အခန်း ၂၂၅
Vol. 23 Ch. 225
အခန်း (၂၂၅) - အားလုံးရှင်းလင်းသွားခြင်း
လင်းဖန်နှင့် ဟိုမင်တို့သည် မြို့၏ ကျန်ရှိနေသောထောင့်နေရာတစ်ခုသို့ ရောက်ရှိသွားချိန်တွင် အစိမ်းရောင်ဝတ်ရုံနှင့် တပည့်များသည် အစီအရင်တစ်ခုကို တည်ဆောက်နေကြသည်။
“သူတို့ကို တားကြစမ်း...”
လင်းဖန်နှင့် ဟိုမင်တို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ တပည့်များ၏ခေါင်းဆောင်က အော်ဟစ်လိုက်လေသည်။
“ငါ့ကျောဘက်ကို ကာကွယ်ပေးထား...”
လင်းဖန်က အစိမ်းရောင်ဝတ်ရုံနှင့် တပည့်များဆီသို့ စက္ကူရုပ်များကိုပစ်ပေါက်လိုက်ရင်း ပြောလိုက်သည်။
ဟိုမင်က ခေါင်းညိတ်လိုက်ပြီး ကျောဘက်သို့လှည့်ကာ အနောက်မှ ဝင်ရောက်လာသော တပည့်များကို ရင်ဆိုင်လိုက်လေသည်။
စက္ကူရုပ်များသည် တပည့်များ၏မျက်နှာများပေါ်သို့ ကပ်တွယ်သွားကြရာ တပည့်များသည် သူတို့လုပ်နေသည့်အရာများကို ရပ်တန့်လိုက်ရပြီး ၎င်းတို့ကိုခွာချရန် ကြိုးစားရတော့သည်။
ထိုအချိန်တွင် လင်းဖန်သည် လှံဖြင့် တပည့်များ၏ခေါင်းဆောင်ထံသို့ ခုန်အုပ်ဝင်ရောက်သွားလေသည်။
ခေါင်းဆောင်ဖြစ်သူက အစိမ်းရောင်တောက်ပနေသော လက်များဖြင့် လင်းဖန်၏လှံကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် လင်းဖန်က ၎င်းအား ဖားရုပ်တုအတွင်းသို့ သိမ်းဆည်းလိုက်သဖြင့် လှံသည် ပျောက်ကွယ်သွားလေသည်။
သူက မက်မွန်သစ်သားဓားကို ထုတ်ယူလိုက်ပြီး ခေါင်းဆောင်ဖြစ်သူ၏လည်ပင်းသို့ အစားထိုး ထိုးသွင်းလိုက်လေသည်။
လင်းဖန်၏ မြန်ဆန်လွန်းသောအမြန်နှုန်းကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် အရာအားလုံး ပြီးဆုံးသွားချေပြီ။
“မင်း...”
ခေါင်းဆောင်ဖြစ်သူက စကားထစ်ငေါ့စွာဖြင့် ပြောဆိုရန် ကြိုးစားသော်လည်း အဆုံးတိုင်အောင် မပြောနိုင်တော့ပေ။
လင်းဖန်က မက်မွန်သစ်သားဓားကို ပြန်ဆွဲထုတ်လိုက်ပြီး ဓားမျက်နှာပြင်ပေါ်ရှိ သွေးများကို ခါချလိုက်လေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ်ကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]
[ကလဲ့စားချေအမှတ် + 200]
[လက်ရှိ ကလဲ့စားချေအမှတ် - 4500]
ယခုအချိန်တွင် သူသည် ကလဲ့စားချေအမှတ် အတော်များများကို စုဆောင်းမိနေပြီ ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူ ကျဆုံးသွားပြီးနောက် လင်းဖန်သည် ကျန်ရှိနေသော အစိမ်းရောင်ဝတ်ရုံဝတ်ထားသော တပည့်များကို ဆက်လက် ရှင်းလင်းလိုက်သည်။
တစ်ယောက်ပြီးတစ်ယောက် သူတို့အားလုံးသည် မက်မွန်သစ်သားဓားဖြင့် အဆုံးသတ်ခံလိုက်ရလေသည်။
တပည့်များသည် သူတို့၏ ဝိညာဉ်ဆွဲထုတ်ခြင်းနည်းစနစ်မှာ လင်းဖန်အပေါ်တွင် အဘယ်ကြောင့် အလုပ်မလုပ်ရသနည်းဟူသော အံ့ဩမှုများဖြင့် မျက်လုံးပွင့်လျက်သား သေဆုံးသွားကြရချေသည်။
ဟုန်ဖုန်းမြို့၏ ကျန်ရှိနေသောစစ်သည်များသည် တပည့်များအားလုံး ရှင်းလင်းခံလိုက်ရသည်ကိုမြင်သောအခါ လင်းဖန်၏နောက်တွင် စုစည်းလိုက်ကြပြီး သူတော်စင်မိန်းကလေး၏ တပည့်များကို ပြန်လည် တွန်းလှန်တိုက်ခိုက်ကြတော့သည်။
“ဒီခွေးကောင်တွေကို သတ်ကြ...”
“ငါ့မိသားစုက နှစ်လမ်းကျော်မှာ ရှိတယ်...”
“ပြန်တိုက်ကြ...”
လူအများအပြားတွင် ပူနွေးသောသွေးများ စီးကျနေဆဲဖြစ်သည့် ဒဏ်ရာများ ရှိနေကြသည်။
သို့သော် သူတို့ ဖြတ်သန်းခဲ့ရသည့်အရာများနှင့်ယှဉ်လျှင် နာကျင်မှုက မပြောပလောက်ပေ။
တပည့်များသည် အကြောက်တရား သို့မဟုတ် နာကျင်မှုကင်းမဲ့နေသော မိစ္ဆာကောင်များနှင့် တူပေသည်။
လင်းဖန်၏တည်ရှိမှုနှင့် သူလုပ်ဆောင်ခဲ့သည့် အရာများက ထိုမိစ္ဆာကောင်များကို အနိုင်ယူနိုင်ကြောင်း သူတို့အား သိမြင်သွားစေခဲ့သည်။
သူတို့သည် ပြန်လည်စုစည်းကာ တန်းစီလိုက်ကြသည်။
သူတို့၏ လှံများ၊ ဓားများကို ကိုင်ဆောင်၍ ဟိုမင်နှင့် တပည့်များကြားမှတိုက်ပွဲတွင် ကူညီရန် ရှေ့သို့ ချီတက်သွားကြလေသည်။
အခြေအနေများက ပြောင်းလဲလာပြီဖြစ်ရာ လင်းဖန်သည် ကျန်းရှင်းတစ်ယောက် မည်သို့ရှိနေသည်ကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဟိုမင်ရှိနေသော ဦးတည်ရာသို့ ခုန်ပျံသွားလေသည်။
သူ မြေပြင်ပေါ်သို့ ကျဆင်းသွားချိန်တွင် ဟိုမင်နှင့် လုံးထွေးသတ်ပုတ်နေသော တပည့်ကို ရှေ့တည့်တည့်မှ ကန်ချလိုက်လေသည်။
ဘုန်း...
ထိုရိုက်ခတ်မှုကြောင့် တပည့်ဖြစ်သူမှာ မြေပြင်ပေါ်တွင် လိမ့်ဆင်းသွားရချေသည်။
“သွားကြစို့...”
လင်းဖန်က ဟိုမင်ကိုဖမ်းဆွဲလိုက်ပြီး ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ဖြင့် လေထဲသို့ ခုန်တက်လိုက်လေသည်။
သူသည် လေထဲတွင် နောက်တစ်ကြိမ် ထပ်မံနင်းလိုက်ပြီး ကောင်းကင်ယံတွင် အလျားလိုက် ခုန်ပျံသွားကြသည်။
လင်းဖန်က အောက်ဘက်သို့ငုံ့ကြည့်လိုက်ရာ ယခုအချိန်၌ မြို့ထဲတွင် တပည့်များ သိပ်မကျန်တော့ကြောင်း သတိပြုမိလိုက်သည်။
အရာအားလုံးမှယ မကြာမီ ပြီးဆုံးသွားနိုင်သည်ဟူသော ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။
သူတို့နှစ်ယောက် မြို့၏ နောက်ဆုံးထောင့်နေရာသို့ ရောက်ရှိသွားချိန်တွင် တိုက်ပွဲမှာ မပြီးဆုံးသေးပေ။
ကျန်းရှင်းသည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ မျက်လုံးတစ်ဖက်မှာ ဖူးရောင်နေပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေကာ အလွန်ပြင်းထန်စွာ ဒဏ်ရာရရှိနေလေသည်။
သူက သူ့ရှေ့ရှိလူကို စူးစိုက်စွာ ကြည့်နေလေသည်။
ထိုလူ၏ဦးခေါင်းသည် ပုံမှန်ထက် ပိုမိုကြီးမားနေပြီး အသားအရေမှာ ဖြူရော်နေသည်။
ကျန်းရှင်းက ဓားကို ကန့်လန့်ဖြတ်ခုတ်ပိုင်းလိုက်ရာ ခေါင်းကြီးကြီးနှင့်လူဆီသို့ ဓားလှိုင်းတစ်ခု ထွက်ပေါ်သွားတော့သည်။
ခေါင်းကြီးကြီးနှင့်လူက လေထဲတွင် ဂျွမ်းပစ်လိုက်ပြီး ခေါင်းဖြင့် မြေပြင်ကိုဆောင့်ကာ ပြန်ကန်ထွက်သွားရင်း ကျန်းရှင်း၏ ခုတ်ပိုင်းလှိုင်းကို ရှောင်တိမ်းလိုက်လေသည်။
ဝှစ်...
သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး ခေါင်းကိုစိုက်ချကာ ကျန်းရှင်းဆီသို့ ပြေးဝင်လာတော့သည်။
ကျန်းရှင်းသည် ဓားဖြင့် ထိုလူ၏ခေါင်းကို အလျင်အမြန်ပင် ထိုးစိုက်လိုက်သည်။
ဒေါင်...
ဓားသည် ထိုလူ၏ခေါင်းကို ဖောက်မဝင်နိုင်ချေ။
ဓားသွားမှာ ကွေးညွတ်သွားပြီး ကျန်းရှင်းသည် သူ၏ဓား ထက်ပိုင်းကျိုးမည့်ကံကြမ္မာမှ ရှောင်လွှဲနိုင်ရန် ဘေးဘက်သို့ ခြေလှမ်းရွှေ့လိုက်ရတော့သည်။
ဘုန်း...
ထိုလူ၏ဦးခေါင်းသည် မြေပြင်နှင့် ရိုက်မိသွားသောအခါ မြေပြင်မှာ ပေါက်ကွဲထွက်သွားလေသည်။
ရိုက်ခတ်မှုကြောင့် ကျင်းငယ်တစ်ခုပင် ဖြစ်ပေါ်သွားရချေသည်။
တစ်ချိန်တည်းမှာပင် လင်းဖန်သည် အစီအရင်တည်ဆောက်ရန်ကြိုးစားနေသော တပည့်များကို ဖြေရှင်းပြီးသွားလေပြီ။
ယခုအခါ သူနှင့် ဟိုမင်တို့သည် ခေါင်းကြီးကြီးနှင့်လူအား ရင်ဆိုင်ရာတွင် ကျန်းရှင်းကို ကူညီပေးနိုင်ပြီဖြစ်သည်။
လင်းဖန်သည် လက်ထဲရှိ မက်မွန်သစ်သားဓားကို နဂါးဟိန်းသံလှံဖြင့် လဲလှယ်လိုက်လေသည်။
သူသည် နဂါးဟိန်းသံပမာ လှံသွားဖြာဖြင့် ခေါင်းကြီးကြီးနှင့်လူဆီသို့ ပြေးဝင်သွားတော့သည်။
စွမ်းအင်လှိုင်းများသည် ခေါင်းကြီးကြီးနှင့်လူ၏ခေါင်းဆီသို့ တိုးဝင်သွားလေသည်။
ခေါင်းကြီးကြီးနှင့်လူသည် ထရပ်ပြီး နောက်ဘက်သို့ ဂျွမ်းပစ်လိုက်သည်။
သူသည် ခေါင်းဖြင့် မြေပြင်ကို ဆောင့်ချလိုက်ပြီးနောက် အဝေးသို့ ပြန်ကန်ထွက်သွားပြန်သည်။
ဘုန်း...
လင်းဖန်၏တိုက်ခိုက်မှုမှ စွမ်းအင်လှိုင်းများသည် မြေပြင်ကိုထိမှန်သွားပြီး နောက်ထပ် ပေါက်ကွဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်းရှင်းက အခွင့်အရေးကို ယူကာ ခေါင်းကြီးကြီးနှင့်လူ မြေပြင်ပေါ်သို့ ပြန်ကျလာချိန်မှာပင် သူ့ဆီသို့ ပြေးဝင်သွားလေသည်။
သူသည် ထိုလူ၏ရင်ဘတ်အား ထိုးစိုက်လိုက်ပြီး နှလုံးကို ပစ်မှတ်ထားလိုက်သည်။
ဓားမှ အပြာရောင်အလင်းတန်း ထွက်ပေါ်လာချိန်တွင် အေးစက်သော ခံစားမှုတစ်ခုကို ရရှိလိုက်လေသည်။
ကျန်းရှင်း၏ဓားက ရှေ့သို့ ထိုးထွက်သွားသည်နှင့်အမျှ လေထုထဲတွင် ရေခဲပုံဆောင်ခဲများ ဖြစ်ပေါ်လာတော့သည်။
“အား...”
ဓားသည် ခေါင်းကြီးကြီးနှင့်လူ၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားရာ သူသည် နာကျင်စွာ အော်ဟစ်လိုက်လေသည်။
ခေါင်းကြီးကြီးနှင့်လူသည် သူ့ခေါင်းကိုအသုံးပြုကာ ကျန်းရှင်းကိုဝင်တိုက်လိုက်ပြီး ဓားကိုလွှတ်ချသွားစေရန် ကြိုးစားလိုက်သည်။
ဘုန်း...
ကျန်းရှင်းသည် သူ၏ခေါင်းကို အတိုက်ခံလိုက်ရသဖြင့် မျက်နှာပေါ်မှ သွေးများ စီးကျလာတော့သည်။
သို့သော် ကျန်းရှင်းသည် ခေါင်းကြီးကြီးနှင့်လူကို တားဆီးရန် စိတ်ပိုင်းဖြတ်ထားလေသည်။
သူသည် ဓားထဲသို့ ချီစွမ်းအင်များ ထပ်မံထည့်သွင်းလိုက်ရာ ထိုလူ၏ရင်ဘတ်ပေါ်တွင် နှင်းခဲများ စတင်ဖြစ်ပေါ်လာတော့သည်။
ခေါင်းကြီးကြီးနှင့်လူ၏ နှလုံးသည် ဖြည်းဖြည်းချင်းအေးခဲသွားပြီး သွေးလည်ပတ်မှုမှာလည်း ရပ်တန့်သွားရချေပြီ။
နောက်ဆုံးတွင် ခေါင်းကြီးကြီးနှင့်လူသည် လှုပ်ရှားမှုရပ်တန့်သွားရာ ကျန်းရှင်းက ဓားကို ပြန်လည်ဆွဲထုတ်လိုက်သည်။
သူသည် အမောတကော အသက်ရှူနေရင်း လင်းဖန်ကို ကြည့်လိုက်သည်။
“မင်းရဲ့ အကူအညီကလည်း ကောင်းလိုက်တာ... ဘာတွေ ဒီလောက်တောင် ကြာနေရတာလဲ...”
ကျန်းရှင်းက မြေပြင်ပေါ် ထိုင်ချလိုက်ရင်း ပြောလိုက်သည်။
၎င်းသည် သူ့အတွက် ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
“မြို့ရဲ့ ထောင့်သုံးထောင့်ကို ရှင်းလင်းနေရလို့ပါ...”
လင်းဖန်က ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
အစီအရင်အားလုံး ပျက်စီးသွားသည်နှင့်အတူ ဖရိုဖရဲ အခြေအနေများသည်လည်း ငြိမ်သက်သွားခဲ့ပြီဖြစ်ကာ အနီးနားရှိစခန်းမှ စစ်သည်များလည်း ရောက်ရှိလာကြပြီဖြစ်သည်။
လင်းဖန်သည် ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို အလျင်အမြန်ထုတ်ယူကာ မျိုချလိုက်လေတော့သည်။