အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) - သူတော်စင်မိန်းကလေးနှင့် တိုက်ပွဲ
လင်းဖန်သည် မြို့စားမင်း၏ နေအိမ်တော်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်လာသည်နှင့်အမျှ သက်ပြင်းချသံ သို့မဟုတ် အသက်ရှူသံများကို စတင်ကြားလိုက်ရလေသည်။
ထိုအသက်ရှူသံများသည် အဓိကတံခါးမကြီး ပြိုကျပျက်စီးနေသည့် အဆောက်အအုံတစ်ခုအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
သူသည် ထိုနေရာသို့ လျှောက်သွားပြီးနောက် မိမိ၏ခွန်အားကိုအသုံးပြုကာ ဝင်ပေါက်ကိုပိတ်ဆို့ထားသည့် ပြိုကျနေသောနံရံကြီးကို မချီလိုက်လေသည်။
ဘုန်း...
လင်းဖန်က ထိုနံရံကြီးကို ဘေးသို့ ပစ်ပေါက်လိုက်ရာ လေထုထဲ၌ ကျယ်လောင်သော အသံကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်သွားတော့သည်။
နံရံမှ ဖုန်မှုန့်များနှင့် အပျက်အစီးများမှာ ဟိုဟိုဒီဒီ လွင့်ပျံသွားကြလေသည်။
လင်းဖန်သည် အဆောက်အအုံအတွင်း၌ ရှိနေသည့်အရာကိုကြည့်ရှုရန် မျက်လုံးကို မှေးလိုက်ပြီး ဖုန်မှုန့်များကို လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။
ဖုန်မှုန့်များ ကင်းစင်သွားသောအခါ အဆောက်အအုံအတွင်း၌ မတ်တတ်ရပ်နေသည့် လူရိပ်သုံးခုနှင့် သေဆုံးနေသော အလောင်းအချို့ကို တွေ့လိုက်ရလေသည်။
တစ်ယောက်မှာ ပျက်စီးနေသော ကုလားထိုင်တစ်လုံးကို ကိုင်ဆွဲကာ သူ့ရှေ့ရှိ လူနှစ်ယောက်ကို စိုက်ကြည့်နေသည့် မြို့စားလု ဖြစ်ပေသည်။
“ဒီကို ဘယ်သူ ရောက်လာတာလဲ... ငါ့ရဲ့ အစီအစဉ်ကို တားဆီးခဲ့တဲ့သူက မင်းပဲဖြစ်ရမယ်...”
မြို့စားလု၏အရှေ့တွင် ရပ်နေသည့် လီရုံက ပြောလိုက်သည်။
“သူတော်စင်မိန်းကလေး... သူ့ကို ကျုပ်ပဲ ရှင်းလိုက်ပါရစေ...”
လီရုံ၏ဘေးတွင် ရပ်နေသည့် အကြီးအကဲက ခွင့်တောင်းလိုက်သည်။
လီရုံက ခေါင်းခါလိုက်ပြီး လှောင်ပြုံး ပြုံးလိုက်လေသည်။
“မလိုဘူး... သူ ဘယ်လို ရှုံးနိမ့်သွားလဲဆိုတာကို သူ့မျက်စိနဲ့တင် စောင့်ကြည့်စေချင်တာ...”
နောက်တစ်ခဏ၌ လီရုံသည် သူမ၏လက်နှစ်ဖက်ကို လေထဲသို့မြှောက်လိုက်ရာ ထိုလက်များမှာ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အလင်းတန်းများဖြင့် တောက်ပလာလေသည်။
သူမ၏လက်ဖဝါးများထဲမှ တစ္ဆေဝိညာဉ်များ ပျံသန်းထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကြတော့သည်။
တစ္ဆေဝိညာဉ်အချို့မှာ ဘေးပတ်ပတ်လည်တွင် လဲလျောင်းနေသည့် အလောင်းများထဲသို့ ဝင်ရောက်ပူးကပ်သွားကြလေသည်။
ထိုအလောင်းများမှာ ပြန်လည်လှုပ်ရှားလာကြချေပြီ။
သူတို့သည် ယိုင်တိယိုင်တိုင် ခြေလှမ်းများဖြင့် မတ်တတ်ထရပ်လိုက်ကြသည်။
ဝေါင်း...
သူတို့က ဟိန်းဟောက်သံများပြုလုပ်ကာ လင်းဖန်ထံသို့ ပြေးဝင်လာကြတော့သည်။
လင်းဖန်သည် လျင်မြန်စွာပင် လှံကို အသုံးပြု၍ သူတို့ထံသို့ ထိုးနှက်လိုက်လေသည်။
ဇွပ်...
ပြင်းထန်သော လှံချက်လှိုင်းလုံးမှာ ထိုအလောင်းကောင်များကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်လေသည်။
သို့သော်လည်း ထိုအလောင်းကောင်များသည် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး လင်းဖန်ထံသို့ ချဉ်းကပ်ရန် ကြိုးပမ်းနေသောကြောင့် အလုပ်မဖြစ်ခဲ့ချေ။
အချို့မှာ ခန္ဓာကိုယ်အထက်ပိုင်းသာ ကျန်တော့သော်လည်း သူ့ထံသို့ တွားသွားကာ လာနေကြဆဲ ဖြစ်ပေသည်။
သာမန် ချီစွမ်းအင်တိုက်ခိုက်မှုများဖြင့် လီရုံပြန်လည်အသက်သွင်းထားသော အလောင်းကောင်များကို မနှိမ်နင်းနိုင်ကြောင်း လင်းဖန် သဘောပေါက်လိုက်သည်။
သူသည် နဂါးဟိန်းသံလှံကို ပြန်သိမ်းလိုက်ပြီးနောက် မက်မွန်သစ်သားဓားကို အစားထိုး ထုတ်ယူလိုက်လေသည်။
အလောင်းကောင်တစ်ကောင်က သူ့ခြေထောက်ကို လှမ်းဖမ်းလိုက်သည့်အခါ လင်းဖန်သည် မက်မွန်သစ်သားဓားဖြင့် ၎င်း၏ဦးခေါင်းတည့်တည့်သို့ ထိုးစိုက်လိုက်သည်။
ထိုအခါ မက်မွန်သစ်သားဓားသည် နီရဲရဲအလင်းတန်းများ တောက်ပလာပြီး ခန္ဓာကိုယ်အတွင်းပူးကပ်နေသည့် တစ္ဆေဝိညာဉ်ကို ချက်ချင်းပင် ပျောက်ကွယ်သွားစေသဖြင့် အလုပ်ဖြစ်သွားလေသည်။
လင်းဖန်သည် သူ့ထံသို့ ပြေးဝင်လာနေသော အခြားအလောင်းကောင်များကိုလည်း လျင်မြန်စွာပင် ရှင်းလင်းလိုက်တော့သည်။
ဖြောင်း...
ဖြောင်း...
ဖြောင်း...
သူ ရှင်းလင်းပြီးသွားသောအခါ လီရုံက လက်ခုပ်တီးလိုက်ပြီး လင်းဖန်ကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“မင်းမှာ တစ္ဆေကျင့်ကြံသူတွေကို နှိမ်နင်းနိုင်တဲ့ နည်းလမ်းရှိနေတာပဲ... ဒါပေမဲ့ တခြားသူတွေကတော့ မင်းလို ကံမကောင်းကြဘူး...”
သူမက ပြောပြီးနောက် ပြုံးလိုက်လေသည်။
လေထုထဲ၌ စူးရှသောအော်ဟစ်သံများနှင့် ငိုယိုသံများ တစ်ဖန် ပေါက်ကွဲထွက်ပေါ်လာပြန်သည်။
တစ်မြို့လုံးရှိ သေဆုံးနေသော အလောင်းများမှာ ပြန်လည်အသက်ဝင်လာကြပြီး တစ်ဖန် ဖျက်ဆီးသတ်ဖြတ်မှုများ ပြုလုပ်နေကြချေပြီ။
လင်းဖန်သည် မက်မွန်သစ်သားဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ပြီး သူ့ရှေ့တွင်ရှိသော ကြာပလ္လင်သူတော်စင်မိန်းကလေးအား အမြန်ဆုံးရှင်းပစ်ရမည်ကို ကောင်းစွာ နားလည်ထားပေသည်။
နောက်တစ်စက္ကန့်၌ သူ့စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်သံ ပေါ်ထွက်လာလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် ၁၀၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
ဒုတ်...
သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သူ့ထံ ပြေးဝင်လာသော အနီရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး နောက်တစ်စက္ကန့်၌ ရင်ဘတ်ဆီမှ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရလေသည်။
သူသည် မြေပြင်ပေါ်တွင် လိမ့်ထွက်သွားပြီး ရပ်တန့်သွားချိန်၌ သူ၏ရင်ဘတ်တွင် လက်ဝါးပုံသဏ္ဌာန် ချိုင့်ဝင်သွားချေပြီ။
သူ၏ အတွင်းကလီစာများ ဆွဲဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အဟွတ်…
အတွင်းဒဏ်ရာရသွားမှုကြောင့် သူ သွေးများအန်ထုတ်လိုက်ရသည်။
လင်းဖန်သည် ကနဦးပွင့်အာခြင်းစွမ်းရည်ကို အလျင်အမြန်အသုံးပြုကာ သူ့ကိုယ်သူ ကုသလိုက်လေသည်။
ကျိုးသွားသော နံရိုးများနှင့် အတွင်းဒဏ်ရာ သွေးထွက်ခြင်းများက မကြာမီမှာပင် ရပ်တန့်သွားတော့သည်။
ဘုန်း…
အနီရောင်အလင်းတန်းတစ်ခုမှာ သူ့ထံ ထပ်မံပြေးဝင်လာပြန်ရာ ယခုတစ်ကြိမ်တွင် သူသည် မြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။
လီရုံ၏လက်ဝါးရိုက်ချက်က မြေပြင်ပေါ်သို့သာ ကျရောက်သွားပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားတော့သည်။
လင်းဖန်က သူမ၏အနောက်ဘက်တွင် ပေါ်လာကာ မက်မွန်သစ်သားဓားဖြင့် သူမ၏ကျောကို ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူမ၏ကျောပြင်မှ တစ္ဆေပုံရိပ်တစ်ခု ထွက်ပေါ်လာကာ လင်းဖန်ထံသို့ ခုန်အုပ်လာချေသည်။
လင်းဖန်သည် နောက်သို့ ခုန်ဆုတ်လိုက်ရပြီး သူ့ထံသို့ ပြေးဝင်လာသောတစ္ဆေကို မက်မွန်သစ်သားဓားဖြင့် ခုတ်ပိုင်းလိုက်ရသည်။
မက်မွန်သစ်သားဓားက တစ္ဆေကို နှစ်ပိုင်းဖြတ်တောက်လိုက်ပြီးနောက် ထိုတစ္ဆေမှာ ပျောက်ကွယ်သွားလေသည်။
နောက်တစ်စက္ကန့်တွင် လီရုံက လှည့်လာကာ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
သူမ၏မျက်လုံးများက အနီရောင်တောက်ပသွားပြီး လင်းဖန်၏စိတ်ထဲတွင် ရုတ်တရက် ဗလာကျင်းသွားတော့သည်။
‘ဒီမိန်းမ ငါ့စိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပဲ...’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
သူသည် မက်မွန်သစ်သားဓားကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး သူ၏တူများကို ထုတ်ယူလိုက်သည်။
ဒေါင်…
လင်းဖန်က တူနှစ်လက်ကို ရိုက်ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် တူသံများက လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။
ရှစ်ကွက်အင်းအသံလှိုင်းက လင်းဖန်၏စိတ်ကို ကြည်လင်သွားစေပြီး လီရုံကိုမူ နားများ ခဏတဖြုတ် ပိတ်ထားရစေသည်။
လင်းဖန်က အခွင့်အရေးကိုအသုံးချကာ သူမထံသို့ တူများဖြင့် ရိုက်ချလိုက်သည်။
အလင်းရောင်များ တောက်ပနေသော မီးတောက်ဝံပုလွေနှင့် ရေခဲအစွယ်ကျားဖြူတို့က လီရုံထံသို့ ခုန်အုပ်သွားကြသည်။
မီးတောက်ဝံပုလွေက လည်ပင်းဆီသို့ ပြေးဝင်သွားပြီး ရေခဲအစွယ်ကျားဖြူက သူမ၏ခြေထောက်ဆီသို့ ပြေးဝင်သွားလေသည်။
သူမက လက်ဝါးကိုအသုံးပြုကာ မီးတောက်ဝံပုလွေကို ရိုက်ချလိုက်ရာ ၎င်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူမ၏အာရုံက မီးတောက်ဝံပုလွေထံသို့ ရောက်နေချိန်တွင် ရေခဲအစွယ်ကျားဖြူက ခြေထောက်ကို ကိုက်ခဲလိုက်လေသည်။
ရေခဲအစွယ်ကျားဖြူက အအေးဓာတ်တိုက်ကွက်ကို အသုံးပြုလိုက်သဖြင့် သူမ၏ခြေထောက်မှာ အေးခဲသွားချေပြီ။
“သေစမ်း…”
လီရုံက အော်ဟစ်လိုက်ပြီး ရေခဲအစွယ်ကျားဖြူ၏နဖူးကို လက်ဖြင့် ခုတ်ချလိုက်သည်။
ဒုတ်…
ရေခဲအစွယ်ကျားဖြူမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
“မင်းက ငါ အချိန်ပေးပြီး တိုက်ခိုက်ရလောက်အောင် တန်ဖိုးရှိတဲ့သူဆိုတာကို ဝန်ခံရလိမ့်မယ်…”
လီရုံက အပေါ်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။
လင်းဖန်က ယခုအခါ သူမဘေးသို့ ရောက်နေပြီး သူမထံသို့ စက္ကူရုပ် (၁၀)ရုပ်ကို ပစ်လွှတ်လိုက်လေသည်။
အချို့စက္ကူရုပ်များက သူမ၏မျက်နှာတွင် ကပ်တွယ်သွားပြီး အချို့က အဝတ်အစားများတွင် ကပ်တွယ်သွားကြသည်။
မျက်နှာပေါ်ရှိ စက္ကူရုပ်များက သူမ၏အရေပြားကို ဆွဲဖြဲရန်ကြိုးစားကြပြီး မျက်လုံးများကို ထိုးဖောက်ရန် ကြိုးပမ်းကြလေသည်။
“ငါ့အနားကနေ ဖယ်ကြစမ်း…”
သူမက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမကိုယ်ပေါ်ရှိစက္ကူရုပ်များကို ခွာချရန် လက်များကို အသုံးပြုလိုက်သည်။
သူမက မျက်နှာပေါ်မှစက္ကူရုပ်များကို ခွာချရန်ကြိုးစားချိန်တွင် စက္ကူရုပ်များက ဖက်တွယ်ထားသဖြင့် သူမ၏အရေပြားများမှာ ဆွဲဆန့်ခံလိုက်ရသည်။
ဤစက္ကူရုပ်များက အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး မဖြစ်မနေ ရှင်းလင်းပစ်ရပေမည်။
သူမ ခွာမချနိုင်မီ စက္ကူရုပ်တစ်ရုပ်က သူမ၏မျက်လုံးများထဲသို့ ထိုးစိုက်မိမတတ်ပင် ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် သူမသည် ဒေါသပေါက်ကွဲသွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်မီးတောက်များ ထွက်ပေါ်လာကာ စက္ကူရုပ်များကို လောင်ကျွမ်းစေလိုက်သည်။
စက္ကူရုပ်များသည် မီးတောက်များကြောင့် ပြာအဖြစ်လောင်ကျွမ်းသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြလေသည်။
နောက်တစ်ခဏတွင် သူမမြင်လိုက်ရသည်မှာ လင်းဖန်က သူမအနားသို့ ကပ်လာခြင်းပင် ဖြစ်တော့သည်။