အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း (၂၂၃) - သွေးမိုး
ထင်လင်းမြင်သာနေသော လီရုံ၏ပုံရိပ်က နှုတ်ခမ်းကိုက်ကာ အောက်သို့ငုံ့ကြည့်လိုက်ပြီး တပည့်ဖြစ်သူနှင့် အကြီးအကဲကို စိုက်ကြည့်လိုက်လေသည်။
သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
တပည့်ဖြစ်သူနှင့် အကြီးအကဲမှာ အရိုအသေပေးလိုက်ကြပြီး သူတို့၏ခန္ဓာကိုယ်များမှာ အကြောက်တရားကြောင့် တုန်ယင်နေကြသည်။
လီရုံက သက်ပြင်းချကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောလိုက်သည်။
“တပည့်တွေကို ညွှန်ကြားပြီး အဲဒီလူနှစ်ယောက်ကို တားခိုင်းလိုက်...”
“ထန်ရှောင်ယောင်ရဲ့လူတွေကိုတော့ ငါ့ရဲ့သွေးမိုးနဲ့ အပြည့်အဝ ထိန်းချုပ်လိုက်မယ်...”
“အခု ညွှန်ကြားထားတဲ့အတိုင်း သွားလုပ်ချေ... ငါတို့မှာ အချိန်သိပ်မရှိဘူး...”
အကြီးအကဲက ‘သွေးမိုး’ ဟူသော စကားကိုကြားလိုက်ရသဖြင့် လီရုံ၏စိတ်ကို ပြောင်းလဲနိုင်ရန် ကြိုးစားလိုက်လေသည်။
“သူတော်စင်မိန်းကလေး... သွေးမိုးကိုအသုံးပြုတာက အရှင်မအတွက် အန္တရာယ်များလွန်းနေတယ် မဟုတ်ဘူးလား... အဲဒီကနေတစ်ဆင့် အရှင်မရဲ့စွမ်းအင်တွေ သိသိသာသာ အားနည်းသွားလိမ့်မယ်...”
သူက ထိုသို့ပြောလိုက်ပြီးနောက် သူမ၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။
ခဏတာမျှ တိတ်ဆိတ်သွားချေသည်။
တောက်...
အကြီးအကဲ၏နဖူးမှ ချွေးအေးများက မြေပြင်ပေါ်သို့ ကျဆင်းသွားလေသည်။
နောက်တစ်စက္ကန့်တွင် လီရုံ၏အသံ ထွက်ပေါ်လာလေသည်။
“အလင်းတိုင်ကြီးတွေထဲကို စုပ်ယူထားတဲ့ဝိညာဉ်တွေ လုံလုံလောက်လောက် ရှိနေသရွေ့... တစ္ဆေတစ်ထောင်ဆေးရည်က ငါ့ရဲ့ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးလိမ့်မယ်...”
“ဟုတ်ကဲ့ပါ... သူတော်စင်မိန်းကလေး...”
အကြီးအကဲနှင့် တပည့်ဖြစ်သူတို့က တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
တပည့်ဖြစ်သူမှာ အလျင်အမြန် ထွက်ခွာသွားပြီး လင်းဖန်နှင့် ဟိုမင်တို့ကိုတားဆီးရန် အခြားတပည့်များအား စတင်ညွှန်ကြားလိုက်လေသည်။
တပည့်ဖြစ်သူ ထွက်သွားသည့်အခါ အကြီးအကဲက သူ၏လည်ပင်းမှာ ကျပ်တည်းလာသည်ကို ခံစားလိုက်ရပြီး မကြာမီမှာပင် လေကိုလုရှူလိုက်ရတော့သည်။
သူက အသက်ချမ်းသာပေးရန် အလျင်အမြန် တောင်းပန်လိုက်လေသည်။
“တောင်းပန်ပါတယ် သူတော်စင်မိန်းကလေး... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”
လီရုံက အေးစက်စွာ ပြောလိုက်သည်။
“နောက်တစ်ခါ ငါ့ကို မေးခွန်းထုတ်ဖို့တောင် မတွေးနဲ့...”
ဘုန်း...
အကြီးအကဲမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး လီရုံ၏ ထင်လင်းမြင်သာနေသော ပုံရိပ်ကလည်း ပျောက်ကွယ်သွားလေတော့သည်။
…
လင်းဖန်က သူ့ရှေ့ မီတာတစ်ရာအကွာရှိ အလင်းတိုင်ကြီးကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
“အဲဒါ တည့်တည့်မှာပဲ...”
ဟိုမင်က ခေါင်းညိတ်လိုက်ပြီး သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို မျိုချလိုက်လေသည်။
လင်းဖန်ကလည်း ထိုနည်းတူပင် ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို မျိုချလိုက်သည်။
အလင်းတိုင်ကြီးဆီသို့ သွားရာလမ်းတစ်လျှောက်မှ သေးငယ်သော တိုက်ပွဲငယ်များက သူတို့၏ချီစွမ်းအင်များကို ကုန်ခမ်းစေခဲ့လေသည်။
လင်းဖန်နှင့် ဟိုမင်သည် ယခင်ကဲ့သို့ပင် အလင်းတိုင်ကြီးအား ဖျက်ဆီးနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လင်းဖန်သည် နေရာအနှံ့မှ တပည့်အုပ်စုကြီး ရုတ်တရက်ထွက်ပေါ်လာသည်ကို မြင်လိုက်ရချိန်တွင် ခက်ခဲသောတိုက်ပွဲတစ်ပွဲ ဆင်နွှဲရတော့မည်ကို သိလိုက်ပေသည်။
လင်းဖန်နှင့် ဟိုမင်တို့သည် အနီရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော သူတော်စင်မိန်းကလေး၏ တပည့် အယောက် (၅၀၀) ခန့်ကို ရင်ဆိုင်နေရချေပြီ။
“ဒီလူနှစ်ယောက်ကို တားကြ...”
“သူတော်စင်မိန်းကလေးရဲ့အစီအစဉ်ကို ဘယ်လိုတောင် ဖျက်ဆီးရဲရတာလဲ...”
“ဒါကို ခံလိုက်စမ်း... ခွေးကောင်တွေ...”
သွေးရောင်လွှမ်းနေသောမျက်လုံးများနှင့် တပည့်များက အသံကုန်အော်ဟစ်လိုက်ကြပြီး လင်းဖန်ထံသို့ အကြောက်အလန့်မရှိဘဲ ခုန်အုပ်ပြေးဝင်လာတော့သည်။
နီရဲနေသော ဝတ်ရုံများနှင့် အုပ်စုကြီးက လင်းဖန်ထံသို့ ဒေါသတကြီး ပြေးဝင်လာလေသည်။
ဇွပ်...
သူက လှံကိုအသုံးပြုကာ နဂါးဟိန်းသံပမာ လှံသွားဖြာသိုင်းနည်းစနစ်ဖြင့် တပည့်များထံသို့ ထိုးနှက်လိုက်လေသည်။
စွမ်းအင်လှိုင်းလုံးများကြောင့် တပည့်များ၏ခန္ဓာကိုယ်များမှာ ဆုတ်ဖြဲခံလိုက်ရတော့သည်။
လင်းဖန်၏ သားကောင်များဘေးတွင်ရှိနေသော တပည့်များ၏အပေါ်သို့ သွေးများ ပန်းထွက်လာလေသည်။
ဘုန်း...
ဟိုမင်က မိုးကြိုးပေါက်ကွဲမှု ဓားသိုင်းနည်းစနစ်ကို အသုံးပြု၍ ဓားဖြင့် ထိုးနှက်လိုက်ရာ မြေပြင်မှာ ပေါက်ကွဲသွားလေတော့သည်။
ပစ်မှတ်ဧရိယာအတွင်းရှိ တပည့်များ၏ခြေလက်များမှာ ပြတ်ထွက်လွင့်စင်သွားချေပြီ။
သို့သော် ဤအရာက တပည့်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ရပ်တန့်ရန် မလုံလောက်ခဲ့ပေ။
“သူတော်စင်မိန်းကလေးအတွက်...”
သူတို့က ကောင်းကင်သို့မော့ကာ အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများနှင့် ခန္ဓာကိုယ်များပေါ်သို့ သွေးများကို သုတ်လိမ်းလိုက်ကြလေသည်။
လင်းဖန်က သူ၏ နဂါးဟိန်းသံပမာ လှံသွားဖြာသိုင်းနည်းစနစ်ကို ထပ်မံအသုံးပြုလိုက်ပြန်သည်။
ဖုန်း...
သူ့ထံသို့ တိုက်ရိုက်ဝင်ရောက်လာသော ဒုတိယမြောက် တိုက်ခိုက်ရေးလှိုင်းလုံးကြီးမှာ သွေးများနှင့် အသားစများပြည့်နှက်နေသော ပင်လယ်ပြင်ကြီးအဖြစ်သို့ ထပ်မံပြောင်းလဲသွားရချေတော့သည်။
သို့သော် ဒီတစ်ကြိမ်တွင်မူ တပည့်အချို့က သူ့ကို ဘေးဘက်မှပိတ်ဆို့ကာ ဝင်ရောက်တိုက်ခိုက်လာကြလေသည်။
ဘုန်း...
တပည့်များသည် လင်းဖန်ကို လက်သီးဖြင့်ထိုးရန်နှင့် ဖမ်းဆီးရန် အနီးကပ် ရောက်ရှိလာကြသည်။
သူ၏ မူလမြေကြီးခံတပ်မှာ အလွန်မာကျောနေရာ သူတို့အနေဖြင့် မည်သည့်ထိခိုက်ဒဏ်ရာမှ မပေးနိုင်ခဲ့ပေ။
သို့သော်လည်း ဟိုမင်မှာမူ သူ့ထက် အခြေအနေ ပိုမကောင်းလှပေ။
သူ့ထံသို့ ဝင်ရောက်တိုက်ခိုက်လာသော တပည့်အရေအတွက်မှာ များပြားလွန်းသဖြင့် ဖိအားပေးခံနေရလေသည်။
သူသည် ဓားနှစ်လက်ကိုကိုင်ကာ အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ထိုးနှက်ခုတ်ပိုင်းနေတော့သည်။
ဟိုမင်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဓားနှစ်လက်ကိုကိုင်ကာ စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်လိုက်လေသည်။
မကြာမီမှာပင် လေပြင်းများက ဟိုမင်ကိုဗဟိုပြုကာ ဟာရီကိန်းမုန်တိုင်းတစ်ခုအလား ရစ်ပတ်တိုက်ခတ်လာတော့သည်။
လေပွေမုန်တိုင်းက ပို၍ပို၍ မြန်ဆန်စွာ လည်ပတ်လာလေသည်။
ထိုလေပြင်းက သူ့ကို ဝန်းရံထားသောတပည့်များ၏ အသားစများနှင့် ခြေလက်များကို ခုတ်ပိုင်းပစ်လိုက်လေသည်။
ဘုန်း...
တပည့်တစ်ရာခန့်မှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မကြာမီမှာပင် ၎င်းတို့၏ဝိညာဉ်များ ထွက်ပေါ်လာကာ လေထဲသို့လွင့်မျောသွားပြီး အလင်းတိုင်ကြီးထဲသို့ စုပ်ယူခံလိုက်ရလေသည်။
“ဟိုမင်... အသင့်ပြင်ထား...”
လင်းဖန်သည် အဆောင်ဆွဲပြားကိုအသုံးပြုကာ ရေခဲစွယ်ဆင်အဖြစ်သို့ အသွင်ပြောင်းလဲလိုက်ရင်း အော်ဟစ်လိုက်လေသည်။
ဝုန်း...
ရေခဲစွယ်ဆင်၏ ဧရာမခြေထောက်ကြီးများဖြင့် ဟိုမင်အနီးသို့ကပ်လာသော တပည့်များကို နင်းချေပစ်လိုက်သည်။
ဟိုမင်မှာ လေပွေမုန်တိုင်းတိုက်ကွက်ကို အသုံးပြုပြီးနောက် အားနည်းကာ မောပန်းနွမ်းနယ်နေလေပြီ။
ဗြစ်...
ထိုတပည့်များသည် ချက်ချင်းပင် အသားပြားများကဲ့သို့ ပြားကပ်သွားကြတော့သည်။
ကျန်ရှိနေသော တပည့်များသည် ခြေလှမ်းများရပ်တန့်သွားပြီး သူတို့ရှေ့ရှိ ဧရာမသားရဲကြီးကို မော့ကြည့်လိုက်ကြသည်။
လင်းဖန်သည် ရေခဲစွယ်ဆင်၏နှာမောင်းကို အသုံးပြုကာ ဟိုမင်ကို ကောက်ယူပြီး ကျောပေါ်သို့ တင်လိုက်လေသည်။
ဟိုမင် လုံခြုံသွားသည်နှင့် သူသည် ရေခဲအစွယ်ကို အသုံးပြုကာ တပည့်များအား စက်ဝိုင်းပုံသဏ္ဌာန် လှဲယမ်းရိုက်ချလိုက်တော့သည်။
အေးစိမ့်သောအအေးဓာတ်က တပည့်များကို အေးခဲသွားစေပြီး ရေခဲစွယ်ဆင်၏ ခြေထောက်များက နင်းချေလိုက်ချိန်တွင် ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားသောတပည့်များသည် အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။
ထို့နောက် လင်းဖန်သည် အလင်းတိုင်ကြီးဆီသို့ ပြေးဝင်သွားလေသည်။
ဝုန်း...
သူလှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် မြေကြီးက တုန်ခါသွားလေသည်။
ယခုအချိန်တွင် တပည့်ငါးရာအနက်မှ တစ်ရာခန့်သာ ကျန်ရှိတော့သည်။
လင်းဖန်သည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။
သူသည် ရေခဲစွယ်ဆင်၏ မိစ္ဆာသားရဲအမြုတေမှ အဆီအနှစ်များအားလုံးကို ကုန်စင်အောင် မသုံးပစ်ချင်ပေ။
“ဟိုမင်... ဒါကို ယူလိုက်ဦး...”
သူက ဟိုမင်ထံသို့ ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးတစ်လုံးကို ကမ်းပေးလိုက်လေသည်။
ဟိုမင်သည် ၎င်းကို မျိုချလိုက်ပြီး နောက်တစ်ခဏအတွင်းမှာပင် မတ်တတ်ရပ်နိုင်သွားတော့သည်။
“ဒီကောဟယ်ရုက တကယ်ကို သာမန်မဟုတ်ဘူးပဲ...”
ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံး၏ အစွမ်းထက်မြက်မှုကို ဟိုမင်က အံ့ဩချီးကျူးလိုက်လေသည်။
“ဟုတ်တယ်... ဒါပေမဲ့ ငါတို့လက်ထဲမှာ အခု ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေတယ်...”
လင်းဖန်သည် လှံကို နောက်သို့ပြန်ဆွဲကိုင်ထားရင်း ပြောလိုက်သည်။
နဂါးဟိန်းသံပမာ လှံသွားဖြာတိုက်ကွက်အတွက် သူ အသင့်ပြင်လိုက်လေသည်။
သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် အနီရောင်ဝတ်ရုံဝတ်ဆင်ထားသော တပည့်များသည် ပြေးဝင်လာကြတော့သည်။
ဝှစ်...
ခုတ်ပိုင်းလိုက်သော လှိုင်းတံပိုးများကြောင့် အနီရောင်ဝတ်ရုံ ပင်လယ်ကြီးသည် သွေးနှင့် အသားစများအဖြစ်သို့ ပြောင်းလဲသွားရချေပြီ။
တောက်...
တောက်...
တောက်...
ကောင်းကင်ယံမှ ရေပေါက်များ စတင်ကျဆင်းလာလေသည်။
လင်းဖန်က မျက်နှာပေါ်မှ ရေပေါက်များကို သုတ်ဖယ်လိုက်ရာ ထိုရေပေါက်များမှာ သွေးနီရောင်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။
သူက ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ မိုးစတင်ရွာသွန်းလာလေပြီ။