အခန်း ၂၂၂
Vol. 23 Ch. 222
အခန်း (၂၂၂) - သံလုံးနှင့် ကြိုး
လင်းဖန်က သူတို့၏ ခေါင်းဆောင်ဖြစ်သူအား အဆုံးသတ်ပစ်လိုက်သည်ကို မြင်သောအခါ တပည့်များမှာ ရူးသွပ်သွားကြတော့သည်။
သူတို့အားလုံးသညိ သူ့ထံသို့ ပြေးဝင်လာကြလေသည်။
“သွားကြစို့...”
လင်းဖန်က အော်ဟစ်လိုက်သည်။
သူက ဟိုမင်ကို ဖမ်းဆွဲထားလိုက်ပြီး ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ဖြင့် လေထဲသို့ ခုန်တက်လိုက်သည်။
လေထဲတွင်ရှိနေစဉ် သူသည် လေဟာပြင်ကို ထပ်မံနင်းလိုက်ပြီး ရှေ့သို့ အလျားလိုက် ခုန်ပျံသွားလေသည်။
သူနှင့် ဟိုမင်တို့ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ မဆင်းသက်မီ ဤသို့ အကြိမ်အနည်းငယ် ထပ်မံပြုလုပ်လိုက်သည်။
လင်းဖန်က အထက်သို့ မော့ကြည့်လိုက်ရာ ဝိညာဉ်များ ပိုမိုစုပ်ယူခံလာရသည်နှင့်အမျှ ကျန်ရှိနေသော အလင်းတိုင်ကြီးက ပိုမိုတောက်ပလာသည်ကို မြင်လိုက်ရသည်။
သူသည် ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူကာ မြိုချလိုက်လေသည်။
ဟိုမင်သည်လည်း သူ၏ ချီစွမ်းအင်နှင့် ခွန်အားများကို ပြန်လည်ဖြည့်တင်းရန် အခွင့်အရေးကို ယူလိုက်သည်။
သူတို့ ဆင်းသက်လိုက်သော လမ်းမပေါ်တွင် ထန်ရှောင်ယောင်၏စစ်တပ်မှ အကြွင်းအကျန်များဖြင့် ပြည့်နှက်နေပေသည်။
သူတို့က အလင်းတိုင်ကြီးရှိရာသို့ သွားရာလမ်းတွင် ရဲမက်များကို သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
“သူတို့ကို ကွင်းသွားရမလား...”
ဟိုမင်က ကောင်းကင်သို့ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြလိုက်သည်။
“သေချာဖမ်းထား...”
သူက ဟိုမင်ကို ဖမ်းဆွဲကာ လေထဲသို့ ထပ်မံခုန်တက်လိုက်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လေဟာပြင်သို့ ထပ်မံမနင်းရသေးမီ တောက်ပနေသော ကြိုးတစ်ချောင်းဖြင့် ပြုလုပ်ထားသည့်ကွင်းတစ်ခုက သူ၏ခြေကျင်းဝတ်ကို ဖမ်းမိသွားချေပြီ။
ထို့နောက် သူတို့သည် မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ဆွဲချခံလိုက်ရတော့သည်။
ဘုန်း...
သူတို့သည် မြေပြင်နှင့်ရိုက်မိသွားပြီး ပြင်းထန်သောအရှိန်ကြောင့် မြေပြင်တွင် ချိုင့်ခွက်ငယ်တစ်ခု ဖြစ်ပေါ်သွားလေသည်။
ဟိုမင်က ဓားများကိုဆွဲထုတ်ကာ ကြိုးကိုခုတ်ပိုင်းရန် ကြိုးစားလိုက်သည်။
သူက တောက်ပနေသောကြိုးကို မဖြတ်တောက်နိုင်သဖြင့် အသုံးမဝင်ခဲ့ပေ။
ကြိုးမှာ မှော်ရတနာတစ်ခုဖြစ်ပြီး ဟိုမင်၏ ဓားများထက် အဆင့်ပိုမြင့်မားနေပေသည်။
သူ့ခေါင်းအရွယ်အစားခန့်ရှိသော ဧရာမသံလုံးကြီးတစ်ခုက ဟိုမင်၏ခေါင်းထံသို့ ပြင်းထန်စွာ ပြေးဝင်လာသောကြောင့် လင်းဖန်က အော်ဟစ်လိုက်လေသည်။
“သတိထား...”
ဟိုမင်က နောက်ဆုံးစက္ကန့်တွင် ခန္ဓာကိုယ်ကိုနှိမ့်ချကာ ရှောင်တိမ်းလိုက်သည်။
လင်းဖန်က မက်မွန်သစ်သားဓားကို အလျင်အမြန် အသုံးပြုကာ ကြိုးကို ခုတ်ချလိုက်သည်။
ထိုအရာမှာ အလုပ်ဖြစ်သွားပြီး သူ၏ ခြေကျင်းဝတ်သည်လည်း ကြိုးမှ လွတ်မြောက်သွားလေသည်။
သူတို့သည် ချိုင့်ခွက်ငယ်ထဲမှ ခုန်ထွက်လိုက်ရာ သူတို့ရှေ့တွင် ဧရာမလူထွားကြီးနှစ်ဦးကို မြင်လိုက်ရသည်။
တစ်ဦးက လက်ထဲတွင် ကြိုးကိုကိုင်ဆောင်ထားပြီး နောက်တစ်ဦးက သံလုံးနှင့် ချိတ်ဆက်ထားသော သံကြိုးကို ကိုင်ဆောင်ထားသည်။
သံလုံးကိုင်ထားသောလူက သံကြိုးကို နောက်သို့ ပြန်ဆွဲလိုက်သည်။
“နောက်ဆုံးတော့ စိတ်ဝင်စားစရာတစ်ခု တွေ့ရပြီပေါ့...”
ချလွင်...
ဝှစ်...
သံလုံးက လင်းဖန်နှင့် ဟိုမင်တို့ထံသို့ အနောက်ဘက်မှနေ၍ ပျံသန်းလာလေသည်။
လင်းဖန်က ဟိုမင်ကို ဘေးသို့ တွန်းပို့လိုက်သည်။
သံလုံးမှာ သူတို့ကို ကျော်ဖြတ်ပျံသန်းသွားပြီး ၎င်း၏အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းကို သူတို့ ခံစားလိုက်ရသည်။
“ဟိုမင်... သံလုံးနဲ့လူကို မင်း တာဝန်ယူလိုက်...”
လင်းဖန်က ပြောလိုက်သည်။
ဟိုမင်၏ဓားမှာ ကြိုးကို မဖြတ်တောက်နိုင်သဖြင့် ကြိုးကိုင်ထားသောလူကိုရင်ဆိုင်ရန် ဟိုမင်တွင် အခွင့်အရေးရှိမည်မဟုတ်ကြောင်း သူ တွေးတောမိလိုက်သည်။
ဟိုမင်က ခေါင်းညိတ်လိုက်ပြီး သံလုံးနှင့်လူထံသို့ ပြေးဝင်သွားလေသည်။
လင်းဖန်က မတ်တတ်ရပ်လိုက်ပြီး ကြိုးကိုင်ထားသော လူကို စိုက်ကြည့်လိုက်သည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၃၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
ကြိုးနှင့်လူက သူ၏ကြိုးကို လင်းဖန်ထံသို့ ပစ်ပေါက်လိုက်လေသည်။
လင်းဖန်က ဘေးသို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ ကြိုးကို ရှောင်တိမ်းလိုက်သည်။
ကြိုးသည် အံ့ဩဖွယ်ကောင်းစွာ ဦးတည်ရာပြောင်းလဲသွားပြီး လင်းဖန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားချေပြီ။
သူ၏ လက်မောင်းများကို ခန္ဓာကိုယ်နှင့် ကပ်လျက်သားဖြစ်သွားစေရန် တုပ်နှောင်ဖို့ ကြိုးစားနေခြင်းပင်။
“ဒီထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်တဲ့သူ တစ်ယောက်မှ မရှိဖူးဘူး...”
ကြိုးကိုင်ထားသောလူက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ကြိုးသည် အချိန်တိုင်း ပိုပိုပြီး တင်းကျပ်လာသည်ကို လင်းဖန် ခံစားလိုက်ရသည်။
“မင်း ဘာမှ မမြင်ရသေးပါဘူး...”
လင်းဖန်က ကြိုးကိုင်ထားသောလူကို စိုက်ကြည့်ကာ ပြောလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းဖန်သည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ကြိုးထဲမှ ရုန်းထွက်သွားလေသည်။
နောက်တစ်ခဏ၌ လင်းဖန် ပြန်ပေါ်လာချိန်တွင် ကြိုးကိုင်ထားသောလူ၏ အရှေ့သို့ ရောက်ရှိနေချေပြီ။
သူက မက်မွန်သစ်သားဓားကို ကိုင်ထားသော လက်ကို မြှောက်လိုက်သည်။
ဒုန်း...
သူည် မက်မွန်သစ်သားဓားဖြင့် ကြိုးကိုင်ထားသောလူ၏ မျက်နှာဆီသို့ ခုတ်ချလိုက်ရာ အနီရောင်အလင်းတန်းတစ်ခု ကျဆင်းလာတော့သည်။
၎င်းက ကြိုးကိုင်ထားသောလူ၏ ပါးပြင်မှ အသားတစ်တုံးကို ခုတ်ပိုင်းဖြတ်တောက်သွားလေသည်။
“အား...”
ကြိုးကိုင်ထားသောလူမှာ နာကျင်စွာအော်ဟစ်လိုက်ပြီး လင်းဖန်၏ လက်ကောက်ဝတ်ဆီသို့ ကြိုးကို ပစ်လွှဲလိုက်သည်။
ကြိုးကိုင်ထားသောလူက ကြိုးကို အနောက်သို့ပြန်ဆွဲကာ လင်းဖန်၏လက်ထဲမှ မက်မွန်သစ်သားဓား ပြုတ်ကျသွားစေရန် ကြိုးစားလေသည်။
ကြိုးကိုပြန်ဆွဲရန် ခွန်အားအကုန်သုံး၍ ကြိုးစားလိုက်ရာ ကြိုးကိုင်ထားသောလူ၏ လက်များပေါ်တွင် သွေးကြောများပင် ထောင်ထလာတော့သည်။
သို့သော် လင်းဖန်ကမူ လက်တစ်ဆစ်မျှပင် တုန်လှုပ်မသွားချေ။
လင်းဖန်မှာ သူ့ထက် ပိုမိုသန်မာနေကြောင်းကို သဘောပေါက်သွားချိန်တွင် ကြိုးကိုင်ထားသောလူ၏ မျက်နှာမှာ ဖြူလျော့သွားလေသည်။
ထိုစဉ် လင်းဖန်က ရုတ်တရက် အနောက်သို့ ပြန်လည်ဆွဲလိုက်ရာ သူ၏အင်အားကြောင့် ကြိုးကိုင်ထားသောလူမှာ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
သူသည် မက်မွန်သစ်သားဓား၏ ဓားသွားအား အောက်ဘက်သို့ လှည့်လိုက်သည်။
ထို့နောက် မက်မွန်သစ်သားဓားဖြင့် ကြိုးကိုင်ထားသောလူ၏ လည်ပင်းကို အားကုန်စိုက်ချလိုက်လေသည်။
ရွှစ်...
လင်းဖန်က မက်မွန်သစ်သားဓားကို ပြန်လည်ဆွဲထုတ်လိုက်ချိန်တွင် ကြိုးကိုင်ထားသောလူ၏လည်ပင်းမှ သွေးများ ပန်းထွက်လာတော့သည်။
သူ့စိတ်ထဲတွင် ရင်းနှီးနေသောအသံတစ်ခု ထွက်ပေါ်လာသည်။
[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + ၃၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၃၅၀၀]
သူသည် ဟိုမင်ကို စစ်ဆေးကြည့်လိုက်သည်။
ဟိုမင်သည် သံလုံးကိုင်ထားသောလူ၏ ဦးခေါင်းအား ခန္ဓာကိုယ်မှ ပြတ်ထွက်သွားအောင် လုပ်လိုက်လေသည်။
သူတို့အထဲမှ အသန်မာဆုံးသူများ အသတ်ခံလိုက်ရသဖြင့် ကြည့်နေကြသော စစ်သားများမှာ လှုပ်ရှားရန်ပင် မဝံ့ရဲကြတော့ချေ။
လင်းဖန်နှင့် ဟိုမင်တို့ ပြေးဝင်လာသောအခါ စစ်သားများက သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
သူတို့ထဲမှ အများစုအတွက်မူ ယခုအခါတွင် ကလဲ့စားချေခြင်းက အဓိပ္ပါယ်မဲ့နေပုံရသည်။
ဟုန်ဖုန်းမြို့ရှိ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းမှ သူတို့ရရှိခဲ့သည်မှာ ဗလာနတ္ထိသာလျှင် ဖြစ်သည်။
သူတို့ထင်ထားသကဲ့သို့ ကျေနပ်မှု မပေးနိုင်ခဲ့ပေ။
သူတို့အလိုရှိသည့် တစ်ခုတည်းသောအရာမှာ ဧကရာဇ်ချွမ်ရှီ သေဆုံးသွားရန်သာဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။
ဤအပြစ်မဲ့ပြည်သူများ မဟုတ်ပေ။
သူတော်စင်မိန်းကလေး၏ တပည့်တစ်ဦးက ဖြစ်ပျက်သွားသည်များကို မြင်လိုက်ရပြီးနောက် လစ်ထွက်သွားလေသည်။
သူသည် သေးငယ်သော မျှော်စင်တစ်ခုဆီသို့ အလျင်အမြန် ပြေးသွားတော့သည်။
ထိုမျှော်စင်တွင် အထပ်ခုနစ်ထပ်ရှိပြီး အုတ်နှင့် သစ်သားများဖြင့် တည်ဆောက်ထားလေသည်။
ပတ်ဝန်းကျင်ရှိ အကူအညီတောင်းခံသံများနှင့် နာကျင်စွာအော်ဟစ်သံများကြားတွင် လေတိုက်ခတ်လာသောအခါ လေတိုက်ခေါင်းလောင်းလေးများက တိုးညှင်းစွာ မြည်လာသည်။
မျှော်စင်၏ပတ်ပတ်လည်တွင် ကာကွယ်စောင့်ရှောက်နေသော တပည့်များစွာ ရှိနေလေသည်။
“ငါ့ကို ဖြတ်သွားခွင့်ပြုပါ။ သူတော်စင်မိန်းကလေးကို ငါ သတင်းပို့စရာ ရှိတယ်...”
ထိုတပည့်က အစောင့်များထံ ချဉ်းကပ်သွားရင်း ပြောလိုက်သည်။
သူတို့က ဖြတ်သန်းခွင့်ပေးလိုက်ပြီးနောက် သူသည် မျှော်စင်ပေါ်သို့ တက်လှမ်းသွားလေသည်။
“အခု အခြေအနေက ဘယ်လိုရှိလဲ...”
သူရှိနေသောအခန်းထဲသို့ တပည့်ဖြစ်သူဝင်လာသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ရုံဝတ်ထားသော အကြအကဲတစ်ဦးက မေးလိုက်သည်။
“ထန်ရှောင်ယောင်ရဲ့လူတွေ စိတ်ဓာတ်ကျနေကြပါပြီ...”
“အလင်းတိုင်တွေထဲကတစ်ခုကို လူနှစ်ယောက်က ဖျက်ဆီးလိုက်ပါတယ်...”
“ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့ လိုအပ်နေပါပြီ...”
တပည့်ဖြစ်သူက ဧရာမသလင်းကျောက်တုံးကြီးတစ်ခု၏ရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်လိုက်သည်။
ထိုသလင်းကျောက်တုံးက တောက်ပလာပြီးနောက် လီရုံ၏ ပုံရိပ်တစ်ခု ပေါ်လာတော့သည်။