အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆) - မြို့စားလု
ဟိုမင်သည်လည်း ဤအခွင့်အရေးကိုအသုံးချကာ သူ၏ချီစွမ်းအင်နှင့် ခွန်အားများ ပြန်လည်ပြည့်ဝလာစေရန် ဆေးလုံးတစ်လုံးကို သောက်လိုက်လေသည်။
ကျန်းရှင်းမှာတော့ မနာလိုသော မျက်လုံးများဖြင့်သာ ကြည့်နေနိုင်ချေသည်။
သူ့တွင် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးများ မကျန်တော့ပေ။
ကြည့်ရသည့်အခြေအနေအရ ဤ ‘ကောဟယ်ရု’ နှင့် ဟိုမင်တို့၏ ဆေးပုလင်းများထဲတွင် ဆေးလုံးများ အပြည့်ရှိနေသေးပုံရပေသည်။
“မင်းခေါင်းက သွေးထွက်နေတယ်။ တကယ် ကုသဖို့ မလိုဘူးလား...”
လင်းဖန်က သွေးများပေကျံနေသော ကျန်းရှင်း၏မျက်နှာကို လက်ညိုးထိုးပြလိုက်သည်။
ကျန်းရှင်းက အလျင်အမြန်ပင် ဆင်ခြေတစ်ခု ပေးလိုက်လေသည်။
“ငါ... အင်း... ငါ့ရဲ့ဆရာ ဓားသူတော်စင်က အမှားတွေကို မှတ်မိနေစေဖို့အတွက် ဒဏ်ရာတွေကို ဖြည်းဖြည်းချင်း ကုသရမယ်လို့ ယုံကြည်ထားတာ...”
“ဆရာ့စကား နားထောင်တာ အရမ်းကောင်းတာပေါ့...”
လင်းဖန်က ပြောလိုက်သည်။
ထို့နောက် သူက လှည့်ကာ ဖြစ်ပျက်နေသည်တို့ကို အကဲခတ်ကြည့်လိုက်သည်။
အသက်ရှင်ကျန်ရစ်သူများသည် ဖြစ်ပျက်သွားသည်တို့ကို နားလည်နိုင်ရန် ကြိုးစားနေကြပေသည်။
အချို့မှာ သူတို့ချစ်ခင်ရသူများ၏ ရုပ်အလောင်းများကို ရင်ခွင်ထဲပိုက်ကာ ငိုကြွေးနေကြလေသည်။
မိဘများကိုဆုံးရှုံးသွားသော ကလေးငယ်များမှာ အကူအညီရလိုရငြား လမ်းမများထက်တွင် လျှောက်သွားနေကြသည်။
သို့သော်လည်း လူတိုင်းမှာ ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေကြပေသည်။
“ကျေးဇူးပြုပြီး ကူညီကြပါဦး...”
“ငါ့အဖေ ဘယ်မှာလဲ...”
“စွန်လေးတစ်ခုကိုင်ထားတဲ့ ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကိုများ တွေ့မိကြသေးလား...”
သူတို့သည် သူတို့၏ ချစ်ခင်ရသူများကို လိုက်လံရှာဖွေနေကြခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင်တော့ မြို့စောင့်ရဲမက်များနှင့် စစ်သည်များက တာဝန်ယူကာ လမ်းမများကို ရှင်းလင်းလာကြလေတော့သည်။
“ဟိုကျဲ့နဲ့ တာအိုဆရာသခင်လီတို့ဆီသွားပြီး ဘာဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်...”
လင်းဖန်က ပြောလိုက်သည်။
ဟိုမင်က ခေါင်းညိတ်လိုက်ပြီးနောက် သူတို့နှစ်ယောက် ခရီးဆက်ခဲ့ကြလေသည်။
“နေပါဦး... ငါကရော ဘယ်လိုလုပ်ရမလဲ...”
ကျန်းရှင်းက ထရပ်ရန်ကြိုးစားရင်း ပြောလိုက်သည်။
သို့သော်လည်း သူက အားနည်းနေဆဲဖြစ်သောကြောင့် ထမလာနိုင်ခဲ့ပေ။
လင်းဖန်က ခေတ္တမျှ စဉ်းစားလိုက်သည်။
“ငါက မင်းကို ဒါလေး ပေးနိုင်ပါတယ်။ ဒါပေမဲ့ မင်းဆီမှာ အပြန်အလှန်ပေးစရာ တစ်ခုခုရှိလား...”
လင်းဖန်က သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး တစ်လုံးကို ထုတ်ယူရင်း ပြောလိုက်လေသည်။
“ငါ့ဆီမှာ ငွေတစ်တေးလ်ပဲ ပါတယ်...”
ကျန်းရှင်းက ပြန်ဖြေလိုက်သည်။
လင်းဖန်က ခေါင်းခါယမ်းလိုက်သည်။ သူက ငွေကို စိတ်မဝင်စားပေ။
သူ၏ရွှေချောင်းများက ဖားရုပ်တုထဲတွင် ရှိနေဆဲဖြစ်သည်။
အဟွတ်...
ကျန်းရှင်းက သွေးများအန်ထုတ်လိုက်ရပြီး သူ့တွင် ရွေးချယ်စရာ သိပ်မရှိတော့ကြောင်းကို သိနေပေသည်။
သူက လက်စွပ်ဘူးအရွယ်အစားရှိသော သစ်သားဘူးငယ်လေးတစ်ခုကို ထုတ်ယူကာ ဖွင့်လိုက်လေသည်။
တောက်ပနေသော မျက်နှာပြင်ရှိသည့် ဆေးလုံးတစ်လုံးက ထိုဘူးထဲတွင် ရှိနေလေသည်။
ဆေးလုံးအတွင်း၌ ဓားအရိပ်အယောင်များက လှည့်ပတ်နေသည်ကို မြင်တွေ့နိုင်ပေသည်။
ထိုဆေးလုံးကို ထုတ်ဖော်လိုက်သောအခါ ဟိုမင်၏ဓားများသည် ထိန်းချုပ်၍မရအောင်ပင် တုန်ခါသွားလေတော့သည်။
သူက အမြန်အဆန်ပင် ၎င်းတို့ကို ဆုပ်ကိုင်ထားလိုက်ရသည်။
ဤသည်မှာ ယခုကဲ့သို့ အဖြစ်အပျက်မျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်ပေသည်။
“ဒီဆေးလုံးထဲမှာ ငါ့ဆရာရဲ့ ဓားတိုက်ကွက်တစ်ခု ပါဝင်နေတယ်...”
“အရေးပေါ်အခြေအနေတွေမှာ ငါ့အသက်ကို ကယ်တင်ဖို့အတွက် ရည်ရွယ်ထားတာ...”
ကျန်းရှင်းက ထိုအရာသည် မည်သည့်အရာဖြစ်ကြောင်း ရှင်းပြလိုက်လေသည်။
လင်းဖန်က သူ၏ သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးကို ကျန်းရှင်းထံ အမြန်လှမ်းပေးလိုက်ပြီးနောက် ကျန်းရှင်းထံမှ ဆေးဘူးကို ယူလိုက်တော့သည်။
ဤသည်မှာ သူ လက်လွတ်မခံချင်သော အပေးအယူတစ်ခုပင် ဖြစ်ပေသည်။
ကျန်းရှင်းနောင်တမရခင် ဆေးဘူးက သူ့လက်ထဲသို့ အရင်ဆုံး သေချာပေါက်ရောက်ရှိနေရန် လိုအပ်လေသည်။
ကျန်းရှင်းက သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးကို မျိုချလိုက်ပြီး မျက်နှာသုန်မှုန်သွားချေသည်။
သူသည် ဤ ‘ကောဟယ်ရု’ ကို ကျေးဇူးတင်မိသော်လည်း ယခုအခါတွင် သူ၏ အဖိုးတန်ဓားဆေးလုံးကို တန်ဖိုးနည်းသောအရာတစ်ခုနှင့် လဲလှယ်လိုက်ရချေပြီ။
သူ့ဆရာသည် သူ၏ စွမ်းဆောင်ရည်အပေါ် အလွန်ဒေါသထွက်နေပေလိမ့်မည်။
သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး၏ အာနိသင်က သူ့ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်နှင့်အမျှ ကျန်းရှင်း၏သွေးထွက်ခြင်းမှာ ရပ်တန့်သွားခဲ့ပြီး မတ်တတ်ရပ်နိုင်ရန် ခွန်အားအလုံအလောက် ရှိလာခဲ့လေသည်။
သူတို့သုံးယောက်သည် ဘုရားကျောင်းရှိရာသို့ အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။
…
သူတို့ ဘုရားကျောင်းသို့ ရောက်ရှိသွားချိန်တွင် ဟိုကျဲ့နှင့် တာအိုဆရာသခင်လီတို့မှာ ဘေးကင်းလုံခြုံစွာ ရှိနေကြပေသည်။
ဟိုကျဲ့က ဘုရားကျောင်းကို သေချာစွာ ပိတ်ဆို့ကာကွယ်ထားသည့်အပြင် ထိုဘုရားကျောင်းထဲတွင် အဘိုးအိုတစ်ဦးမှလွဲ၍ တခြားဘာမှမရှိကြောင်း လူတိုင်းသိထားကြသောကြောင့် သူတို့မှာ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ ရမထားကြချေ။
သို့သော် အိမ်နီးချင်းများကတော့ သူတို့လောက် ကံမကောင်းကြပေ။
အချို့သော အစေခံများသည် အခွင့်အရေးကိုအသုံးချကာ ၎င်းတို့၏သခင်များထံမှ ပစ္စည်းများကို ခိုးယူလုယက်ခဲ့ကြသည်။
သို့သော် သူတို့ထဲမှအများစုမှာ ဝေးဝေးမသွားနိုင်ခဲ့ကြဘဲ လမ်းတစ်ဝက်မှာပင် ရူးသွပ်နေသောတပည့်များ၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
“ဒါဆို နောက်ထပ် ဘာလုပ်ကြမလဲ... ချင်ဖုန်းဂိုဏ်းကို အခုပဲ သွားကြတော့မလား...”
ဟိုကျဲ့က မေးလိုက်သည်။
“စီမာလျန်ကို အရင်သွားစစ်ဆေးချင်သေးတယ်... ဟိုမင်... ငါ သူ့ကို သွားကြည့်နေတုန်း ကျန်းရှင်းနဲ့အတူ ဒီမှာပဲနေခဲ့...”
လင်းဖန်က ပြောလိုက်သည်။
မှော်ရတနာများနှင့် ရက်ရောမှုတို့ကြောင့် စီမာလျန်သည် လင်းဖန်အတွက် အရေးပါသူတစ်ဦး ဖြစ်နေပေသည်။
ထို့ကြောင့် သူက စီမာလျန် ဘေးကင်းကြောင်းကို သေချာချင်နေခြင်း ဖြစ်သည်။
ဟိုမင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းဖန်လည်း ဘုရားကျောင်းထဲမှ ထွက်ခွာလာခဲ့လေသည်။
ကျန်ရစ်နေသေးသောတပည့်အချို့နှင့် အနည်းငယ် ရင်ဆိုင်တိုက်ခိုက်ရသည်မှလွဲ၍ စီမာမိသားစုစံအိမ်သို့ သွားရာလမ်းမှာ အတော်လေး ချောမွေ့နေခဲ့သည်။
သူ ထိုနေရာသို့ ရောက်ရှိသွားချိန်တွင်တော့ စီမာမိသားစု၏စံအိမ်မှာ စစ်ပွဲတစ်ခုကို ဖြတ်သန်းထားရသကဲ့သို့ ဖြစ်နေချေပြီ။
နံရံများထက်တွင် သွေးများ ပေကျံနေသည်။
ယခင်က မြင့်မားခိုင်ခံ့ခဲ့သော တံခါးကြီးများမှာ ယခုအခါ အပိုင်းပိုင်းအစစ ကျိုးပဲ့ပျက်စီးနေချေပြီ။
နေရာအနှံ့ လောင်ကျွမ်းနေသော မီးတောက်များကြောင့် လေထုထဲတွင် မီးခိုးငွေ့များ ဖုံးလွှမ်းနေတော့သည်။
လင်းဖန်သည် ဘိုးဘေးခန်းမဆီသို့ ဆက်၍ ဝင်လာခဲ့သည်။
ထိုနေရာတွင် စီမာလျန်နှင့် သူ၏ မိသားစုဝင်များသည် ဓားများကိုဆုပ်ကိုင်ကာ သတိအနေအထားဖြင့် ရှိနေကြသည်ကို သူ တွေ့လိုက်ရသည်။
အစီအရင်က ကောင်းစွာအလုပ်လုပ်နေပြီး သူတို့ကို ကာကွယ်ပေးထားပေသည်။
“စီမာလျန်... ခင်ဗျား အဆင်ပြေရဲ့လား...”
လင်းဖန်က မေးလိုက်သည်။
“ကျုပ် အဆင်ပြေပါတယ်... မိသားစုဝင် အများစုလည်း ဘေးကင်းပါတယ်...”
စီမာလျန်က ပြန်ဖြေလိုက်ပြီးနောက် ဆက်၍ မေးလိုက်သည်။
“အပြင်ဘက်က အခြေအနေ ဘယ်လိုရှိလဲ...”
“မြေအောက်ဝိညာဉ်ဝါးမျိုခြင်းအစီအရင်ကို ကျုပ်တို့ ဖျက်ဆီးလိုက်ပြီ... တပည့်အများစုကိုလည်း ရှင်းလင်းပြီးသွားပြီ...”
စီမာလျန်မှာ အလွန်အမင်း စိတ်အေးသွားပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။
‘နောက်ဆုံးတော့ ဒီအိပ်မက်ဆိုးကြီး ပြီးဆုံးသွားခဲ့ပြီပဲ...’
သူက စိတ်ထဲမှ တွေးလိုက်သည်။
“ကျုပ် အခု ချင်ဖုန်းဂိုဏ်းကို ပြန်သွားမှဖြစ်မယ်...”
လင်းဖန်သည် စီမာလျန်ဘေးကင်းကြောင်း သေချာသွားပြီးနောက် သူ့ကိုနှုတ်ဆက်ကာ ဆက်လက်ထွက်ခွာလာခဲ့လေသည်။
သူတို့မှာ ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ဆောင်ရမည့်အရာများ ရှိနေသေးပေသည်။
လမ်း၌ မြို့စား၏စံအိမ်ကို လှမ်းမြင်လိုက်ရသဖြင့် လင်းဖန်က မြို့စားလုထံ ဝင်ရောက်စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေ မြို့စားက သူ့အား ရွှေချောင်း (၅၀)နှင့် ရွှေအမြုတေတက်လှမ်းခြင်းဆေးလုံးကို ဆုလာဘ်အဖြစ်ပေးမည်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလော။
အိမ်တော်ပတ်လည်တွင် အစောင့်များမရှိဘဲ ထိုနေရာတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေချေပြီ။
မြေပြင်တစ်ခုလုံးတွင်လည်း အလောင်းများ ပြန့်ကျဲနေသည်။
တပည့်များ၊ အစေခံများနှင့် အစောင့်များ၏ ရုပ်အလောင်းများပင် ဖြစ်သည်။
လင်းဖန်သည် နဂါးဟိန်းသံလှံကို ထုတ်ယူလိုက်ပြီး အထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားလေသည်။
သွေးများဖြင့်ရွှဲနစ်နေသော မြေပြင်ပေါ်သို့ နင်းလိုက်ချိန်တွင် သူ၏ ခြေသံများမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
ဧည့်ခန်းဆီသို့ ရောက်သွားချိန်တွင် အမြဲတမ်း သပ်ရပ်နေတတ်သော ထိုအခန်းမှာ လုံးဝကို မှတ်မိနိုင်စရာမရှိအောင် ဖြစ်နေချေပြီ။
အရာအားလုံးမှာ ရှုပ်ပွနေသည်။
ပရိဘောဂများမှာ နေရာအနှံ့လွင့်စင်နေပြီး အပင်များနှင့် ပန်းအိုးများလည်း ကျိုးပဲ့ကွဲကြေနေသည်။
လင်းဖန်သည် မြို့စား၏ စံအိမ်အတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်သွားရင်း ခေါင်းခါယမ်းလိုက်မိသည်။
သူသည် အသံမှတ်ဉာဏ်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး မြို့စားလုကို လိုက်လံရှာဖွေကြည့်လေသည်။
အစပိုင်းတွင် အဝေးမှကြားနေရသော စူးရှသည့်အော်ဟစ်သံများနှင့် ငိုကြွေးသံများမှလွဲ၍ မည်သည့်အရာမျှမကြားခဲ့ရပေ။
မြို့စား၏စံအိမ်ထဲတွင် တဖျပ်ဖျပ် လောင်ကျွမ်းနေသော မီးသံများနှင့် အင်းဆက်ပိုးကောင်ငယ်များ၏ အသံများမှလွဲ၍ တခြားဘာမှ မရှိချေ။
‘မြို့စားက တစ်နေရာရာမှာတော့ ရှိနေရမှာပဲ...’
သူက စိတ်ထဲမှ တွေးလိုက်သည်။