← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) - သွေးကျိန်စာ

နောက်တစ်စက္ကန့်တွင် လင်းဖန်၏ မက်မွန်သစ်သားဓားက ထိုတပည့်၏ လည်ပင်းဆီသို့ ထိုးစိုက်ဝင်သွားတော့သည်။

ထိုတပည့်မှာ လင်းဖန်၏လုပ်ရပ်‌ကြောင့် အံ့ဩတုန်လှုပ်နေခဲ့သဖြင့် တုံ့ပြန်ရန် မတတ်နိုင်ခဲ့ချေ။

သူ၏လည်ပင်းဆီသို့ လေပြင်းတစ်ချက် တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီးနောက် ခေါင်းထဲတွင် နာကျင်မှုတစ်ခုကိုသာ မှတ်သားနိုင်လိုက်လေသည်။

အစိမ်းရောင်ဝတ်ရုံနှင့် အခြားသောတပည့်များမှာလည်း လင်းဖန်ကြောင့် အံ့ဩမှင်တက်သွားကြသည်။

မည်သို့များ ဖြစ်နိုင်မည်နည်း။

သူတို့၏ ဝိညာဉ်ဆွဲထုတ်ခြင်းနည်းစနစ်မှာ ယခုအချိန်အထိ ကျဆုံးခဲ့ခြင်းမရှိခဲ့ပေ။

“မကြောက်ကြနဲ့... ငါတို့ထဲက ဘယ်သူက အစီအရင်မျက်လုံးလဲဆိုတာကို သူ မသိရင် ဒီအစီအရင်ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး...”

“နောက်ထပ် အလင်းတိုင်နှစ်ခု ပြီးမြောက်သွားတာနဲ့တစ်ပြိုင်နက် လူတိုင်း သတ်ဖြတ်ခြင်းရူးသွပ်မှုထဲကို ရောက်သွားလိမ့်မယ်...”

“သူတော်စင်မိန်းကလေးက ငါတို့ဆီကိုဆင်းသက်လာပြီး ငါတို့ရဲ့အပြစ်တွေကနေ ကယ်တင်ပေးလိမ့်မယ်...”

ခေါင်းဆောင်ဖြစ်သူတပည့်က အခြားသူများအား တိုးတိုးလေးပြောလိုက်ပြီး နောက်ထပ်အလင်းတိုင်နှစ်ခု တည်ဆောက်ရန် အချိန်ရစေရန်အတွက် သူတို့ကိုစုစည်းရန် ကြိုးစားနေလေသည်။

ထိုအချိန်တွင် လင်းဖန်က မက်မွန်သစ်သားဓားကို ဆွဲထုတ်လိုက်ပြီး သူ့ရှေ့မှောက်ရှိ အစိမ်းရောင်ဝတ်ရုံနှင့် တပည့် (၂၀)ဦးကို မျက်နှာမူလိုက်သည်။

ရင်းနှီးနေသော အသံတစ်ခုက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာလေသည်။

[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၁၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၃၁၀၀]

တပည့် (၂၀)ဦးသည် လင်းဖန်ကိုဝိုင်းရံလိုက်ကြပြီး တစ္ဆေများကဲ့သို့ စက်ဝိုင်းပုံစံ ရွေ့လျားနေကြသည်။

ဒုတ်...

တပည့်တစ်ဦးက အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာကာ လင်းဖန်၏ကျောပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

လက်ဝါးရိုက်ချက်က ထိမှန်သွားခဲ့သော်လည်း သိပ်ပြီးထိခိုက်သွားခြင်း မရှိပေ။ သံမဏိနံရံတစ်ခုအား ရိုက်မိလိုက်သကဲ့သို့ ထိုတပည့်၏လက်ဝါးမှာ အနီရောင်သန်းကာ ပူလောင်သွားလေသည်။

လင်းဖန်က လှည့်ကာ ထိုတပည့်ကိုခုတ်ပိုင်းရန် ကြိုးစားလိုက်သော်လည်း ထိုတပည့်မှာ စက်ဝိုင်းထဲသို့ ခုန်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် ရှစ်ကွက်အင်းပုံသဏ္ဌာန်မှန်ကို ထုတ်ယူလိုက်သည်။

မှန်ထဲသို့ ချီစွမ်းအင်များကို ထည့်သွင်းလိုက်ရာ သူ့ရှေ့မှောက်ရှိ တပည့်များဆီသို့ အလင်းတန်းများ ထွက်ပေါ်သွားလေသည်။

ထိုအလင်းတန်းက တပည့်များကို အဝေးသို့တွန်းထုတ်ပစ်လိုက်ပြီး သူတို့မှာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ယခုအခါ စက်ဝိုင်း၏ ထက်ဝက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လင်းဖန်သည် အနောက်ဘက်သို့လှည့်ကာ သူ့အနောက်ရှိ တပည့်များကိုလည်း ထိုနည်းတူ ပြုလုပ်လိုက်သည်

တူညီသော အဖြစ်အပျက်မျိုး ဖြစ်ပေါ်လာပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ မှန်မှ အလင်းတန်းက သူတို့အပေါ်သို့ ကျရောက်သွားချိန်၌ တပည့်တစ်ဦးတွင် အလင်းတိုင်ဆီသို့ သွယ်တန်းထားသော အစိမ်းရောင်တောက်ပနေသည့် ကြိုးတစ်ချောင်း ရှိနေခဲ့သည်။

‘သူက အစီအရင်ကို စွမ်းအင်ပေးနေတဲ့သူ ဖြစ်ရမယ်...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

လင်းဖန်သည် ချက်ချင်းပင် မက်မွန်သစ်သားဓားဖြင့် ထိုတပည့်ထံသို့ ပြေးဝင်သွားတော့သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၁၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

ထိုတပည့်မှာ လင်းဖန်၏ဓားကို ရှောင်တိမ်းရန်အတွက် ဘေးဘက်သို့လိမ့်ထွက်ရန် ကြိုးစားလိုက်သည်။

ဂျွတ်...

လင်းဖန်က ခြေထောက်ဖြင့် ထိုတပည့်၏ကျောပြင်ပေါ်သို့ ဆောင့်နင်းလိုက်သည်။

ကျောရိုးကျိုးကြေသွားသည့် အသံကို ကြားလိုက်ရလေသည်။

“သူ့ကို တားကြစမ်း...”

ခေါင်းဆောင်ဖြစ်သူတပည့်က အော်ဟစ်လိုက်လေသည်။

အစီအရင်မျက်လုံးကို ခွဲခြားသိမြင်နိုင်သည့် လင်းဖန်၏စွမ်းရည်ကြောင့် သူ အံ့ဩသွားခဲ့ရသည်။

သို့သော် ယခုအချိန်သည် လင်းဖန် မည်သို့လုပ်ဆောင်ခဲ့သနည်းဆိုသည်ကို ရှာဖွေရမည့် အချိန်မဟုတ်ပေ။

အစီအရင်မျက်လုံးကို သတ်ဖြတ်ခြင်းမှ လင်းဖန်အား တားဆီးရပေမည်။

တပည့်များက လင်းဖန်၏ကျောပြင်ပေါ်သို့ အုံလိုက်ကျင်းလိုက် ခုန်တက်လာကြသည်။

သူ့ကို အတင်းအကျပ်ဖိချရန် ကြိုးစားလာကြခြင်း ဖြစ်သည်။

“ဒီလောက်နဲ့ လုံလောက်ပြီလို့ မင်းတို့ ထင်နေတာလား...”

သူ၏ကျောပြင်ပေါ်တွင် အလေးချိန်များ တိုးလာသည်နှင့်အမျှ လင်းဖန်က ပြောလိုက်သည်။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ တပည့်များမှာ လွင့်စင်သွားပြီး မြေပြင်ပေါ်၌ လိမ့်ကျသွားကြတော့သည်။

တပည့်များက မတ်တတ်ထကာ လင်းဖန်ကို ထပ်မံတားဆီးရန် ကြိုးစားကြသည်။

သို့သော် နောက်ကျသွားခဲ့ချေပြီ။

သူတို့ ဘာမှ မလုပ်နိုင်တော့ချေ။

လင်းဖန်သည် သူ့ရှေ့တွင် လဲကျနေသော တပည့်ဖြစ်သူ၏လည်ပင်းထဲသို့ ဓားကို စိုက်သွင်းလိုက်လေသည်။

ရင်းနှီးနေသော အသံတစ်သံက သူ့စိတ်ထဲ၌ ထွက်ပေါ်လာချေပြီ။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၁၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၃၂၀၀]

မြေကြီးမှာ ချက်ချင်းပင်တုန်ခါသွားပြီး အလင်းတိုင်ကြီးအ ဝန်းရံထားသောသူများအားလုံး မြေပြင်ပေါ်သို့ လဲကျမသွားစေရန် တိုက်ခိုက်နေမှုများကို ရပ်တန့်လိုက်ရလေသည်။

အချို့က သူတို့၏ဓားများကို မြေကြီးထဲသို့ စိုက်ချလိုက်ကြပြီး အချို့မှာမူ ဟန်ချက်ညီစေရန် ထိုင်ချလိုက်ကြသည်။

အလင်းတိုင်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

“မဟုတ်ဘူး၊ မင်း ဒါအတွက် ပေးဆပ်ရမယ်...”

အစိမ်းရောင်ဝတ်ရုံနှင့် တပည့်များ၏ ခေါင်းဆောင်ဖြစ်သူက လင်းဖန်ကို အော်ဟစ်လိုက်လေသည်။

လိုအပ်သော အစီအရင်ကျင့်ကြံသူ အရေအတွက်မရှိဘဲ သူသည် အစီအရင်ကို ပြန်လည်အသက်သွင်း၍ မရနိုင်တော့ပေ။

သူတော်စင်မိန်းကလေး၏အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့သော ဤလူယုတ်မာသည် ထိုက်တန်စွာ ပေးဆပ်ရမည် ဖြစ်ပေသည်။

“မင်း သွေးကျိန်စာကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...”

တပည့်ခေါင်းဆောင်က ပြောလိုက်ပြီးနောက် သံချွန်တစ်ခုကို ထုတ်ယူလိုက်လေသည်။

သူက သံချွန်ကို သူ၏လည်ပင်းထဲသို့ ထိုးစိုက်လိုက်ပြီး ဂါထာများ ရွတ်ဆိုလာသည်။

သူ၏လည်ပင်းမှ သွေးများပန်းထွက်လာကာ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

သွေးများသည် ကိုယ်ပိုင်အသက်ဝိညာဉ်တစ်ခု ရှိနေသည့်အလား ခေါင်းဆောင်ဖြစ်သူ၏ခန္ဓာကိုယ်ကို စတင်ဖုံးလွှမ်းလာလေသည်။

သိပ်မကြာမီမှာပင် တပည့်ခေါင်းဆောင်သည် နီရဲသောသွေးများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားချေပြီ။

ရင်းနှီးနေသော အသံတစ်သံက လင်းဖန်၏စိတ်ထဲ၌ ထွက်ပေါ်လာပြန်သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၅၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

လင်းဖန်သည် ရှစ်ကွက်အင်းပုံသဏ္ဌာန်မှန်နှင့် မက်မွန်သစ်သားဓားတို့ကို ဖားပြုပ်ရုပ်တုထဲသို့ ပြန်လည်သိမ်းဆည်းလိုက်လေသည်။

ဤသွေးကျိန်စာမှာ မည်သည့်အရာမှန်း သေချာမသိသဖြင့် ပို၍သတိထားကာ ရင်ဆိုင်ချင်နေပေသည်။

သူသည် လက်ထဲရှိ နဂါးဟိန်းသံလှံဖြင့် ခေါင်းဆောင်ဖြစ်သူထံသို့ ထိုးစိုက်လိုက်သည်။

ဝေါင်း...

နဂါးဟိန်းသံလှံမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး နဂါးပုံသဏ္ဌာန် အဖြူရောင်အလင်းတန်းတစ်ခုက ခေါင်းဆောင်ဖြစ်သူထံသို့ ပစ်ဝင်သွားလေသည်။

ဒုန်း...

ခေါင်းဆောင်ဖြစ်သူက ရှောင်တိမ်းခြင်းမရှိဘဲ အဖြူရောင်အလင်းတန်းနဂါးကြီးက သူ၏ခန္ဓာကိုယ်ကို ကိုက်ခဲသွားတော့သည်။

အံ့သြဖွယ်ကောင်းစွာပင် ခေါင်းဆောင်၏ခန္ဓာကိုယ်ပေါ်ရှိ သွေးများက တွန့်လိမ်လှုပ်ရှားလာပြီး အဖြူရောင်အလင်းတန်းနဂါးကြီးကို ဝါးမျိုသွားလေသည်။

ရှဲ...

အသံတစ်သံ ထွက်ပေါ်လာပြီး သွေးများထဲမှ မီးခိုးငွေ့များ စတင်လွင့်ပျံလာသည်။

မကြာမီမှာပင် အဖြူရောင်အလင်းတန်းနဂါးကြီးမှာ လွင့်စင်ပျောက်ကွယ်သွားတော့သည်။

လင်းဖန်သည် ခေါင်းဆောင်ဖြစ်သူထံသို့ ခုန်အုပ်လိုက်ပြီး သူ၏ နဂါးဟိန်းသံပမာ လှံသွားဖြာနည်းစနစ်ဖြင့် တတ်နိုင်သမျှ အကြိမ်ပေါင်းများစွာ ထိုးနှက်လိုက်လေသည်။

ဒုန်း...

ဒုန်း...

ဒုန်း...

ယခုတစ်ကြိမ်တွင်မူ သွေးများက တွန့်လိမ်လှုပ်ရှားလာသော်လည်း ရာနှင့်ချီသော စွမ်းအငိလှိုင်းများက ခေါင်းဆောင်၏ခန္ဓာကိုယ်ပေါ်သို့ ရိုက်ခတ်သွားသဖြင့် အချိန်မီ ကာကွယ်နိုင်ခြင်း မရှိတော့ပေ။

ခေါင်းဆောင်ဖြစ်သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာ ပေါ်လာလေသည်။

ဟိုမင်သည် တပည့်များနှင့် ထန်ရှောင်ယောင်၏စစ်တပ်မှ အကြွင်းအကျန်များကို ရှင်းလင်းသွားပြီးနောက် ခေါင်းဆောင်ဖြစ်သူထံသို့ လေပွေဓားသိုင်း တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။

လေပွေဓားသိုင်းက ခေါင်းဆောင်၏ရင်ဘတ်ကို ထွင်းဖောက်သွားကာ အသားနှင့် အရိုးများကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်တော့သည်။

ဖုန်း...

ခေါင်းဆောင်ဖြစ်သူကို ဖုံးလွှမ်းထားသော သွေးများကွာကျသွားကာ မြေပြင်ပေါ်သို့ စင်ဟပ်သွားလေသည်။

သူက လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း လင်းဖန်သည် သူ့ရှေ့သို့ ရောက်ရှိနေချေပြီ။

လင်းဖန်က လှံကို ခေါင်းဆောင်၏မေးရိုးအောက်မှစ၍ အပေါ်သို့ ထိုးစိုက်လိုက်ရာ လှံသွားမှာ ခေါင်းဆောင်၏ဦးခေါင်းထိပ်မှ ဖောက်ထွက်လာတော့သည်။

ရင်းနှီးနေသော အသံတစ်သံက သူ့စိတ်ထဲ၌ ထွက်ပေါ်လာပြန်သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၅၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၃၇၀၀]

All Chapters