရထားတဲ့ တရားမဝင် ကလေးဖြစ်နေလို့လား..."
လုကျီယွင်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ..."
သူမ၏ ပြောင်းလဲသွားသော အမူအရာက သူ ခန့်မှန်းလိုက်သည်မှာ မှန်ကန်သည်ဟု ထိုအမျိုးသားအား ခံစားသွားစေသည်။ ဒေါသအလျောက် သူသည် အိမ်ထဲသို့ ပြေးဝင်သွားကာ မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကိုင်ဆောင်ပြီး လုကျီယွင်ကို အပြင်ဘက်သို့ ဆွဲခေါ်သွားတော့သည်။
"သွားမယ်... ငါနဲ့အတူ ဆေးရုံကို လိုက်ခဲ့... မင်းတို့နှစ်ယောက်က ထွက်ပြေးဖို့ စီစဉ်နေကြတယ်ဆိုတော့ အဲ့တခြားယောက်ျားက မင်းဆီကို သေချာပေါက် ထပ်လာလိမ့်မယ်... သူ့ကိုတွေ့ရင် အပိုင်းပိုင်းဖြစ်အောင် ငါ ခုတ်ပစ်မယ်..."
ပုံမှန်အားဖြင့် လုကျီယွင်သည် ကြည်လင်သော လိပ်ပြာရှိသဖြင့် ကြောက်ရွံ့နေမည် မဟုတ်ပေ။ အဆိုးဆုံးအခြေအနေတွင် သူမ၏ ခင်ပွန်းဖြစ်သူ မျက်နှာပျက်ရပြီး သူမ အရိုက်ခံရရုံသာ ဖြစ်ပေလိမ့်မည်။
သို့သော် လျူအာကျူးက မနက်ဖြန် လာခဲ့မည်ဟု ပြောထားခဲ့သည်။
ဤအရူးက တကယ်ပဲ အထင်လွဲသွားပြီး သူမနှင့် ပတ်သက်မှုရှိသည်ဟု ထင်သွားပါက သူမ၏ ကျေးဇူးရှင်ကို ဒုက္ခပေးသလို ဖြစ်သွားပေလိမ့်မည်။
လုကျီယွင်မှာ ကြောက်ရွံ့မှုကြောင့် မျက်နှာဖြူရော်သွားပြီး အသည်းအသန် ရုန်းကန်လေသည်။
"ကျွန်မ ဆေးရုံကို မသွားဘူး... ကျွန်မကို လွှတ်ပေးပါ... တခြားယောက်ျားဆိုတာ မရှိသလို သမီးလေးကလည်း ရှင့်ရဲ့ သွေးသားအရင်းပါ..."
"နင် မသွားဘူးပေါ့... ဒါဆိုလည်း သေလိုက်တော့..."
အမျိုးသားဖြစ်သူသည် မီးဖိုချောင်သုံးဓားကို ကောက်ကိုင်လိုက်ပြီး လုကျီယွင်၏ ခေါင်းကို ထုချလိုက်သည်။
သူ့ဆီတွင် အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသည်။ သူသည် ဓားသွားကို တိုက်ရိုက်အသုံးမပြုဘဲ ဓားပြားဖြင့် သူမကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။
မီးဖိုချောင်သုံးဓားမှာ သံစစ်စစ်ဖြင့် ပြုလုပ်ထားပြီး အလွန်လေးလံလေသည်။ ဤတစ်ချက်တည်းသော ရိုက်ချက်က အာဟာရချို့တဲ့နေသော လုကျီယွင်ကို သတိလစ်သွားစေခဲ့သည်။
အမျိုးသားဖြစ်သူသည် သူမကို ဂရုမစိုက်တော့ပေ။ သူသည် မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ကာ မီးဖိုချောင်သုံးဓားကို အဝတ်အစားများကြားထဲတွင် ထိုးထည့်လိုက်ပြီး သမီးဖြစ်သူကို ရှာဖွေရန်နှင့် တခြားယောက်ျားဖြစ်သော လျူအာကျူးအား စောင့်ဆိုင်းရန် ဆေးရုံသို့ ထွက်သွားလေတော့သည်။